မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ့ရဲ့ဖန်ဆင်းခြင်းယုံကြည်ချက်ကို ဘယ်လိုကာကွယ်နိုင်သလဲ

ငါ့ရဲ့ဖန်ဆင်းခြင်းယုံကြည်ချက်ကို ဘယ်လိုကာကွယ်နိုင်သလဲ

လူငယ်များအမေး . . .

ငါ့ရဲ့ဖန်ဆင်းခြင်းယုံကြည်ချက်ကို ဘယ်လိုကာကွယ်နိုင်သလဲ

“အတန်းထဲမှာ ဆင့်ကဲဖြစ်စဉ်အကြောင်း ဆွေးနွေးတဲ့အခါ အကြောင်းအရာတွေက ကျွန်တော်သိထားတာနဲ့ တခြားစီပဲ။ အဲဒါကို အဖြစ်မှန်အနေနဲ့ ဖော်ပြကြလို့ ကျွန်တော်ထိတ်လန့်မိတယ်။” —ရိုင်ယန်၊ ၁၈ နှစ်။

“ကျွန်တော်အသက် ၁၂ နှစ်တုန်းက ကျွန်တော့်ဆရာမဟာ ထက်သန်တဲ့ ဆင့်ကဲဝါဒီတစ်ဦးဖြစ်တယ်။ သူ့ရဲ့ကားပေါ်မှာတောင် ဒါဝင်ရဲ့အမှတ်အသားတစ်ခု ကပ်ထားတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ ဖန်ဆင်းခြင်းယုံကြည်ချက်ကို ပြောပြရမှာ ဝန်လေးမိတယ်။” —တိုင်လာ၊ ၁၉ နှစ်။

“ကျွန်မရဲ့ လူမှုရေးဘာသာပြဆရာမက နောက်လာမယ့်သင်ခန်းစာဟာ ဆင့်ကဲဖြစ်စဉ်အကြောင်းဖြစ်တယ်လို့ ပြောတော့ ကျွန်မလန့်သွားတယ်။ ဒီအငြင်းပွားစရာ အကြောင်းအရာနဲ့ပတ်သက်ပြီး ကျွန်မရဲ့ရပ်တည်ချက်ကို အတန်းထဲမှာ ပြောပြရတော့မယ်ဆိုတာ သိလိုက်တယ်။” —ရာကယ်လ်၊ ၁၄ နှစ်။

စာသင်ခန်းထဲတွင် ဆင့်ကဲဖြစ်စဉ်အကြောင်း ဆွေးနွေးသည့်အခါ ရိုင်ယန်၊ တိုင်လာနှင့် ရာကယ်လ်တို့ကဲ့သို့ပင် သင်သည်လည်း စိုးရိမ်နိုင်ဖွယ်ရှိ၏။ ဘုရားသခင်သည် “ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ” ခဲ့ကြောင်း သင်ယုံကြည်လက်ခံ၏။ (ဗျာ. ၄:၁၁) သင့်ဝန်းကျင်ရှိအရာမှန်သမျှသည် အသိဉာဏ်ဖြင့် ပုံစံပြုထားခံရကြောင်း သက်သေအထောက်အထားကို သင်တွေ့ရသည်။ သို့သော် ကျောင်းပြဋ္ဌာန်းစာအုပ်များနှင့် သင့်ဆရာမက ကျွန်ုပ်တို့သည် ဆင့်ကဲပြောင်းလဲလာသည်ဟုဆို၏။ ယင်းတို့ကိုစောဒကတက်ရဲသော သင်ကား မည်သူနည်း။ ဘုရားသခင် . . . အကြောင်း သင်စတင်ပြောဆိုလျှင် သင့်အခန်းဖော်များက မည်သို့တုံ့ပြန်ကြမည်နည်း။

ယင်းသို့သောမေးခွန်းများကြောင့် မစိုးရိမ်ပါနှင့်! သင်တစ်ဦးတည်းသာ ဖန်ဆင်းခြင်းကို ယုံကြည်သည်မဟုတ်ပါ။ အမှန်ဆိုရလျှင် သိပ္ပံပညာရှင်အချို့ပင်လျှင် ဆင့်ကဲသီအိုရီကို လက်မခံကြချေ။ ဆရာဆရာမအများစုလည်း လက်မခံကြချေ။ ကျောင်းပြဋ္ဌာန်းစာအုပ်တွင် မည်သို့ပင်ဖော်ပြထားပါစေ နိုင်ငံတစ်နိုင်ငံရှိ ကျောင်းသား ၅ ဦးလျှင် ၄ ဦးသည် ဖန်ဆင်းရှင်တစ်ပါးရှိသည်ဟု ယုံကြည်ကြသည်!

