မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သေလွန်သူကို သင် ကူညီနိုင်သလော

သေလွန်သူကို သင် ကူညီနိုင်သလော

သမ္မာကျမ်းစာရှုထောင့်

သေလွန်သူကို သင် ကူညီနိုင်သလော

“အစအဦးမှစ၍ ချာ့ခ်ျသည် [သေလွန်သူ] များအတွက်ဆုတောင်းပေးခဲ့ကြသည်။ . . . ယင်းသို့ဖြင့် သူတို့သည် သန့်စင်ခြင်းခံရပြီး ဘုရားသခင်ကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် ရကြပေမည်။”—⁠“ကက်သလစ်ချာ့ခ်ျ၏ ဓမ္မပုစ္ဆာကျမ်း။”

လူမျိုးတိုင်းသည် သေလွန်သူများ၏အခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြသည်မှာ ဓမ္မတာပင်။ ချစ်ရသူတစ်ဦး သေဆုံးချိန်တွင် ဝမ်းနည်းပူဆွေးမှုနှင့် ဆုံးရှုံးမှုတို့ကို သင်ခံစားရပေမည်။ ထို့ပြင် သေလွန်သူသည် သတိရှိနေသေးသလော၊ ဝေဒနာခံစားနေရသလော သို့မဟုတ် ငြိမ်းအေးနေပြီလော၊ သူတို့အတွက် သင်လုပ်ပေးနိုင်ရာ တစ်ခုခုရှိသလော စသည်တို့ကို သင်သိလိုပေမည်။

ဘာသာတရားကိုင်းရှိုင်းသူများစွာက သေလွန်သူများကို သူတို့ကူညီပေးနိုင်သည်ဟု ယုံကြည်ကြသည်။ ဥပမာ၊ ဟိန္ဒူဘာသာဝင်များသည် မိမိတို့ချစ်ရသော သေလွန်သူကို ဂင်္ဂါမြစ်ကမ်းတွင် မီးသင်္ဂြိုဟ်ပြီး ပြာများကို မြစ်တွင်ကြဲချပါက သေသူ၏ဝိညာဉ်ကို ထာဝရသုခချမ်းသာရစေသည်ဟု ယုံကြည်ကြ၏။ အရှေ့တိုင်းသားအချို့သည် နောင်ဘဝတွင် အသုံးပြုနိုင်ရန်ဟူသော ယုံကြည်ချက်ဖြင့် သေလွန်သူများအတွက် ရည်စူး၍ စက္ကူဖြင့်ပြုလုပ်ထားသော ကားများ၊ အိမ်များ၊ အဝတ်အစားများ၊ ပိုက်ဆံများကို မီးရှို့ ကြသည်။ အာဖရိကတွင်မူ သေလွန်သူများအကျိုးအတွက် အုတ်ဂူဘေးတွင် အရက်ယမကာများ သွန်းလောင်းကြသည်။

လူတစ်ဦးသည် “သေဒဏ်ခံထိုက်သောအပြစ်” ကျူးလွန်ပြီး နောင်တမယူဘဲ သေဆုံးသွားပါက ဘုရားသခင်၏ကြင်နာမှုကို မခံစားရချေ။ ယင်းအခြေအနေကို “‘ငရဲ’ ဟုခေါ်” ကြောင်း ကက်သလစ်အယူဝါဒက သွန်သင်သည်။ သို့သော် ဘုရားသခင့်ကြင်နာမှု ခံစားရသူတစ်ဦးသည် လုံးလုံးသန့်စင်ခံရပြီးနောက်တွင် ကောင်းကင်ဘုံ၌ ဘုရားသခင်နှင့်အတူ “ဘဝင်ကျဖွယ် အကောင်းဆုံးပျော်ရွှင်မှု” ကို ခံစားရန်မျှော်လင့်နိုင်သည်ဟု သွန်သင်သည်။ သန့်စင်ခြင်းဟူသည် အပြစ်များမှခွင့်လွှတ်ခံရရန် ပြစ်ဒဏ်အဖြစ် ငရဲကလေး၌ “မီးဖြင့်သန့်ရှင်းစင်ကြယ်ခြင်း” ကို အချိန်အတန်ကြာ ခံယူခြင်းဖြစ်သည်။ သို့သော် ငရဲကလေးတွင်ရောက်နေသည့် သေလွန်သူတစ်ဦးကိုကူညီရန် ချာ့ခ်ျ၏ထုံးနည်းအရ ဆုတောင်းပေးခြင်း၊ သေလွန်သူအတွက် မားစ်ပွဲများကျင်းပပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။ များသောအားဖြင့် ယင်းအတွက် အကုန်အကျများကို သေလွန်သူ၏မိတ်ဆွေများ၊ ဆွေမျိုးများက ပေးဆောင်ရသည်။

သင်ချစ်ရသူတစ်ဦး ခံစားကောင်းခံစားနေရမည့် ဝေဒနာမှန်သမျှကို သက်သာစေရန် သင်တတ်နိုင်သမျှ လုပ်ဆောင်ပေးလိုသည်မှာ သဘာဝကျပါသည်။ သို့သော် သူတို့ကို ကူညီပေးနိုင်သည်ဆိုပါက မည်သို့လုပ်ဆောင်ရမည်ကို ဘုရားသခင် ရှင်းရှင်းလင်းလင်း မဖော်ပြသင့်ပေလော။ သေလွန်သူတို့ကို ကူညီခြင်းနှင့်ပတ်သက်၍ သမ္မာကျမ်းစာ မည်သို့သွန်သင်သည်ကို ကြည့်ကြပါစို့။

