မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ထိန်းချုပ်နိုင်သည့် နည်းလမ်းများ

ထိန်းချုပ်နိုင်သည့် နည်းလမ်းများ

ထိန်းချုပ်နိုင်သည့် နည်းလမ်းများ

“တီဗွီဖွင့်လိုက်တာနဲ့ ပေါ်လာသမျှအစီအစဉ်တွေကို တစ်ခုပြီးတစ်ခု ကြည့်ရှုတယ်။ အိပ်ရာမဝင်မချင်း တီဗွီကိုမပိတ်ဘူး” ဟုကလိုဒင်းကဆို၏။ တချို့က “တီဗွီရှေ့ကနေကိုမခွာနိုင်ဘူး” ဟုဆိုကာ အခြားသူတို့ကမူ “ဖြစ်နိုင်မယ်ဆိုရင် တီဗွီကို သိပ်မကြည့်ချင်ပါဘူး။ ဒါပေမဲ့ မကြည့်ဘဲလည်း မနေနိုင်ပြန်ဘူး” ဟုဆိုကြသည်။ သင်သည် ရုပ်မြင်သံကြား အလွန်အကျွံကြည့်သလော။ သင့်မိသားစုကိုထိခိုက်နိုင်သည့် တီဗွီ၏ဆိုးကျိုးနှင့်ပတ်သက်၍ သင် စိုးရိမ်မကင်းဖြစ်နေပါသလော။ ဤတွင် သင်၏တီဗွီကြည့်သောအကျင့်ကို ထိန်းချုပ်ရာ၌ အကူအညီဖြစ်စေမည့် အကြံပြုချက်တချို့ကို ဖော်ပြထားသည်။

၁။ သင် မည်မျှကြည့်ရှုသည်ကို သိမှတ်ပါ။ “ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏” ဟုနယပုံပြင် ၁၄:၁၅ ကဆိုသည်။ အပြောင်းအလဲများ လုပ်သင့်မလုပ်သင့် သိမြင်ရန် သင်၏ တီဗွီကြည့်သည့်အကျင့်ကို ဆန်းစစ်ခြင်းက ပညာရှိရာရောက်၏။ တစ်ပတ်လျှင် တီဗွီ မည်မျှကြာကြာကြည့်သည်ကို မှတ်သားရန် နေ့စဉ်မှတ်တမ်းထားပါ။ ထို့ပြင် သင်ကြည့်ရှုခဲ့သည့်အစီအစဉ်များ၊ သင်ယူသိရှိခဲ့ရာများနှင့် ယင်းတို့အား သင်မည်မျှနှစ်ခြိုက်သည်တို့ကို ရေးမှတ်ထားလိုပေမည်။ သို့သော် အဓိကအချက်မှာ တီဗွီရှေ့တွင် သင် အချိန်မည်မျှသုံးလိုက်ကြောင်း တွက်ချက်ရန်ဖြစ်သည်။ ထွက်လာသည့်အဖြေကြောင့် သင် အံ့သြသွားပေမည်။ ရုပ်မြင်သံကြားအတွက် သင့်ဘဝကို မည်မျှပေးဆက်ခဲ့ကြောင်း သိရှိခြင်းက အပြောင်းအလဲများပြုလုပ်ရန် သင့်အား လှုံ့ဆော်ပေးပေမည်။

