မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တီဗွီ “ပါးနပ်သောနည်းပြ”

တီဗွီ “ပါးနပ်သောနည်းပြ”

တီဗွီ “ပါးနပ်သောနည်းပြ”

ရုပ်မြင်သံကြားသည် ဩဇာညောင်းသော သွန်သင်ခြင်းကိရိယာတစ်ခု ဖြစ်နိုင်ပါသည်။ ယင်းအားဖြင့် ကျွန်ုပ်တို့တစ်ခါမျှမရောက်ဖူးသည့် နိုင်ငံများ၊ တစ်ခါမျှမတွေ့ဖူးသည့်လူများအကြောင်း သိရှိရ၏။ ကျွန်ုပ်တို့သည် အပူပိုင်းသစ်တောများ၊ ဝင်ရိုးစွန်းရေခဲပြင်များ၊ တောင်ထိပ်များနှင့် သမုဒ္ဒရာရေနက်ပိုင်းများအထိ “ခရီးလှည့်လည်” ကြ၏။ စိတ်ဝင်စားစရာကောင်းသည့် အက်တမ်လောကနှင့် ကြယ်တာရာလောကတို့ကို စူးစမ်းကြည့်ကြသည်။ ကမ္ဘာ့တစ်ဖက်ခြမ်းတွင် ဖြစ်ပျက်နေသည့် သတင်းများကို ရှုစားကြ၏။ နိုင်ငံရေး၊ သမိုင်းမှတ်တမ်းများ၊ မျက်မှောက်ဖြစ်ရပ်များနှင့် ယဉ်ကျေးမှုများကို ထိုးထွင်းသိမြင်ကြရသည်။ ရုပ်မြင်သံကြားသည် အဖြစ်ဆိုးကြုံနေရသူများနှင့် အောင်မြင်ကျော်ကြားနေသူများအကြောင်းကို တင်ဆက်ပြသ၏။ ယင်းသည် အပျင်းပြေစေသည်၊ သွန်သင်ပြသသည်၊ တက်ကြွစေသည်။

သို့ရာတွင် အစီအစဉ်အများစုမှာ အကျိုးမပြုသကဲ့သို့ ပညာလည်းမပေးချေ။ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်မှုအများစုသည် ကြမ်းတမ်းရမ်းကားမှုနှင့် လိင်အကြောင်း ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်တင်ဆက်သည့် တီဗွီအစီအစဉ်များကို လုံးလုံးမနှစ်မြို့သူများထံမှဖြစ်ပေမည်။ ဥပမာ၊ အမေရိကန်နိုင်ငံ၌ တီဗွီအစီအစဉ် ၃ ခုအနက် ၂ ခုခန့်တွင် တစ်နာရီလျှင် ကြမ်းတမ်းရမ်းကားမှုပါသည့်ပြကွက် ခြောက်ကွက်ပါရှိကြောင်းလေ့လာတွေ့ရှိရ၏။ လူငယ်တစ်ဦးသည် လူကြီးဘဝသို့ရောက်သောအခါ ကြမ်းတမ်းရမ်းကားမှုနှင့် သတ်ဖြတ်မှုပါသည့်ဇာတ်လမ်းများ ထောင်နှင့်ချီ၍ ကြည့်ရှုခဲ့ပြီးဖြစ်ပေလိမ့်မည်။ လိင်ဆိုင်ရာအကြောင်းအရာများကိုလည်း အလျှံပယ် တင်ဆက်ပြသနေကြ၏။ တီဗွီအစီအစဉ်များအနက် သုံးပုံနှစ်ပုံတွင် လိင်အကြောင်းပြောဆိုမှုများပါဝင်ပြီး ၃၅ ရာခိုင်နှုန်းတွင် လိင်ဆိုင်ရာအပြုအမူများပါဝင်သည်။ ယင်းတို့ကို အများအားဖြင့် လက်မထပ်ထားသည့်စုံတွဲများက အန္တရာယ်မရှိလေဟန်ဖြင့် သဘာဝကျကျ တင်ဆက်ပြသကြသည်။ *

