မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သွေး၏ တန်ဖိုးအစစ်အမှန်

သွေး၏ တန်ဖိုးအစစ်အမှန်

သွေး၏ တန်ဖိုးအစစ်အမှန်

“ကမ္ဘာ့လူသားထုကြီးတွင်သွေးဟူသည့် တစ်မျိုးတည်းသော အသက်ရင်းမြစ် ရှိကြသည်။ ယင်းသည် မည်သည့်အသားအရောင်၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို လူသားမှန်သမျှ၏ အသက်စွမ်းအားဖြစ်သည်။”

—⁠ကုလသမဂ္ဂအထွေထွေညီလာခံဥက္ကဋ္ဌ။

ထိုစကားများသည် တစ်စိတ်တစ်ဒေသ မှန်ကန်ပါသည်။ သွေးသည် လူသားမျိုးနွယ်၏အသက်အတွက် မရှိမဖြစ်လိုအပ်ရာဖြစ်သည်။ ယင်းသည် အဖိုးတန်လှ၏။ သို့သော် ယင်းကို ဆေးကုသမှုအတွက် အသုံးပြုခြင်းသည် အန္တရာယ်ကင်းပြီး ပညာရှိရာရောက်သည်ဟု သင်ယူမှတ်ပါသလော။

ကျွန်ုပ်တို့လေ့လာခဲ့ကြသည့်အတိုင်း ကမ္ဘာတစ်ဝန်းတွင် ဘေးကင်းမှုအဆင့်စံနှုန်းများ လွန်စွာကွဲပြားနေရာ သွေးဖြင့်ကုသခြင်းသည် အများထင်သည်ထက်ပင် ပို၍အန္တရာယ်ရှိသည်။ ထို့ပြင် အသိပညာ၊ ကျွမ်းကျင်မှုနှင့် ရှုမြင်ပုံတို့ မတူကြသောကြောင့် ဆရာဝန်များ၏ သွေးအသုံးပြုခြင်းဆိုင်ရာ အယူအဆများလည်း အလွန်ကွဲပြားနေသည်။ သို့ရာတွင် ဆရာဝန်များစွာတို့က သွေးသွင်းခြင်းနှင့်ပတ်သက်၍ ပိုသတိထားလာကြသည်။ သွေးမဲ့ဆေးကုသခြင်းကို နှစ်သက်သော ဆရာဝန်အရေအတွက် သိသိသာသာတိုးများလာနေသည်။

ထို့ကြောင့် ပထမဆောင်းပါးအစပိုင်းတွင် မေးခဲ့သည့်မေးခွန်းကို ပြန်သုံးသပ်ကြည့်ကြစို့။ မည်သည့်အရာက သွေးကို ဤမျှတန်ဖိုးရှိစေသနည်း။ ဆေးကုသရာတွင် သွေးအသုံးပြုခြင်းသည် စောဒကတက်စရာဖြစ်နေလျှင် သွေးကို အခြားကိစ္စတစ်ခုအတွက်သုံးရန် ရည်ရွယ်ထားသလော။

ကျွန်ုပ်တို့၏ဖန်ဆင်းရှင်နှင့် သွေး

လူသားမျိုးနွယ်၏ ဘိုးဘေးတစ်ဦးဖြစ်သူ နောဧခေတ်တွင် ထင်ရှားသည့်ပညတ်တစ်ခုကို ဘုရားသခင်ချမှတ်ခဲ့၏။ လူတို့အား တိရစ္ဆာန်အသားကို စားခွင့်ပြုသော်လည်း သွေးကိုစားခွင့်မပြုခဲ့ချေ။ (ကမ္ဘာဦး ၉:၄) သက်ရှိတို့၏အသက်နှင့် သွေးသည် တန်းတူဖြစ်သည်ဟု ကိုယ်တော်ရှင်းပြခြင်းဖြင့် ပညတ်ရသည့်အကြောင်းရင်းကို ဖော်ပြခဲ့သည်။ နောက်ပိုင်းတွင် “အသက်သည် အသွေး၌တည်၏” ဟုကိုယ်တော်မိန့်တော်မူခဲ့သည်။ ဖန်ဆင်းရှင်၏အမြင်တွင် သွေးသည် မြင့်မြတ်လှ၏။ ယင်းသည် သက်ရှိတိုင်းပိုင်ဆိုင်သော အဖိုးတန်အသက်ကို ကိုယ်စားပြုသည်။ ဤမူကို ဘုရားသခင် ထပ်ခါတလဲဖော်ပြခဲ့သည်။—⁠ဝတ်ပြုရာ ၃:၁၇; ၁၇:၁၀၊ ၁၁၊ ၁၄; တရားဟောရာ ၁၂:၁၆၊ ၂၃

