မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

ကျွန်ုပ်တို့၏ စာရှုသူများထံမှ

နိုးလော့! ပုံစံသစ် ကျွန်မ မနေ့ညက ဇန်နဝါရီ ၂၀၀၆ နိုးလော့!ကို အပြီးဖတ်လိုက်တယ်။ ဒီမဂ္ဂဇင်းရဲ့ပုံစံသစ်ကို ကျွန်မတကယ်ကြိုက်တယ်။ အခုဆိုရင် နိုးလော့! ဟာ စာဖတ်သူကို စဉ်းစားဆင်ခြင်စေတဲ့ပုံစံနဲ့ ပိုပြီးဂရုတစိုက်လေ့လာရမယ့် မဂ္ဂဇင်းတစ်အုပ်ဖြစ်တယ်။ ကျွန်မတို့ရဲ့ဝိညာဉ်ရေးကို တိုးတက်စေတဲ့ ယေဟောဝါရဲ့လမ်းညွှန်မှုကို မဂ္ဂဇင်းတစ်စောင်လုံးမှာ တွေ့နိုင်တယ်။

ဘီ. အဲန်.၊ ကနေဒါ

ကျွန်မအသက် ၁၆ နှစ်ပါ။ ကျွန်မတို့ သမ္မာကျမ်းစာလေ့လာတဲ့အခါ နိုးလော့! ရဲ့ပုံစံအသစ်က အများကြီးထောက်ကူပါလိမ့်မယ်။ ဆောင်းပါးတချို့မှာ မေးခွန်းတွေပါတဲ့အတွက် ဖတ်ပြီးတာတွေကို ပြန်ဆင်ခြင်ဖို့ စာဖတ်သူအတွက် အကူအညီဖြစ်စေတယ်။ ကျွန်မရဲ့ကျောင်းတာဝန်တွေမှာ နိုးလော့!ကိုသုံးရတာ သိပ်ပျော်တယ်။ ဒီလိုကောင်းမွန်ပြီး အသုံးဝင်လှတဲ့ အချက်အလက်တွေကို ဆက်ထုတ်ဝေပေးဖို့ ကျွန်မမျှော်လင့်ပါတယ်။

အက်စ်. အဲန်.၊ နမီးဘီးယား

ရောဂါဆိုးခံစားနေရသော်လည်း—⁠ယုံကြည်ခြင်းဖြင့်ထောက်မခံရ (ဇန်နဝါရီ ၂၀၀၆) ဂျေစင်စတူးဝပ်ရဲ့ တွေ့ကြုံမှုကို ဖတ်ပြီးတဲ့နောက် ကျွန်မရဲ့ပြဿနာတွေဟာ ဘာမှမဟုတ်တော့သလိုပဲ။ ကျွန်မတို့ရဲ့အခြေအနေ ခွင့်ပြုသလောက် လုပ်ဆောင်နေတာကို ယေဟောဝါ တန်ဖိုးထားတယ်ဆိုတာ သဘောပေါက်လာတယ်။ ဂျေစင်ရဲ့ဇနီးပြတဲ့ ကိုယ်ကျိုးစွန့်မှုနဲ့ ယေဟောဝါအပေါ်ထားတဲ့ သူ့ရဲ့ယုံကြည်ကိုးစားမှုကိုလည်း အထင်ကြီးလေးစားတယ်။ ဒီတွေ့ ကြုံမှုကို ကျွန်မအမြဲ စိတ်ထဲထားမှာဖြစ်ပြီး နောင်မှာ ပြဿနာတွေကြုံလာတဲ့အခါ ရင်ဆိုင်ဖို့ အဲဒါက ကျွန်မကို အကူအညီပေးပါလိမ့်မယ်။

စီ. အာရ်. အက်စ်.၊ ပီရူး

ဂျေစင်ရဲ့ တွေ့ကြုံမှုကိုဖတ်ပြီး ကျွန်မငိုမိတယ်။ သူ့ရဲ့ခံနိုင်ရည်သတ္တိက ကျွန်မစိတ်ကို ထိမိလို့သာမဟုတ်ဘဲ ယေဟောဝါသက်သေတစ်ဦးအနေနဲ့ ဒီလိုဝိညာဉ်ရေးစိတ်ထားရှိတဲ့ ညီအစ်ကိုတစ်ယောက်ရှိတာကို ဂုဏ်ယူမိလို့ဖြစ်တယ်။ အချိန်နဲ့ ကြိုတင်မမြင်နိုင်တဲ့ ဖြစ်ရပ်တွေက ကျွန်မတို့အားလုံးအပေါ် ကျရောက်နိုင်တာကြောင့် စမ်းသပ်မှုတွေအတွက် ကြိုတင်ပြင်ဆင်ခြင်းရဲ့ အရေးကြီးမှုကို ဒီဆောင်းပါးကနေ သိရတယ်။—⁠ဒေ. ၉:၁၁၊ ကဘ။

