မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကားအပိုင်စီးမှုမှ မိမိကိုယ်ကို ကာကွယ်ပါ

ကားအပိုင်စီးမှုမှ မိမိကိုယ်ကို ကာကွယ်ပါ

ကားအပိုင်စီးမှုမှ မိမိကိုယ်ကို ကာကွယ်ပါ

တောင်အာဖရိကမှ နိုးလော့! စာရေးသူ ပေးပို့သည်

ကရာချိမှ လစ်စဘွန်းအထိ၊ နိုင်ရိုဘီမှ ရီယိုဒီဂျနေရိုအထိ ကမ္ဘာတစ်ဝန်းရှိ မြို့ကြီးများတွင် ကားပြန်ပေးဆွဲမှုဟုလည်းခေါ်သည့် ကားအပိုင်စီးမှုမှာ ကြီးထွားလာနေသော ပြဿနာတစ်ရပ်ဖြစ်သည်။ အမေရိကန် တရားစီရင်ရေးဌာနမှ စာရင်းအင်းအရ ၁၉၉၃ မှ ၂၀၀၂ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် နှစ်စဉ် ကားအပိုင်စီးမှုပေါင်း ၃၈,၀၀၀ ဖြစ်ပွားခဲ့သည်။

အမေရိကန်လူဦးရေ၏ ခြောက်ပုံတစ်ပုံသာရှိသော တောင်အာဖရိကတွင် ကားအပိုင်စီးမှုမှာ နှစ်စဉ် ၁၄,၀၀၀ ထက်မကရှိရာ အချိုးအစားအရ အမေရိကန်ထက်ပိုများသည်။ ဥပမာအချို့ကို သုံးသပ်ပြီးနောက် ကားအပိုင်စီးမှုကို ကြောက်စရာအကောင်းဆုံး ရာဇဝတ်မှုဟု လူအများစု အဘယ်ကြောင့် ယူမှတ်သည်ကို နားလည်လာပါလိမ့်မည်။ အောက်ပါတို့မှာ တောင်အာဖရိက၏အကြီးဆုံးမြို့ဖြစ်သည့် ဂျိုဟန်နစ္စဘတ်တွင် နေထိုင်သူများ၏ ကိုယ်တွေ့ဖြစ်ရပ်များဖြစ်သည်။ ဤဖြစ်ရပ်များကိုဖတ်ရှုခြင်းဖြင့် ကားအပိုင်စီးခံရပါက မည်သို့လုပ်ဆောင်နိုင်ပုံနှင့် ယင်းသို့သောအန္တရာယ်ကို မည်သို့လျော့နည်းစေနိုင်ပုံကို သိမြင်ရန် အကူအညီရပါလိမ့်မည်။

ကိုယ်တွေ့ဖြစ်ရပ်မှန်များ

▪ “ကျွန်မနဲ့ ကျွန်မသူငယ်ချင်း ဆူစန်ဟာ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ အတူပါဝင်လာတာ တစ်နှစ်ရှိပြီ။ ဗုဒ္ဓဟူးနေ့တစ်နေ့မှာ ကျွန်မတို့ရဲ့ နောက်ကျမ်းစာသင်အံမှုတစ်ခုကို မသွားခင် နှစ်ယောက်သား လက်ဖက်ရည်သောက်ဖို့ လူနေရပ်ကွက်တစ်ခုရဲ့လမ်းဘေး သစ်ပင်တစ်ပင်အောက်မှာ ကားရပ်လိုက်တယ်။ ဆူစန်က ကားနောက်ခန်းမှာထားတဲ့ ခြင်းတောင်းကိုယူဖို့ ကားပေါ်ကဆင်းသွားတယ်။ ပြီးတော့ ကျွန်မအတွက်လက်ဖက်ရည်ခွက် လှမ်းပေးနေတုန်းမှာပဲ လူနှစ်ယောက်ဟာ ရုတ်တရက်ထွက်လာပြီး တစ်ယောက်က ဆူစန်ရဲ့လည်ပင်းကို သေနတ်နဲ့ ထောက်လိုက်တယ်။ ကျွန်မလည်း အထိတ်တလန့်နဲ့ ကားထဲကထွက်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ ကျန်တဲ့တစ်ယောက်က ကျွန်မကို ကားနောက်ခန်းထဲ တွန်းထည့်လိုက်တယ်။ ဒီလိုနဲ့ ကျွန်မတို့အမျိုးသမီးနှစ်ယောက်ကို အမျိုးသားနှစ်ယောက်က ကားနဲ့ အတင်းအဓမ္မတင်ခေါ်သွားတယ်။ ကျွန်မတို့နှစ်ယောက်ကို သူတို့မုဒိမ်းကျင့်တော့မှာပဲ၊ ဒါမှမဟုတ် သတ်ပစ်တော့မှာပဲဆိုပြီး စိုးရိမ်သွားတယ်။”—⁠အနီကာ၊ အိမ်ထောင်သည်အမျိုးသမီးငယ်တစ်ဦး

