မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့ အဘယ်ကြောင့်ယုံကြည်ရ

ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့ အဘယ်ကြောင့်ယုံကြည်ရ

ဖန်ဆင်းရှင်ကို ကျွန်ုပ်တို့ အဘယ်ကြောင့်ယုံကြည်ရ

သဘာဝတရားကို အသိဉာဏ်ဖြင့် ပုံစံပြုထားကြောင်း သိပ္ပံနယ်ပယ်အသီးသီးမှ ပညာရှင်များစွာ သဘောပေါက်လာကြသည်။ ကမ္ဘာပေါ်ရှိ အနုစိတ်နိုင်ပြီး ဆန်းကြယ်နက်နဲသည့် သက်ရှိတို့သည် မတော်တဆဖြစ်လာသည်ဟု ယူဆခြင်းမှာ ယုတ္တိမရှိကြောင်း သူတို့သိရှိလာကြသည်။ ထို့ကြောင့် သိပ္ပံပညာရှင်နှင့် သုတေသီများစွာသည် ဖန်ဆင်းရှင်ကို ယုံကြည်ကြသည်။

သူတို့ထဲမှတချို့သည် ယေဟောဝါသက်သေများဖြစ်လာကြ၏။ ရုပ်ပိုင်းဆိုင်ရာ စကြဝဠာကို ပုံစံပြုတည်ဆောက်သူမှာ သမ္မာကျမ်းစာတွင်ပါသော ဘုရားသခင်ဖြစ်ကြောင်း သူတို့ယုံကြည်ကြသည်။ သူတို့ အဘယ်ကြောင့် ထိုသို့ယုံကြည်ခဲ့ကြသနည်း။ နိုးလော့! သည် သူတို့ထဲမှတချို့ကို မေးမြန်းခဲ့၏။ သူတို့၏ပြောပြချက်များသည် စိတ်ဝင်စားစရာကောင်းကြောင်း တွေ့ ရှိရပေမည်။ *

“အသက်၏ နားလည်ရခက်သော ဆန်းကြယ်နက်နဲမှု”

ဝို့လ်ဖ်-အက်ကာဟာ့တ် လွန်းနစ်ဂ်

ကိုယ်ရေးမှတ်တမ်းအကျဉ်း– အပင်တွေရဲ့ မျိုးရိုးဗီဇပြုပြင်ပြောင်းလဲခြင်းနဲ့ဆိုင်တဲ့ သိပ္ပံနယ်ပယ်မှာ ကျွန်တော်အလုပ်လုပ်လာတာ ၂၈ နှစ် ရှိပြီ။ ၂၁ နှစ်ကိုတော့ ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့က အပင်မျိုးပွားနည်း သုတေသနဌာနမှာ အလုပ်လုပ်ခဲ့တယ်။ ယေဟောဝါသက်သေတွေရဲ့ ခရစ်ယာန်အသင်းတော်တစ်ခုမှာ အကြီးအကဲတစ်ဦးအနေနဲ့လည်း အနှစ်သုံးဆယ်နီးပါး အမှုဆောင်ခဲ့တယ်။

ဇီဝကမ္မဗေဒနဲ့ ရုပ်သွင်ပညာဆိုတဲ့ ဇီဝဗေဒပညာရပ်တွေကို လေ့လာပြီး မျိုးရိုးဗီဇပညာကို သုတေသနပြုတဲ့အခါ အသက်ဟာ နားလည်ရခက်ပြီး ဆန်းကြယ်နက်နဲတယ်ဆိုတာ သဘောပေါက်လာတယ်။ ဒီအကြောင်းအရာတွေကို ကျွန်တော်လေ့လာတဲ့အခါ အသက်သာမက အသက်ရဲ့အခြေခံအကျဆုံး ဖွဲ့စည်းတည်ဆောက်ပုံတွေမှာတောင် အသိဉာဏ်ရှိတဲ့အစပြုရှင်တစ်ပါး ရှိရမယ်ဆိုတာ ပိုပြီးလက်ခံယုံကြည်လာတယ်။