တီ. အေ.၊ ဟန်ဂေရီ

ကျွန်မရဲ့အမေက အေအယ်လ်အက်စ်ရောဂါနဲ့ ဆုံးသွားတယ်။ ဒါကြောင့် ဂျေစင်ရဲ့တွေ့ကြုံမှုက ကျွန်မကို စိတ်ထိခိုက်စေပါတယ်။ သူရဲ့ပုံသက်သေက ကျွန်မကို အမှုတော်မှာဆက်ပြီး အတတ်နိုင်ဆုံးပါဝင်ဖို့ ခွန်အားပေးတယ်။ ဒီညီအစ်ကိုနဲ့ သူ့ဇနီးကို ယေဟောဝါဆက်ပြီး ခွန်အားပေးပါစေလို့ ကျွန်မဆုတောင်းပေးတယ်။

အယ်လ်. အက်စ်. ဂျီ.၊ ပါရာဂွေး

ဂျေစင်ဟာ သူကျန်းမာရေးကောင်းနေစဉ်မှာ ကိုယ်ပိုင်လေ့လာမှုအတွက် အချိန်တွေကို ကောင်းကောင်းအသုံးပြုခဲ့လို့ ဝိညာဉ်ခွန်အားလိုအပ်တဲ့အချိန်မှာ အဲဒါတွေက သူ့ကို ပြန်အကျိုးပြုတာလို့ ကျွန်မထင်ပါတယ်။ အဲဒါက သမ္မာကျမ်းစာကိုယ်ပိုင်လေ့လာမှုမှာ ဇွဲနဲ့လုပ်ဆောင်မယ်ဆိုတဲ့ ကျွန်မရဲ့သန္နိဋ္ဌာန်ကို ပိုပြီးခိုင်မာစေပါတယ်။

ဝိုင်. အမ်.၊ ဂျပန်

လူငယ်များအမေး—⁠ငါ ဘာကြောင့် ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်ရတာလဲ (ဇန်နဝါရီ ၂၀၀၆) လူငယ်တစ်ယောက်အနေနဲ့ မူးယစ်ဆေးဝါးနဲ့ အရက် စတဲ့အရာတွေကို တွန်းလှန်ရပေမဲ့ ကျွန်မအတွက် ရင်ဆိုင်ရအခက်ဆုံးပြဿနာက ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တာပဲ။ ဒီတိုက်ပွဲကို မနားတမ်းတိုက်နေရပေမဲ့ ဒီလိုဆောင်းပါးမျိုးက ကျွန်မကို ဆက်ခံနိုင်ရည်ရှိအောင် ခွန်အားပေးပါတယ်။ ကျေးဇူးတင်ကြောင်း ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။

အီး. ကေ.၊ အမေရိကန်

ကျွန်မဟာ ဆယ်ကျော်သက်ကတည်းက ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်ခဲ့တယ်။ ကျွန်မ အခု ၅၆ နှစ်ရှိပြီ။ လွန်ခဲ့တဲ့ လေးနှစ်ကစပြီး အဲဒီအကျင့်ကို ဖျောက်ခဲ့ပေမဲ့ ကျွန်မရဲ့အကျင့်က စွဲနေတဲ့အတွက် တစ်ခါတလေ အဲဒီလိုပြန်လုပ်ချင်တယ်။ ဒီဆောင်းပါးက ကျွန်မရဲ့စိတ်ကို နက်နက်ရှိုင်းရှိုင်း ထိမိခဲ့တယ်။ အဲဒါက ကျွန်မလို ပြဿနာရှိတဲ့သူတွေရဲ့ဘဝကို ပြန်ပြီးရှင်သန်အောင် ခွန်အားပေးပါလိမ့်မယ်။

အမည်မဖော်လိုသူ၊ နယ်သာလန်

ကျွန်မအသက် ၁၇ နှစ်ပါ၊ ဒီဆောင်းပါးအတွက် သင်တို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ပြဿနာက ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်တာပါ။ သိပ်မကြာခင်ကပဲ ကျွန်မ ကိုယ့်ကိုယ်ကို လှီးဖြတ်ခဲ့တယ်။ အဲဒီနောက် ကျွန်မအမေဆီသွားပြီး ကျွန်မနဲ့အတူ ဆုတောင်းပေးဖို့ပြောတယ်။ ကျွန်မမှာ ဒီပြဿနာရှိပေမဲ့ ယေဟောဝါ ကျွန်မကိုချစ်တယ်ဆိုတာ သိခဲ့ရတယ်။ သင်တို့ရဲ့ဆောင်းပါးက ကျွန်မအတွက် အရမ်းကို အကူအညီဖြစ်စေပါတယ်။ အဲဒီအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