လွန်ခဲ့သောနှစ်ပေါင်း ၂,၀၀၀ ခန့်က ခရစ်ယာန်ဘာသာတည်ထောင်ပြီး မကြာမီ ယုံကြည်သူများအား “အသွေးကို . . . ကြဉ်ရှောင်” ရန် ဘုရားသခင်အမိန့်ပေးခဲ့သည်။ ဤသို့တားမြစ်ရခြင်းမှာ ကျန်းမာရေးကြောင့်မဟုတ်ဘဲ သွေးသည် မြင့်မြတ်သောကြောင့်ဖြစ်၏။ (တမန်တော် ၁၅:၁၉၊ ၂၀၊ ၂၉) အချို့က ဘုရားသခင်၏ အဆိုပါတားမြစ်ချက်သည် သွေးစားခြင်းနှင့်သာဆိုင်သည်ဟု ဆိုကြသော်လည်း “ကြဉ်ရှောင်” ဟူသောစကား၏ အဓိပ္ပာယ်က ရှင်းနေပါသည်။ အကယ်၍ ဆရာဝန်က အရက်ကိုရှောင်ပါဟုပြောလျှင် သွေးကြောထဲသွင်းနိုင်သည်ဟု ကျွန်ုပ်တို့ လုံးဝယူဆမည်မဟုတ်ချေ။

သွေးသည် အဘယ်ကြောင့် ဤမျှမြင့်မြတ်ကြောင်း သမ္မာကျမ်းစာက ထပ်ဆင့်ရှင်းပြပါသည်။ ယေရှုခရစ်သွန်းခဲ့သောအသွေးသည် လူသားတို့အတွက် ကိုယ်တော်စွန့်ခဲ့သည့်အသက်ကို ကိုယ်စားပြုသည်။ ယင်းအသွေးတော်မြတ်သည် ခရစ်ယာန်မျှော်လင့်ချက်၏ အခြေခံဖြစ်သည်။ ယင်းကြောင့် အပြစ်များခွင့်လွှတ်ခံရ၍ ထာဝရအသက်မျှော်လင့်ချက်ရှိစေသည်။ အမှန်မှာ ခရစ်ယာန်တစ်ဦး အသွေးကိုကြဉ်ရှောင်သည့်အခါ ယေရှုခရစ်သွန်းခဲ့သောအသွေးကသာ သူ့ကိုအမှန်တကယ်လွတ်မြောက်စေ၍ အသက်ကယ်တင်ပေးသည်ကို ယုံကြည်ကြောင်း တင်ပြနေခြင်းဖြစ်သည်။—⁠ဧဖက် ၁:၈

ယေဟောဝါသက်သေများသည် ဤကျမ်းစာပါအမိန့်တော်များကို တိတိကျကျလိုက်နာကြကြောင်း လူသိများသည်။ သူတို့သည် ပကတိသွေးအပါအဝင် အဓိကသွေးအစိတ်အပိုင်းလေးမျိုးဖြစ်သည့် သွေးနီဥ၊ ပလာစမာ၊ သွေးဖြူဥနှင့် သွေးဥမွှားသွင်းခြင်းတို့ကို ရှောင်ကြသည်။ ဤအဓိကအစိတ်အပိုင်းများမှ ထုတ်ယူသော အပိုင်းအစငယ်များနှင့် ယင်းတို့ပါဝင်သော ဆေးပစ္စည်းများအကြောင်းကို ကျမ်းစာက ဘာမျှမပြောပါ။ ထို့ကြောင့် ဤကိစ္စများတွင် သက်သေခံတစ်ဦးစီ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချကြသည်။ ဤကျမ်းစာအခြေပြုရပ်တည်ချက်က သက်သေခံများသည် ဆေးကုသမှုကိုငြင်းပယ်သည် သို့မဟုတ် ကျန်းမာရေးနှင့်အသက်ကို ပေါ့ပေါ့တန်တန်သဘောထားသည်ဟု ဆိုလိုပါသလော။ မဆိုလိုပါ။—⁠“ယေဟောဝါသက်သေများနှင့်ကျန်းမာရေး” လေးထောင့်ကွက်ကိုရှု။