၂။ ကြည့်ရှုချိန်ကို လျှော့ချပါ။ တစ်ပတ်လျှင် တစ်ရက်၊ တစ်ပတ်လုံး သို့မဟုတ် တစ်လလုံး တီဗွီမကြည့်ဖြစ်အောင် ကြိုးစားကြည့်ပါ။ သို့မဟုတ် နေ့စဉ် ကြည့်ရှုချိန်ကို ကန့်သတ်ထားလိုပေမည်။ တီဗွီကြည့်ချိန်ကို နေ့စဉ် နာရီဝက် လျှော့ချလိုက်မည်ဆိုပါက လစဉ် ၁၅ နာရီပိုလာမည်။ ပိုလာသည့်အချိန်ကို ဝိညာဉ်ရေးရာများလိုက်စားခြင်း၊ စာကောင်းပေမွန်ဖတ်ရှုခြင်း၊ မိသားစု၊ မိတ်ဆွေသူငယ်ချင်းများနှင့် အချိန်ကုန်လွန်စေခြင်းအစရှိသည့် အကျိုးပြုလုပ်ငန်းများ၌ အသုံးပြုပါ။ တီဗွီအကြည့်နည်းသူတို့သည် အကြည့်များသူတို့ထက် ပို၍ပျော်ရွှင်ကြကြောင်း လေ့လာမှုများကဖော်ပြသည်။

တီဗွီကြည့်ခြင်းကိုလျှော့ချနိုင်သည့် နည်းတစ်နည်းမှာ တီဗွီကို အိပ်ခန်းအပြင်ဘက် ထုတ်ထားခြင်းဖြစ်သည်။ အိပ်ခန်းထဲတွင် တီဗွီရှိသည့် ကလေးများသည် မရှိသည့်ကလေးများထက် နေ့စဉ် တစ်နာရီခွဲနီးပါး ပို၍ကြည့်ရှုကြ၏။ ထို့ပြင် တီဗွီကို လူငယ်များ၏အခန်းထဲတွင် ထားသည့်အခါ သူတို့အဘယ်အရာ ကြည့်ရှုနေကြောင်း မိဘများမသိကြချေ။ မိဘများနှင့် မောင်နှံစုံများသည်လည်း တီဗွီကို အိပ်ခန်းအပြင်ဘက် ထုတ်ထားလိုက်သည့်အခါ တစ်ဦးကိုတစ်ဦး အချိန်များများပေးနိုင်ကြကြောင်း တွေ့ရှိရပေမည်။ အချို့ကမူ အိမ်တွင် တီဗွီလုံးဝမထားရန် ဆုံးဖြတ်ခဲ့ကြသည်။

၃။ သင်ကြည့်ရှုသောအစီအစဉ်ကို ဇယားဆွဲပါ။ ကြည့်ရှုစရာ အစီအစဉ်ကောင်းများစွာရှိသည်မှာ မှန်ပါသည်။ သို့သော် မည်သည့်အစီအစဉ်က စိတ်ဝင်စားစရာကောင်းသည် မကောင်းသည်ကိုသိရှိရန် တစ်လိုင်းပြီးတစ်လိုင်း ပြောင်းကြည့်နေမည့်အစား၊ လာသမျှအစီအစဉ်ကို ကြည့်ရှုနေမည့်အစား သင်ကြည့်လိုသည့်အစီအစဉ်များ၏ အချိန်ဇယားကို ကြိုကြည့်ထားပါ။ သင်ရွေးချယ်ထားသည့် အစီအစဉ်စသည့်အချိန်မှ တီဗွီကိုဖွင့်ပြီး အစီအစဉ်ပြီးသည့်အခါ ပိတ်လိုက်ပါ။ သို့မဟုတ် ထုတ်လွှင့်သည့်အစီအစဉ်ကို ကြည့်ရှုနေမည့်အစား နောက်မှပြန်ကြည့်ရန် ယင်းကို ကူးယူထားလိုပေမည်။ ယင်းသို့ပြုခြင်းဖြင့် ပို၍အဆင်ပြေသည့်အချိန်တွင် ကြည့်ရှုနိုင်ပြီး ကြော်ငြာများကို အမြန်ရစ်လိုက်နိုင်သည်။