▪ “ကျွန်တော်ဟာ မနက် ၇:၀၀ နာရီမှာ အလုပ်သွားဖို့ ကားမောင်းထွက်လာတယ်။ အလုပ်လက်မဲ့တွေ ကျက်စားနေကျနေရာဖြစ်တဲ့ လမ်းဆုံတစ်ခုမှာ ကားရပ်လိုက်တယ်။ တစ်စုံတစ်ယောက်က ဖွင့်ထားတဲ့ကားတံခါးကနေ ကျွန်တော့်ကို သေနတ်နဲ့ လှမ်းထောက်လိုက်ပြီး ‘မသေချင်ရင် ကားပေါ်ကဆင်း’ လို့မပြောခင်အချိန်ထိ ဘာကိုမှ သတိမထားမိဘူး။ အဲဒီအချိန်မှာပဲ ယာဉ်ထိန်း ရဟတ်ယာဉ်တစ်စင်းက အပေါ်မှာဝဲနေတယ်။ အဲဒါကို အပိုင်စီးသူက ရဲထင်လို့ ကျွန်တော့်ကို သေနတ်နဲ့ပစ်ပြီးထွက်ပြေးသွားတယ်။ ကျွန်တော့်လည်ပင်းကို ကျည်ဆန်ထိပြီး ကျောရိုးနဗ်ကြောပြတ်သွားတယ်။ ဒါနဲ့ လည်ပင်းကနေ အောက်ပိုင်းတစ်ခုလုံးအကြောသေသွားပြီး ခြေလက်တွေလှုပ်လို့မရတော့ဘူး။”—⁠ဘာရီ၊ ဆယ်ကျော်သက်အရွယ် သားတစ်ဦး၏ဖခင်။

▪ “ကျွန်တော်နဲ့ ကျွန်တော့်ဇနီး လင်းဆေးတို့ဟာ နေ့လယ်စာစားဖို့ အပြင်ထွက်တော့မယ်။ ကျွန်တော် သူ့ကို ကားထဲမှာထိုင်စောင့်နေတယ်။ ကားတံခါးကို သော့ခတ်ထားပေမဲ့ ပူလို့ မှန်နည်းနည်းချထားတယ်။ ဒရိုင်ဘာထိုင်ခုံမှာထိုင်ပြီး ရှေ့ကိုကြည့်နေတုန်း လမ်းချိုးကနေ လူနှစ်ယောက် အမှတ်မထင်ထွက်လာတယ်။ ကားနဲ့ ခြေလှမ်းရှစ်လှမ်းအကွာလောက်ရောက်တဲ့အခါ သူတို့နှစ်ယောက် လူခွဲလိုက်ပြီး ကားရဲ့တစ်ဖက်စီကို လျှောက်လာကြတယ်။ ရုတ်တရက် ကားတံခါးတစ်ဖက်စီကနေ ကျွန်တော့်ကို သေနတ်နဲ့ချိန်ထားပြီး အော်ပြောနေကြတယ်။ သူတို့ပြောတဲ့အတိုင်း ကျွန်တော် ကားစက်နှိုးလိုက်တယ်။ နောက်တော့ သူတို့က ကျွန်တော့်ကို ကားနောက်ခန်းထဲသွားဖို့ အော်ပြောတယ်။ တစ်ယောက်က ကားမောင်းပြီး ကျန်တဲ့တစ်ယောက်က ကျွန်တော့်ကို ခေါင်းငုံ့ထားခိုင်းတယ်။ ‘မင်းကိုမသတ်ဖို့ ဘာအကြောင်းပြချက်ပေးမလဲ’ ဆိုပြီး တစ်ယောက်ကမေးလိုက်တယ်။ ဒါနဲ့ ‘ကျွန်တော်က ယေဟောဝါသက်သေတစ်ယောက်ပါ’ လို့ပြန်ဖြေလိုက်တယ်။ သူက ကျွန်တော့်ကို သတ်မယ်လို့ပဲ ဆက်ပြောနေတယ်။ ကျွန်တော်ဆုတောင်းနေရင်း ကျွန်တော်နဲ့ကား ပျောက်သွားတာကိုသိရင် ကျွန်တော့်ချစ်ဇနီးဘယ်လို နေမလဲဆိုတာကို စဉ်းစားနေမိတယ်။”—⁠အယ်လဲန်၊ နယ်လှည့်ကြီးကြပ်မှူးဖြစ်သူ ဖခင်တစ်ဦး

