မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဇီဝဓာတုဗေဒပညာရှင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း

ဇီဝဓာတုဗေဒပညာရှင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း

ဇီဝဓာတုဗေဒပညာရှင်တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း

အမေရိကန်နိုင်ငံ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ လီဟိုင်းတက္ကသိုလ်မှ လက်ရှိ ဇီဝဓာတုဗေဒပါမောက္ခ မိုက်ကယ်ဘီဟီသည် ၁၉၉၆ ခုနှစ်တွင် ဒါဝင်၏သေတ္တာနက်—ဆင့်ကဲဖြစ်စဉ်အား ဇီဝဓာတု၏စိန်ခေါ်ချက် ဟူသောစာအုပ်ကို ထုတ်ဝေခဲ့သည်။ ဘီဟီ၏စာအုပ်ကို ကိုးကားလျက် “ဤနေရာသို့ ကျွန်ုပ်တို့ မည်သို့ရောက်ရှိလာသနည်း။ မတော်တဆလော၊ ပုံစံပြုထား၍လော” ဟူသောခေါင်းစဉ်ဖြင့် အခန်းဆက်ဆောင်းပါးများကို ၁၉၉၈၊ မေ ၈ ရက်ထုတ် နိုးလော့! တွင် ဖော်ပြထားသည်။ ဒါဝင်၏သေတ္တာနက် စာအုပ်ကိုထုတ်ဝေအပြီး ဆယ်နှစ်တာကာလတွင် ဆင့်ကဲဝါဒီသိပ္ပံပညာရှင်များသည် ဘီဟီတင်ပြခဲ့သည့် ကျိုးကြောင်းပြချက်များကို ချေပဖို့ ကြိုးစားခဲ့ကြသည်။ ဘီဟီ၏ သိပ္ပံပညာရပ်ဆိုင်ရာ စဉ်းစားဆင်ခြင်နိုင်စွမ်း ပျောက်သွားရခြင်းမှာ သူ၏ဘာသာရေးခံယူချက်များကြောင့်ဖြစ်သည်ဟု ဝေဖန်ရေးသမားများက စွပ်စွဲခဲ့ကြသည်။ အခြားသူများကမူ သူ၏ကျိုးကြောင်းဆင်ခြင်မှုမှာ သိပ္ပံပညာနှင့်မကိုက်ညီဟုဆိုကြသည်။ ပါမောက္ခဘီဟီ၏ယူဆချက်များသည် အဘယ်ကြောင့် ထိုသို့အငြင်းပွားစရာဖြစ်ခဲ့ကြောင်း သိရှိရန် နိုးလော့! မှ တွေ့ဆုံမေးမြန်းခဲ့သည်။

နိုးလော့!– အသက်ဟာ အသိဉာဏ်ဖြင့် ပုံစံပြုထားခြင်းရဲ့ အထောက်အထားဖြစ်တယ်လို့ ခင်ဗျားဘာကြောင့် ယူမှတ်ရတာလဲ။

ပါမောက္ခဘီဟီ– ဆန်းကြယ်ပြီး စနစ် ကျတဲ့ လုပ်ဆောင်မှုအစီအစဉ်တွေကို ကြည့်လိုက်တိုင်း အဲဒါတွေကို ပုံစံပြုထား တာလို့ ကျွန်တော်တို့ယူဆတယ်။ ဥပမာ၊ ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေကြတဲ့ မြက်ရိတ်စက်၊ ကား ဒါမှမဟုတ် ရိုးရှင်းတဲ့ပစ္စည်းတွေကို ကြည့်လိုက်ပါ။ ကျွန်တော် ကြွက်ထောင်ချောက်တစ်ခုနဲ့ ဥပမာပေး ချင်တယ်။ ကိရိယာရဲ့အစိတ်အပိုင်းတွေကိုကြည့်ပြီး ဒါဟာ ကြွက်ထောင်ဖို့လုပ် ထားတာလို့ ခင်ဗျားကောက်ချက်ချ မှာဖြစ်တယ်။