ကမ္ဘာတစ်ဝန်းတွင် လိင်နှင့် ကြမ်းတမ်းရမ်းကားမှုကို အသားပေးသည့် တီဗွီအစီအစဉ်များမှာ အလွန်လူကြိုက်များသည်။ တီဗွီအစီအစဉ်တွင် ထုတ်လွှင့်ပြသသည့် အမေရိကန်ဇာတ်ကြမ်းကားများကို တိုင်းတစ်ပါးဈေးကွက်သို့ လွယ်လွယ်ကူကူဖြန့်ချိရောင်းချပေးကြသည်။ သရုပ်ဆောင်ကောင်းစရာ၊ ဇာတ်ညွှန်းကောင်းစရာမလိုဘဲ ယင်းတို့ကို အလွယ်တကူ နားလည်နိုင်သည်။ ရှုစားသူများ၏အာရုံကိုဆွဲဆောင်ရန် အတိုက်အခိုက်၊ အသတ်အပုတ်၊ အထူးဖန်တီးမှုများနှင့် လိင်အပေါ်အားထားကြ၏။ သို့သော် အာရုံကို ကြာရှည်ဆွဲဆောင်နိုင်ရန် အပြောင်းအလဲလုပ်ပေးဖို့လိုသည်။ အကြောင်းအရာတစ်မျိုးတည်းဆိုလျှင် ရှုစားသူများ လျင်မြန်စွာ ငြီးငွေ့သွားတတ်ကြသည်။ သူတို့အတွက် သည်းထိတ်ရင်ဖိုဖွယ်တင်ဆက်မှုသည်ရိုးလာ၏။ ရှုစားသူ၏စိတ်အာရုံကို ဆွဲဆောင်ထားနိုင်ရန် ရုပ်ရှင်ထုတ်လုပ်သူများသည် အကြမ်းဖက်သည့်ပြကွက်များကို ပို၍ပါဝင်စေခြင်းဖြင့်ဖြစ်စေ၊ ပို၍ကွက်ကွက်ကွင်းကွင်းဖြစ်သော၊ လိင်ကို ပို၍အသားပေးသော၊ ပို၍ရက်စက်သော အကြောင်းအရာများ ပါဝင်စေခြင်းဖြင့်ဖြစ်စေ အလွန်အမင်း ထိတ်လန့်ချောက်ချား၊ စိတ်လှုပ်ရှားအောင် ပြုလုပ်ကြသည်။

အငြင်းပွားဖွယ်ရာ တီဗွီအရှိန်အဝါ

ကြမ်းတမ်းရမ်းကားမှုနှင့် လိင်ကိုအသားပေးသည့် တီဗွီဇာတ်လမ်းများကို မှန်မှန်ကြည့်ရှုမည်ဆိုလျှင် မည်သို့ထိခိုက်နိုင်သနည်း။ အကြမ်းဖက်သည့် တီဗွီဇာတ်လမ်းများသည် လူတို့ကို ရန်လိုစိတ်ရှိစေပြီး ကြမ်းတမ်းရမ်းကားမှုနှင့် ကိုယ်တွေ့ကြုံနေရသူတို့အပေါ် စာနာစိတ်ကင်းစေကြောင်း ဝေဖန်ရေးသမားများက အခိုင်အမာဆိုကြ၏။ ထို့ပြင် လိင်အကြောင်း သရုပ်ဖော်တင်ဆက်မှုသည် လူတကာနှင့်လိင်ဆက်ဆံရန် အားပေးရာရောက်ပြီး စာရိတ္တစံနှုန်းများကိုလည်း ကျဆင်းစေသည်ဟု အခိုင်အမာဆိုကြသည်။

