မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ အစားအသောက်မူမမှန်ရောဂါ ဖြစ်နေသလား

ငါ အစားအသောက်မူမမှန်ရောဂါ ဖြစ်နေသလား

လူငယ်များအမေး . . .

ငါ အစားအသောက်မူမမှန်ရောဂါ ဖြစ်နေသလား

“တစ်ခါတလေ အစာစားဖို့ထိုင်လိုက်တာနဲ့ ကြောက်ပြီး တုန်လာတယ်။ ကျွန်မ ကိုယ်အလေးချိန်တိုးလာမှာစိုးတယ်။ ‘ငါ နောက်ထပ်ငါးပေါင်ချရမယ်’ လို့ ကိုယ့်ကိုယ်ကို ပြောလိုက်တယ်။”—မယ်လီဇာ။ *

“ကျွန်မ ဆွဲဆောင်မှုရှိချင်တယ်။ ဒါကြောင့် ဝလာမှာ ကြောက်တယ်။ ဒါပေမဲ့ ကျွန်မအစာစားပြီး အန်ထုတ်ပစ်တာကို ဘယ်သူ့မှမသိစေချင်ဘူး။ အဲဒါကြောင့် အရမ်းစိတ်အနှောင့်အယှက် ဖြစ်ရတယ်။”—အဲမ်ဘာ။

“‘ဒီနေ့တော့ ငါကြိုးစားရမယ်’ လို့ ကိုယ့်ကိုယ်ကို ပြောလိုက်တယ်။ ညနေလည်းရောက်ရော ခါတိုင်းလိုပဲ အငမ်းမရစားမိတယ်။ ကျွန်မ စိတ်မသိုးမသန့်ဖြစ်လာပြီး သေပဲသေချင်တော့တယ်။”—ဂျနီဖာ။

သင် ဆွဲဆောင်မှုရှိလိုသည်မှာ သဘာဝကျပါသည်။ သင်စိုးရိမ်ပူပန်သည့်အခါ၊ စိတ်ဓာတ်ကျသည့်အခါ နှစ်သိမ့်မှုရလိုပေမည်။ ယင်းတို့ တစ်ခုမျှမမှားပါ။ သို့သော် ဤတွင်ဖော်ပြထားသည့် မိန်းကလေးများထဲမှတစ်ဦးကဲ့သို့ သင် ဖြစ်နေမည်ဆိုလျှင် ပြဿနာရှိနိုင်သည်။ ထိုသို့ဖြစ်နေလျှင် သင် တစ်ဦးတည်းသာမဟုတ်ပါ။ အမှန်မှာ မိန်းကလေးအများစုဖြစ်သည့် သန်းနှင့်ချီသောလူငယ်များတွင် အစားအသောက်မူမမှန်ရောဂါရှိနေပါသည်။ *

အစာငတ်ခံစိတ်ရောဂါ၊ ဆာလောင်စိတ်ရောဂါနှင့် အငမ်းမရစားခြင်းတို့ကို စေ့စေ့စပ်စပ်လေ့လာကြည့်ကြစို့။ ဤရောဂါတစ်ခုစီတွင် ကွဲပြားသောလက္ခဏာများရှိသော်လည်း ယင်းတို့အားလုံးသည် အစားအသောက်အပေါ် မူမမှန်သည့်သဘောထားနှင့်ပတ်သက်နေ၏။ သင်သည် အောက်ပါဖော်ပြချက်များထဲမှ တစ်မျိုးမျိုးဖြစ်နေသည်ဟုထင်ရလျှင် အကူအညီရရှိနိုင်သည်ကို စိတ်ချပါ။ သင့်အခြေအနေ တိုးတက်လာနိုင်သည်!