ကားအပိုင်စီးမှုများသည် မမျှော်လင့်ဘဲ လျှပ်တစ်ပြက်ဖြစ်တတ်ကြောင်း၊ ကားအပိုင်စီးသူများသည် သာမန်အခြေအနေများကို အသုံးချတတ်ကြောင်း ဤတွေ့ကြုံမှုများက ဖော်ပြသည်။ ဒေသအတော်များများတွင် လူနေရပ်ကွက်ရှိလမ်းများ၌ ကားရပ်၍ လူစောင့်ခြင်း၊ အနားယူခြင်းသည် လုံခြုံမှုမရှိတော့ချေ။ အန္တရာယ်ရှိသည့် အခြားနေရာများမှာ လမ်းဆုံများနှင့် သင့်အိမ်ခြံဝင်းသို့ဝင်ရာ လမ်းတိုများဖြစ်သည်။

နောက်ပိုင်းပြဿနာများကိုကိုင်တွယ်ဖြေရှင်းခြင်း

ကျေးဇူးတင်ရမည်မှာ ဆူစန်နှင့် အနီကာတို့သည် အန္တရာယ်မှ လွတ်မြောက်ခဲ့ကြသည်။ ကားအပိုင်စီးသူတို့ ကားမောင်းနေစဉ် ညီအစ်မနှစ်ဦးက သူတို့လုပ်ဆောင်နေသည့် ကျမ်းစာသင်အံမှုလုပ်ငန်းအကြောင်း ရှင်းပြကြသည်။ ယင်းက အပိုင်စီးသူနှစ်ဦး၏စိတ်ကို ထိမိသွားပုံရ၏။ “သူတို့လုပ်ခဲ့သမျှအတွက် တောင်းပန်ကြတယ်။ ပြီးတော့ အသက်ရှင်နေရတဲ့ ခေတ်ကာလကြောင့် ဝမ်းရေးအတွက်သူတို့ခိုးတာ၊ ကားအပိုင်စီးတာပါလို့ ပြောပြတယ်။ ဒါနဲ့ ကျွန်မတို့က ဆင်းရဲခက်ခဲမှုကို ဘုရားသခင် ဘာကြောင့် ခွင့်ပြုရတယ်ဆိုတာ ရှင်းပြတယ်” ဟု အနီကာကပြောပြသည်။ သမ္မာကျမ်းစာ သတင်းစကားက အပိုင်စီးသူနှစ်ဦး၏နှလုံးကို ထိမိပြီး ညီအစ်မနှစ်ဦး၏ ငွေနှင့်နာရီတို့ကို ပြန်ပေးကာ သူတို့ကို မထိခိုက်စေရကြောင်း အာမခံကြသည်။ “သူတို့ထဲက တစ်ယောက်က နောင် ဒီလိုအန္တရာယ်မကြုံရအောင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ သင်ပေးတယ်” ဟုဆူစန်က ပြောပြ၏။ “နောက်ဆိုရင် လမ်းဘေးမှာကားရပ်ပြီး လက်ဖက်ရည် မသောက်တော့ပါဘူးလို့ ကျွန်မတို့ကို ကတိပေးခိုင်းတယ်” ဟုအနီကာကပြောပြသည်။ ထို့နောက် အပိုင်စီးသူနှစ်ဦးသည် သူတို့ပြောသည့်အတိုင်း ကားကိုရပ်လိုက်ပြီး ကားပေါ်မှဆင်းကာ ကျမ်းစာစာပေများကို ကျေးဇူးတင်စွာလက်ခံကြသည်။ ဆူစန်နှင့်အနီကာတို့လည်း ဘေးကင်းလုံခြုံစွာ ကားမောင်းထွက်ခဲ့ကြ၏။