သို့သော် ‘ဖန်ဆင်းခြင်းကို ကျွန်ုပ်ယုံကြည်ကြောင်း မည်သို့ ကာကွယ်ပြောဆိုရမည်နည်း’ ဟုသင်မေးကောင်းမေးပေမည်။ မဝံ့မရဲဖြစ်နေလျှင်ပင် သင်၏ရပ်တည်ချက်ကို ယုံကြည်မှုရှိရှိ ဖော်ပြနိုင်ပါသည်။ သို့သော် ပြင်ဆင်မှုတချို့လိုပေမည်။

သင်၏ယုံကြည်ချက်များကို အချိန်ယူဆန်းစစ်ပါ

သင်သည် ခရစ်ယာန်မိဘများလက်အောက်တွင် ကြီးပြင်းလာသည်ဆိုလျှင် ဖန်ဆင်းခြင်းအကြောင်း သွန်သင်ခံခဲ့ရသောကြောင့် ယင်းကို သင်ယုံကြည်ပေမည်။ သို့သော် ယခု သင်အရွယ်ရောက်လာပြီဖြစ်ရာ ဘုရားသခင်အား “ဆင်ခြင်နိုင်စွမ်း” ဖြင့် ဝတ်ပြုကိုးကွယ်လိုပြီး သင်၏ယုံကြည်ချက်များအတွက် ခိုင်မာသောအုတ်မြစ်ရှိလိုပေမည်။ (ရောမ ၁၂:၁ကဘ) ပထမရာစုခရစ်ယာန်များအား ပေါလုက “ခပ်သိမ်းသောအရာကို စုံစမ်း” ကြရန် တိုက်တွန်းခဲ့၏။ (၁ သက်သာလောနိတ် ၅:၂၁) ဖန်ဆင်းခြင်းနှင့်စပ်လျဉ်း၍ ထိုအတိုင်း သင်မည်သို့ပြုလုပ်နိုင်သနည်း။

ဦးစွာ ဘုရားသခင်နှင့်ပတ်သက်၍ ပေါလုရေးသားခဲ့ရာကို သုံးသပ်ကြည့်ပါ– “ဖန်ဆင်းတော်မူသောအရာများကို ထောက်ရှုသဖြင့် ထာဝရတန်ခိုးတော်နှင့် ထာဝရအဖြစ်တော်တည်းဟူသော မျက်မြင်မရသောဘုရားသခင်၏အရာတို့သည် ကမ္ဘာတည်သည်ကာလမှစ၍ ထင်ရှားလျက်ရှိကြ၏။” (ရောမ ၁:၂၀) ထိုစကားများကို စိတ်ထဲမှတ်ထား၍ လူ့ကိုယ်ခန္ဓာ၊ ကမ္ဘာမြေကြီး၊ ကျယ်ပြောလှသည့် စကြဝဠာနှင့် နက်ရှိုင်းလှသည့် သမုဒ္ဒရာတို့ကို ဆင်ခြင်သုံးသပ်ကြည့်ပါ။ အင်းဆက်လောက၊ အပင်လောက၊ တိရစ္ဆာန်လောကတို့မှ သင်စိတ်ဝင်စားသည့် မည်သည့်လောကကိုမဆို စူးစမ်းကြည့်ပါ။ ထို့နောက် သင်၏ “ဆင်ခြင်နိုင်စွမ်း” ကိုအသုံးပြု၍ ‘ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ကျွန်ုပ်ကို အဘယ်အရာက ယုံကြည်လက်ခံစေသနည်း’ ဟုသင့်ကိုယ်သင်မေးကြည့်ပါ။