ခြုံငုံသုံးသပ်ချက်

အစာငတ်ခံစိတ်ရောဂါ။ အစာငတ်ခံစိတ်ရောဂါသည်တစ်ဦးသည် မည်မျှပင်သေးသွယ်နေပါစေ မိမိကိုယ်ကိုမှန်ထဲကြည့်သည့်အခါ ဝနေသည်ဟုမြင်ရ၏။ သူသည် ကိုယ်အလေးချိန်ကျရန် အပြင်းအထန်လုပ်ဆောင်လိမ့်မည်။ “အစားအသောက်ထဲမှ ကယ်လိုရီဘယ်လောက်ပါတယ်ဆိုတာ မတွက်ဘဲမနေနိုင်ဘူး။ ကျွန်မ ကယ်လိုရီအများကြီး စားလိုက်ပြီလို့ ထင်တဲ့အခါတိုင်း အစားမစားဘဲ လေ့ကျင့်ခန်းများများလုပ်တယ်၊ တစ်ပတ်အတွင်း ဘာစားမယ်ဆိုတာ အသေအချာစီစဉ်တယ်။ တစ်နေ့ကို ဝမ်းနုတ်ဆေးခြောက်လုံးသောက်တယ်” ဟုဝေဒနာသည်တစ်ဦးကဆို၏။

များမကြာမီ အစာငတ်ခံစိတ်ရောဂါ၏ လက္ခဏာများပေါ်လာသည်။ ကိုယ်အလေးချိန်ကျခြင်းသည် သာမန်လက္ခဏာဖြစ်သော်လည်း ဝေဒနာခံစားရသူသည် ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်ခြင်း၊ ပင်ပန်းနွမ်းလျခြင်းနှင့် အရိုးပွခြင်းတို့ကိုလည်း ခံစားရနိုင်သည်။ ဓမ္မတာမမှန်ခြင်း သို့မဟုတ် လအတန်ကြာဆက်တိုက် ဓမ္မတာထိမ်ခြင်းအထိပင် ဖြစ်လာနိုင်သည်။

ဤလက္ခဏာများသည် အန္တရာယ်မရှိပုံပေါက်သော်လည်း အစာငတ်ခံစိတ်ရောဂါသည် အသက်အန္တရာယ်ထိခိုက်နိုင်သည် ဟူသောအချက်ကို လျစ်လျူမရှုသင့်ပေ။ လေ့လာမှုတစ်ခုအရ ဤရောဂါကြောင့် ဝေဒနာသည် ၁၀ ရာခိုင်နှုန်းသည် အနှေးနှင့်အမြန် သေဆုံးရပြီး ယင်းသည် များသောအားဖြင့် ကိုယ်အင်္ဂါများ ပုံမှန်အလုပ်မလုပ်နိုင်ခြင်း သို့မဟုတ် အခြား မသင့်လျော်သော အစာအာဟာရနှင့် ဆက်နွှယ်နေသည့် ပြဿနာများကြောင့်ဖြစ်ရကြောင်း တွေ့ရှိခဲ့သည်။

ဆာလောင်စိတ်ရောဂါ။ အစားအသောက်ရှောင်မည့်အစား ဆာလောင်စိတ်ရောဂါသည်မိန်းကလေးသည် နှစ်နာရီအတွင်းတွင် ကယ်လိုရီ ၁၅,၀၀၀ လောက်ကို အငမ်းမရစားသုံးသည်! ထို့နောက် စားထားသည့်အစာကို အန်ထုတ်ခြင်းဖြင့်ဖြစ်စေ၊ ဝမ်းနုတ်ဆေး သို့မဟုတ် ဆီးရွှင်ဆေးသုံးခြင်းဖြင့်ဖြစ်စေ ပြန်ရှင်းထုတ်ပစ်လေ့ရှိ၏။