ယေဟောဝါသက်သေများသည် ကျမ်းစာစံနှုန်းများကိုလိုက်လျှောက်ခြင်းကြောင့် ဆေးဘက်ဆိုင်ရာအကျိုးကျေးဇူးများ ခံစားရကြောင်း မကြာသေးမီနှစ်များက ဆရာဝန်များစွာ အသိအမှတ်ပြုခဲ့ကြသည်။ ဥပမာ၊ နဗ်ကြောအဖွဲ့ ခွဲစိတ်ဆရာဝန်တစ်ဦးက သွေးမသွင်းဘဲ ကုသသောနည်းများသည် ပိုကောင်းကြောင်း ဖွင့်ဟပြောဆိုခဲ့သည်။ သူက “ဒီနည်းတွေဟာ ယေဟောဝါသက်သေတွေအတွက်ပဲ မဟုတ်ဘူး၊ လူတိုင်းအတွက် စိတ်အချရဆုံးဖြစ်တယ်” ဟုဆိုသည်။

ကျန်းမာရေးဆိုင်ရာ ကြီးလေးသောဆုံးဖြတ်ချက်များချခြင်းသည် အလွန်စိတ်ဖိစီးမှုဖြစ်စေနိုင်ပြီး ခက်ခဲလေ့ရှိသည်။ သွေးသွင်းခြင်းနှင့်ပတ်သက်၍ အသက်ရှူအဖွဲ့ရောဂါအထူးကုလည်းဖြစ်၊ ဆေးပညာဒါရိုက်တာလည်းဖြစ်သူ ဒေါက်တာဒေ့ဗ်ဝီလျံ၏ ဤစကားများကို သတိပြုပါ– “လူတွေရဲ့ဆန္ဒကို လေးစားဖို့သိပ်အရေးကြီးတယ်။ . . . လူ့ခန္ဓာကိုယ်ထဲ သွင်းတဲ့အရာနဲ့ပတ်သက်ရင် အများကြီးဂရုစိုက်ဖို့လိုတယ်။” ဤစကားများသည် ယခင်ကထက် ယခုပို၍အဓိပ္ပာယ်ရှိပါသည်။

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ဟီမိုဂလိုဗင်အခြေပြု အောက်ဆီဂျင်သယ်ပို့ပစ္စည်းကား အဘယ်နည်း

သွေးနီဥတစ်ခုစီတွင် ဟီမိုဂလိုဗင်မော်လီကျူး သန်း ၃၀၀ ခန့်ရှိသည်။ ဟီမိုဂလိုဗင်သည် ဖွံ့ဖြိုးပြီးသွေးနီဥတစ်ခုတွင် သုံးပုံတစ်ပုံခန့်ပါရှိသည်။ မော်လီကျူးတစ်ခုစီတွင် ပရိုတင်းဂလိုဗင်နှင့် သံဓာတ်ပါဝင်သည့် ဟီးမ်ဟုခေါ်သော ရောင်ခြယ်ဓာတ်တို့ ပါရှိသည်။ သွေးနီဥတစ်ခုသည် အဆုတ်ကိုဖြတ်သန်းသွားသောအခါ အောက်ဆီဂျင်မော်လီကျူးများသည် သွေးနီဥအတွင်းသို့ဝင်ရောက်သွားပြီး ဟီမိုဂလိုဗင်မော်လီကျူးများတွင် တွယ်ကပ်လိုက်သည်။ စက္ကန့်အနည်းငယ်အကြာတွင် ယင်းက ခန္ဓာကိုယ်တစ်ရှူးများဆီသို့ အောက်ဆီဂျင် ထုတ်လွှတ်ပေးပြီး ဆဲလ်များကို ဆက်ရှင်သန်စေသည်။

ယခု ထုတ်လုပ်သူအချို့သည် လူသွေးနှင့် နွားသွေးရှိ သွေးနီဥများမှ ဟီမိုဂလိုဗင်ကို ထုတ်ယူနေကြသည်။ ထုတ်ယူထားသောဟီမိုဂလိုဗင်ကို အညစ်အကြေးများကင်းရန် စစ်ထုတ်ပြီး ဓာတုဗေဒနည်းဖြင့် ပြန်လည်ပြုပြင်သန့်စင်ကာ ပျော်ရည်တစ်ခုဖြင့်ရောစပ်၍ ထုပ်ပိုးထားလိုက်သည်။ တိုင်းပြည်အများစုတွင် ယခုထိ အသုံးပြုခွင့်မပေးသေးသော ဤပစ္စည်းကို ဟီမိုဂလိုဗင်အခြေပြု အောက်ဆီဂျင်သယ်ပို့ပစ္စည်းဟုခေါ်သည်။ ဟီးမ်က သွေး၏အရောင်ကို ရဲရဲတောက်တောက်ဖြစ်စေသောကြောင့် ဟီမိုဂလိုဗင်အခြေပြု အောက်ဆီဂျင်သယ်ပို့ပစ္စည်း တစ်ယူနစ်သည် ယင်းကို ထုတ်ယူသော အဓိကအစိတ်အပိုင်းဖြစ်သည့် သွေးနီဥတစ်ယူနစ်နှင့် တူညီသလောက်ဖြစ်သည်။