တီဗွီကြည့်ရှုခြင်းက အဆိုပါအပြုအမူအားလုံးကို အမှန်တကယ်ပြုမူစေပါသလော။ ဤမေးခွန်းကို ဆယ်စုနှစ်များစွာ အချေအတင်ဆွေးနွေးခဲ့ကြသည်။ ရာနှင့်ချီသောလေ့လာမှုများ၊ ထောင်နှင့်ချီသောစာအုပ်များနှင့် ဆောင်းပါးများတွင် ယင်းကိစ္စကို ဖော်ပြဆွေးနွေးခဲ့ကြ၏။ အကြောင်းကြောင့် အကျိုးဖြစ်သည်ကို သက်သေထူဖို့ခက်ကြောင်း အဓိကထားဆွေးနွေးခဲ့ကြသည်။ ဥပမာ၊ အကြမ်းဖက်သည့် တီဗွီဇာတ်လမ်းကို ငယ်စဉ်ကတည်းကကြည့်ရှုခဲ့သူသည် သက်ကြီးပိုင်းတွင် ရန်လိုတတ်လာသည်။ သို့သော် တစ်ခါတစ်ရံ ယင်းသို့ဖြစ်ကြောင်း သက်သေထူရန်ခက်၏။ ဥပမာပြရလျှင် သင်သည် ပထမဆုံးအကြိမ် ဆေးသောက်လိုက်ပြီး နာရီပိုင်းအတွင်းတွင် အင်ပျဉ်ထလာသည်ဆိုပါစို့။ ဆေးနှင့်မတည့်၍ဖြစ်သည်ဟု အလွယ်တကူ ကောက်ချက်ချပေမည်။ သို့သော် တစ်ခါတစ်ရံ၌မူ ဓာတ်မတည့်မှုသည် တဖြည်းဖြည်း ပေါ်လာတတ်၏။ ယင်းသို့ဖြစ်လျှင် ဆေးကြောင့်ဟု သက်သေထူရန် ပို၍ခက်ခဲပေမည်။ အကြောင်းမှာ ဓာတ်မတည့်မှုများတွင် အကြောင်းရင်းအမျိုးမျိုးရှိသောကြောင့်ဖြစ်၏။

ထိုနည်းတူ တီဗွီအကြမ်းဖက်ဇာတ်လမ်းများသည် ရာဇဝတ်မှုနှင့် လူမှုရေးခေါင်းပါးသည့် အပြုအမူများဖြစ်ပေါ်စေကြောင်း သက်သေထူရန်ခက်ပါသည်။ လေ့လာမှုများစွာက ဆက်စပ်မှုရှိသည်ဟု တင်ပြကြ၏။ ထို့ပြင် တီဗွီမှ မိမိတို့ကြည့်ရှုခဲ့ရာများသည် မိမိတို့၏သဘောထားများနှင့် ကြမ်းတမ်းရမ်းကားသည့် အပြုအမူများကို ပုံသွင်းပေးကြောင်း ရာဇဝတ်သားအချို့က ပြောဆိုခဲ့ကြသည်။ သို့သော် လူတို့သည် ဘဝတွင် အခြားသြဇာလွှမ်းမိုးမှုများစွာကို ခံရကြသည်။ ကြမ်းတမ်းရမ်းကားသည့် ဗီဒီယိုဂိမ်းများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်တို့၏ လူမှုရေးစံနှုန်းများ၊ လူနေမှုအခြေအနေများကြောင့်လည်း ရန်လိုသည့်အပြုအမူများ ပြုမူစေနိုင်၏။

