မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မည်သူ့ကို သင် ယုံကြည်သင့်သနည်း

မည်သူ့ကို သင် ယုံကြည်သင့်သနည်း

မည်သူ့ကို သင် ယုံကြည်သင့်သနည်း

“အိမ်မည်သည်ကား တစ်စုံတစ်ယောက်သောသူ ဆောက်သောကြောင့်ဖြစ်၏။ အလုံးစုံတို့ကို တည်ဆောက်သောသူကား ဘုရားသခင်ပေတည်း။”—ဟေဗြဲ ၃:၄

ဤကျမ်းရေးသူ၏ ဆင်ခြင်သုံးသပ်ချက်ကို သင်သဘောတူပါသလော။ ထိုကျမ်းစကားကို ရေးသားခဲ့ပြီးချိန်မှစ၍ လူသားတို့သည် သိပ္ပံပညာတွင် တိုးတက်လာခဲ့သည်မှာ အနှစ် ၂,၀၀၀ နီးပါးရှိခဲ့ပြီ။ သဘာဝတရားတွင် ထင်ရှားပေါ်လွင်နေသည့်ပုံစံကိုကြည့်၍ ပုံစံပြုသူ ဖန်ဆင်းရှင် ဘုရားသခင်တစ်ပါးရှိ—ရမည်ဟု တွေးတောနေသူ တစ်စုံတစ်ဦးရှိပါသလော။

စက်မှုနိုင်ငံများ၌ပင် လူအများစုသည် ဘုရားသခင်ရှိကြောင်း ယုံကြည်ကြပေမည်။ ဥပမာ၊ ၂၀၀၅ ခုနှစ်၌ အမေရိကန်ပြည်ထောင်စုတွင် Newsweek မဂ္ဂဇင်းမှ လေ့လာဆန်းစစ်မှုတစ်ရပ်ပြုလုပ်ခဲ့ရာ “စကြဝဠာကို ဘုရားသခင်ဖန်ဆင်းခဲ့သည်ဟု ယုံကြည်သူ” ၈၀ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိရ၏။ ပညာမတတ်၍ ယင်းသို့ယုံကြည်ကြခြင်းလော။ ဘုရားသခင်ကို ယုံကြည်သည့် သိပ္ပံပညာရှင် တစ်ဦးဦးရှိပါသလော။ ဇီဝဗေဒပညာရှင်၊ ရူပဗေဒပညာရှင်နှင့် သင်္ချာပညာရှင်များကို မေးမြန်းကြည့်ရာ ၄၀ ရာခိုင်နှုန်းနီးပါးသည် ဘုရားသခင် အမှန်တကယ်တည်ရှိရုံမက ဆုတောင်းချက်များကိုပင် နားညောင်း၍ ဖြေကြားပေးသည်ဟု ယုံကြည်ကြကြောင်း Nature သိပ္ပံဂျာနယ်က ၁၉၉၇ ခုနှစ်တွင် ဖော်ပြခဲ့သည်။

သို့ရာတွင် အခြားသိပ္ပံပညာရှင်များကမူ လုံးဝမယုံကြည်ကြချေ။ မကြာသေးမီက သိပ္ပံပညာရပ်ဆိုင်ရာ ညီလာခံတစ်ခုတွင် နိုဘယ်လ်ဆုရှင် ဒေါက်တာ ဟားဘတ်အေဟုပ်မဲန်းက သဘာဝလွန်စွမ်းအား၊ အထူးသဖြင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် စစ်မှန်သည့်သိပ္ပံပညာနှင့် ဆန့်ကျင်ကြောင်း ပြောကြားခဲ့၏။ “ဤယုံကြည်ချက်မျိုးသည် လူသားတို့၏ကောင်းကျိုးကို ထိခိုက်စေသည်” ဟု သူကဆို၏။ ဘုရားသခင်ကိုယုံကြည်သော သိပ္ပံပညာရှင်များပင်လျှင် အပင်နှင့်တိရစ္ဆာန်များတွင် ထင်ရှားပေါ်လွင်နေသည့်ပုံစံကိုကြည့်၍ ပုံစံပြုသူရှိရမည်ဟု သွန်သင်ပေးရန် တွန့်ဆုတ်ကြသည်။ အဘယ်ကြောင့်နည်း။ အကြောင်းရင်းတစ်ရပ်ကို ဖော်ပြရန် စမစ်ဆိုနီယန် သုတေသနနှင့် ပညာပေးအဖွဲ့မှ ကျောက်ဖြစ်ရုပ်ကြွင်းဇီဝဗေဒပညာရှင် ဒေါက်ဂလပ်စ်အိပ်ခ်ျအာဝင်က ဤသို့ဆိုသည်– “သိပ္ပံပညာ၏ စည်းမျဉ်းတစ်ခုမှာ တန်ခိုးတော်ကြောင့်ဖြစ်သည့် အံ့ဖွယ်အမှုဟူသည်မရှိ။”