သိပ္ပံပညာဟာ အတော်အသင့် တိုးတက်လာပြီဖြစ်လို့ အသက်ရဲ့အခြေခံအဆင့်ကို ဖော်ထုတ်နိုင်ခဲ့ပြီ။ အသက်ရဲ့ အသေးငယ်ဆုံးအခြေခံအဆင့်ဖြစ်တဲ့ မော်လီကျူးဟာ ဆန်းကြယ်ပြီး စက်ယန္တရားဆန်ဆန် လုပ်ဆောင်သွားတာကို သိပ္ပံပညာရှင်တွေ တွေ့ရှိတဲ့အတွက် အတော်အံ့သြကြရတယ်။ ဥပမာ၊ သက်ရှိဆဲလ်တွေအကြားမှာ ဆဲလ်တစ်ခုကနေ တစ်ခုကို ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်ပေးတဲ့ သယ်ဆောင်ရေးမော်လီကျူးတွေရှိတယ်။ အဲဒီမော်လီကျူးတွေကို ဘယ်လှည့်၊ ညာလှည့်ဆိုပြီး ညွှန်ကြားတဲ့ လမ်းပြမော်လီကျူးတွေလည်း ရှိသေးတယ်။ တချို့ဆဲလ်တွေမှာ ပဲ့ထိန်းမော်လီကျူးတွေရှိတယ်။ အဲဒီမော်လီကျူးတွေဟာ အရည်ကိုဖြတ်ပြီး ဆဲလ်တွေကို တွန်းပို့ပေးတယ်။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဲဒီလိုစနစ်တကျ ဖွဲ့စည်းလုပ်ဆောင်သွားတာကို ကြည့်ခြင်းအားဖြင့် ဒီအရာတွေဟာ ပုံစံပြုခံရတာဆိုပြီး လူတွေက ကောက်ချက်ချကြမယ်။ ဒါဝင်ရဲ့ဆင့်ကဲဖြစ်စဉ်အကြောင်း လူတွေ ပြောဆိုကြပေမဲ့ ဒီလိုစနစ်တကျ ဖွဲ့စည်းလုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ နောက်ထပ်ရှင်းပြစရာမရှိတော့ဘူး။ ဒီအစီအစဉ်တွေဟာ ပုံစံပြုခံရတယ်ဆိုတာ ကျွန်တော်တို့ရဲ့အတွေ့အကြုံက တစ်သမတ်တည်း ဖော်ပြနေတဲ့အတွက် ဒီမော်လီကျူးစနစ်တွေကိုလည်း အသိဉာဏ်ဖြင့် ပုံစံပြုထားတာလို့ ဆင်ခြင်တာဟာ လျော်ကန်ပါတယ်။

နိုးလော့!– အသိဉာဏ်ဖြင့် ပုံစံပြုထားခြင်းနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ကောက်ချက်တွေကို လုပ်ဖော်ဆောင်ဖက်အများစုက သဘောမတူကြတာ ဘာကြောင့်ဖြစ်မယ်လို့ ခင်ဗျားထင်သလဲ။

ပါမောက္ခဘီဟီ– ကျွန်တော်ရဲ့ကောက်ချက်တွေကို သိပ္ပံပညာရှင်အများစု သဘောမတူကြတာက အသိဉာဏ်ဖြင့် ပုံစံပြုထားခြင်းဆိုတဲ့ အယူအဆဟာ သဘာဝထက်လွန်ကဲနေပုံရတဲ့ နယ်လွန်သိပ္ပံပညာဆိုင်ရာ ဆင်ခြင်တွေးဆချက်လို့ သူတို့ယူမှတ်ကြလို့ပဲ။ ဒီကောက်ချက်ကြောင့် လူအတော်များများ စိတ်ကသိကအောက်ဖြစ်ကြရတယ်။ ဒါပေမဲ့ ကျွန်တော်အမြဲ လက်ကိုင်ပြုထားတာတစ်ခုက သိပ္ပံပညာဟာ သက်သေအထောက်အထား ညွှန်ပြရာနောက်ကို လိုက်ရမယ်ဆိုတဲ့အချက်ပဲ။ အသိဉာဏ်ရှိတဲ့ ပုံစံပြုသူတစ်ဦးရှိတယ်ဆိုတဲ့ ဒီကောက်ချက်ကို မနှစ်မြို့ဖွယ်အတွေးအခေါ်ဆိုင်ရာ ဆင်ခြင်တွေးဆချက်လို့ လူအများကယူမှတ်ရုံနဲ့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေကို မျက်ကွယ်ပြုတာဟာ သတ္တိကြောင်တာပဲလို့ ကျွန်တော်ယူဆတယ်။