အငမ်းမရစားခြင်းကို များသောအားဖြင့် ခိုးကြောင်ခိုးဝှက်ပြုလုပ်လေ့ရှိ၏။ “ကျောင်းဆင်းပြီး အိမ်ပြန်ရောက်တဲ့အခါ ဘယ်သူမှမရှိဘူးဆိုရင် ကျွန်မ အငမ်းမရစားတော့တာပဲ။ လူတွေမသိအောင် သတိထားတယ်” ဟုမိန်းကလေးတစ်ဦးကပြောသည်။ သို့သော် အငမ်းမရစားပြီးနောက် စိတ်မသိုးမသန့်ဖြစ်လာသည်။ “ကိုယ့်ကိုယ်ကို အရမ်းစိတ်ပျက်လာတယ်။ ဒါပေမဲ့ ကျွန်မရဲ့လုပ်ရပ်တွေကို လွယ်လွယ်လေးနဲ့ ဖြေရှင်းနိုင်တယ်ဆိုတာသိတယ်။ အပေါ်ထပ်ကို တက်သွားပြီး အန်ထုတ်ပစ်လိုက်တယ်။ သက်သာသွားရုံတင်မကဘူး၊ ကိုယ့်ကိုယ်ကို ထိန်းနိုင်တယ်လို့လည်း ခံစားရတယ်။”

အကျိုးကျေးဇူးတစ်စုံတစ်ရာ ရှိပုံရသော်လည်း ရှင်းထုတ်ပစ်ခြင်းသည် အန္တရာယ်ရှိ၏။ ဝမ်းနုတ်ဆေးကို တလွဲသုံးခြင်းသည် အူအတွင်းနံရံကို အားနည်းစေကာ ရောင်ရမ်းနာ သို့မဟုတ် ကူးစက်နာဖြစ်စေနိုင်သည်။ မကြာခဏအန်ထုတ်ပစ်ခြင်းသည် ရေဓာတ်ကုန်ခန်းခြင်း၊ သွားပိုးစားခြင်း၊ အစာပြွန်ပျက်စီးခြင်းနှင့် ရုတ်တရက်နှလုံးခုန်ရပ်ခြင်းအထိပင် ဖြစ်နိုင်သည်။

အငမ်းမရစားခြင်း။ အငမ်းမရစားသူတစ်ဦးသည် ဆာလောင်စိတ်ရောဂါရှိသူကဲ့သို့ပင် အစာပမာဏ များစွာစားပေမည်။ ကွာခြားချက်မှာ အငမ်းမရစားသူသည် ရှင်းမထုတ်ပစ်ချေ။ ထို့ကြောင့် အငမ်းမရစားသူသည် အလွန်ဝလာပေမည်။ သို့သော် အချို့သည် အငမ်းမရစားပြီးနောက် အစာငတ်ခံမည် သို့မဟုတ် လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ပေမည်။ တစ်ခါတစ်ရံ ဤနည်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းထားသောကြောင့် မိသားစုနှင့် မိတ်ဆွေများက အငမ်းမရစားသူ၏ပြဿနာကို သတိမထားမိကြချေ။

အငမ်းမရစားသူများသည် အစာငတ်ခံစိတ်ရောဂါသည်များနှင့် ဆာလောင်စိတ်ရောဂါသည်များနည်းတူ အစားအသောက်နှင့်ပတ်သက်လျှင် မူမမှန်ကြချေ။ မိမိနှင့် အခြားဝေဒနာသည်များအကြောင်းကို မိန်းကလေးတစ်ဦးက ဤသို့ဆိုသည်– “အစားအသောက်ဟာ ကျွန်မတို့အတွက် ပုဂ္ဂိုလ်နဲ့တူတဲ့ လျှို့ဝှက်မိတ်ဆွေတစ်ဦးဖြစ်တယ်။ ကျွန်မတို့ရဲ့ တစ်ဦးတည်းသော မိတ်ဆွေလည်းဖြစ်နိုင်တယ်။” နောက်တစ်ဦးက ဤသို့ဆိုသည်– “အငမ်းမရစားနေတဲ့အချိန်မှာ တခြားအရာတွေဟာ အရေးပါပုံမရဘူး။ အစားအသောက်ပဲ စိတ်ချမ်းသာစေတဲ့ အရေးအပါဆုံးအရာဖြစ်နေပုံရတယ်။ စားလို့လည်းပြီးရော စိတ်မသိုးမသန့်ဖြစ်လာပြီး စိတ်ဓာတ်ကျလာတယ်။”