ယင်းမေးခွန်းကိုဖြေဆိုရန် အသက် ၁၄ နှစ်အရွယ်ရှိ ဆမ်သည် လူ့ကိုယ်ခန္ဓာကို ဆန်းစစ်လေ့လာခဲ့သည်။ “လူ့ကိုယ်ခန္ဓာဟာ အနုစိတ်ကျပြီး ဆန်းကြယ်တယ်၊ အစိတ်အပိုင်းအားလုံးကလည်း တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိမိ လုပ်ဆောင်ကြတယ်။ ဒါကြောင့် လူ့ကိုယ်ခန္ဓာဟာ ဆင့်ကဲကြောင့်မဖြစ်နိုင်ဘူး” ဟုသူကဆိုသည်။ အသက် ၁၆ နှစ်အရွယ်ရှိ ဟိုလီလည်း ယင်းကိုသဘောတူ၏။ “ကျွန်မမှာ ဆီးချိုရောဂါရှိတယ်လို့ စစ်ဆေးတွေ့ရှိချိန်ကစပြီး ကိုယ်ခန္ဓာရဲ့လုပ်ဆောင်ချက်တွေအကြောင်း ကျွန်မ အတော်များများ သိလာတယ်။ ဥပမာ၊ သွေးနဲ့ တခြားအင်္ဂါတွေ အလုပ်လုပ်အောင် ထိန်းပေးရာမှာ အစာအိမ်အနောက်မှာရှိတဲ့ ပန်ကရိယဆိုတဲ့အင်္ဂါလေးရဲ့ များပြားတဲ့လုပ်ဆောင်ပုံက အံ့ဩစရာပဲ” ဟုသူဆိုသည်။

အခြားလူငယ်များကမူ ဤကိစ္စကို အမြင်တစ်မျိုးဖြင့် သုံးသပ်ကြသည်။ အသက် ၁၉ နှစ်အရွယ် ဂျဲရတ်က ဤသို့ဆိုသည်– “ကျွန်တော်တို့မှာ ဝိညာဉ်ရေးလိုအပ်ချက်ရှိတယ်၊ အလှအပမြတ်နိုးတဲ့စိတ်နဲ့ သင်ယူလိုတဲ့စိတ်ရှိတယ်ဆိုတဲ့အချက်က ကျွန်တော့်အတွက် အခိုင်လုံဆုံး သက်သေအထောက်အထားပဲ။ ဆင့်ကဲဖြစ်စဉ်သွန်သင်တဲ့အတိုင်းသာဆိုရင် ဆက်လက်အသက်ရှင်ဖို့ ဒီအရည်အသွေးတွေမလိုဘူး။ ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိတဲ့ တစ်ခုတည်းသောရှင်းပြချက်က ဘဝကိုမွေ့လျော်စေလိုတဲ့ပုဂ္ဂိုလ်တစ်ပါးဟာ ကျွန်တော်တို့ကို ဒီမြေကြီးပေါ်မှာ နေရာချထားတာဆိုတဲ့အချက်ဖြစ်တယ်။” အစပိုင်းတွင်ဖော်ပြထားသည့် တိုင်လာသည်လည်း ထပ်တူကောက်ချက်ချခဲ့၏။ “အသက်ကို ထောက်ပံ့ရာမှာပါဝင်တဲ့ အပင်တွေရဲ့အခန်းကဏ္ဍနဲ့ ရင်သပ်ရှုမောဖွယ် ဆန်းကြယ်လှတဲ့ သူတို့ရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို သုံးသပ်ကြည့်လိုက်တဲ့အခါ ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတာ ကျွန်တော်ယုံကြည်လာတယ်” ဟုသူကဆို၏။