အဲန်. အမ်.၊ ချက်ပြည်သူ့သမ္မတနိုင်ငံ

“မယုံနိုင်စရာပါပဲ!” ဒီဆောင်းပါးကို တွေ့လိုက်ရတော့ ကျွန်မ အဲဒီလိုတုံ့ပြန်မိတယ်။ ကျွန်မအသက် ၁၈ နှစ်ပါ။ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်သူတစ်ယောက်ပါ။ နာကျင်မှုက ကျွန်မရဲ့စိတ်လှုပ်ရှားမှုတွေကို ပြေပျောက်စေတယ်။ ကျွန်မဟာ မကြာခဏဆိုသလို ကိုယ့်ကိုယ်ကို နာကျင်အောင်လုပ်ချင်တဲ့ ခံစားချက်တွေပေါ်လာတယ်။ ဒီခံစားချက်တွေကို ဘယ်လိုတိုက်လှန်ရမယ်ဆိုတာ မသိဘူး။ ဒီဆောင်းပါးကိုတွေ့တော့ ကျွန်မအရမ်းအံ့သြသွားတယ်။ မျက်ရည်တွေဝဲလာပြီး ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဆုတောင်းပြောပြခဲ့တယ်။ ဒီလိုနှစ်သိမ့်မှုမျိုးကို ယေဟောဝါရဲ့အဖွဲ့အစည်းမှာသာ ရနိုင်တာ!

အေ. ပီ.၊ ရုရှား

ကျွန်မ ၁၄ နှစ်အရွယ်တုန်းက ကျွန်မရဲ့ စိတ်နာကျင်မှုကို သက်သာစေဖို့ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်ခဲ့ဖူးတယ်။ တစ်ခါတုန်းက ကျွန်မ အဲဒါကြောင့် ဆေးရုံရောက်သွားတယ်။ နေ့စဉ်မှတ်တမ်းထားခြင်းက အဲဒီလိုလက္ခဏာတွေကို ထိန်းချုပ်ဖို့ အကူအညီ အများကြီးရတယ်။ ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် လုပ်ချင်တဲ့စိတ်ပေါ်လာပြီဆိုရင် ကျွန်မကိုနားလည်ပေးတဲ့ သူငယ်ချင်းကို ခေါ်လိုက်တယ်။ ဆုတောင်းခြင်းက တကယ်အကူအညီဖြစ်တယ်။ ဆုတောင်းဖို့ မထိုက်တန်ဘူးလို့ ခံစားရတဲ့အခါ သူငယ်ချင်းတွေနဲ့ ခရစ်ယာန်အကြီးအကဲတွေက ကျွန်မနဲ့အတူ ဆုတောင်းပေးတယ်။ ခက်ခက်ခဲခဲတိုက်လှန်ရပေမဲ့ ဖြေရှင်းနည်းကို ကျွန်မလေ့လာတယ်၊ ရနိုင်တဲ့အကူအညီတွေကို လက်ခံတယ်။ ဒါကြောင့် ကျွန်မကိုယ့်ကိုယ်ကို အနာတရဖြစ်အောင် မလုပ်တော့ဘူး။

အဲန်. ဒဗလျူ.၊ ဂျာမနီ

ဆောင်းပါးရဲ့ ပထမစာမျက်နှာမှာ မိန်းကလေးတစ်ယောက် သူ့ဆံပင်ကို သူဆွဲနေတဲ့ပုံပါတယ်။ ဆောင်းပါးမှာပါတဲ့ “စာရာ” ဟာ သူ့ကိုယ်သူ ဒဏ်ပေးတဲ့အနေနဲ့ ကိုယ့်ဆံပင်ကိုယ်ဆွဲတယ်လို့ ဖော်ပြတယ်။ ကျွန်မသမီးမှာလည်း Trichotillomania လို့ခေါ်တဲ့ ကိုယ့်ဆံပင်ကိုယ်ဆွဲတဲ့ လက္ခဏာမျိုးရှိတဲ့ရောဂါ ဖြစ်နေတယ်။ ဒီအခြေအနေက မလုပ်ရမနေနိုင်တဲ့ စိတ်စွဲရောဂါနဲ့ ဆက်နွှယ်တယ်။ ဒီရောဂါအစပျိုးတာက ကိုယ့်ကိုယ်ကို အနာတရဖြစ်စေချင်လို့မဟုတ်ဘဲ မလုပ်ရမနေနိုင်လို့ဖြစ်တယ်။ ကိုယ့်ဆံပင်ကိုယ်ဆွဲတာက ကိုယ့်ကိုယ်ကိုလှီးဖြတ်မှုရဲ့ လမ်းစမဟုတ်ဘူး။