နယ်လှည့်ကြီးကြပ်မှူးဖြစ်သူ အယ်လဲန်မှာမူ လူပြတ်သည့်နေရာသို့ရောက်သောအခါ ကားအပိုင်စီးသူများက သူ့ကို ကားပေါ်မှ ဆင်းခိုင်းလိုက်သည်။ အဖိုးတန်ပစ္စည်းများ ဆုံးရှုံးသွားသော်လည်း အသက်ဘေးမှ လွတ်မြောက်၍ ကျေးဇူးတင်ခဲ့သည်။ “ကျွန်တော် ဘေးကင်းကင်းနဲ့ လွတ်မြောက်လာတာက ထိတ်ထိတ်ပျာပျာမဖြစ်ဘဲ၊ ပြန်မခုခံဘဲ သူတို့ပြောတဲ့အတိုင်း လုပ်လို့ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော် ပိုပြီးသတိရှိရှိနေသင့်တယ်။ အခု ကျွန်တော်တို့ဟာ စာတန့်ဆိုးညစ်တဲ့လောကရဲ့ နောက်ဆုံးအချိန်မှာ အသက်ရှင်နေရလို့ ဘယ်သူမှ ပေါ့ပေါ့ဆဆမနေသင့်ဘူးဆိုတာ ဒီအဖြစ်အပျက်ကနေ သင်ခန်းစာရလိုက်တယ်” ဟုအယ်လဲန်ကပြောပြသည်။ နောက်တစ်နေ့တွင် အယ်လဲန်နှင့် လင်းဆေးတို့သည် ထိုနေရာသို့ပြန်သွားပြီး သူတို့တာဝန်ကျသည့်အသင်းတော်နှင့် ပူးပေါင်း၍ ဟောပြောခြင်းလုပ်ငန်းတွင် ဆက်ပါဝင်ခဲ့ကြသည်။ အယ်လဲန်က ဤသို့ပြောပြသည်– “ကျွန်တော်တို့ ဆုတောင်းတယ်၊ ပြီးတော့ တစ်ချိန်လုံး သတိရှိရှိနေကြတယ်။ အဲဒီလိုလုပ်ဖို့မလွယ်ပေမဲ့ ယေဟောဝါက ကျွန်တော်တို့ကို ‘သာမန်ထက်ထူးကဲသောတန်ခိုးတော်’ ပေးခဲ့တယ်။”—⁠၂ ကောရိန္သု ၄:၁၊ ၇

အဆိုးဝါးဆုံးထိခိုက်မှုကို ခံလိုက်ရသူ ဘာရီမှာမူ လွန်ခဲ့သည့် ၁၁ နှစ်လုံးလုံး ဘီးတပ်ကုလားထိုင်နှင့် နေခဲ့ရသည်။ ချီးမွမ်းစရာမှာ ဘာရီသည် အပြုသဘောရှိခဲ့ပြီး တွေ့ ကြုံခဲ့ရာများကြောင့် မနာကြည်းခဲ့ချေ။ ယေဟောဝါဘုရားသခင်၏ ဖြောင့်မတ်သည့် ကမ္ဘာသစ်ဆိုင်ရာ ကတိတော်အပေါ်ထားသည့် သူ၏ယုံကြည်ချက်မှာ မယိမ်းယိုင်ခဲ့ချေ။ (၂ ပေတရု ၃:၁၃) ဘာရီသည် ခရစ်ယာန်အစည်းအဝေးများကို ပုံမှန်တက်ခဲ့ပြီး အခွင့်အရေးရတိုင်း သူ၏ယုံကြည်ချက်ကို အခြားသူများအား ဝေမျှခဲ့သည်။ သူက ဤသို့ပြောပြသည်– “ယေဟောဝါရဲ့အမှုတော်ကိုဆောင်ခြင်းက အမြဲတမ်း ပျော်စရာဖြစ်တယ်။ ဘီးတပ်ကုလားထိုင်ပေါ်မှာထိုင်ပြီး ဘာမှမလုပ်နိုင်သလောက်ဖြစ်နေပေမဲ့ ကျွန်တော့်အတွက် ယေဟောဝါလုပ်ပေးခဲ့တာတွေကို ပြန်ပြောင်းစဉ်းစားတာက ကျွန်တော့်ကို ခံနိုင်ရည်ရှိစေတယ်။ မကြာခင် ဒီဆိုးညစ်တဲ့လောကကြီး အဆုံးတိုင်သွားပြီး ကျွန်တော် လမ်းပြန်လျှောက်နိုင်တဲ့အခါ ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ။”—⁠ဟေရှာယ ၃၅:၆; ၂ တိမောသေ ၃:၁-၅