သင်သည် ဖန်ဆင်းခြင်းအကြောင်းကို အသေအချာသုံးသပ်ပြီး အမှန်တကယ် ယုံကြည်မည်ဆိုလျှင် ယင်းအကြောင်းပြောဆိုဖို့ လွယ်ကူပေမည်။ ထို့ကြောင့် ဆမ်၊ ဟိုလီ၊ ဂျဲရတ်နှင့် တိုင်လာတို့ကဲ့သို့ ဘုရားသခင့်အံ့ဖွယ်လက်ရာတော်များကို အချိန်ယူသုံးသပ်ပါ။ ထို့နောက် အဆိုပါအံ့ဖွယ်ရာများက သင့်အား အဘယ်အရာ “ပြောဆိုနေ” သည်ကို “အာရုံစိုက်” ပါလေ။ “ဖန်ဆင်းတော်မူသောအရာများကိုထောက်ရှု” ခြင်းဖြင့် ဘုရားသခင်တည်ရှိကြောင်းနှင့် ကိုယ်တော်၏ဂုဏ်ရည်တော်များကို အလွယ်တကူသိမြင်နိုင်ကြောင်း တမန်တော်ပေါလုကဲ့သို့ သင်လည်း ကောက်ချက်ချပါလိမ့်မည်။ *

သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာကို သိရှိပါ

ဘုရားသခင်ဖန်ဆင်းထားရာများကို ဆင်ခြင်သုံးသပ်သည့်အပြင် ဖန်ဆင်းခြင်းကို သင်ယုံကြည်ကြောင်း ကာကွယ်ပြောဆိုရန် ယင်းနှင့်ပတ်သက်သည့် ကျမ်းစာအမှန်တကယ်သွန်သင်ရာကို သိရှိဖို့လိုသည်။ သမ္မာကျမ်းစာ တိုက်ရိုက်မဖော်ပြထားသည့်အရာများကို ဆွေးနွေးပြောဆိုဖို့မလိုချေ။ ဥပမာအချို့ကို သုံးသပ်ကြည့်ပါ။

ကမ္ဘာမြေကြီးနှင့် နေအဖွဲ့အစည်း တည်ရှိလာခဲ့သည်မှာ နှစ်ပေါင်းဘီလီယံနှင့်ချီ ကြာပြီဖြစ်ကြောင်း ကျွန်ုပ်၏ သိပ္ပံပြဋ္ဌာန်းစာအုပ်က ဖော်ပြသည်။ ကမ္ဘာမြေကြီး သို့မဟုတ် နေအဖွဲ့အစည်း၏သက်တမ်းကို သမ္မာကျမ်းစာတွင် မဖော်ပြထားချေ။ စကြဝဠာသည် ဖန်ဆင်းရာပထမ “နေ့” မစတင်မီကပင် နှစ်ပေါင်းဘီလီယံနှင့်ချီ၍ တည်ရှိခဲ့သည်ဟူသောအယူအဆသည် သမ္မာကျမ်းစာအဆိုနှင့် ကိုက်ညီသည်။—ကမ္ဘာဦး ၁:၁၊ ၂

ကမ္ဘာမြေကြီးကို ခြောက်ရက်တည်းဖြင့် ဖန်ဆင်း၍မရနိုင်ဟု ကျွန်ုပ်၏ဆရာကဆိုသည်။ ဖန်ဆင်းရာ “နေ့” ခြောက်ရက်၏ တစ်ရက်စီသည် ပကတိ ၂၄ နာရီကြာသည်ဟု သမ္မာကျမ်းစာက မဖော်ပြချေ။ ထပ်ဆင့်အချက်အလက်ကို ဤမဂ္ဂဇင်း၏ စာမျက်နှာ ၁၆-၁၈ တွင်ကြည့်ပါလေ။