ရှင်းထုတ်ပစ်ခြင်းမပြုလျှင်ပင် အငမ်းမရစားခြင်းသည် အန္တရာယ်ရှိ၏။ ယင်းသည် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါနှင့် အခြားရောဂါများစွာဖြစ်စေနိုင်၏။ ယင်းသည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ဖြစ်စေနိုင်သည်။

သင်လည်း ထိုသို့ဖြစ်နိုင်သလော

အမှန်ဆိုလျှင် ကိုယ်အလေးချိန်လျှော့လိုသူ သို့မဟုတ် ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်လိုသူအများစုတွင် အစားအသောက်မူမမှန်ရောဂါ မရှိကြချေ။ သို့သော် အထက်တွင်ဖော်ပြခဲ့ရာများကို သုံးသပ်ပြီးနောက် သင် ထိုသို့ဖြစ်နေ၊ မနေဆိုသည်ကို သိလိုပေမည်။ သင့်ကိုယ်သင် ဤသို့မေးကြည့်ပါ–

▪ အစားအသောက်နဲ့ပတ်သက်တဲ့ ငါ့ရဲ့အကျင့်၊ ငါ့ရဲ့ထူးခြားတဲ့အပြုအမူတွေကြောင့် ငါ ရှက်နေသလား ဒါမှမဟုတ် စိတ်ကသိကအောက်ဖြစ်နေသလား။

▪ ငါ့ရဲ့စားသောက်ပုံကို တခြားသူတွေမသိအောင် ဖုံးကွယ်ထားသလား။

▪ ငါ့ရဲ့အသက်တာမှာ အစားအသောက်က အရေးအကြီးဆုံးဖြစ်နေသလား။

▪ ငါ တစ်နေ့ကို တစ်ကြိမ်မက ပေါင်ချိန်နေသလား။

▪ ငါ ကိုယ်အလေးချိန်ကျအောင် အရဲစွန့်လုပ်ဆောင်ဖို့ အသင့်ရှိသလား။

▪ စားထားသမျှ အန်ထုတ်ပစ်တာ၊ ဝမ်းနုတ်ဆေး ဒါမှမဟုတ် ဆီးရွှင်ဆေးသုံးတာတွေကို လုပ်ခဲ့ဖူးသလား။

▪ ငါ့ရဲ့စားသောက်ပုံက လူမှုပေါင်းသင်းဆက်ဆံရေးကို ထိခိုက်နေသလား။ ဥပမာ၊ တိတ်တိတ်လေး အငမ်းမရစားလို့ရအောင် ဒါမှမဟုတ် ရှင်းထုတ်ပစ်လို့ရအောင် တခြားသူတွေနဲ့အတူမနေဘဲ တစ်ဦးတည်းနေရတာကို ပိုနှစ်သက်သလား။

ဤမေးခွန်းများအတွက် သင်၏အဖြေက သင့်တွင် ပြဿနာရှိနေသည်ဟု ညွှန်ပြလျှင် သင့်ကိုယ်သင် ဤသို့မေးပါ–

▪ ဒီပုံစံအတိုင်း အသက်ရှင်နေရတာကို ငါ တကယ်ပျော်သလား။

ယင်းအခြေအနေနှင့်ပတ်သက်၍ သင် အဘယ်အရာပြုလုပ်နိုင်သနည်း။

အခုချက်ချင်း လုပ်လိုက်!

ဦးဆုံးအဆင့်မှာ သင့်တွင် ပြဿနာရှိနေကြောင်း သင့်ကိုယ်သင်ဝန်ခံရန်ဖြစ်သည်။ “အဲဒါနဲ့ပတ်သက်ပြီး စဉ်းစားလိုက်တဲ့အခါ အစာငတ်ခံစိတ်ရောဂါရှိတဲ့ မိန်းကလေးတွေရဲ့ ခံစားချက်နဲ့အကျင့်မျိုး ကျွန်မမှာရှိနေတာ သိလိုက်ရတယ်။ သူတို့လုပ်သလိုမျိုး ကျွန်မလုပ်နေမိတယ်ဆိုတာ ဝန်ခံရမှာကြောက်တယ်။”