သိပ္ပံလောကဟာ အသက်ရဲ့ဆန်းကြယ်နက်နဲမှုကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဒီအချက်တွေကို ဆင့်ကဲဖြစ်စဉ်နဲ့ပဲ ဆက်စပ်ဖော်ပြကြတယ်။ သိပ္ပံပညာနဲ့ နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်ကြည့်တဲ့အခါ သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်းမှတ်တမ်းကို စောဒကတက်တာ မှားတယ်လို့ ကျွန်တော်မြင်တယ်။ အဲဒီလိုစောဒကတက်တာတွေကို နှစ်ပေါင်းများစွာ ကျွန်တော်လေ့လာခဲ့တယ်။ သက်ရှိတွေကို သေသေချာချာ လေ့လာကြည့်တယ်၊ ပြီးတော့ ကမ္ဘာပေါ်မှာ အသက်တည်ရှိနိုင်အောင် စကြဝဠာကို နိယာမတရားတွေနဲ့ တိတိကျကျ ထိန်းချုပ်ထားပုံကို လေ့လာကြည့်တယ်။ အဲဒီနောက် ဖန်ဆင်းရှင်ကို ကျွန်တော် မယုံဘဲနေလို့မရတော့ဘူး။

“ကျွန်တော်ဆန်းစစ်လေ့လာသမျှမှာ အကြောင်းတရားတစ်ခုရှိ”

ဘိုင်ယွန်လီရန်မီဒိုးစ်

ကိုယ်ရေးမှတ်တမ်းအကျဉ်း– ကျွန်တော်ဟာ အမေရိကန်မှာနေပြီး အမျိုးသားလေကြောင်းနဲ့ အာကာသစီမံကွပ်ကဲရေးအဖွဲ့က လေဆာရောင်ခြည် ရူပဗေဒပညာရပ်နယ်ပယ်မှာ အလုပ်လုပ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာချီ ရာသီဥတု၊ မိုးလေဝသနဲ့ တခြားဂြိုဟ်တွေ နဲ့ဆိုင်တဲ့ ဖြစ်ရပ်တွေကို စောင့်ကြည့်စစ်ဆေးတဲ့စွမ်းရည် တိုးတက်ဖို့ နည်းပညာဖွံ့ ဖြိုးရေးမှာ အလုပ်လုပ်နေတယ်။ ကျွန်တော်ဟာ ဗာဂျီးနီးယားပြည်နယ်၊ ကီလ်မာနာ့ခ်မြို့က ယေဟောဝါသက်သေတွေရဲ့အသင်းတော်တစ်ခုမှာ အကြီးအကဲဖြစ်တယ်။

ကျွန်တော့်ရဲ့အလုပ်က ရူပဗေဒနိယာမတွေကို သုတေသနပြုရတယ်။ တချို့အရာတွေ ဘယ်လိုဖြစ်လာတယ်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို နားလည်ဖို့ ကျွန်တော်ကြိုးစားတယ်။ ကျွန်တော်ဆန်းစစ်လေ့လာသမျှမှာ အကြောင်းတရားတစ်ခုရှိတယ်ဆိုတဲ့ ရှင်းလင်းတဲ့ သက်သေအထောက်အထား တွေ့ရတယ်။ သဘာဝတရားမှာ တွေ့ရတဲ့ အရာအားလုံးရဲ့ မူလအကြောင်းတရားဟာ ဘုရားသခင်ဖြစ်တယ်ဆိုတာကို လက်ခံခြင်းက သိပ္ပံနည်းအရ လက်တွေ့ကျတယ်လို့ ကျွန်တော်ယူဆတယ်။ သဘာဝတရားရဲ့နိယာမတွေဟာ ဘယ်တော့မှမပြောင်းလဲတဲ့အတွက် စီစဉ်ဖွဲ့စည်းသူဖြစ်တဲ့ ဖန်ဆင်းရှင်တစ်ပါးက အဲဒါတွေကို စနစ်တကျချမှတ်ထားတာလို့ ကျွန်တော်ယုံကြည်တယ်။