သို့ဖြစ်၍ ရှုမြင်ချက်များ ကွဲလွဲနေသည်ကို အံ့ဩစရာမဟုတ်ချေ။ ကနေဒါလူမျိုး စိတ်ပညာရှင်တစ်ဦးက ဤသို့ရေးသားခဲ့သည်– “ကြမ်းတမ်းရမ်းကားသည့် ဇာတ်လမ်းများကို ကြည့်ရှုခြင်းသည် လူတို့ကို ကြမ်းတမ်းရမ်းကားစေသည့်အပြင် အရေထူသွားစေကြောင်း သိပ္ပံအထောက်အထားက မဖော်ပြချေ။” သို့ရာတွင် အမေရိကန်စိတ်ပညာဆိုင်ရာ သတင်းမီဒီယာအဖွဲ့က ဤသို့ဆို၏– “ရုပ်မြင်သံကြားမှ အကြမ်းဖက်ကားများ များများကြည့်ရှုသူတို့သည် ရန်လိုသည့်သဘောထားများနှင့် အပြုအမူများကို ပို၍လက်ခံပြုမူလာကြကြောင်း သံသယဖြစ်စရာအလျှင်းမရှိချေ။”

တီဗွီအကြောင်းစဉ်းစားခြင်း

ပညာရှင်များသည် သက်သေအထောက်အထားနှင့်ပတ်သက်၍ အချေအတင်ဆွေးနွေးနေကြသည်ကို သတိရပါ။ ရန်လိုသည့်ဇာတ်လမ်းကြည့်ရှုခြင်းက ရန်လိုစိတ်ရှိလာစေသည်ကို သက်သေထူ၍ရမရဖြစ်သည်။ သို့သော် ရုပ်မြင်သံကြားသည် ကျွန်ုပ်တို့၏အတွေးအခေါ်နှင့် အပြုအမူအပေါ် ဩဇာလွှမ်းမိုးမှုမရှိဟုဆိုမည့်သူ မရှိသလောက်ပင်။ စဉ်းစားကြည့်ပါ။ ဓာတ်ပုံတစ်ပုံသည် ကျွန်ုပ်တို့ကို စိတ်ဆိုး၊ မျက်ရည်ကျ၊ ဝမ်းမြောက်စေရန် လှုံ့ဆော်ပေးနိုင်သည်။ တေးဂီတသည်လည်း ကျွန်ုပ်တို့ကို အလွန်စိတ်လှုပ်ရှားစေနိုင်သည်။ ပုံနှိပ်စာလုံးများပင်လျှင် ကျွန်ုပ်တို့အား တွေးတောခံစားစေပြီး ပြုမူလုပ်ဆောင်စေ၏။ လှုပ်ရှားနေသည့်ရုပ်ပုံများ၊ တေးဂီတနှင့် စကားလုံးများကို ကျွမ်းကျင်ပြောင်မြောက်စွာ ပေါင်းစပ်လိုက်သောအခါ လွှမ်းမိုးမှုအရှိန်အဝါမှာ ဆိုဖွယ်မရှိတော့ချေ! သို့ဖြစ်၍ ရုပ်မြင်သံကြားသည် အလွန်ဆွဲဆောင်မှုရှိသည်မှာ အံ့ဩစရာမဟုတ်ချေ။ ထို့ပြင် ယင်းကို အလွယ်တကူ ကြည့်ရှုနိုင်သည်။ စာရေးသူတစ်ဦးက ဤသို့ဆိုသည်– “လူသားတို့သည် မိမိတို့၏ယူဆချက်များကို စာရေး၍ဖော်ပြရန် ဦးဆုံးသိရှိခဲ့ချိန်က လူ့ယဉ်ကျေးမှုအပေါ် အလွန်အကျိုးသက်ရောက်ခဲ့၏။ သို့သော် အယူအဆများကိုသွယ်ပို့ပေးသည့် အဘယ်နည်းပညာအသစ်ကမျှ ရုပ်မြင်သံကြားလောက် လူ့ယဉ်ကျေးမှုအပေါ် ကြောက်ခမန်းလိလိ ဩဇာညောင်းခြင်းမရှိခဲ့ဖူးချေ။”