နောက်တစ်ဆင့်မှာ သင့်အကျပ်အတည်းနှင့်ပတ်သက်၍ ယေဟောဝါထံ ဆုတောင်းပါ။ * သင်၏ရောဂါကို အောင်မြင်နိုင်ရန် ထိုသို့ဖြစ်ရသည့်အကြောင်းရင်းကို သိမြင်ဖို့ ကိုယ်တော်ထံ အသနားခံဆုတောင်းပါ။ သင်သည် ဒါဝိဒ်ကဲ့သို့ ဆုတောင်းနိုင်သည်– “အိုဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ။ စုံစမ်း၍ စိတ်အထင်များကိုလည်း သိမှတ်တော်မူပါ။ ဆိုးသောလမ်းသို့ အကျွန်ုပ်လိုက်သည်မလိုက်သည်ကို ကြည့်ရှု၍ ထာဝရလမ်းထဲသို့ သွေးဆောင်တော်မူပါ။”—ဆာလံ ၁၃၉:၂၃၊ ၂၄

သို့သော် သင်သည် အစားအသောက်မူမမှန်ရောဂါမှ နာလန်ထူလိုစိတ်မရှိကြောင်း တွေ့ရှိရပေမည်။ သင်သည် အကျင့်တစ်ခုကို စွဲနေသကဲ့သို့ ယင်းကို စွဲနေပေမည်။ ယင်းသည် ယေဟောဝါထံဆုတောင်းရန် နောက်ကိစ္စရပ်တစ်ခုဖြစ်၏။ ဒဲန်နီယယ်လ် သည် ထိုအတိုင်းပြုခဲ့ရ၏။ “အစပိုင်းမှာ ကျွန်မ တကယ်ပဲ ပြန်ကောင်းချင်စိတ်မရှိခဲ့ဘူး။ ဒါကြောင့် ပြန်ကောင်းချင်တဲ့ စိတ်ဆန္ဒ ရှိဖို့ ဆုတောင်းရမယ်” ဟုသူဝန်ခံသည်။

တတိယအဆင့်မှာ သင့်ကိုကူညီနိုင်သည့် မိဘ သို့မဟုတ် အခြားလူကြီးတစ်ဦးအား ပြောပြပါ။ ကြင်နာတတ်သည့် လူကြီးများသည် သင့်ကို အထင်အမြင်သေးမည်မဟုတ်ပေ။ ယင်းအစား ယေဟောဝါကိုတုပရန် သူတို့ကြိုးစားကြပေမည်။ ကိုယ်တော့်အကြောင်း သမ္မာကျမ်းစာက ဤသို့ဆိုသည်– “နှိမ့်ချလျက်ရှိသောသူ၏ နှိမ့်ချသောအဖြစ်ကို မထီမဲ့မြင်ပြုတော်မူသည်မဟုတ်။ မျက်နှာတော်ကိုမလွှဲ၊ အော်ဟစ်သောအခါ နားထောင်တော်မူပြီ။”—ဆာလံ ၂၂:၂၄

ပြန်ကောင်းလာဖို့ဟူသည် မလွယ်ကူကြောင်း ဝန်ခံရပေမည်။ အခြေအနေတချို့တွင် ဆရာဝန်များ၏အကူအညီလိုအပ်သည်။ * အရေးကြီးသည်မှာ အရေးတယူလုပ်ဆောင်ရန်ဖြစ်၏။ ဆာလောင်စိတ်ရောဂါရှိသော မိန်းကလေးတစ်ဦးသည် ထိုသို့လုပ်ဆောင်ရန် သန္နိဋ္ဌာန်ချခဲ့သည်။ “ရှင်းထုတ်ပစ်တဲ့လုပ်ရပ်က ကျွန်မကို တကယ်ပဲထိန်းချုပ်နေတယ်ဆိုတာ တစ်နေ့ သဘောပေါက်လာတယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်ကို ရပ်ပစ်နိုင်ဖို့ဆိုတာ မသေချာဘူး။ နောက်ဆုံးမှာတော့ ကျွန်မလုပ်ခဲ့သမျှအရာတွေထဲမှာ အခက်ခဲဆုံးအရာကို လုပ်ခဲ့တယ်။ ကျွန်မ အကူအညီတောင်းခဲ့ရတယ်။”

သင်လည်း အလားတူပြုလုပ်နိုင်သည်!