ဆင်ခြင်သုံးသပ်ချက်တွေ ဒီလောက်ရှင်းနေတာတောင် သိပ္ပံပညာရှင်တွေဟာ ဘာကြောင့် ဆင့်ကဲဖြစ်စဉ်ကိုပဲ ယုံကြည်နေရတာလဲ။ ဆင့်ကဲဝါဒီတွေဟာ သူတို့ရဲ့အထောက်အထားတွေကို ကြိုတင်ချထားတဲ့ကောက်ချက်တွေနဲ့ ဆန်းစစ်တာမျိုး မဖြစ်နိုင်ဘူးလား။ ဒီအဖြစ်မျိုးက သိပ္ပံပညာရှင်တွေကြားမှာ အဆန်းမဟုတ်ပါဘူး။ ဒါပေမဲ့ လေ့လာဆန်းစစ်မှုက ဘယ်လောက်ပဲ ယုံကြည်လက်ခံဖွယ်ဖြစ်နေပါစေ အဲဒါကိုအမှန်လို့ တရားသေတွက်လို့မရဘူး။ ဥပမာ၊ လေဆာရောင်ခြည်ရူပဗေဒပညာရပ်ကို သုတေသနပြုနေသူတစ်ဦးက အလင်းဟာ လှိုင်းလိုပြုမူလို့ လှိုင်းဖြစ်တယ်၊ အသံလှိုင်းနှင့်တူတယ်လို့ အခိုင်အမာပြောလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့ဆင်ခြင်သုံးသပ်ချက်က ပြည့်စုံမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အလင်းဟာ အမှုန်တွေလို ပြုမူတယ်ဆိုတဲ့ အထောက်အထားလည်း ရှိနေလို့ပဲ။ အဲဒီလိုပဲ ဆင့်ကဲဖြစ်စဉ်ဟာ မှန်တယ်လို့ အခိုင်အမာပြောတဲ့သူတွေရဲ့ ဆင်ခြင်သုံးသပ်ချက်တွေဟာ သက်သေအထောက်အထားတချို့ကိုပဲ အခြေခံတယ်။ အဲဒီအပြင် သူတို့ရဲ့ အထောက်အထားနဲ့ပတ်သက်တဲ့ ရှုမြင်ပုံကို သူတို့ကြိုတင်ချထားတဲ့ ကောက်ချက်တွေက လွှမ်းမိုးသွားတယ်။

ဆင့်ကဲ “ပညာရှင်တွေ” ကိုယ်တိုင် ဆင့်ကဲသီအိုရီနဲ့ပတ်သက်ပြီး ငြင်းခုံနေကြတဲ့အချိန်မှာ တစ်စုံတစ်ယောက်က အဲဒါကို မှန်တယ်လို့ လက်ခံတာဟာ အံ့ဩစရာပါပဲ။ ဥပမာ၊ ပညာရှင်တချို့က ၂ နဲ့ ၂ ပေါင်းရင် ၄ ရတယ်လို့ပြောပြီး တချို့ကျတော့ ၃ ဒါမှမဟုတ် ၆ ဖြစ်နိုင်တယ်လို့ယူဆကြတဲ့အတွက် အဲဒီတွက်နည်းကို အမှန်လို့ ခင်ဗျားလက်ခံမှာလား။ သိပ္ပံပညာဟာ သက်သေပြနိုင်၊ စမ်းသပ်လို့ရနိုင်၊ ထုတ်ဖော်တင်ပြလို့ရနိုင်တဲ့အရာကိုပဲ လက်ခံရမယ်ဆိုရင် သက်ရှိအားလုံး ရှေးကျတဲ့မျိုးစိတ်တစ်ခုတည်းကနေ ဆင့်ကဲဆင်းသက်လာတယ်ဆိုတဲ့ သီအိုရီဟာ သိပ္ပံနည်းကျတဲ့ ဖြစ်ရပ်မှန်မဟုတ်တော့ဘူး။

“ဘာမှမရှိတဲ့အရာကနေ ဘာမှမဖြစ်လာနိုင်ဘူး”

