မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကူအညီလိုနေသူများကို မည်သို့ ကူညီပေးနိုင်သနည်း

အကူအညီလိုနေသူများကို မည်သို့ ကူညီပေးနိုင်သနည်း

လူငယ်များအမေး . . .

အကူအညီလိုနေသူများကို မည်သို့ ကူညီပေးနိုင်သနည်း

“ကျောင်းပြီးသွားရင် လျှပ်စစ်ဆရာလုပ်ဖို့ ကျွန်တော် စိတ်ကူးထားတယ်။ ဘုရားသခင့်နိုင်ငံတော်ခန်းမတွေ ဆောက်တဲ့အခါ ကူညီပေးချင်တယ်။”—⁠ထရစ္စတန်၊ ၁၄ နှစ်။

“သမီးရဲ့မုန့်ဖိုး ဒေါ်လာ ၂၀ ကို ပုံနှိပ်စက်အသစ်အတွက်အလှူငွေ ထည့်ချင်တယ်။”—⁠အဘီ၊ ၉ နှစ်။

လူငယ်များသည် တစ်ကိုယ်ကောင်းဆန်သည်ဟု ကောက်ချက်ချသော ဤခေတ်တွင် အထက်ဖော်ပြသူများအပါအဝင် လူငယ်များစွာသည် လုံးဝတစ်ကိုယ်ကောင်းမဆန်ကြချေ။ ယေဟောဝါသက်သေလူငယ်များစွာသည် သူတစ်ပါးအကျိုးဆောင်ရန် မိမိတို့၏အချိန်၊ ခွန်အားနှင့် ဥစ္စာပစ္စည်းများကို အသုံးပြုကြသည်။ (ဆာလံ ၁၁၀:⁠၃) နောက်ထပ်ပုံနမူနာတချို့ကို သုံးသပ်ကြည့်ပါ။

ဩစတြေးလျမှ ခုနစ်နှစ်အရွယ် ဂျီရာသည် အဘွားဆုံးပြီးမကြာမီတွင် အဘိုးထံမှ မုန့်ဖိုး ဒေါ်လာ ၅၀ ရခဲ့သည်။ ဂျီရာသည် ထိုငွေကို မည်သို့အသုံးပြုခဲ့သနည်း။ ထိုငွေအားလုံးကို အသင်းတော်အလှူငွေပုံးထဲ ထည့်လိုက်သည်။ အဘယ်ကြောင့်နည်း။ “ကျွန်တော့်မှာ အရုပ်တွေအများကြီးရှိတယ်။ ဒါပေမဲ့ အဘွားတစ်ယောက်တည်းရှိတယ်။ ယေဟောဝါကို အဘွားက အရမ်းချစ်တယ်ဆိုတော့ ကျွန်တော့်ကို အလှူငွေထည့်စေချင်မှာပဲ” ဟု ဂျီရာက သူ့မိခင်ကို ပြောပြသည်။

အမေရိကန်ပြည်ထောင်စုမှ ငါးနှစ်အရွယ် ဟဲန်နာသည် မြင်းချစ်တတ်သူဖြစ်၏။ သူသည် ၇၅ ဒေါ်လာတန် မြင်းရုပ်တစ်ရုပ်ကို ဝယ်ချင်သည်။ ဟဲန်နာ၏မိဘများသည် ငွေစုခြင်း၏တန်ဖိုးကို ဟဲန်နာအား သင်ပေးရန် မုန့်ဖိုးပေး၍ စုဘူးထဲ ထည့်ခိုင်းခဲ့ကြသည်။ မကြာမီ မြင်းရုပ်ဝယ်ဖို့ ငွေပြည့်သွားသည်။

သို့သော် ထိုအချိန်ခန့်တွင် ဟာရီကိန်းကက်ထရီနာမုန်တိုင်းကြောင့် ပင်လယ်ကွေ့ကမ်းရိုးတန်းတစ်လျှောက် အကြီးအကျယ်ပျက်စီးသွားသည်။ မုန်တိုင်းဒဏ်ခံရသူများကို ဟဲန်နာ သနားမိသောကြောင့် သူစုထားသော ဒေါ်လာ ၁၀၀ ကျော်အားလုံးကို သူတို့အတွက် လှူဒါန်းလိုက်၏။ ယေဟောဝါသက်သေများ၏ဌာနချုပ်သို့ ဟဲန်နာ ဤသို့စာရေးခဲ့သည်– “ယေဟောဝါကို ကျွန်မချစ်တဲ့အတွက် ဒီငွေတွေပေးပြီး ကူညီချင်တယ်။” ဤကဲ့သို့သောရက်ရောမှုများကို ယေဟောဝါ သိမြင်သလော။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။”—⁠ဟေဗြဲ ၁၃:၁၆