“လူငယ်များအမေး . . .” အခန်းဆက်များမှ ထပ်ဆင့်​ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်။

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 3 ဤဆောင်းပါးရှိ အမည်အချို့ကို ပြောင်းထားသည်။

^ အပိုဒ်၊ 6 အစားအသောက်မူမမှန်ရောဂါရှိသူအများစုမှာ အမျိုးသမီးများဖြစ်သောကြောင့် ဝေဒနာသည်များဟုဆိုရာတွင် အမျိုးသမီးများကို ရည်ညွှန်းခြင်းဖြစ်မည်။ သို့သော် ဤတွင်ဆွေးနွေးထားသည့်မူများစွာသည် အမျိုးသားများနှင့်လည်း သက်ဆိုင်သည်။

^ အပိုဒ်၊ 32 စိတ်သောကရောက်နေချိန်တွင် အောက်ပါကျမ်းချက်များကို ဆင်ခြင်သုံးသပ်ခြင်းဖြင့် တစ်ဦးချင်းစီကို ယေဟောဝါဂရုစိုက်တော်မူကြောင်း သင်စိတ်ချနိုင်သည်– ထွက်မြောက်ရာ ၃:၇; ဆာလံ ၉:၉; ၃၄:၁၈; ၅၁:၁၇; ၅၅:၂၂; ဟေရှာယ ၅၇:၁၅; ၂ ကောရိန္သု ၄:၇ကဘ; ဖိလိပ္ပိ ၄:၆၊ ၇; ၁ ပေတရု ၅:၇; ၁ ယောဟန် ၅:၁၄

^ အပိုဒ်၊ 35 ခရစ်ယာန်များအနေနှင့် မိမိတို့ခံယူနေသည့် ကုသမှုတစ်မျိုးမျိုးသည် ကျမ်းစာမူများနှင့် မဆန့်ကျင်ကြောင်း သေချာစေသင့်၏။

ချင့်တွေးစရာ

▪ သင်၌ အစားအသောက်မူမမှန်ရောဂါ ရှိကောင်းရှိနေမည်ဟု ထင်ပါသလော။ သို့ဖြစ်လျှင် မည်သူ့ထံမှ သင် အကူအညီရရှိနိုင်သနည်း။

▪ အစားအသောက်မူမမှန်ရောဂါရှိသည့် မိတ်ဆွေတစ်ဦးကို သင် မည်သို့ကူညီပေးနိုင်သနည်း။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်]

“နင့်မှာ ပြဿနာရှိနေပြီလို့ ငါထင်တယ် . . .”

မိသားစုဝင်တစ်ဦး သို့မဟုတ် မိတ်ဆွေတစ်ဦးက ထိုသို့ပြောလှာသည့်အခါ လက်မခံချင်သောစိတ်သဘောကို တွန်းလှန်ပါ။ သင့်အင်္ကျီ၏ကျောဘက်ရှိအောက်နားပြေနေသည်ကို မိတ်ဆွေတစ်ဦးက သတိပြုမိသည်ဆိုပါစို့။ ချုပ်ရိုးအားလုံးမပြေမီ ထိုသို့ပြောပြသည့်အတွက် သူ့ကို သင် ကျေးဇူးတင်မည်မဟုတ်လော။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “မိတ်ဆွေမူကား ညီအစ်ကိုစွဲကပ်သည်ထက် သာ၍စွဲကပ်တတ်၏။” (သု. ၁၈:၂၄) တစ်စုံတစ်ဦးသည် သင်ကြုံနေရမည်ဖြစ်သည့် ပြဿနာအတွက် စိုးရိမ်စိတ်ဖြင့် သင့်ထံချဉ်းကပ်လာသည့်အခါ ထိုသို့သောမိတ်ဆွေမျိုးဖြစ်ကြောင်း ထင်ရှားသည်!