ကြည့်ရှုသူများသည် ၎င်းတို့တွေ့ မြင်ကြားသိရာများ၏ လွှမ်းမိုးမှုကိုခံရကြောင်း စီးပွားရေးလုပ်ငန်းရှင်များ သိထားကြရာ ကြော်ငြာလုပ်ငန်းအတွက် နှစ်စဉ် ဒေါ်လာဘီလီယံနှင့်ချီ၍ အသုံးပြုကြသည်။ ကြော်ငြာလုပ်ငန်းသည် အကျိုးရှိမည်ဟု ထင်၍မဟုတ်ဘဲ အကျိုးရှိသည်ကို သူတို့သိရှိကြသည့်အတွက် ဤမျှများပြားလှသောငွေကို အသုံးပြုရခြင်းဖြစ်သည်။ ကြော်ငြာလုပ်ငန်းက ၎င်းတို့၏ကုန်ပစ္စည်းများကို အရောင်းစွံစေ၏။ ၂၀၀၄ ခုနှစ်တွင် ကိုကာကိုလာကုမ္ပဏီသည် ၎င်း၏ကုန်ပစ္စည်းများကို စာနယ်ဇင်း၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့ဖြင့် ကမ္ဘာတစ်ဝန်း ကြော်ငြာရာတွင် ဒေါ်လာ ၂.၂ ဘီလီယံ အသုံးပြုခဲ့သည်။ ထိုသို့ရင်းနှီးမြှုပ်နှံရကျိုးနပ်ခဲ့ပါသလော။ ထိုနှစ်တွင် အဆိုပါကုမ္ပဏီသည် ဒေါ်လာ ၂၂ ဘီလီယံခန့် အမြတ်ရခဲ့၏။ ကြော်ငြာတစ်ခုသည် အပြုအမူကိုမထိခိုက်နိုင်ဟု ကြော်ငြာရှင်များက နားလည်ထားကြသည်။ သို့အစား သူတို့သည် အရောင်းမြှင့်တင်ရန် နှစ်နှင့်ချီ၍ ထပ်ခါတလဲလဲကြော်ငြာပေးခြင်း၏ အကျိုးသက်ရောက်မှုကို အားထားကြသည်။

စက္ကန့် ၃၀ ကြာသည့် ကြော်ငြာများသည် ကျွန်ုပ်တို့၏သဘောထားများနှင့် အပြုအမူအပေါ် ဩဇာညောင်းသည်ဆိုလျှင် တီဗွီကို နာရီနှင့်ချီ၍ ကြည့်ရှုခြင်းကလည်း ကျွန်ုပ်တို့အပေါ် အကျိုးသက်ရောက်မည်မှာ သေချာပါသည်။ “ရုပ်မြင်သံကြားသည် ပုံမှန်တင်ဆက်မှုများ သို့မဟုတ် ဇာတ်လမ်းအတိုအထွာများဖြင့်ပင်လျှင် ပါးနပ်သောနည်းပြတစ်ဦးအဖြစ် လုပ်ဆောင်သည်” ဟု Television—An International History စာအုပ်၏စာရေးဆရာက ဆိုသည်။ Pictorial History of Television စာအုပ်က “ရုပ်မြင်သံကြားသည် ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်ပုံကို ပြောင်းလဲပေးသည်” ဟုဆို၏။ ကျွန်ုပ်တို့ကိုယ်ကိုမေးရမည့် မေးခွန်းမှာ ‘ကျွန်ုပ်ကြည့်ရှုနေသောအရာသည် ကျွန်ုပ်၏စဉ်းစားတွေးခေါ်ပုံကို ကျွန်ုပ်ပြောင်းစေချင်သလို ပြောင်းပေးပါသလော’ ဟူ၍ဖြစ်သည်။