၂၀၀၄ ခုနှစ်က ဖလော်ရီဒါပြည်နယ်တွင် ဟာရီကိန်းမုန်တိုင်း နှစ်ကြိမ်တိုက်ခတ်ပြီးနောက် အမေရိကန်ပြည်ထောင်စုမှ တစ်ဖနီဆိုသူ မိန်းကလေးတစ်ဦးသည် ယေဟောဝါသက်သေများ၏ဌာနချုပ်နှင့် ဆက်သွယ်ခဲ့သည်။ “ကျွန်မမောင်လေး တိမောသေနဲ့အတူ ဒေါ်လာ ၁၁၀ လှူချင်ပါတယ်။ ကျွန်မတို့အိမ်က သိပ်မပျက်စီးခဲ့ပေမဲ့ တခြားအိမ်တွေ ပျက်စီးသွားတာ ကျွန်မတို့တွေ့လိုက်ရတယ်။ ကူညီပေးချင်လို့ ကျွန်မတို့ ငွေစစုခဲ့ကြတယ်။ တိမောသေက အိမ်ဟောင်းတစ်လုံးကို ဝိုင်းဖြိုပေးလို့ ဒေါ်လာ ၁၀ ရတယ်။ ကျွန်မကျတော့ ဒေါ်လာ ၁၀၀ စုမိတယ်” ဟူ၍ စာရေးအကြောင်းကြားသည်။ တစ်ဖနီသည် ၁၃ နှစ်ရှိပြီး သူ့မောင်လေး တိမောသေမှာမူ ၇ နှစ်သာရှိသေး၏။ ကိုယ်ကျိုးထက် သူတစ်ပါးအကျိုးကို ကျွန်ုပ်တို့ ဦးစားပေးသည့်အခါ အဘယ်အရာဖြစ်ပျက်တတ်သနည်း။ နယပုံပြင် ၁၁:၂၅ ကဤသို့ဆိုသည်– “သူတစ်ပါးကို ရေလောင်းသောသူသည် ကိုယ်တိုင်ရေလောင်းခြင်းအကျိုးကို ခံရလိမ့်မည်။”

အမေရိကန်ပြည်ထောင်စုရှိ အသက် ၄ နှစ်မှ ၁၅ နှစ်အထိရှိသော သက်သေခံလူငယ်တစ်စုသည် အာဖရိကရှိ မိမိတို့၏ယုံကြည်သူချင်းများ ဘုရားသခင့်နိုင်ငံတော်ခန်းမများ လိုအပ်နေကြောင်း သတင်းရခဲ့ကြသည်။ ထို့ကြောင့် ဤသို့လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြ၏– “ပစ္စည်းအဟောင်းတွေ ရောင်းတဲ့ခြံတစ်ခြံမှာ ကွတ်ကီးမုန့်တွေနဲ့ ပေါင်မုန့်လုံးတွေ သွားရောင်းကြတာ ကျွန်တော်တို့ ၁၀၆.၅၄ ဒေါ်လာ ရခဲ့ကြတယ်။ အာဖရိက,ကလူတွေကို ကျမ်းစာသင်ပေးတဲ့ ခန်းမတွေဆောက်ဖို့ မုန့်ရောင်းလို့ရတဲ့ငွေကို အသုံးပြုမယ်လို့ လူတွေကို ကျွန်တော်တို့ ပြောပြတယ်။ လူအတော်များများ အားပေးတယ်။ မုန့်တွေရောင်းကုန်ဖို့ ကိုးနာရီကြာပေမဲ့ ယေဟောဝါအတွက် အပင်ပန်းခံရကျိုးနပ်တယ်။”

သင်ကူညီပေးနိုင်

“ခံယူခြင်းထက် ပေးကမ်းခြင်း၌ ပျော်ရွှင်မှု သာ၍ရှိ၏” ဟူသော ယေရှု၏မိန့်ဆိုချက် မှန်ကန်ကြောင်း အထက်တွင်ဖော်ပြထားသော လူငယ်များ သိရှိခဲ့ကြသည်။ (တမန်တော် ၂၀:၃၅ကဘ) အသင်လည်း ပေးကမ်းခြင်းမှ ပျော်ရွှင်မှု ရရှိနိုင်ပါသည်။ အဘယ်နည်းများဖြင့်နည်း။