အချိန်ကြာလာသည်နှင့်အမျှ တိရစ္ဆာန်များနှင့် လူသားများ မည်သို့ ပြောင်းလဲသွားကြပုံကို နမူနာများစွာဖြင့် စာသင်ခန်းထဲတွင် ဆွေးနွေးခဲ့ကြသည်။ ဘုရားသခင်သည် သက်ရှိများကို “အမျိုးအလိုက်” ဖန်ဆင်းခဲ့ကြောင်း သမ္မာကျမ်းစာကဆို၏။ (ကမ္ဘာဦး ၁:၂၀၊ ၂၁) သက်မဲ့ဒြပ်ဝတ္ထုမှ အသက်ဖြစ်ပေါ်လာသည် သို့မဟုတ် ဘုရားသခင်သည် ဆဲလ်တစ်ခုတည်းဖြင့် ဆင့်ကဲဖြစ်စဉ်ကို အစပြုခဲ့သည်ဟူသောအယူအဆကို သမ္မာကျမ်းစာက မထောက်ခံချေ။ သို့သော် “အမျိုး” တစ်မျိုးစီမှ မျိုးကွဲများစွာ ပေါ်လာနိုင်စရာအကြောင်းရှိ၏။ ထို့ကြောင့် သတ်မှတ်ထားသည့် “အမျိုး” တစ်မျိုးစီအတွင်း ပြောင်းလဲမှုဖြစ်ပေါ်နိုင်သည်ဟုဆိုခြင်းကို ကျမ်းစာကလက်ခံသည်။

သင်၏ယုံကြည်ချက်များကို သံသယမဖြစ်ပါနှင့်

ဖန်ဆင်းခြင်းကို သင်ယုံကြည်ခြင်းကြောင့် စိတ်ကသိကအောက်ဖြစ်စရာ၊ ရှက်စရာမလိုချေ။ သက်သေအထောက်အထားကိုသုံးသပ်ခြင်းဖြင့် ကျွန်ုပ်တို့သည် အသိဉာဏ်ဖြင့် ပုံစံပြုထားခြင်းမှ ဖြစ်ပေါ်လာသည်ဟု ယုံကြည်ခြင်းက အမှန်ပင် သိပ္ပံနည်းကျ၍ ကျိုးကြောင်းဆီလျော်လှပါသည်။ အမှန်မှာ သက်သေအထောက်အထားမရှိဘဲ ယုံကြည်စေခြင်းနှင့် အံ့ဖွယ်အမှုပြုသူမရှိဘဲ အံ့ဖွယ်အမှုများဖြစ်လာသည်ဟု ယုံကြည်စေခြင်းတို့သည် ဖန်ဆင်းခြင်းအယူဝါဒမဟုတ်ဘဲ ဆင့်ကဲအယူဝါဒသာဖြစ်သည်။ ဤနိုးလော့!စာစောင်ပါ အခြားဆောင်းပါးများကို သုံးသပ်ပြီးနောက် သက်သေအထောက်အထားသည် ဖန်ဆင်းခြင်းကို ထောက်ခံကြောင်း သင်အမှန် ယုံကြည်လာပါလိမ့်မည်။ ထို့ပြင် သင်၏ဆင်ခြင်နိုင်စွမ်းကိုအသုံးပြု၍ ကိစ္စရပ်ကို အသေအချာသုံးသပ်ပြီးနောက် စာသင်ခန်းထဲတွင် သင်၏ယုံကြည်ချက်ကို ကာကွယ်ပြောဆိုရန် ယုံကြည်စိတ်ချမှု ပိုရှိလာပါလိမ့်မည်။

အစောပိုင်း၌ဖော်ပြထားသည့် ရာကယ်လ်သည် ထိုသို့ပင်ပြုခဲ့၏။ “ကျွန်မရဲ့ယုံကြည်ချက်နဲ့ပတ်သက်ပြီး နှုတ်ဆိတ်မနေသင့်ဘူးဆိုတာ သဘောပေါက်ဖို့ ရက်အနည်းငယ် အချိန်ယူခဲ့ရတယ်။ ကျွန်မရဲ့ဆရာမကို အသက်—ဤတွင် မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လောဆိုတဲ့စာအုပ် ပေးခဲ့တယ်။ ဆရာမကိုအာရုံစိုက်စေလိုတဲ့ တချို့အပိုင်းတွေကို အမှတ်အသားလုပ်ပေးထားတယ်။ နောက်ပိုင်းမှာ ဆရာမက အဲဒီစာအုပ်ဟာ သူ့ကို ဆင့်ကဲဖြစ်စဉ်နဲ့ပတ်သက်ပြီး ရှုထောင့်အသစ်နဲ့ မြင်စေတယ်လို့ ပြောပြတယ်။ ဆင့်ကဲဖြစ်စဉ်အကြောင်း ပို့ချတဲ့အခါ ဒီအချက်အလက်တွေကို ထည့်သုံးသပ်သွားမယ်လို့လည်း ပြောပြတယ်” ဟုသူဆိုသည်။