တောင်အာဖရိကမှ အာဏာပိုင်များက စီမံချက်များဖြင့် လုပ်ဆောင်ကြရာ ကားအပိုင်စီးမှုနှုန်းများကို လျှော့ချနိုင်ခဲ့သည်။ သို့ရာတွင် ကမ္ဘာ့အခြားဒေသများတွင် ကားအပိုင်စီးမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တိုးများလာလျက်ရှိ၏။ စစ်မှန်သောခရစ်ယာန်များသည် ဤသို့သော ရာဇဝတ်မှု၊ အကြမ်းဖက်မှုများကို အဆုံးတိုင်စေမည့် တစ်ခုတည်းသော အုပ်ချုပ်ရေးဖြစ်သည့် ဘုရားသခင့်နိုင်ငံတော်ကိုသာ စောင့်မျှော်ကြသည်။—⁠ဆာလံ ၃၇:၉-၁၁; မဿဲ ၆:၁၀

[စာမျက်နှာ ၁၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကားအပိုင်စီးခံရခြင်းအန္တရာယ်ကို လျော့နည်းစေသည့် အချက်အလက်များ

▪ အကယ်၍ သင်သည် ကားအပိုင်စီးမှု ဖြစ်ပွားသည့်နေရာတွင် ကားမောင်းနေပါက ကားတံခါးများကို သော့ခတ်ပြီး မှန်များကိုပိတ်ထားပါ။

▪ လမ်းဆုံများတွင် ကားရပ်ရန်အရှိန်လျှော့နေစဉ် လမ်းဘေးဝဲယာတွင် မယောင်မလည်လုပ်နေသည့် မသင်္ကာစရာလူများကို သတိထားပါ။

▪ အန္တရာယ်မှ အလွယ်တကူ ရှောင်တိမ်းနိုင်ရန် သင့်တော်သောအကွာအဝေးဖြင့် ရှေ့ကားနှင့် ခပ်ခွာခွာရပ်ပါ။

▪ သင့်ကားနောက်ပိုင်းကို ကားတစ်စီးက ဝင်ဆောင့်မိလျှင် အပျက်အစီးကိုစစ်ဆေးရန် ကားပေါ်မှဆင်းရာတွင် သတိရှိပါ။ ယင်းသည် ပရိယာယ်တစ်ခု ဖြစ်နိုင်၏။ အန္တရာယ်နယ်မြေတွင် ယင်းသို့ဖြစ်ပျက်လျှင် နီးစပ်ရာရဲစခန်းသို့ မောင်းခြင်းက ပိုအန္တရာယ်ကင်းပေမည်။

▪ သင့်အိမ်ပေါက်ဝတွင် မယောင်မလည်လုပ်နေသည့် သူစိမ်းများကို သတိထားပါ။ ယင်းသို့သောအခြေအနေကို သတိပြုမိပါက မောင်းထွက်သွားပြီး နောက်ကျမှ အိမ်ပြန်ခြင်းက ပို၍အန္တရာယ်ကင်းပေမည် သို့မဟုတ် နီးစပ်ရာရဲစခန်းသို့မောင်းရန် ဆုံးဖြတ်နိုင်သည်။

▪ အကယ်၍ သင်သည် အန္တရာယ်များသောရပ်ကွက်တစ်ခု သို့မဟုတ် လူပြတ်သောနေရာတွင် ကားရပ်၍ စောင့်နေရပါက သင့်အရှေ့နှင့်အနောက်တွင် ဖြစ်ပျက်နေသည်များကို သတိရှိပါ။ အကယ်၍ အန္တရာယ်ရှိသည်ဟု သံသယဝင်ပါက ကားစက်နှိုး၍ ပတ်မောင်းနေပါ။

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ဘာရီသည် ဘီးတပ်ကုလားထိုင်ဖြင့်နေရသော်လည်း အပြုသဘောဆက်ရှိနေဆဲ