အကူအညီလိုလျက်ရှိသော ယုံကြည်သူချင်းများ၏သတင်းကို သင်ကြားဖူးသလော။ ဥပမာ၊ သဘာဝဘေးဒဏ် ဖြစ်ခဲ့ဖူးသလော။ သင်၏အိမ်၊ ဥစ္စာပစ္စည်း သို့မဟုတ် ချစ်ရသူတစ်ဦးပင် ဆုံးရှုံးရလျှင် အဘယ်သို့ဖြစ်မည်ကို ကြိုးစားမြင်ယောင်ခံစားကြည့်ပါ။ ခရစ်ယာန်များသည် “ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ သူ့အမှုအရာကို အချင်းချင်းရှုမှတ်” သင့်သည်ဟု တမန်တော်ပေါလု ရေးသားခဲ့၏။ (ဖိလိပ္ပိ ၂:⁠၄) သင်သည် သဘာဝဘေးဒဏ်ကျရောက်သည့်နေရာနှင့် ဝေးလံသောနေရာတွင် နေထိုင်လျှင်ပင် ယေဟောဝါသက်သေများ၏ ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်ရန် အလှူငွေထည့်နိုင်ပါသည်။ *

အကူအညီလိုနေသူများကို ကူညီပေးနိုင်သည့် တခြားနည်းများလည်းရှိပါသည်။ ဥပမာ၊ သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်လျှင် သင်၏ဘုရားသခင့်နိုင်ငံတော်ခန်းမတွင်ရှိသူများကို ဝေ့ကြည့်လိုက်ပါ။ သက်ကြီးရွယ်အိုများ သို့မဟုတ် ကူညီပေးဖို့လိုအပ်သူများ ရှိပါသလော။ သူတို့အတွက် တောက်တိုမယ်ရလုပ်ကိုင်ပေးနိုင်သလော။ တမန်တော်ပေါလုက ရောမမြို့သားများထံ ဤသို့စာရေးခဲ့၏– “ညီအစ်ကိုချစ်ခြင်းအရာမှာ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စုံမက်ကြလော့။ ချီးမွမ်းခြင်းအရာမှာ သူတစ်ပါးကို ကိုယ်ထက်ချီးမြှောက်ကြလော့။” (ရောမ ၁၂:၁၀) အကူအညီလိုနေသူများကို တွေ့ရှိလျှင် အစပြုလုပ်ဆောင်ပေးပါ။ အောက်ခြေသိမ်းအလုပ်များကအစ စိတ်စေတနာဖြင့် လုပ်ဆောင်ပေးပါ။ သူတစ်ပါး၏အစေကိုခံခြင်းနှင့် ဘုရားသခင်၏အစေကိုခံခြင်းတို့သည် ဆက်စပ်လျက်ရှိသည်ကို သတိရပါ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– ‘ဆင်းရဲသားကို သနားသောသူသည် ထာဝရဘုရားသခင်အား ချေးငှားသောသူဖြစ်၍ သူပြုသောအမှု၏အကျိုးကို ဆပ်ပေးတော်မူလိမ့်မည်။’—⁠သု. ၁၉:⁠၁၇

သူတစ်ပါးကို ကူညီပေးနိုင်သည့် အမြင့်မြတ်ဆုံးနည်းမှာ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာအကြောင်း သင်သိရှိသမျှကို ပြောပြခြင်းဖြစ်သည်။ ယေရှုက ဤသို့မိန့်ဆိုခဲ့သည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:⁠၃) အထူးသဖြင့် ယခုအချိန်တွင် ကျမ်းစာအမှန်တရားနှင့်သက်ဆိုင်သည့် အသက်ကယ်သတင်းတရားကို လူတို့ကြားနာဖို့လိုသည်။ ထို့ကြောင့် ဟောပြောခြင်းလုပ်ငန်းတွင် မှန်မှန်နှင့် ဇွဲရှိရှိ ပါဝင်သွားပါ။ ‘သင်တို့၏ကြိုးစားအားထုတ်မှုသည် အချည်းနှီးမဖြစ်သည်’ ကိုယုံကြည်စိတ်ချပါ။—⁠၁ ကောရိန္သု ၁၅:⁠၅၈

“လူငယ်များအမေး . . . ” အခန်းဆက်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် ဖတ်ရှုနိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုခုအတွက် သတ်သတ်မှတ်မှတ်လှူဒါန်းခြင်းကို ကျေးဇူးတင်စွာ လက်ခံလျက်ရှိသည်။ သို့သော် အဆိုပါအလှူငွေများကို အကူအညီလိုအပ်လာလျှင် လိုအပ်သလို အသုံးပြုသောကြောင့် ယေဟောဝါသက်သေများ၏ ကမ္ဘာချီအလှူငွေပုံးထဲထည့်လျှင် ပိုကောင်းပါသည်။

