မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင်သည် အသက်ကိုဖန်ဆင်းရန် ဆင့်ကဲဖြစ်စဉ်ကို အသုံးပြုခဲ့သလော

ဘုရားသခင်သည် အသက်ကိုဖန်ဆင်းရန် ဆင့်ကဲဖြစ်စဉ်ကို အသုံးပြုခဲ့သလော

ဘုရားသခင်သည် အသက်ကိုဖန်ဆင်းရန် ဆင့်ကဲဖြစ်စဉ်ကို အသုံးပြုခဲ့သလော

‘အိုထာဝရဘုရားသခင်၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူပြီ။ ထိုအရာတို့သည် အလိုတော်ကြောင့်ဖြစ်၍ ဖန်ဆင်းလျက်ရှိကြပါ၏။ ထို့ကြောင့် ကိုယ်တော်သည် ဘုန်းအသရေတန်ခိုးတော်ကို ခံစားထိုက်တော်မူ၏။’—ဗျာ. ၄:၁၁

ချားလ်စ်ဒါဝင်၏ ဆင့်ကဲသီအိုရီ ခေတ်စားလာပြီးသည့်နောက် ခရစ်ယာန်အမည်ခံ ဂိုဏ်းခွဲများစွာသည် ဘုရားသခင်တည်ရှိသည်ဟူသော ယုံကြည်ချက်ကို ဆင့်ကဲသီအိုရီဖြင့် ပေါင်းစပ်ရန် ကြိုးစားလာခဲ့ကြသည်။

မျက်မှောက်ခေတ်တွင် အထင်ရှားဆုံးဖြစ်သော “ခရစ်ယာန်” ဘာသာရေးအုပ်စုများက ဘုရားသခင်သည် အသက်ကိုဖန်ဆင်းရန် ဆင့်ကဲဖြစ်စဉ်ကို တစ်နည်းနည်းဖြင့် အသုံးပြုခဲ့ရမည်ဟု လက်ခံလိုပုံရသည်။ ဘုရားသခင်သည် စကြဝဠာကို ဖန်ဆင်းရာတွင် သက်မဲ့ဓာတုပစ္စည်းများမှ သက်ရှိများအဖြစ်သို့ အဆင့်ဆင့်ပြောင်းလဲစေပြီး အဆုံး၌ လူသားများကို ပေါ်ထွန်းစေခဲ့သည်ဟု အချို့က သွန်သင်ပေးကြ၏။ ဘုရားသခင်ကိုရော ဆင့်ကဲဖြစ်စဉ်ကိုပါ ယုံကြည်လက်ခံသူများက ဘုရားသခင်သည် အဆိုပါဖြစ်စဉ်ကို အစပြုပြီးနောက် ကြားမဝင်တော့ဘဲ ယင်းတို့ဘာသာ ဆင့်ကဲတိုးတက်ပြောင်းလဲစေသည်ဟု ယူမှတ်ကြသည်။ အခြားသူများကမူ ဘုရားသခင်သည် ဆင့်ကဲဖြစ်စဉ်ဖြင့် အပင်နှင့်တိရစ္ဆာန်မျိုးရင်းအများစုကို ဖြစ်ပွားစေသော်လည်း ရံဖန်ရံခါတွင် အဆိုပါဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေရန် ကြားဝင်ခဲ့သည်ဟု ယူမှတ်ကြသည်။

သွန်သင်ချက်များကို ပေါင်းစပ်၍ရပါသလော

ဆင့်ကဲသီအိုရီသည် သမ္မာကျမ်းစာသွန်သင်ချက်နှင့် အမှန်ပင်သဟဇာတဖြစ်ပါသလော။ ဆင့်ကဲဖြစ်စဉ်သာ မှန်ကန်လျှင် သမ္မာကျမ်းစာတွင်ပါသည့် ကနဦးလူသားအာဒံကို ဖန်ဆင်းခြင်းသည် စာသားအတိုင်း နားလည်ရန်မဟုတ်ဘဲ ကိုယ်ကျင့်တရားဆိုင်ရာသင်ခန်းစာတစ်ခုကို သွန်သင်ပေးရန် ရည်ရွယ်သည့် ဇာတ်လမ်းပမာဖြစ်သွားပေမည်။ (ကမ္ဘာဦး ၁:၂၆၊ ၂၇; ၂:၁၈-၂၄) ဤကျမ်းစာမှတ်တမ်းကို ယေရှု ထိုသို့ပင်ရှုမြင်ခဲ့သလော။ “အစအဦး၌ ဖန်ဆင်းတော်မူသောသူသည် ယောက်ျားနှင့်မိန်းမ နှစ်ယောက်တည်းကို ဖန်ဆင်းတော်မူ၏။ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌မှီဝဲသဖြင့် ထိုသူနှစ်ယောက်တို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ရလိမ့်မည်ဟု ကျမ်းဆိုသည်ကို သင်တို့မဖတ်ဖူးသလော။ ထို့ကြောင့် လင်မယားတို့သည် နှစ်ဦးမဟုတ် တစ်ဦးတည်းဖြစ်၏။ ဘုရားသခင်ဖက်စပ်၍ ထမ်းပိုးတင်တော်မူသောအရာကို လူမခွဲမခွာစေနှင့်” ဟုယေရှုမိန့်တော်မူ၏။—မဿဲ ၁၉:၄-၆