အဆိုပါမေးခွန်းသည် ဘုရားသခင်အား ဝတ်ပြုသူများနှင့် အထူးသက်ဆိုင်သည်။ ရုပ်မြင်သံကြားတွင် ပြသနေသောအရာအများစုသည် သမ္မာကျမ်းစာတွင် သွန်သင်ထားသည့် မြင့်မြတ်သောမူများ၊ စာရိတ္တစံနှုန်းများနှင့် ဆန့်ကျင်၏။ သမ္မာကျမ်းစာက ပြစ်တင်ရှုတ်ချထားသော ဘဝပုံစံများနှင့် အမူအကျင့်များကို လက်ခံနိုင်ဖွယ်ဖြစ်အောင်၊ သာမန်ပုံစံဖြစ်အောင်၊ ခေတ်မီသည်ဟုပင်ယူမှတ်အောင် တင်ဆက်ပြသကြသည်။ ရုပ်မြင်သံကြားဇာတ်လမ်းများတွင် ခရစ်ယာန်စံနှုန်းများနှင့် ယင်းတို့ကိုကျင့်သုံးပြသူများအား အရေးမလုပ်၊ ပြက်ရယ်ပြုလေ့ရှိကြသည်။ “လွဲမှားနေသည့်အရာကို သာမန်ဖြစ်အောင် လုပ်လိုက်ရုံနှင့် မလုံလောက်ချေ။ သာမန်ဖြစ်နေသည့်အရာကို လွဲမှားနေသည့်အရာအဖြစ် သတ်မှတ်ရမည်” ဟုစာရေးဆရာတစ်ဦးက ညည်းတွားခဲ့၏။ အဆိုပါ “ပါးနပ်သောနည်းပြ” မသိမသာပြောသည်မှာ “မကောင်းကိုအကောင်း၊ အကောင်းကိုမကောင်း” ဟူ၍ဖြစ်သည်။—⁠ဟေရှာယ ၅:၂၀

ကျွန်ုပ်တို့ကြည့်ရှုသောအရာသည် ကျွန်ုပ်တို့၏အတွေးအခေါ်အပေါ် အကျိုးသက်ရောက်သည့်အတွက် သတိထားရမည်။ သမ္မာကျမ်းစာက “ပညာရှိတို့နှင့်ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏” ဟုဆိုသည်။ (သု. ၁၃:၂၀) ကျမ်းပညာရှင် အေဒမ်ကလာ့ခ်ကလည်း ဤသို့ဆိုသည်– “လူတစ်ဦးနှင့်အဖော်ပြု၍ လမ်းလျှောက်ခြင်းသည် မေတ္တာနှင့် တွယ်တာမှုရှိကြောင်းဖော်ပြသည်။ ကျွန်ုပ်တို့ချစ်ရသူကို မတုပဘဲမနေနိုင်ချေ။ ထို့ကြောင့် ‘တံငါနားနီးတံငါ၊ မုဆိုးနားနီးမုဆိုး’ ဟုကျွန်ုပ်တို့ပြောဆိုကြသည်။ သူ၏အပေါင်းအသင်းကို ကျွန်ုပ်တို့သိရလျှင် သူ၏ကိုယ်ကျင့်တရားကို အလွယ်တကူ မှန်းဆနိုင်မည်။” ကျွန်ုပ်တို့သိခဲ့ကြသည့်အတိုင်း ပညာမဲ့သော ရုပ်မြင်သံကြားသရုပ်ဆောင်များကို မိမိအိမ်ထဲသို့ဖိတ်ခေါ်ဖို့ စိတ်ရိုးမှန်သောခရစ်ယာန်တစ်ဦးအနေနှင့် တစ်ခါမျှစဉ်းစားမည်မဟုတ်သော်လည်း လူအများစုကမူ ယင်းတို့ကို အချိန်များစွာအကုန်ခံ၍ ကြည့်ရှုနေကြသည်။

သင်၏ဆရာဝန်သည် သင့်အား အစွမ်းထက်သည့်ဆေးညွှန်း ပေးခဲ့သည်ဆိုလျှင် ရရှိမည့်အကျိုးကျေးဇူးများနှင့် အန္တရာယ်များကိုပါ သင်အသေအချာ သုံးသပ်ပေမည်။ ဆေးသောက်မှားခြင်း သို့မဟုတ် ဆေးသောက်များခြင်းက သင့်ကျန်းမာရေးကို ဘေးဖြစ်စေနိုင်၏။ တီဗွီကြည့်ခြင်းနှင့်ပတ်သက်၍လည်း ထပ်တူဆိုရပေမည်။ ထို့ကြောင့် ကျွန်ုပ်တို့ကြည့်ရှုသည့်အရာကို အလေးအနက် ဆင်ခြင်သုံးသပ်ခြင်းက ပညာရှိရာရောက်၏။