နိုးလော့!– အသိဉာဏ်ဖြင့် ပုံစံပြုထားခြင်းဆိုတဲ့အယူအဆကို လက်ခံတာဟာ အသိပညာနည်းလို့ဆိုပြီးပြောတဲ့ ဝေဖန်ရေးသမားတွေကို ခင်ဗျား ဘယ်လို တုံ့ပြန်သလဲ။

ပါမောက္ခဘီဟီ– သဘာဝတရားဟာ ပုံစံပြုခံရတာလို့ ကောက်ချက်ချခြင်းက အသိပညာနည်းလို့မဟုတ်ဘူး။ အဲဒီအယူအဆကို ကျွန်တော်တို့လက်ခံတာဟာ မသိတာကြောင့်မဟုတ်ဘဲ သိထားတာတွေကြောင့် လက်ခံတာဖြစ်တယ်။ မျိုးစိတ်များ၏မူလအစဆိုတဲ့စာအုပ်ကို ဒါဝင်ထုတ်ဝေခဲ့ချိန် လွန်ခဲ့တဲ့အနှစ် ၁၅၀ က အသက်ဟာ ရှုပ်ထွေးနေပုံမပေါက်ဘူး။ ဆဲလ်ဟာ အလွန်ရိုးရှင်းတယ်၊ ပင်လယ်ရွှံ့ညွန်ထဲကနေ ကောက်ကာငင်ကာ ဗလုံစီထွက်လာတာဖြစ်ရမယ်လို့ သိပ္ပံပညာရှင်တွေက ယူဆခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီကတည်းက ဆဲလ်တွေဟာ ၂၁ ရာစုမှာရှိတဲ့ အလွန်ရှုပ်ထွေးတဲ့ စက်ယန္တရားထက်တောင် အဆပေါင်းများစွာ ပိုဆန်းကြယ်တာကို သိပ္ပံပညာက ရှာဖွေတွေ့ရှိသွားတယ်။ အဲဒီလိုစနစ်တကျ ဖွဲ့စည်းလုပ်ဆောင်နေတာက ရည်ရွယ်ချက်ရှိရှိ ပုံစံပြုထားလို့ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။

နိုးလော့!– ဆင်ကဲ့ဖြစ်စဉ်ဟာ သဘာဝ ရွေးချယ်မှုရဲ့အကူအညီနဲ့ ခင်ဗျားပြောတဲ့ ဆန်းကြယ်တဲ့ မော်လီကျူးယန္တရားတွေကို ဖန်တီးနိုင်ခဲ့တယ်ဆိုတာ သက်သေထူဖို့ သိပ္ပံပညာက အထောက်အထားတစ်ခုခု ပြနိုင်ခဲ့ပြီလား။

ပါမောက္ခ ဘီဟီ– သိပ္ပံစာပေတွေကို ရှာဖွေလေ့လာကြည့်တဲ့အခါ ဆင့်ကဲဖြစ်စဉ်ကြောင့် မော်လီကျူးယန္တရားတွေ ဖြစ်ပေါ်လာတယ်ဆိုတာ ရှင်းပြဖို့ လက်တွေ့စမ်းသပ်တာမျိုး ဒါမှမဟုတ် သိပ္ပံနည်းကျ အသေးစိတ်ပုံဖော်တာမျိုး ဘယ်သူမှမလုပ်ခဲ့ဖူးဘူးဆိုတာ ခင်ဗျားသိရလိမ့်မယ်။ အဲဒီလိုဖြစ်တဲ့ကြားထဲက ကျွန်တော့်စာအုပ်ကို ထုတ်ဝေခဲ့ပြီးနောက် ဆယ်နှစ်အတွင်းမှာ အမျိုးသားသိပ္ပံ အကယ်ဒမီနဲ့ အမေရိကန် သိပ္ပံပညာတိုးမြှင့်ရေးအဖွဲ့တွေလိုမျိုး သိပ္ပံအဖွဲ့အစည်းများစွာဟာ အသက်ဆိုတာ အသိဉာဏ်ဖြင့် ပုံစံပြုထားခြင်းရဲ့ သက်သေအထောက်အထားဖြစ်တယ်ဆိုတဲ့ အယူအဆကို ဖယ်ရှားပစ်ဖို့ အစွမ်းကုန်ကြိုးစားကြပါလို့ သူတို့ရဲ့အဖွဲ့ဝင်တွေကို အပူတပြင်းတောင်းဆိုခဲ့ကြတယ်။

