မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တီဗွီ အချိန်သူခိုးလော

တီဗွီ အချိန်သူခိုးလော

တီဗွီ အချိန်သူခိုးလော

တစ်စုံတစ်ယောက်က သင့်ဘဝ၏ ကျန်ရှိသောအချိန်တွင် ရုပ်မြင်သံကြား မကြည့်တော့လျှင် ဒေါ်လာတစ်သန်းပေးမည်ဟု ကမ်းလှမ်းပါက သင်လက်ခံမည်လော။ လွန်ခဲ့သောနှစ်အနည်းငယ်က ပြုလုပ်ခဲ့သည့် လေ့လာဆန်းစစ်မှုအရ အမေရိကန်လူမျိုး ၄ ဦးလျှင် ၁ ဦးသည် ရုပ်မြင်သံကြားကြည့်ရှုခြင်းကို စွန့်လွှတ်မည်မဟုတ်ကြောင်းပြောဆိုခဲ့၏။ လေ့လာဆန်းစစ်မှုနောက်တစ်ခုက လူတို့အား အဘယ်အရာကို အလိုအရှိဆုံးဖြစ်သနည်းဟု မေးမြန်းခဲ့သည်။ အများစုက အေးချမ်းပျော်ရွှင်စွာနေလိုသည်ဟု ဖြေကြ၏။ သို့သော် ယင်းသည် သူတို့အလိုအရှိဆုံးအရာ မဟုတ်ချေ။ သူတို့ဘဝတွင် အလိုအရှိဆုံးအရာမှာ ဖန်သားပြင်ကျယ်သည့် ရုပ်မြင်သံကြားဖြစ်၏!

တစ်ကမ္ဘာလုံးတွင် အလွန့်အလွန် ရေပန်းစားနေသည့်အရာမှာ ရုပ်မြင်သံကြားပင်ဖြစ်သည်။ ရုပ်မြင်သံကြားပေါ်စအချိန် ၁၉၃၁ ခုနှစ်တွင် အမေရိကန်ရေဒီယိုကော်ပိုရေးရှင်းဥက္ကဋ္ဌက ဤသို့ဆိုခဲ့၏– “ရုပ်မြင်သံကြားနည်းပညာ အတိုးတက်ဆုံးအချိန်ရောက်သည့်အခါ တစ်ကမ္ဘာလုံးသည် ယင်း၏ပရိသတ် ဖြစ်လာမည်ဟုမျှော်လင့်ရသည်။” အဆိုပါစကားများသည် ထိုအချိန်အတွက် ချဲ့ကားပြောဆိုပုံပေါက်သော်လည်း ယခုအခါတွင်မူ ထိုသို့မဟုတ်တော့ချေ။ ကမ္ဘာတစ်ဝန်းရှိ ရုပ်မြင်သံကြားအရေအတွက်မှာ ၁.၅ ဘီလီယံရှိပြီး ကြည့်ရှုသူအရေအတွက်မှာ ထိုထက်ပင်များကြောင်း ခန့်မှန်းရ၏။ ရုပ်မြင်သံကြားကို လူတို့နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ ယင်းသည် လူတို့၏ဘဝတွင် အဓိကကဏ္ဍမှ ပါဝင်နေပါသည်။

ရုပ်မြင်သံကြားကြည့်ရှုရန် လူအများအသုံးပြုသည့်အချိန်မှာ အံ့အားသင့်ဖွယ်ရာပင်။ မကြာသေးမီက ကမ္ဘာတစ်ဝန်းတွင် လေ့လာမှုတစ်ရပ်ပြုလုပ်ရာ လူတို့သည် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် သုံးနာရီထက်မက တီဗွီကြည့်သည်ကို တွေ့ရှိရ၏။ မြောက်အမေရိကတိုက်သားများက နေ့စဉ် လေးနာရီခွဲကြာ ကြည့်ပြီး ဂျပန်လူမျိုးများမှာမူ တစ်ရက်လျှင် ငါးနာရီကြာကြည့်ရာ ထိပ်ဆုံးမှဖြစ်နေသည်။ တီဗွီကြည့်သည့်အချိန်မှာ တဖြည်းဖြည်း တိုးများလာနေပြီဖြစ်သည်။ ကျွန်ုပ်တို့သည် နေ့စဉ် လေးနာရီကြာ ကြည့်ရှုပါက အသက် ၆၀ ရောက်သော် တီဗွီကြည့်ချိန်မှာ ဆယ်နှစ်ရှိမည်ဖြစ်သည်။ သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ မိမိ၏အုတ်ဂူပေါ်တွင် “အသက်တာ၏ ခြောက်ပုံတစ်ပုံကို ရုပ်မြင်သံကြားကြည့်ရန် အချိန်ပေးခဲ့သော ကျွန်ုပ်တို့၏ချစ်မိတ်ဆွေ” ဟူ၍ ကမ္ဗည်းထိုးခံလိုကြမည်မဟုတ်ချေ။