တမန်တော်ပေါလုသည် ခရစ်ယာန်များအား မှန်ကန်သောအရာ၊ အလေးအနက်ထားရသောအရာ၊ ဖြောင့်မတ်သောအရာ၊ စင်ကြယ်သောအရာ၊ ချစ်ဖွယ်သောအရာ၊ အသရေရှိသောအရာ၊ မွန်မြတ်သောအရာ၊ ချီးမွမ်းဖွယ်သောအရာတို့ကို စဉ်းစားသုံးသပ်ဖို့ အားပေးခဲ့သည်။ (ဖိလိပ္ပိ ၄:၆-၈ကဘ) ထိုအကြံပေးချက်အတိုင်း သင်လိုက်နာပါမည်လော။ လိုက်နာမည်ဆိုပါက သင် ပျော်ရွှင်ပါလိမ့်မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 အမေရိကန်ရုပ်မြင်သံကြား အစီအစဉ်များနှင့် ရုပ်ရှင်ဇာတ်လမ်းများကို ကမ္ဘာတစ်ဝန်းသို့ ထုတ်လွှင့်ပြသနေသောကြောင့် ကိန်းဂဏန်းမှာ တစ်ကမ္ဘာလုံး အတူတူပင်ဖြစ်သည်။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“ရုပ်မြင်သံကြားသည် သင့်အိမ်သို့ မဖိတ်ခေါ်ထားသူတို့ဖြင့် သင့်ကိုဖျော်ဖြေရန် တီထွင်ထားသောအရာဖြစ်၏။”—ဒေးဗစ်ဖရို့စ်၊ ဗြိတိသျှရုပ်သံမှ အသံလွှင့်သူ

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်]

သမ္မာကျမ်းစာပါ လိင်နှင့်ကြမ်းတမ်းရမ်းကားမှုကော အသို့နည်း

တီဗွီနှင့် သမ္မာကျမ်းစာတွင် ပါရှိသည့် ကြမ်းတမ်းရမ်းကားမှုနှင့် လိင်ဆိုင်ရာအကြောင်းသည် မည်သို့ကွာခြားသနည်း။ သမ္မာကျမ်းစာ၌ လိင်နှင့် ကြမ်းတမ်းရမ်းကားမှုအကြောင်း ရေးသားဖော်ပြရခြင်းမှာ ဖျော်ဖြေရေးအတွက်မဟုတ်ဘဲ ဆုံးမသွန်သင်ရန်ဖြစ်သည်။ (ရောမ ၁၅:၄) သမ္မာကျမ်းစာ၌ သမိုင်းဆိုင်ရာအဖြစ်မှန်များကို မှတ်တမ်းတင်ထား၏။ ယင်းက ကိစ္စရပ်များအပေါ် ဘုရားသခင့်ရှုမြင်ပုံကို နားလည်စေရန်နှင့် အခြားသူများ၏ အမှားများမှ သင်ခန်းစာယူတတ်ရန် ကူညီပေးသည်။