ဤတွင် ယေရှုသည် ကမ္ဘာဦးအခန်းကြီး ၂ ပါ ဖန်ဆင်းခြင်းမှတ်တမ်းကို ကိုးကားနေခြင်းဖြစ်၏။ ယေရှုသည် ကနဦးအိမ်ထောင်မင်္ဂလာကို ဇာတ်လမ်းပမာအဖြစ်သာ ယူမှတ်ခဲ့မည်ဆိုလျှင် အိမ်ထောင်မင်္ဂလာ၏ သန့်ရှင်းမြင့်မြတ်မှုနှင့်ပတ်သက်သည့် သွန်သင်ချက်ကိုထောက်ခံရန် ယင်းကို ကိုယ်တော်ရည်ညွှန်းပါမည်လော။ ရည်ညွှန်းမည်မဟုတ်ချေ။ ယေရှုသည် ကမ္ဘာဦးကျမ်းမှတ်တမ်းကို သမိုင်းဖြစ်ရပ်မှန်အဖြစ် သိရှိထားသောကြောင့် ယင်းကို ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။—ယောဟန် ၁၇:၁၇

ယေရှု၏တပည့်များလည်း ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းမှတ်တမ်းကို အလားတူယုံကြည်ခဲ့ကြသည်။ ဥပမာ၊ လုကာခရစ်ဝင်ကျမ်းတွင် ယေရှု၏ဆွေစဉ်မျိုးဆက်စာရင်းကို အာဒံအထိ နောက်ကြောင်းပြန် ဖော်ပြထားသည်။ (လုကာ ၃:၂၃-၃၇) အာဒံသည် ဒဏ္ဍာရီထဲမှ ဇာတ်ကောင်တစ်ဦးဖြစ်မည်ဆိုလျှင် ဤဆွေစဉ်မျိုးဆက်စာရင်းသည် အဘယ်အချိန်တွင် ဖြစ်ရပ်မှန်မှ ဒဏ္ဍာရီအဖြစ်သို့ ပြောင်းလဲသွားခဲ့သနည်း။ ဤဆွေစဉ်မျိုးဆက်စာရင်းသည် ဒဏ္ဍာရီဖြစ်ခဲ့မည်ဆိုလျှင် မိမိသည် ဒါဝိဒ်၏မျိုးရိုးမှဆင်းသက်လာသည့် မေရှိယဖြစ်သည်ဟူသော ယေရှု၏အဆိုက အဘယ်သို့ ခိုင်လုံပါတော့မည်နည်း။ (မဿဲ ၁:၁) ခရစ်ဝင်ကျမ်းရေးသူလုကာက မိမိသည် “အတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေးဦးစွာမှစ၍ စေ့စေ့ဖွေရှာလိုက်စစ်” ခဲ့သည်ဟုဆို၏။ သူသည် ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းမှတ်တမ်းကို ယုံကြည်ခဲ့ကြောင်း ထင်ရှားပါသည်။—လုကာ ၁:၃၊ ၄

ယေရှုကို တမန်တော်ပေါလု ယုံကြည်ခြင်းသည် ကမ္ဘာဦးကျမ်းမှတ်တမ်းကို ယုံကြည်ခြင်းနှင့် ဆက်စပ်နေ၏။ သူဤသို့ရေးသားခဲ့သည်– “သို့ဖြစ်၍ လူအားဖြင့် သေခြင်းတရားသည် တည်သကဲ့သို့ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူအားဖြင့်တည်လျက်ရှိ၏။ လူအပေါင်းတို့သည် အာဒံအားဖြင့် သေခြင်းသို့ရောက်သည်နည်းတူ လူအပေါင်းတို့သည် ခရစ်တော်အားဖြင့် အသက်ရှင်ခြင်းသို့ ရောက်ရကြလတ္တံ့။” (၁ ကောရိန္သု ၁၅:၂၁၊ ၂၂) “အပြစ်တရားသည် တစ်ယောက်သောသူအားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရား” သို့ရောက်စေခဲ့သူ အာဒံသည် လူအပေါင်းတို့၏ ဘိုးဘေးမဟုတ်ခဲ့ပါက အမွေရထားသည့် အပြစ်၏ဆိုးကျိုးကို ပျက်ပြယ်စေရန် ယေရှုအသေခံဖို့ လိုပါဦးမည်လော။—ရောမ ၅:၁၂; ၆:၂၃

ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းမှတ်တမ်းကို မယုံကြည်ခြင်းသည် ခရစ်ယာန်ယုံကြည်ချက်၏ အဓိကမဏ္ဍိုင်ကို မယုံကြည်ခြင်းပင်ဖြစ်သည်။ ဆင့်ကဲသီအိုရီနှင့် ခရစ်တော်၏သွန်သင်ချက်များကို ပေါင်းစပ်၍မရချေ။ အဆိုပါယုံကြည်ချက်များကို ပေါင်းစပ်သော မည်သည့်ကြိုးပမ်းမှုမဆိုသည် “ခပ်သိမ်းသောသြဝါဒလေတိုက်၍ ဖရိုဖရဲလွင့်သွား” စေတတ်သည့် ချည့်နဲ့သောယုံကြည်ခြင်းကိုသာ ဖြစ်စေနိုင်သည်။—ဧဖက် ၄:၁၄

ခိုင်မြဲသောအုတ်မြစ်အပေါ် အခြေပြုထားသည့် ယုံကြည်ခြင်း

သမ္မာကျမ်းစာသည် ဝေဖန်တိုက်ခိုက်မှုများကို ရာစုနှစ်ပေါင်းများစွာ ခံရပ်လာခဲ့သည်။ သို့သော် သမ္မာကျမ်းစာသာမှန်ကန်ကြောင်း အကြိမ်ကြိမ် သက်သေထူခဲ့ပြီ။ သမ္မာကျမ်းစာပါ သမိုင်းဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာနှင့် သိပ္ပံဆိုင်ရာမှတ်တမ်းများသည် ယုံကြည်စိတ်ချရကြောင်း ထပ်ခါတလဲလဲ သက်သေထူခဲ့ပြီ။ လူမှုဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ကျမ်းစာအကြံပေးစကားများသည် ယုံကြည်စိတ်ချရပြီး ယင်းကို အချိန်အခါမရွေး အသုံးပြုနိုင်သည်။ လူ့အတွေးအခေါ်များနှင့် သီအိုရီများသည် ညှိုးနွမ်းတတ်သည့် မြက်ပင်နှင့်တူပြီး ဘုရားသခင်၏နှုတ်မြွက်စကားတော်မူကား “ကာလအစဉ်အမြဲတည်၏။”—ဟေရှာယ ၄၀:၈

ဆင့်ကဲဖြစ်စဉ်သွန်သင်ချက်သည် သိပ္ပံသီအိုရီနယ်ပယ်တွင်သာရှိသည့် အကြောင်းအရာတစ်ခု မဟုတ်ချေ။ ယင်းသည် ဆယ်စုနှစ်ပေါင်းများစွာ ရှင်သန်လာခဲ့သည့် လူ့အတွေးအခေါ်တစ်ခုဖြစ်၏။ သို့သော် သဘာဝလောကကြီးသည် ပုံစံပြုခံရကြောင်း အထောက်အထားများ တိုးများလာရာ မကြာသေးမီနှစ်များက ယင်းကိုဆန်းစစ်ရန် ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းကြောင့် အစဉ်အလာအတိုင်း သွန်သင်ပို့ချလာခဲ့သည့် ဒါဝင်၏ဆင့်ကဲဖြစ်စဉ် သွန်သင်ချက်သည် တဖြည်းဖြည်း ပြောင်းလဲသွားသည်။ ဤအကြောင်းအရာကို ဆက်လက်ဆန်းစစ်ရန် သင့်အား ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ သင်သည် ဤစာစောင်ပါ အခြားဆောင်းပါးများကို သုံးသပ်ခြင်းဖြင့် ထိုသို့ဆန်းစစ်နိုင်ပါသည်။ ထို့ပြင် ဤစာမျက်နှာနှင့် စာမျက်နှာ ၂၄ တွင်ဖော်ပြထားသော စာပေများကို သင်ဖတ်ရှုလိုပေမည်။