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“ကျွန်မပိန်ချင်တယ်”

“ကျွန်မ ကိုယ်အလေးချိန်လျှော့ချခဲ့တယ်။ အစာမစားနိုင်အောင် ကျွန်မရဲ့အံသွားတွေကို နုတ်လိုက်တယ်။ ဒါနဲ့ ကျွန်မမှာ အစာငတ်ခံစိတ်ရောဂါဝင်လာတယ်။ ကျွန်မရဲ့ရုပ်ရည်ကိုပဲ စိတ်စွဲလာတယ်။ ကျွန်မ ကျေနပ်လောက်အောင် မပိန်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်မရဲ့ကိုယ်အလေးချိန်ဟာ ကြောက်စရာကောင်းလောက်အောင် ကျသွားတယ်။ ကျွန်မကြောင့် ကျွန်မရဲ့ကိုယ်ခန္ဓာ အများကြီးပျက်စီးခဲ့ရတယ်! အခုဆိုရင် လက်သည်းတွေလည်း မရှည်နိုင်တော့ဘူး။ ကျွန်မရဲ့ဇီဝနာရီလည်း ပျက်စီးသွားတယ်။ ကိုယ်ဝန်လေးခါပျက်ကျခဲ့တယ်။ စောစောသွေးဆုံးတယ်။ ခန္ဓာကိုယ်တွင်း ဓာတုဖြစ်စဉ်တွေဟာ သိပ်အလုပ်မလုပ်တော့ဘူး။ အူမကြီးလည်းရောင်လာတယ်။ ဒါတွေအားလုံးက ကျွန်မပိန်ချင်လို့ဖြစ်ရတာ။”—နီကိုးလ်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရောဂါပြန်ပေါ်လာပါက

သင်သည် အစားအသောက်မူမမှန်ရောဂါကို အောင်မြင်ကျော်လွှားနိုင်သော်လည်း သီတင်းပတ် သို့မဟုတ် လအတန်ကြာပြီးနောက်၌ပင် ရောဂါပြန်ပေါ်လာနိုင်ပါသည်။ ထိုသို့ဖြစ်ပါက လက်မလျှော့ပါနှင့်။ “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်” ဟု သမ္မာကျမ်းစာကဆိုသည်။ (သု.၂၄:၁၆) ဤသို့ကြန့်ကြာနေခြင်းက သင် မအောင်မြင်နိုင်တော့ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ယင်းက သင်၏သန္နိဋ္ဌာန်ကို ခိုင်မာစေရန်၊ ရောဂါပြန်ပေါ်လာတော့မည့် သတိပေးလက္ခဏာများကို အသိအမှတ်ပြုရန်နှင့် သင့်အား ကူညီပေးနိုင်သူများကို ထပ်မံ၍ ပွင့်ပွင့်လင်းလင်းပြောပြရန်သာလိုအပ်ကြောင်း အလေးအနက်ဖော်ပြသည်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ထပ်ဆင့်အကြောင်းအရာများကိုဖတ်ရှုပါ

သင်သည် အစားအသောက်မူမမှန်ရောဂါ ခံစားနေရလျှင် ယင်းနှင့်ပတ်သက်သည့်အကြောင်းအရာကို ဖတ်ရှုလေ့လာသင့်သည်။ ပြဿနာကို သင် ပိုမိုသိရလေ ယင်းကို ကာကွယ်တားဆီးဖို့ လွယ်ကူလေဖြစ်မည်။ သင်သည် နိုးလော့! ဧပြီ ၈၊ ၂၀၀၁၊ စာမျက်နှာ ၃-၁၂ နှင့် ဩဂုတ် ၈၊ ၂၀၀၁၊ စာမျက်နှာ ၁၃-၁၅ တွင်ဖော်ပြထားသည့် အထောက်အကူပြုအချက်အလက်များကို ပြန်လည်သုံးသပ်ခြင်းဖြင့် အကျိုးရရှိပေမည်။