နိုးလော့!– အပင်နဲ့တိရစ္ဆာန်တွေရဲ့ ပုံပန်းသဏ္ဌာန်တွေကို အဆင့်နိမ့်နိမ့် ပုံစံပြုထားတယ်လို့ပြောတဲ့သူတွေကို ခင်ဗျား ဘယ်လိုတုံ့ပြန်မလဲ။

ပါမောက္ခ ဘီဟီ– သက်ရှိတစ်ခုမှာပါတဲ့ အစိတ်အပိုင်းတစ်ခုဟာ ဘာကြောင့်ရှိနေရတယ်ဆိုတာ မသိတာနဲ့ဘဲ အဲဒါကို အရေးမပါဘူးလို့ မပြောနိုင်ဘူး။ ဥပမာ၊ တစ်ချိန်က အကြွင်းအကျန်အင်္ဂါတွေလို့ခေါ်တဲ့ အရာတွေကိုကြည့်ပြီး လူ့ကိုယ်ခန္ဓာနဲ့ တခြားသက်ရှိတွေကို အဆင့်နိမ့်နိမ့် ပုံစံပြုထားတာလို့ ယူဆခဲ့ကြတယ်။ သာဓကအနေနဲ့ တစ်ချိန်က အူအတက်နဲ့ အာသီးကို အကြွင်းအကျန်အင်္ဂါတွေဆိုပြီး ဖြတ်ထုတ်ပစ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီအင်္ဂါတွေဟာ ကိုယ်ခံအားစနစ်မှာ ကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင်တယ်လို့ ရှာဖွေသိရှိပြီးတဲ့နောက် အကြွင်းအကျန်အင်္ဂါလို့ မယူမှတ်ကြတော့ဘူး။

မှတ်သားစရာတစ်ခုက ဇီဝဗေဒပညာရပ်မှာ အရာတချို့ဟာ မတော်တဆ ဖြစ်ပျက်ပုံရတယ်ဆိုတဲ့အချက်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့်ကားမှာ အပိမ့်အချိုင့်ရှိနေတာ၊ ကားဘီးပြားနေတာနဲ့ပဲ ကား ဒါမှမဟုတ် တာယာကို ပုံစံပြုထားတာမဟုတ်ဘူးလို့ မဆိုနိုင်ဘူး။ အလားတူ၊ ဇီဝဗေဒပညာရပ်မှာ အရာတချို့ မတော်တဆဖြစ်ပျက်တာနဲ့ပဲ အသက်ရဲ့ ဆန်းကြယ်လှတဲ့ မော်လီကျူးယန္တရားဟာ မတော်တဆဖြစ်လာတာလို့ မဆိုနိုင်ဘူး။ အဲဒီလိုပြောရင် ယုတ္တိမရှိဘူး။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

“အသိဉာဏ်ရှိတဲ့ ပုံစံပြုသူတစ်ဦးရှိတယ်ဆိုတဲ့ ဒီကောက်ချက်ကို မနှစ်မြို့ဖွယ်အတွေးအခေါ်ဆိုင်ရာ ဆင်ခြင်တွေးဆချက်လို့ လူအများက ယူမှတ်ရုံနဲ့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေကို မျက်ကွယ်ပြုတာဟာ သတ္တိကြောင်တာပဲလို့ ကျွန်တော်ယူဆတယ်”