စီးပွားရေးကြော်ငြာများပြသသည့် နိုင်ငံအများစုတွင် တီဗွီ၌ လိင်နှင့် ကြမ်းတမ်းရမ်းကားမှုအကြောင်း တင်ဆက်ပြသခြင်းမှာ ဆုံးမသွန်သင်ရန်မဟုတ်ဘဲ ငွေအတွက်သာဖြစ်သည်။ ကြော်ငြာရှင်များသည် လူများနိုင်သမျှများများ၏အာရုံကို ဆွဲဆောင်နိုင်ရန် လိင်နှင့် ကြမ်းတမ်းရမ်းကားမှုများကို တီဗွီတွင် တင်ဆက်ပြသကြ၏။ သတင်းထုတ်လွှင့်သူများ၏ မူဝါဒမှာ ဤသို့ ဖြစ်သည်– “သွေးထွက်သံယိုများလေလေ နာမည်ကြီးလေလေဖြစ်သည်။” အများအားဖြင့် ရာဇဝတ်မှု၊ ကပ်ဘေးနှင့် စစ်ပွဲဟူသော ထိတ်လန့် ချောက်ချားဖွယ် အဖြစ်အပျက်များသည် စိတ်ဝင်စားဖွယ် မကောင်းသောသတင်းများထက် ဦးစားပေးဖော်ပြခံရသည်။

သမ္မာကျမ်းစာသည် ကြမ်းတမ်းရမ်းကားသည့်လုပ်ရပ်များကို ရေးသားဖော်ပြသော်လည်း လူတို့အား လက်စားမချေဘဲ ပြဿနာများကို အေးအေးဆေးဆေးဖြေရှင်းကာ အေးချမ်းငြိမ်သက်စွာ အသက်ရှင်နေထိုင်ရန် အားပေးသည်။ ယင်းသည် လိင်ဆိုင်ရာကိုယ်ကျင့်တရားကောင်းရန် တစ်စိုက်မတ်မတ် ထောက်ခံအားပေးသည်။ ရုပ်မြင်သံကြားတွင် ထုတ်လွှင့်သည့်အရာများစွာသည် အေးချမ်းငြိမ်သက်မှုနှင့် ကိုယ်ကျင့်တရား၏အရေးကြီးမှုကို မဖော်ပြပေးချေ။—⁠ဟေရှာယ ၂:၂-၄; ၁ ကောရိန္သု ၁၃:၄-၈; ဧဖက် ၄:၃၂

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ရုပ်မြင်သံကြားနှင့် လူငယ်

“ဆယ်စုနှစ်ချီ ပြုလုပ်ခဲ့သော လေ့လာမှုများမှရရှိသည့် အထောက်အထားများစွာကိုအခြေခံ၍ သိပ္ပံပညာနှင့် ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းများက အကြမ်းဖက်ကားများကို ကြည့်ရှုခြင်းသည် ကလေးသူငယ်များကို ဘေးဖြစ်စေကြောင်း အခိုင်အမာ ကောက်ချက်ချခဲ့ကြသည်။”—⁠ဟင်နရီဂျေကိုင်ဇာ မိသားစုဖောင်ဒေးရှင်း။

“‘အသက်နှစ်နှစ်နှင့်အောက် ကလေးသူငယ်များ [ရုပ်မြင်သံကြား] မကြည့်’ သင့်ကြောင်း အမေရိကန်ကလေးရောဂါ လေ့လာရေးအဖွဲ့၏အဆိုကို [ကျွန်ုပ်တို့သဘောတူပါသည်။] ဦးနှောက်အဖွံ့ဖြိုးဆုံး ဤအရွယ်တွင် တက်တက်ကြွကြွ ဆော့ကစားဖို့လိုပြီး ကြီးထွားဖွံ့ဖြိုးမှု၊ ရုပ်ပိုင်းနှင့် လူမှုရေးဆိုင်ရာစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် သက်ရှိလူတို့နှင့် အပြန်အလှန်ဆက်သွယ်ဖို့လိုပေသည်။”—⁠သတင်းမီဒီယာနှင့် မိသားစုဆိုင်ရာ အမျိုးသားအဖွဲ့။

[စာမျက်နှာ ၆၊ ၇ ပါ ရုပ်ပုံ]

ကျွန်ုပ်ကြည့်ရှုနေသောအရာသည် ကျွန်ုပ်၏စဉ်းစားတွေးခေါ်ပုံကို ကျွန်ုပ် ပြောင်းစေချင်သလို ပြောင်းပေးပါသလော