“လူငယ်များအမေး . . .” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော နှင့် သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော အစရှိသည့် စာအုပ်များတွင်ပါသော အချက်အလက်များကို သုံးသပ်ခြင်းမှ လူငယ်များစွာ အကျိုးရရှိခဲ့ကြပြီ။ ထိုစာအုပ်နှစ်အုပ်စလုံးကို ယေဟောဝါသက်သေများထုတ်ဝေသည်။

ချင့်တွေးစရာ

▪ ဖန်ဆင်းခြင်းကို သင်ယုံကြည်ကြောင်း ကျောင်းတွင် အလွယ်တကူ ဖော်ပြနိုင်သည့် နည်းအချို့ကား အဘယ်နည်း။

▪ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသောအရှင်အား သင်လေးမြတ်ကြောင်း မည်သို့တင်ပြနိုင်သနည်း။—တမန်တော် ၁၇:၂၆၊ ၂၇

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်]

“သက်သေအထောက်အထား အလျှံပယ်ရှိ၏”

“ဖန်ဆင်းရှင်တစ်ပါးရှိသည်ဟူသော ယုံကြည်ချက်ဖြင့် ကြီးပြင်းခဲ့ရသော်လည်း ကျောင်းတွင် ဆင့်ကဲဖြစ်စဉ်အကြောင်း သွန်သင်ခံနေရသည့် လူငယ်တစ်ဦးနှင့်ပတ်သက်၍ သင်အဘယ်သို့ဆိုမည်နည်း။” ယေဟောဝါသက်သေဖြစ်သူ အဏုဇီဝဗေဒပညာရှင် တစ်ဦးအား ဤမေးခွန်း မေးခဲ့သည်။ သူမည်သို့ ဖြေဆိုခဲ့သနည်း။ “ဘုရားသခင်တည်ရှိကြောင်း သင်ကိုယ်တိုင်သက်သေထူရန် ယင်းကို အခွင့်အရေးအဖြစ် ရှုမြင်သင့်သည်။ မိဘများက သင့်ကို သွန်သင်ပေးခြင်းကြောင့်သာမဟုတ်ဘဲ သင်ကိုယ်တိုင် အထောက်အထားများကို ဆန်းစစ်လေ့လာပြီး ထိုသို့ကောက်ချက်ချခဲ့ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ ဆရာဆရာမများအား ဆင့်ကဲဖြစ်စဉ်မှန်ကြောင်း ‘သက်သေထူ’ ခိုင်းသည့်အခါ သက်သေမထူနိုင်ကြောင်း တွေ့ ရှိရသည်။ သူတို့သည် ဆင့်ကဲသီအိုရီအကြောင်း သွန်သင်ခံရ၍သာ ယင်းကို လက်ခံကြခြင်းဖြစ်ကြောင်း သိမြင်လာ၏။ ဖန်ဆင်းရှင်တစ်ပါးရှိသည်ဟူသော သင်၏ယုံကြည်ခြင်းနှင့်ပတ်သက်၍လည်း အလားတူကြုံတွေ့ရနိုင်သည်။ ထို့ကြောင့် ဘုရားသခင် အမှန်တကယ်တည်ရှိကြောင်း အသင်ကိုယ်တိုင် သက်သေထူခြင်းက အကျိုးနပ်ပေသည်။ သက်သေအထောက်အထားများ အလျှံပယ်ရှိ၏။ ယင်းကိုရှာတွေ့ရန် မခဲယဉ်းချေ။”

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်အား ယုံကြည်လက်ခံစေသည့်အရာကား အဘယ်နည်း

ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း သင့်အား ယုံကြည်လက်ခံစေသည့် အရာသုံးခုကို အောက်တွင်ဖော်ပြပါ–

၁။ ․․․․․

၂။ ․․․․․

၃။ ․․․․․