လူတို့သည် ရုပ်မြင်သံကြားကိုနှစ်သက်၍ နာရီနှင့်ချီ ကြည့်နေကြခြင်းလော။ ထိုသို့ အမြဲမဟုတ်ချေ။ လူအများသည် တီဗွီကြည့်ရာတွင် အချိန်များစွာကုန်သည်ဟု ယူမှတ်ကာ မိမိတို့အချိန်ကို ပို၍အကျိုးရှိရှိအသုံးမပြုခဲ့ဟု ခံစားကြရသည်။ တချို့က မိမိတို့ “တီဗွီစွဲ” နေကြသည်ဟုဆို၏။ သင်သည် မူးယစ်ဆေးစွဲသူတစ်ဦးကဲ့သို့ တီဗွီကိုစွဲမည်မဟုတ်သော်လည်း ဆင်တူချက်များ ရှိပါသည်။ ဆေးစွဲသူတို့သည် မူးယစ်ဆေးသုံးစွဲရန် အချိန်များစွာအကုန်ခံကြသည်။ သူတို့သည် ထိုအချိန်ကိုလျှော့ရန်၊ ဆေးဖြတ်ရန် ဆန္ဒရှိကြသော်လည်း မတတ်စွမ်းနိုင်ကြချေ။ သူတို့သည် မူးယစ်ဆေးဝါးသုံးစွဲရန် အရေးကြီးသည့် လူမှုရေးနှင့် မိသားစုလုပ်ငန်းဆောင်တာများကို စွန့်လွှတ်ကြရသည်။ ဆေးဖြတ်လျှင်လည်း ဆေးပြတ်လက္ခဏာများ ခံစားကြရသည်။ ရုပ်မြင်သံကြားကိုအချိန်များစွာကြည့်သူတို့တွင်လည်း အလားတူလက္ခဏာများ ပေါ်လာနိုင်သည်။

“ပျားရည်ကိုစားကြူးလျှင် မကောင်း” ဟုပညာရှိဘုရင်ရှောလမုန် ရေးသားခဲ့၏။ (သု. ၂၅:၂၇) ယင်းမူသည် တီဗွီကြည့်ခြင်းနှင့်လည်း သက်ဆိုင်သည်။ ရုပ်မြင်သံကြားတွင် အကျိုးရှိသည့်အရာများစွာ တင်ဆက်သော်လည်း ယင်းကို အလွန်အကျွံကြည့်ခြင်းက မိသားစုနှင့်အတူ အသုံးပြုသင့်သည့်အချိန်ကို နည်းစေ၏။ စာဖတ်ခြင်းနှင့် ကလေးများ၏ပညာရေးကို အဟန့်အတားဖြစ်စေ၏။ အဝလွန်စေ၏။ သင်သည် တီဗွီကို အချိန်များစွာကြည့်ခြင်းဖြင့် မည်သည့်အကျိုးရရှိသည်ကို ဆင်ခြင်သုံးသပ်ခြင်းက ပညာရှိရာကျ၏။ ကျွန်ုပ်တို့၏အချိန်သည် တန်ဖိုးရှိလွန်းသဖြင့် မဖြုန်းတီးသင့်ချေ။ ကျွန်ုပ်တို့ကြည့်ရှုသည့် တီဗွီအစီအစဉ်များကို ဆင်ခြင်သုံးသပ်ခြင်းကလည်း ပညာရှိရာကျ၏။ ယင်းအကြောင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။