[စာမျက်နှာ ၁၉ ပါ လေးထောင့်ကွက်]

မိဘများအတွက် မှတ်သားစရာ

သင့်သမီးတွင် အစားအသောက်မူမမှန်ရောဂါရှိနေလျှင် သင် အဘယ်အရာပြုလုပ်နိုင်သနည်း။ ဦးဆုံး၊ ဤဆောင်းပါးနှင့် စာမျက်နှာ ၁၈ တွင် ရည်ညွှန်းထားသော အခြားအချက်အလက်များကို အသေအချာသုံးသပ်ပါ။ သင်၏သမီးသည် ဤအမူအကျင့်ကို အဘယ်ကြောင့် ပြုကျင့်ရကြောင်း နားလည်ရန်ကြိုးစားပါ။

အစားအသောက်မူမမှန်ရောဂါရှိသူများစွာသည် ကိုယ့်ကိုယ်ကို အကောင်းမမြင်သူများ၊ ကိုယ့်ကိုယ်ကို မတန်တဆတောင်းဆိုသည့် ဇီဇာကြောင်သူများဖြစ်ကြကြောင်း သတိပြုမိခဲ့ပြီ။ သင်သည် ဤဉာဉ်ဆိုးများကို အားမပေးကြောင်း သေချာစေပါ။ သင်၏သမီးကို အားပေးချီးမွမ်းပါ။ (ဟေရှာယ ၅၀:၄) ဇီဇာကြောင်သည့်သဘောကို တိုက်ဖျက်ရန် “သင်တို့၏ဖြည်းညင်းခြင်း [“အကျိုးသင့်အကြောင်းသင့်၊” ကဘ] သဘောကို ထင်ရှားစေ” ပါ။—ဖိလိပ္ပိ ၄:၅

အစားအသောက်၊ ကိုယ်အလေးချိန်တို့နှင့်ပတ်သက်၍ သင်၏သဘောထားကို စေ့စေ့စပ်စပ်ဆန်းစစ်ပါ။ ယင်းတို့ကို အပြောဖြင့်ရော အလုပ်ဖြင့်ပါ မရည်ရွယ်ဘဲ အလွန်အလေးပေးမိနေသလော။ လူငယ်များသည် မိမိတို့၏ ပုံပန်းသဏ္ဌာန်ကို အလွန်ဂရုစိုက်ကြကြောင်း သတိရပါ။ “ဖက်တီးလေး” ဟုနောက်ပြောင်ခြင်း သို့မဟုတ် ကြီးကောင်ဝင်ချိန် ပုံမှန်ကြီးထွားခြင်းကပင်လျှင် စိတ်နုနယ်သည့်လူငယ်တစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်စေနိုင်သည်။

ကိစ္စရပ်အားလုံးကို ဆုတောင်းသုံးသပ်ပြီးနောက် သင်၏သမီးနှင့် ရင်းနှီးပွင့်လင်းစွာစကားပြောပါ။

▪ ပြောမည့်အကြောင်းအရာနှင့် ပြောမည့်အချိန်ကို အသေအချာစီစဉ်ပါ။

▪ သင်၏စိုးရိမ်မှုနှင့် ကူညီပေးလိုသည့်ဆန္ဒကို ရှင်းရှင်းလင်းလင်းပြောပြပါ။

▪ ပထမအကြိမ်တွင် လက်မခံလိုသည့်သဘောဖြင့် တုံ့ပြန်လျှင် မအံ့သြပါနှင့်။

▪ စိတ်ရှည်ရှည်နားထောင်ပေးပါ။

အရေးကြီးဆုံးမှာ အခြေအနေကောင်းမွန်လာရန် သင့်သမီး၏ကြိုးစားမှုများကို ကူညီပံ့ပိုးပေးဖို့ဖြစ်သည်။ ပြန်လည်ကောင်းမွန်လာရေးကို မိသားစုကိစ္စဖြစ်စေပါ!

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

သင်သည် ပြန်ကောင်းလိုသည့် စိတ်ဆန္ဒရှိရန် ဆုတောင်းရမည်