အမ်. အိပ်ခ်ျ.၊ အမေရိကန်

“နိုးလော့!” ပြန်ကြားချက်– Trichotillomania ဆိုသည့် အသုံးအနှုန်းမှာ ၁၉ ရာစုနောက်ပိုင်းတွင် တီထွင်ခဲ့သောစကားလုံးဖြစ်သည်။ ယင်းသည် ကိုယ့်ကိုယ်ကိုမထိန်းချုပ်နိုင်ဘဲ ကိုယ့်ဆံပင်ကိုယ်ပြန်ဆွဲရန် လှုံ့ဆော်သည့်လက္ခဏာရှိ အပြုအမူနှင့်ဆိုင်သောရောဂါကို ရည်ညွှန်းသည်။ အချို့သူတို့သည် ဤနည်းဖြင့် ကိုယ့်ကိုယ်ကို အနာတရဖြစ်စေသည်ကို ဖော်ပြလို၍ ကျွန်ုပ်တို့ ဤပုံကိုသုံးရခြင်းဖြစ်သည်။ သို့သော် စိတ်မထိန်းနိုင်ဘဲ ကိုယ့်ဆံပင်ကိုယ်ဆွဲသူတိုင်း ကိုယ့်ကိုယ်ကို အနာတရဖြစ်အောင်လုပ်ကြသည်ဟု ကျွန်ုပ်တို့၏ဆောင်းပါးက မဆိုလိုချေ။ အထက်တွင် စာဖတ်သူဖော်ပြသည့်အတိုင်း တစ်ခါတစ်ရံ ဤအကျင့်သည် မလုပ်ရမနေနိုင်သော စိတ်စွဲရောဂါနှင့် ပိုနီးစပ်သည်။

မည်သို့ပင်ဖြစ်စေ ပညာရှင်အချို့ ဖော်ပြကြသည့်အတိုင်း Trichotillomania ဖြစ်စေသည့်အကြောင်းရင်းကို ထည့်စဉ်းစားသင့်သည်။ သို့မှသာ ဝေဒနာခံစားနေရသူအတွက် သင့်တော်သော ဆေးကုသနည်းကို ရရှိနိုင်မည်။ ထို့ကြောင့် ပညာရှိလမ်းစဉ်မှာ ဤပြဿနာရှိသူသည် ဆေးပညာရှင်များနှင့် ဆွေးနွေးခြင်းဖြင့် ရောဂါအမည်ဖော်ပြီး ဆေးကုသမှုခံယူရန် စီစဉ်ခြင်းဖြစ်သည်။

သင်မည်သို့ဖြေဆိုမည်နည်း (ဇန်နဝါရီ ၂၀၀၆) ဒီအကြောင်းအရာအသစ်အတွက် ကျွန်မ အရမ်းစိတ်လှုပ်ရှားမိတယ်။ ကျွန်မတို့ရဲ့မြေးလေးတွေကို ဒီအကြောင်းအရာတွေ သင်ပေးတယ်။ ဒါက သူတို့လေးတွေရဲ့ နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းနဲ့ ကျောင်းတာဝန်တစ်စိတ်တစ်ဒေသအဖြစ် နိုးလော့!ဆောင်းပါးတွေကို ဖတ်ရာမှာ အများကြီးအထောက်အကူဖြစ်စေပါလိမ့်မယ်။ လူငယ်တွေကို အရမ်းဂရုစိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဘီ. အီး.၊ အမေရိကန်

ဒီအကြောင်းအရာက ခက်ပေမဲ့ ကျွန်တော် အဖြေမှန်ရှာတွေ့တဲ့အခါ အရမ်းပျော်တယ်။ မနေ့ညက တစ်ညနေလုံး ဒီစာမျက်နှာကိုဖတ်ခဲ့တယ်၊ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်။ တခြားလူတွေ ယေဟောဝါအကြောင်း လေ့လာနိုင်အောင် ကျွန်တော်ကြီးလာတဲ့အခါ ဒီမဂ္ဂဇင်းထုတ်လုပ်တဲ့နေရာမှာ ကူညီပေးမယ်။

ဒီ. အိပ်ခ်ျ.၊ အမေရိကန်

ကျွန်တော် အသက်ရှစ်နှစ်ရှိပါပြီ။ ကျွန်တော်တို့ မိသားစုလေ့လာမှုမှာ ဒီစာမျက်နှာကို အသုံးပြုကြတယ်။ ရှာဖွေရတာကို ကျွန်တော်ပျော်တယ်။ “ကျွန်ုပ်မည်သူနည်း” အပိုင်းက ခက်ပေမဲ့ ကျွန်တော်ကြိုက်တယ်။ ဒီလိုကောင်းတဲ့ ဆောင်းပါးတွေကို ဆက်ထုတ်ပေးပါ။

ကေ. ဒဗလျူ.၊ အမေရိကန်