ကဲနက်လွိုက်တာနာကာ

ကိုယ်ရေးမှတ်တမ်းအကျဉ်း– ကျွန်တော်ဟာ ဘူမိဗေဒပညာရှင်တစ်ဦးပါ။ အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဖလက်စတက်ဖ်မြို့က အမေရိကန်ဘူမိဗေဒဆိုင်ရာ တိုင်းတာစစ်ဆေးရေးဌာနမှာ အလုပ်လုပ်ပါတယ်။ ဂြိုဟ်တွေနဲ့ဆိုင်တဲ့ ဘူမိဗေဒအပါအဝင် ဘူမိဗေဒပညာရပ်အမျိုးမျိုးကို သိပ္ပံနည်းကျ လေ့လာတဲ့နေရာမှာ အနှစ်သုံးဆယ်နီးပါး ပါဝင်ခဲ့တယ်။ ကျွန်တော်သုတေသနပြုထားတဲ့ အင်္ဂါဂြိုဟ်နဲ့ဆိုင်တဲ့ဆောင်းပါးတွေနဲ့ ဘူမိမြေပုံတွေကို အသိအမှတ်ပြုသိပ္ပံဂျာနယ်တွေထဲမှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ယေဟောဝါသက်သေတစ်ဦးအနေနဲ့ ကျွန်တော်ဟာ လတိုင်းနာရီ ၇၀ လောက် ကျမ်းစာဖတ်တယ်။

ကျွန်တော်ဟာ ဆင့်ကဲဖြစ်စဉ်ကိုယုံကြည်ဖို့ သွန်သင်ခံခဲ့ရပေမဲ့ စကြဝဠာကို ဖွဲ့စည်းတည်ဆောက်ဖို့လိုအပ်တဲ့ ဧရာမစွမ်းအင်ဟာ တန်ခိုးကြီးတဲ့ ဖန်ဆင်းရှင်တစ်ပါးမရှိဘဲ ပေါ်ပေါက်နိုင်တယ်ဆိုတာကို လက်မခံနိုင်ဘူး။ ဘာမှမရှိတဲ့အရာကနေ ဘာမှ မဖြစ်လာနိုင်ဘူး။ ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတာ သက်သေထူတဲ့ ယုံကြည်လက်ခံလောက်တဲ့ ဖော်ပြချက်တွေကို သမ္မာကျမ်းစာထဲမှာ တွေ့ရတယ်။ ကျွန်တော်တို့သိကျွမ်းနားလည်ပြီးသား သိပ္ပံဆိုင်ရာဖြစ်ရပ်မှန်တွေနဲ့ပတ်သက်တဲ့ နမူနာများစွာကို အဲဒီစာအုပ်ထဲမှာ ဖော်ပြထားတယ်။ ဥပမာ၊ ကမ္ဘာကြီးဟာ လုံးဝန်းပြီး “အခုအခံမရှိဆွဲထား” တယ်ဆိုတဲ့အချက်ဖြစ်တယ်။ (ယောဘ ၂၆:၇; ဟေရှာယ ၄၀:၂၂) အဲဒီအမှန်တရားတွေကို လူသားတွေ ရှာဖွေလို့မတွေ့ခင် ကြာမြင့်စွာကတည်းက သမ္မာကျမ်းစာထဲမှာ ရေးသားထားတယ်။

ကျွန်တော်တို့ကို ပြုလုပ်ထားပုံကိုပဲကြည့်။ ကျွန်တော်တို့မှာ အာရုံခံနိုင်စွမ်း၊ သိရှိနိုင်စွမ်း၊ အသိဉာဏ်ရှိရှိ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ပြောဆိုဆက်သွယ်နိုင်စွမ်းနဲ့ ခံစားနိုင်စွမ်းတွေ ပိုင်ဆိုင်ထားကြတယ်။ အထူးသဖြင့် ကျွန်တော်တို့ဟာ မေတ္တာကို ခံယူတတ်တယ်၊ တန်ဖိုးထားတတ်တယ်၊ မေတ္တာပြတတ်တယ်။ ဒီလို အံ့ဖွယ်လူ့အရည်အသွေးတွေ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို ဆင့်ကဲဖြစ်စဉ်က မရှင်းပြနိုင်ဘူး။