ချင့်တွေးစရာ

▪ အကူအညီလိုသူ တစ်ဦးတစ်ယောက်ကို သင်စဉ်းစားမိသလော။

▪ မည်သို့ကူညီပေးနိုင်မည်နည်း။

[စာမျက်နှာ ၂၀ ပါ အကျဉ်းဖော်ပြချက်]

“ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည်အားရနှစ်သက်တော်မူ၏။”—⁠ဟေဗြဲ ၁၃:⁠၁၆

[စာမျက်နှာ ၁၉၊ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

အဘယ်ကြောင့် ပေးကမ်းတတ်ဖို့လိုသနည်း

“ကျွန်တော့်ရဲ့မိဘတွေဟာ သူတို့အချိန်၊ သူတို့ခွန်အားကို အသုံးပြုပြီး ယေဟောဝါအမှုတော်ဆောင်တာ၊ အိမ်နီးချင်းတွေကိုကူညီပေးတာကို အမြဲတွေ့ ခဲ့လို့ ကျွန်တော်လည်း အဲ့ဒီလိုလုပ်ချင်လာတယ်။ အဖေက ဒီလိုပြောဖူးတယ်– ‘အသေးအမွှားပဲဖြစ်ပါစေ၊ ယေဟောဝါအတွက် သားလုပ်ပေးသမျှဟာ ထာဝစဉ်တည်တံ့သွားလိမ့်မယ်။ ယေဟောဝါဟာ ထာဝစဉ်အသက်ရှင်တဲ့အတွက် အဲ့ဒါကို ထာဝစဉ်သတိရနေလိမ့်မယ်။ ကိုယ့်အကျိုးအတွက်ပဲ အသက်ရှင်နေမယ်ဆိုရင်တော့ အချည်းနှီးပဲ။ သားသေသွားတဲ့အခါ ကိုယ့်ကျိုးအတွက် လုပ်ခဲ့သမျှဟာ သားနဲ့အတူ ကွယ်ပျောက်သွားမှာပဲ။’ ”—⁠ကဲန်တာရို၊ ၂၄ နှစ်၊ ဂျပန်။

“အမှန်အတိုင်းပြောရရင် စနေ နေ့လယ်တွေမှာ သက်ကြီးရွယ်အိုတွေရဲ့အိမ်သွားပြီး ကူညီပေးတာကို ကျွန်တော် ဝါသနာပါတာမဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ ပျော်ပါးချင်တယ်။ ဒါပေမဲ့ သက်ကြီးရွယ်အိုတွေနဲ့ အချိန်ကုန်ခံလိုက်တဲ့အခါ တကယ်ပဲပျော်သွားတယ်။ အဲ့ဒီကျမှ သူတို့နဲ့ရင်းနှီးလာတယ်။ သူတို့လည်း တစ်ချိန်က ကျွန်တော့်လို လူငယ်တွေပဲ။ ဒါကြောင့် သူတို့ကို ကူညီပေးချင်လာတယ်။”—⁠ဂျွန်၊ ၂၇ နှစ်၊ အင်္ဂလန်။

“ကျွန်တော် ငယ်ငယ်တုန်းက ဘုရားသခင့်နိုင်ငံတော်ခန်းမ သန့်ရှင်းရေးနဲ့ တခြားအလုပ်တွေကို ဝိုင်းလုပ်ပေးခဲ့တယ်။ ဒီအပြင် အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေအတွက် အလုပ်ကြမ်းတွေလုပ်ပေးရတာ ပျော်တယ်။ တစ်ယောက်ယောက်ကို ကူညီပေးလိုက်တဲ့အခါ သူပျော်သွားတာကို တွေ့ရတယ်။ တစ်ခါတုန်းကဆိုရင် သက်ကြီးရွယ်အိုညီအစ်မတစ်ယောက်ရဲ့အိမ်မှာ နံရံပန်းပြောက်စက္ကူကပ်ပေးဖို့ တခြားသူတွေနဲ့လိုက်သွားတယ်။ သူ့ခမျာ ပျော်သွားလိုက်တာ။ ဟုတ်တယ်၊ သူများကို ပျော်ရွှင်အောင်လုပ်ရင် ကိုယ်တိုင်လည်း ပျော်ရတယ်။”—⁠ဟာရ်မန်၊ ၂၃ နှစ်၊ ပြင်သစ်။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

လူငယ်များစွာသည် ဘေးဒဏ်ခံနေရသူများအတွက် အလှူငွေထည့်နေကြ