သွေးနီဥများကို အအေးခံထားရပြီး ရက်သတ္တပတ်အနည်းငယ်ကြာလျှင် ယင်းတို့ကို သုံးမရတော့သော်လည်း ဟီမိုဂလိုဗင်အခြေပြု အောက်ဆီဂျင်သယ်ပို့ပစ္စည်းမှာမူ အခန်းအပူချိန်တွင် သိုလှောင်ထားနိုင်သည့်အပြင် လအတန်ကြာထား၍ အသုံးပြုနိုင်သည်။ ဟီမိုဂလိုဗင်အခြေပြု အောက်ဆီဂျင်သယ်ပို့ပစ္စည်းတွင် ပဋိပစ္စည်းလှုံ့များ ပါဝင်သော ဆဲလ်အမြှေးပါးမပါရှိသဖြင့် မျိုးမတူသောသွေးအုပ်စုကြောင့် ဖြစ်ပေါ်သောတုံ့ပြန်မှုများသည် အန္တရာယ်မရှိပေ။ သို့သော် သွေးနှင့်ပတ်သက်သော ဘုရားသခင့်ပညတ်ကို အသိစိတ်ရှိရှိနာခံလိုသော ခရစ်ယာန်များအတွက်မူ ဟီမိုဂလိုဗင်အခြေပြု အောက်ဆီဂျင်သယ်ပို့ပစ္စည်းသည် အခြားသွေးအပိုင်းအစငယ်များနှင့် နှိုင်းယှဉ်လျှင် ပို၍စဉ်းစားစရာဖြစ်စေသည်။ အဘယ်ကြောင့်နည်း။ ဟီမိုဂလိုဗင်အခြေပြု အောက်ဆီဂျင်သယ်ပို့ပစ္စည်းကို သွေးမှထုတ်ယူသောကြောင့် ကန့်ကွက်စရာနှစ်ချက် ပေါ်လာနိုင်သည်။ ပထမ၊ ဟီမိုဂလိုဗင်အခြေပြု အောက်ဆီဂျင်သယ်ပို့ပစ္စည်းသည် သွေး၏အဓိအစိတ်အပိုင်းဖြစ်သော သွေးနီဥများ၏ အဓိကလုပ်ဆောင်မှုကို လုပ်ဆောင်သည်။ ဒုတိယ၊ ဟီမိုဂလိုဗင်သည် သွေးနီဥတွင် အများဆုံးပါဝင်သည့်အရာ ဖြစ်သည်။ ဤဆေးအပြင် အခြားဆင်တူသောဆေးများနှင့်ပတ်သက်၍ ခရစ်ယာန်များသည် ကြီးလေးသောဆုံးဖြတ်ချက်များ ချရကြသည်။ သူတို့သည် သွေး၏မြင့်မြတ်မှုနှင့်ပတ်သက်သော ကျမ်းစာမူများကို သေချာစွာ ဆုတောင်းသုံးသပ်ရမည်။ ယေဟောဝါနှင့် ကောင်းသောဆက်ဆံရေးကို ထိန်းသိမ်းလိုသော ပြင်းပြသည့်ဆန္ဒကြောင့် တစ်ဦးစီသည် ကျမ်းစာနှင့်လေ့ကျင့်ထားသော ကိုယ်ကိုကိုယ်သိစိတ်၏ လမ်းညွှန်မှုကိုခံယူရမည်။—⁠ဂလာတိ ၆:⁠၅

[ရုပ်ပုံ]