‘ဆင့်ကဲဖြစ်စဉ်ကိုထောက်ခံတဲ့ အချက်အလက်တွေဟာ ဘယ်လောက် ယုံကြည်စိတ်ချရသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုမေးကြည့်ပါ။ ဘူမိဗေဒမှတ်တမ်းက မပြည့်စုံတဲ့အပြင် ရှုပ်ထွေးတယ်၊ စိတ်ရှုပ်စရာလည်းကောင်းတယ်။ ဆင့်ကဲဝါဒီတွေဟာ သိပ္ပံနည်းပညာတွေကိုအသုံးပြုပြီး ဆင့်ကဲဖြစ်စဉ်မှန်တယ်ဆိုတာ သက်သေမထူနိုင်ခဲ့ကြဘူး။ သိပ္ပံပညာရှင်တွေဟာ အချက်အလက်တွေစုဆောင်းဖို့ နည်းစနစ်ကောင်းတွေနဲ့ သုတေသနပြုကြပေမဲ့ သူတို့ရဲ့ရှာဖွေတွေ့ရှိချက်တွေကို ထုတ်ဖော်ရှင်းလင်းတဲ့အခါ တစ်ကိုယ်ကောင်းစိတ်က သူတို့ကို လွှမ်းမိုးသွားလေ့ရှိတယ်။ သိပ္ပံပညာရှင်တွေဟာ အချက်အလက်တွေ မသေချာတဲ့အခါ ဒါမှမဟုတ် ကွဲလွဲဆန့်ကျင်တဲ့အခါ သူတို့ရဲ့ကိုယ်ပိုင်ယူဆချက်တွေကိုပဲ ရှေ့တန်းတင်ကြတယ်လို့ လူတွေသိထားတယ်။ သူတို့ရဲ့အလုပ်အကိုင်နဲ့ သူတို့ရဲ့သိက္ခာက အဓိကဖြစ်နေတယ်။

သိပ္ပံပညာရှင်အနေနဲ့ရော ကျမ်းစာသင်သားတစ်ဦးအနေနဲ့ပါ တိကျမှန်ကန်စွာ နားလည်နိုင်အောင် သိပြီးသားအဖြစ်မှန်တွေ၊ လေ့လာသုံးသပ်ချက်တွေအားလုံးနဲ့ သဟဇာတဖြစ်တဲ့ အမှန်တရားတွေကို ကျွန်တော်ရှာဖွေပါတယ်။ ဖန်ဆင်းရှင်ကို ယုံကြည်ခြင်းက ကျွန်တော့်အတွက် ယုတ္တိအရှိဆုံးပဲ။

“ဆဲလ်ထဲမှာ တွေ့ရတဲ့ သိသာထင်ရှားတဲ့ဒီဇိုင်း”

ပေါ်လာကင်ချလို

ကိုယ်ရေးမှတ်တမ်းအကျဉ်း– ကျွန်မဟာ ဆဲလ်တွေ၊ မော်လီကျူးတွေနဲ့ဆိုင်တဲ့ ဇီဝဗေဒပညာရပ်၊ အဏုဇီဝဗေဒပညာရပ်တွေမှာ သုတေသနပညာရှင်တစ်ဦးအနေနဲ့ နှစ်အတော်ကြာ အတွေ့အကြုံရရှိထားပါတယ်။ အခု အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့မှာရှိတဲ့ အမ်မရီတက္ကသိုလ်မှာအလုပ်လုပ်ပါတယ်။ ရုရှားစကားပြောရပ်ကွက်မှာ စေတနာ့ဝန်ထမ်းတစ်ဦးအနေနဲ့လည်း ကျမ်းစာသင်ပေးနေပါတယ်။

ကျွန်မသင်ယူနေတဲ့ ဇီဝဗေဒပညာရပ်မှာ ဆဲလ်နဲ့ ဆဲလ်ရဲ့အစိတ်အပိုင်းတွေကို လေးနှစ်လောက် လေ့လာခဲ့တယ်။ ဒီအဲန်အေ၊ အာရ်အဲန်အေ၊ ပရိုတင်းနဲ့ ဇီဝတွင်းဖြစ်ပျက်မှုစနစ်တွေကိုသိရလေလေ ဆဲလ်တွေရဲ့ ဆန်းကြယ်မှု၊ စနစ်တကျ ဖွဲ့စည်းထားမှုနဲ့ တိကျမှန်ကန်မှုတွေကို အံ့သြရလေလေပဲ။ ဆဲလ်နဲ့ပတ်သက်ပြီး လူတွေ အများကြီးသိရှိလာတာကို အထင်ကြီးမိပေမဲ့ နောက်ထပ်သင်ယူစရာတွေ အများကြီးရှိနေသေးတာကို ပိုအံ့သြမိတယ်။ ဘုရားသခင်ကို ကျွန်မယုံကြည်ရတဲ့အကြောင်းရင်းတစ်ခုက ဆဲလ်ထဲမှာတွေ့ရတဲ့ သိသာထင်ရှားတဲ့ဒီဇိုင်းကြောင့်ပဲ။