၄။ ရွေးချယ်တတ်ပါ။ ကျွန်ုပ်တို့ခေတ်တွင် လူတို့သည် “ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ” များဖြစ်ကြလိမ့်မည်ဟု သမ္မာကျမ်းစာကကြိုပြောခဲ့၏။ ရုပ်မြင်သံကြားသရုပ်ဆောင်များစွာသည် ထိုသို့သောသူများနှင့်တူကြောင်း သင်သဘောတူပေလိမ့်မည်။ “ထိုသို့သောသူတို့ကို ရှောင်လော့” ဟုသမ္မာကျမ်းစာက သတိပေး၏။ (၂ တိမောသေ ၃:၁-၅) “အလွဲမယူကြနှင့်။ မကောင်းသောသူတို့နှင့်ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ ယိုယွင်းတတ်၏” ဟုလည်း ကျွန်ုပ်တို့ကို သတိပေးထားသည်။—⁠၁ ကောရိန္သု ၁၅:၃၃

ရွေးချယ်ရာတွင် ကိုယ့်ကိုယ်ကိုချုပ်တည်းဖို့လို၏။ သင်သည် ရုပ်ရှင်တစ်ကား၏အစပိုင်းကို မိနစ်အနည်းငယ်ကြည့်လိုက်သည်နှင့် ယင်းကိုဆက်မကြည့်သင့်ဟု သိမြင်လာသော်လည်း နောက်ဘာဆက်ဖြစ်မည်ကိုသိရှိရန် ပြီးသည့်အထိကြည့်ခဲ့ဖူးသလော။ လူများစွာ ဤသို့ကြည့်ရှုခဲ့ကြသည်။ သို့သော် သင့်တွင် တီဗွီကိုပိတ်လိုက်နိုင်သည့် စိတ်စွမ်းအားရှိပါက အဘယ်အရာဆက်ဖြစ်မည်ကို အမှန်တကယ် စိတ်ဝင်စားတော့မည်မဟုတ်ချေ။ ရုပ်မြင်သံကြားကိုမထီထွင်မီ ကြာမြင့်စွာကတည်းက ဆာလံဆရာ ဤသို့ရေးသားခဲ့၏– ‘မတရားသောအမှုအရာကို မျက်မှောက်မပြုပါ။’ (ဆာလံ ၁၀၁:၃) ကျွန်ုပ်တို့ကြည့်ရှုမည့်အရာကို ရွေးချယ်သောအခါ ယင်းအချက်ကို စိတ်စွဲမှတ်ထားသင့်သည်။ ကလိုဒင်းကဲ့သို့ပင် အချို့သူတို့သည် ရုပ်မြင်သံကြားမထားတော့ရန် ဆုံးဖြတ်ခဲ့ကြသည်။ ကလိုဒင်းက ဤသို့ဆိုခဲ့သည်– “တီဗွီကြောင့် ကျွန်မ အတော့်ကို စာနာစိတ်ကင်းမဲ့ခဲ့တယ်ဆိုတာ မသိခဲ့ဘူး။ အခု တီဗွီပြန်ကြည့်တဲ့အခါ အရင်က စိတ်အနှောင့်အယှက်မဖြစ်ခဲ့တဲ့အရာတွေကြောင့် ကျွန်မတုန်လှုပ်မိတယ်။ ကျွန်မရွေးချယ်ကြည့်ရှုတယ်လို့ ထင်ခဲ့ပေမဲ့ အဲလိုမဟုတ်ဘူးဆိုတာ အခုမှသဘောပေါက်တယ်။ အကျိုးရှိတဲ့အရာကို ကျွန်မကြည့်တဲ့အခါ ပိုပြီးပျော်ရွှင်ရတယ်။”

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

တီဗွီကြည့်ချိန် မည်မျှရှိကြောင်း ရေးချပါ

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

တီဗွီကြည့်ရှုခြင်းကို ပို၍ အကျိုးပြုသည့်လုပ်ငန်းဖြင့် အစားထိုးပါ

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

တီဗွီပိတ်ဖို့ လက်မတွန့်ပါနှင့်