ဟီမိုဂလိုဗင် မော်လီကျူး

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

နှစ်လို့ဖွယ်ရွေးချယ်စရာ

“‘သွေးမဲ့’ ခွဲစိတ်ကုသမှုကို ရွေးချယ်စရာတစ်ခုအဖြစ် ကမ်းလှမ်းနေသည့် ဆေးရုံများစွာ တိုးများလာနေသည်” ဟုဝေါလ်စထရိဂျာနယ်က ဆိုသည်။ “ယေဟောဝါသက်သေများအတွက် အကူအညီဖြစ်စေရန် သွေးမဲ့ခွဲစိတ်ကုသနည်းကို စတင်တီထွင်ခဲ့ကြသည်။ ဤနည်းကို ယခု ကျယ်ကျယ်ပြန့်ပြန့်လက်ခံလျက်ရှိ၏။ ဆေးရုံများသည် ၎င်းတို့၏ သွေးမဲ့ခွဲစိတ်ကုသမှုအစီအစဉ်များကို လူထုအား ကြေညာပေးနေကြသည်” ဟုဂျာနယ်က ဆက်ဖော်ပြသည်။ ကမ္ဘာတစ်ဝန်းရှိ ဆေးရုံများသည် သွေးသွင်းခြင်းကို လျှော့ချသည့် နည်းပညာများကို အကောင်အထည်ဖော်သည့်အခါ အကျိုးကျေးဇူးများစွာ ရရှိကြပြီး အထူးသဖြင့် လူနာများအတွက်ဖြစ်သည်။ ယခုအချိန်တွင် ဆရာဝန်များစွာသည် လူနာများကို သွေးမသွင်းဘဲ ကုသပေးနေကြ၏။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ယေဟောဝါသက်သေများနှင့် ကျန်းမာရေး

ယေဟောဝါသက်သေဆရာဝန်များ၊ သူနာပြုများအပါအဝင် ယေဟောဝါသက်သေအားလုံးသည် ပကတိသွေးကိုဖြစ်စေ၊ သွေး၏အဓိကအစိတ်အပိုင်းများကိုဖြစ်စေ သွင်းခြင်းကို ငြင်းဆိုရာတွင် ကမ္ဘာသိဖြစ်သည်။ သူတို့ ဤကဲ့သို့ တညီတညွတ်တည်းရပ်တည်ခြင်းသည် လူ့အယူဝါဒမှ မြစ်ဖျားခံလာခြင်းလော။ သို့မဟုတ် ယုံကြည်ခြင်းသည် ရောဂါကုသနိုင်သည်ဟူသော ယုံကြည်ချက်အပေါ် အခြေပြုသလော။ လုံးဝမဟုတ်ပါ။

သက်သေခံများသည် အသက်ကို ဘုရားသခင်ထံမှရရှိသော လက်ဆောင်မွန်အဖြစ် တန်ဖိုးထားမြတ်နိုးကြရာ “ဘုရားသခင်မှုတ်သွင်းတော်မူသော” သမ္မာကျမ်းစာအတိုင်း အသက်ရှင်နေထိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားကြသည်။ (၂ တိမောသေ ၃:၁၆၊ ၁၇; ဗျာ. ၄:၁၁) ကျန်းမာရေးထိခိုက်စေသော သို့မဟုတ် အသက်အန္တရာယ်ရှိစေသော အကျင့်အကြံများဖြစ်သည့် စားကြူးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အပျော်သဘောဖြင့် မူးယစ်ဆေးသုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ရန် ဘုရားသခင်ကိုဝတ်ပြုသူများအား သမ္မာကျမ်းစာက တိုက်တွန်းထားသည်။—⁠သု. ၂၃:၂၀; ၂ ကောရိန္သု ၇:⁠၁

ကျွန်ုပ်တို့သည် မိမိခန္ဓာကိုယ်နှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားခြင်း၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ခြင်းတို့အားဖြင့် ကျမ်းစာမူများနှင့်အညီ ကျင့်ကြံပြုမူကြသည်။ (မဿဲ ၇:၁၂; ၁ တိမောသေ ၄:၈) ယေဟောဝါသက်သေများသည် ဖျားနာသောအခါ ဆေးကုသမှုခံယူကြကာ ရရှိနိုင်သည့် ဆေးကုသနည်းအများစုကို ရွေးချယ်လက်ခံကြခြင်းအားဖြင့် အကျိုးသင့်အကြောင်းသင့်သဘောရှိကြောင်း တင်ပြကြသည်။ (ဖိလိပ္ပိ ၄:၅ကဘ) မှန်ပါသည်၊ သူတို့သည် “အသွေးကို . . . ကြဉ်ရှောင်ရမည်” ဟူသော ကျမ်းစာပညတ်ကိုနာခံ၍ သွေးမဲ့ကုသမှုကို မရမနေတောင်းဆိုကြသည်။ (တမန်တော် ၁၅:၂၈-၂၉) ထို့ပြင် ဤရွေးချယ်မှုသည် အရည်အသွေးမြင့်မားသော ကုသမှုဖြစ်လေ့ရှိသည်။