ကျမ်းစာကို ကျွန်မလေ့လာကြည့်တော့ အဲဒီဖန်ဆင်းရှင်ရဲ့နာမတော်ဟာ ယေဟောဝါဘုရားသခင်ဆိုတာ သိခဲ့ရတယ်။ ကိုယ်တော်ဟာ အသိဉာဏ်ရှိ ပုံစံပြုရှင်ဖြစ်တဲ့အပြင် ကျွန်မကိုဂရုစိုက်တဲ့ အကြင်နာမေတ္တာရှိတဲ့ ဖခင်လည်းဖြစ်တယ်ဆိုတာ ကျွန်မယုံကြည်စိတ်ချတယ်။ သမ္မာကျမ်းစာက ဘဝရည်ရွယ်ချက်အကြောင်း ရှင်းပြပေးတယ်၊ ပျော်ရွှင်စရာ အနာဂတ်မျှော်လင့်ချက်ကိုလည်းပေးတယ်။

ကျောင်းမှာ ဆင့်ကဲဖြစ်စဉ်အကြောင်း သင်ကြားခံနေရတဲ့ လူငယ်တွေဟာ ဘာကိုယုံလို့ယုံရမှန်းမသိ ဖြစ်နေနိုင်တယ်။ သူတို့အတွက် စိတ်ရှုပ်စရာအချိန်လည်း ဖြစ်နိုင်တယ်။ ဘုရားသခင်ကို သူတို့ယုံကြည်မယ်ဆိုရင် ဒါဟာ ယုံကြည်ခြင်းစမ်းသပ်မှုတစ်ခုပဲ။ ဒါပေမဲ့ ကျွန်မတို့ပတ်ပတ်လည်မှာရှိတဲ့ သဘာဝတရားရဲ့ အံ့ဖွယ်ရာတွေကို ဆန်းစစ်လေ့လာကြည့်မယ်၊ ဖန်ဆင်းရှင်နဲ့ ကိုယ်တော်ရဲ့အရည်အသွေးတွေအကြောင်း များများသိရှိထားမယ်ဆိုရင် အဲဒီစမ်းသပ်မှုကို အောင်မြင်စွာ ကျော်လွှားနိုင်ပါလိမ့်မယ်။ ကျွန်မကိုယ်တိုင် အဲဒီလိုလုပ်ခဲ့တဲ့အတွက် ကျမ်းစာပါ ဖန်ဆင်းခြင်းမှတ်တမ်းဟာ တိကျမှန်ကန်ပြီး စစ်မှန်တဲ့သိပ္ပံပညာနှင့် ကိုက်ညီတယ်လို့ ကောက်ချက်ချနိုင်ခဲ့တယ်။

“နိယာမတရားတွေဟာ ရိုးရိုးရှင်းရှင်းနဲ့ အံဝင်ခွင်ကျဖြစ်နေတယ်”

အန်ရီကီဟာနန်ဒက်ဇ်လာမပ်စ်

ကိုယ်ရေးမှတ်တမ်းအကျဉ်း– ကျွန်တော်ဟာ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးပါ။ ဒါ့အပြင် မက္ကဆီကိုအမျိုးသား တက္ကသိုလ်မှာ သီအိုရီရူပဗေဒပညာရှင်တစ်ဦးအဖြစ် အလုပ်လုပ်နေပါတယ်။ ကျွန်တော့်ရဲ့ လက်ရှိအလုပ်က စကြဝဠာအတွင်းပေါက်ကွဲမှုလို့ သိထားကြတဲ့ ဖြစ်ရပ်ကို အပူဒိုင်နမစ်ပညာနဲ့ ထိထိရောက်ရောက် ရှင်းပြနိုင်ဖို့ဖြစ်တယ်။ ပြီးတော့ ရှုပ်ထွေးတဲ့ ဒီအဲန်အေဖြစ်စဉ်တွေကို လေ့လာရတယ်။