ဤအကြောင်းအရာကို ရှာဖွေလေ့လာပြီးနောက် အတိတ်နှင့်ပတ်သက်သော သမ္မာကျမ်းစာပြောဆိုရာအပေါ် သင်အခိုင်အမာ ယုံကြည်လာပေလိမ့်မည်။ ပို၍အရေးကြီးသည်မှာ အနာဂတ်နှင့်ပတ်သက်သော သမ္မာကျမ်းစာ၏ကတိတော်များအပေါ် သင်၏ယုံကြည်ခြင်း ခိုင်ခံ့လာမည်ဖြစ်သည်။ (ဟေဗြဲ ၁၁:၁) သင်သည်လည်း ‘ကောင်းကင်၊ မြေကြီးကို ဖန်ဆင်းတော်မူသော’ ယေဟောဝါအားချီးမွမ်းရန် လှုံ့ဆော်ခံရကြောင်း တွေ့ရပေမည်။—ဆာလံ ၁၄၆:၆

ထပ်ဆင့်ဖတ်ရှုလေ့လာရန်

လူခပ်သိမ်းအတွက် စာအုပ်တစ်အုပ် ကျမ်းစာသွန်သင်ချက်များထဲမှ အငြင်းပွားစရာဖြစ်စေသော သတ်သတ်မှတ်မှတ် နမူနာများကို ဤဘရိုရှာတွင် ဆွေးနွေးထားသည်

သင့်အား ဂရုစိုက်စောင်ရှောက်သည့် ဖန်ဆင်းရှင် တစ်ပါးရှိ၏လော သိပ္ပံဆိုင်ရာ နောက်ထပ်အထောက်အထားများကို ဆန်းစစ်၍ ဂရုစိုက်တတ်သည့် ဘုရားသခင်သည် ဆင်းရဲဝေဒနာများကို အဘယ်ကြောင့် ခွင့်ပြုတော်မူရကြောင်း လေ့လာပါ

သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာ အဘယ်နည် ကမ္ဘာမြေကြီးနှင့်ပတ်သက်၍ ဘုရားသခင့်ရည်ရွယ်ချက်မှာ အဘယ်နည်း ဟူသောမေးခွန်း၏အဖြေကို ဤစာအုပ်၏အခန်း ၃ တွင် ဖော်ပြထားပါသည်

[စာမျက်နှာ ၁၀ ပါ အကျဉ်းဖော်ပြချက်]

ယေရှုသည် ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းမှတ်တမ်းကို ယုံကြည်ခဲ့သည်။ ယင်းကြောင့် ကိုယ်တော် မှားခဲ့သလော

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

ဆင့်ကဲဖြစ်စဉ်ဟူသည် အဘယ်နည်း

“ဆင့်ကဲဖြစ်စဉ်” ၏အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုမှာ “တစ်စုံတစ်ရာသောဦးတည်ချက်ဖြင့် ပြောင်းလဲသွားသော ဖြစ်စဉ်တစ်ခု” ဟူ၍ဖြစ်သည်။ သို့သော် အဆိုပါအသုံးအနှုန်းကို နည်းအမျိုးမျိုးဖြင့် အသုံးပြုကြ၏။ ဥပမာ၊ သက်မဲ့အရာများတွင် ကြီးမားသောပြောင်းလဲမှုများ—စကြဝဠာတိုးတက်ဖြစ်ပေါ်မှု—ကိုဖော်ပြရန် ယင်းကို အသုံးပြုကြသည်။ ထို့ပြင် သက်ရှိများတွင် သေးငယ်သောပြောင်းလဲမှုများ—ပတ်ဝန်းကျင်ကိုလိုက်၍ အပင်နှင့်တိရစ္ဆာန်များ ပြောင်းလဲပုံ—ကိုဖော်ပြရန် ယင်းအသုံးအနှုန်းကို အသုံးပြုကြသည်။ သို့သော် အများအားဖြင့်မူ သက်မဲ့ဓာတုပစ္စည်းများမှ အသက်ဖြစ်ပေါ်လာပြီး မျိုးပွားဆဲလ်များအဖြစ် ဖွဲ့စည်းကာ တဖြည်းဖြည်း ပိုမိုရှုပ်ထွေးသည့် သတ္တဝါများအဖြစ်သို့ တိုးတက်ပြောင်းလဲလာရာ ယင်းတို့အထဲတွင် လူသည် အသိဉာဏ်အရှိဆုံးဖြစ်သည်ဟူသော သီအိုရီကို ဖော်ပြရန် ယင်းစကားလုံးကို အသုံးပြုသည်။ ဤဆောင်းပါးတွင် အသုံးပြုထားသည့် “ဆင့်ကဲဖြစ်စဉ်” ဟူသောအသုံးအနှုန်းသည် တတိယအယူအဆကို ဆိုလိုသည်။

[Picture Credit Line on page 10]

Space photo: J. Hester and P. Scowen (AZ State Univ.), NASA