သင်အဘယ်အရာ စဉ်းစားရမည်၊ အဘယ်အရာ ယုံကြည်ရမည်တို့ကို အခြားသူများအား ပြောပြစေနိုင်ပါသည်။ သို့မဟုတ် အထောက်အထားအချို့ကို သင်ကိုယ်တိုင် စူးစမ်းလေ့လာပြီး ကောက်ချက်ချနိုင်ပါသည်။ နောက်စာမျက်နှာများတွင် ဖော်ပြထားသည့် သိပ္ပံနယ်ပယ်မှ မကြာသေးမီကတွေ့ရှိချက်များကို သင်ဖတ်ရှုလေ့လာစဉ် ‘ဖန်ဆင်းရှင်တစ်ပါးရှိကြောင်း ကောက်ချက်ချခြင်းသည် ယုတ္တိရှိပါသလော’ ဟုသင့်ကိုယ်သင် မေးမြန်းကြည့်ပါ။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

သက်သေအထောက်အထားကို သင်ကိုယ်တိုင် စူးစမ်းလေ့လာပါ

[စာမျက်နှာ ၃ ပါ လေးထောင့်ကွက်]

ယေဟောဝါသက်သေများသည် ဖန်ဆင်းခြင်းဝါဒီများလော

ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာမှ ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းမှတ်တမ်းကို ယုံကြည်ကြသည်။ သို့သော် ယေဟောဝါသက်သေများကို ဖန်ဆင်းခြင်းဝါဒီများဟု ခေါ်၍မရချေ။ အဘယ်ကြောင့်နည်း။ ဦးဆုံးအနေနှင့်၊ ဖန်ဆင်းခြင်းဝါဒီအများစုက စကြဝဠာ၊ ကမ္ဘာမြေကြီးနှင့် ယင်းအပေါ်ရှိ သက်ရှိအားလုံးတို့ကို လွန်ခဲ့သောအနှစ် ၁၀,၀၀၀ ခန့်က တစ်ရက်လျှင် ၂၄ နာရီစီရှိသည့် ခြောက်ရက်တည်းဖြင့် ဖန်ဆင်းခဲ့သည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် ယင်းသည် သမ္မာကျမ်းစာသွန်သင်ချက်မဟုတ်ချေ။ * ထို့ပြင် ဖန်ဆင်းခြင်းဝါဒီများသည် သမ္မာကျမ်းစာတွင်မပါသော အယူဝါဒ များစွာကို လက်ခံယုံကြည်ထားကြသည်။ ယေဟောဝါသက်သေများ၏ ဘာသာရေးသွန်သင်ချက်များမှာမူ ဘုရားသခင့်နှုတ်မြွက်တော်အပေါ်၌သာ အခြေပြုသည်။

ထို့ပြင် နိုင်ငံအချို့တွင် “ဖန်ဆင်းခြင်းဝါဒီ” ဟူသောအသုံးအနှုန်းသည် နိုင်ငံရေးတွင် တက်တက်ကြွကြွ ပါဝင်နေသည့် ရှိရင်းစွဲဝါဒီအုပ်စုများဟူသော အသုံးအနှုန်းနှင့် ဆင်တူသည်။ အဆိုပါဘာသာရေးအုပ်စုများသည် နိုင်ငံရေးသမားများ၊ တရားသူကြီးများနှင့် ပညာတတ်များအား ဖန်ဆင်းခြင်းဝါဒီများ၏ ဘာသာရေးယုံကြည်ချက်များနှင့်ကိုက်ညီသည့် ဥပဒေများနှင့် သွန်သင်ချက်များကို လက်ခံရန် ဖိအားပေးကြသည်။

ယေဟောဝါသက်သေများမှာမူ နိုင်ငံရေးတွင် ကြားနေကြသည်။ သူတို့သည် အစိုးရများ၏ ဥပဒေရေးဆွဲခွင့်၊ အတည်ပြုပြဋ္ဌာန်းပိုင်ခွင့်ကို လေးစားကြသည်။ (ရောမ ၁၃:၁-၇) သို့သော် သူတို့သည် “ဤလောကနှင့်မဆက်ဆံ” ကြနှင့်ဟူသော ယေရှု၏မိန့်မှာချက်ကို အလေးအနက်ထားကြသည်။ (ယောဟန် ၁၇:၁၄-၁၆) လူထုရှေ့အမှုဆောင်ရာတွင် သူတို့သည် လူတို့အား ဘုရားသခင့်စံနှုန်းများနှင့်အညီ အသက်ရှင်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိခွင့်ပေးကြသည်။ သို့သော် သူတို့သည် ကျမ်းစာစံနှုန်းများကိုလိုက်နာရန် အခြားသူများအား အတင်းအကျပ်ပြုမည့် တရားမ ဥပဒေများကို ကြိုးစားပြဋ္ဌာန်းကြသော ရှိရင်းစွဲဝါဒီအုပ်စုများကို ထောက်ခံအားပေးခြင်း၊ မိမိတို့၏ခရစ်ယာန်ကြားနေမှုကို ချိုးဖောက်ခြင်း မပြုကြချေ။—ယောဟန် ၁၈:၃၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 11 ကျေးဇူးပြု၍ ဤစာစောင်၏ စာမျက်နှာ ၁၆ ရှိ “သမ္မာကျမ်းစာရှုထောင့်– သိပ္ပံပညာသည် ကမ္ဘာဦးကျမ်းမှတ်တမ်းနှင့် ဆန့်ကျင်သလော” ဟူသော ဆောင်းပါးကိုရှု။