အသက်ဟာ မတော်တဆဖြစ်လာတယ်လို့ ပြောလို့မရလောက်အောင် ဆန်းကြယ်နက်နဲလွန်းပါတယ်။ ဥပမာ၊ ဒီအဲန်အေမော်လီကျူးမှာပါဝင်တဲ့ အချက်အလက်တွေကို သုံးသပ်ကြည့်ပါ။ ခရိုမိုဆုမ်းတစ်ခုဟာ မတော်တဆဖြစ်လာတယ်ဆိုတဲ့အဆိုကို သင်္ချာနည်းနဲ့ တွက်ချက်လိုက်ရင် ဖြစ်နိုင်ခြေက ၉ ထရီလီယံမှာ ၁ ခုတောင်မရှိဘူးဆိုတော့ လုံးဝမဖြစ်နိုင်တဲ့ဖြစ်ရပ်လို့ပဲ သတ်မှတ်ရမယ်။ အသိဉာဏ်မဲ့တဲ့စွမ်းအားတွေက ခရိုမိုဆုမ်းတစ်ခုသာမက အံ့ဖွယ်ရှုပ်ထွေးနေတဲ့ သက်ရှိတွေအားလုံးကိုပါ ဖြစ်ပေါ်စေနိုင်တယ်လို့ ယုံကြည်တာဟာ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်ထင်တယ်။

သေးငယ်တဲ့ဒြပ်ဝတ္ထုကအစ အာကာသတစ်ခွင်မှာရှိတဲ့ ဧရာမကြယ်စုတွေရဲ့ ရွေ့လျားမှုအထိ သူတို့ရဲ့ အလွန့်အလွန်ဆန်းကြယ်တဲ့ အပြုအမူကို လေ့လာကြည့်တဲ့အခါ အဲဒါတွေကို ထိန်းချုပ်ထားတဲ့ နိယာမတရားတွေဟာ ရိုးရိုးရှင်းရှင်းနဲ့ အံဝင်ခွင်ကျဖြစ်နေတာကို ကျွန်တော်စွဲမှတ်သွားတယ်။ ကျွန်တော့်အတွက်တော့ ဒီနိယာမတရားတွေဟာ သင်္ချာပညာရှင်ကြီးရဲ့ လုပ်ဆောင်မှုထက်ပိုသာပြီး ကျွမ်းကျင်ပညာရှင်တစ်ဦးရဲ့ လက်မှတ်နဲ့တူတယ်။

ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက်ပါလို့ ပြောပြတဲ့အခါ သူတို့အံ့သြကြတယ်။ တစ်ခါတလေ သူတို့က ဘုရားသခင်ကို ဘာကြောင့်ယုံကြည်တာလဲလို့ ကျွန်တော့်ကို မေးကြတယ်။ ဘာသာတရားအများစုဟာ သူတို့ရဲ့ဘာသာဝင်တွေကို သူတို့သွန်သင်ခံရတဲ့အရာတွေမှန်ကြောင်း သက်သေထူဖို့၊ သူတို့ရဲ့ယုံကြည်ချက်တွေကို လေ့လာဆန်းစစ်ဖို့ အားမပေးကြဘူး။ ဒါကြောင့် သူတို့ကို ကျွန်တော်နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက ကျွန်တော်တို့ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုဖို့ တိုက်တွန်းထားတယ်။ (သု. ၃:၂၁ကဘ) သဘာဝတရားကို အသိဉာဏ်ဖြင့် ပုံစံပြုထားတယ်ဆိုတဲ့ အထောက်အထားအားလုံးနဲ့ သမ္မာကျမ်းစာအထောက်အထားတွေကြောင့် ဘုရားသခင်တည်ရှိရုံသာမက ဆုတောင်းချက်တွေကိုပါ ကိုယ်တော်စိတ်ဝင်စားတယ်ဆိုတာ ကျွန်တော်ယုံကြည်စိတ်ချတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤဆောင်းပါးတွင် ပညာရှင်များဖော်ပြထားသော ရှုမြင်ချက်များသည် ၎င်းတို့အလုပ်ရှင်များ၏ ရှုမြင်ချက်များကို မထင်ဟပ်ပါ။

[Picture Credit Line on page 22]

Mars in background: Courtesy USGS Astrogeology Research Program, http://​astrogeology.usgs.gov