သေလွန်သူတို့၏ အခြေအနေ

အထက်ဖော်ပြပါ ဓလေ့ထုံးစံအားလုံးသည် ဝိညာဉ်မသေဟူသည့် ယုံကြည်ချက်မှ မြစ်ဖျားခံလာခြင်းဖြစ်သည်။ ယင်းမှာ လူတစ်ဦး၏ရုပ်ခန္ဓာသေဆုံးသွားသော်လည်း ဆက်အသက်ရှင်နေသည့် အစိတ်အပိုင်းရှိသည်ဟူသော အယူအဆဖြစ်သည်။ ယင်းသည် သမ္မာကျမ်းစာသွန်သင်ချက်လော။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်း မခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။ သူ၏ ချစ်ခြင်း၊ မုန်းခြင်း၊ ငြူစူခြင်းလည်း ပျောက်ပျက်၏။ နေအောက်မှာပြုသမျှသောအမှု၌ သူတစ်ပါးနှင့်ရောနှော၍ မဆိုင်ရ။ ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ ဆောင်ရွက်လော့။ အကြောင်းမူကား သင်ယခုသွား၍ ရောက်ရလတ္တံ့သောအရပ်တည်းဟူသော မရဏာနိုင်ငံ၌လုပ်ဆောင်ခြင်းမရှိ။ ကြံစည်ခြင်းမရှိ။ သိပ္ပံအတတ်မရှိ။ ပညာမရှိပါတကား။”—⁠ဒေ. ၉:၅၊ ၆၊ ၁၀

သေဆုံးသွားသူတစ်ဦး၏ သတိရှိမှုနှင့်ပတ်သက်၍ မှုတ်သွင်းခံဆာလံဆရာက ဤသို့ဆိုသည်– “သူသည်အသက်ထွက်၍ မြေသို့ပြန်သွားတတ်၏။ ထိုနေ့ခြင်းတွင် သူ၏အကြံအစည်တို့သည် ပျက်စီးကြ၏။”—⁠ဆာလံ ၁၄၆:⁠၄

သမ္မာကျမ်းစာ ဖော်ပြချက်များသည် ယုံကြည်စိတ်ချထိုက်ကာ ကျိုးကြောင်းညီညွတ်ပါသည်။ အောက်ပါမေးခွန်းနှင့်ပတ်သက်၍ သင်မည်သို့ယူဆသနည်း။ မေတ္တာရှိဖခင်တစ်ဦးသည် သူ့ကလေးများတွင်ရှိသော မွေးရာပါ အပြစ်ပြုလိုသည့်သဘောကြောင့် ဝေဒနာခံစားစေမည်လော။ (ကမ္ဘာဦး ၈:၂၁) ထိုသို့ပြုမည်မဟုတ်ချေ။ သို့ဖြစ်လျှင် ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်သည် အဘယ်ကြောင့် ထိုသို့ပြုတော်မူမည်နည်း။ ရှေးဣသရေလလူအချို့သည် အယူမှားထုံးစံနောက်လိုက်၍ မိမိတို့ကလေးများကို မှောက်မှားသောနတ်ဘုရားများထံ မီးဖြင့်ပူဇော်ကြရာ ယေဟောဝါသည် ထိုသို့သော စက်ဆုပ်ဖွယ်ဓလေ့ထုံးစံကို ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းသို့သောအမှုကို ‘ကိုယ်တော်မမှာထား၊ ကိုယ်တော်အလျှင်းအလိုမရှိ’ ခဲ့ချေ။—⁠ယေရမိ ၇:⁠၃၁

လူ့အပြစ်၏အခသည် သေလွန်ပြီးနောက်ဘဝတွင် ဝေဒနာခံစားရခြင်းမဟုတ်ဘဲ သေခြင်းဖြစ်၏။ သမ္မာကျမ်းစာအရ “အပြစ်တရား၏အခကား သေခြင်း” ဖြစ်ပြီး “သေသောသူသည် အပြစ်တရား၏လက်မှ လွတ်လျက်ရှိ၏။”—⁠ရောမ ၅:၁၂; ၆:၇၊ ၂၃

သေလွန်သူသည် ဝေဒနာမခံစားရပါ။ ယင်းအစား သူတို့သည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်းဖြစ်ပြီး ခံစား၊ စံစားနိုင်သည့် မည်သည့်သတိမျှမရှိတော့ချေ။ ထို့ကြောင့် သေလွန်သူကိုကူညီရန် ကြိုးစားမှုမှန်သမျှသည် သမ္မာကျမ်းစာသွန်သင်ချက်နှင့် ဆန့်ကျင်သည်မှာ ယုံမှားဖွယ်မရှိချေ။

သေလွန်သူအတွက် မျှော်လင့်ချက်

သင်ချစ်ရသော သေလွန်သူသည် ထာဝစဉ်သတိမဲ့နေမည်ဟု မဆိုလိုချေ။ သူတို့တွင် တောက်ပသော မျှော်လင့်ချက်ရှိပါသည်။

မိမိချစ်ခင်ရသောမိတ်ဆွေ လာဇရုကို အသက်ပြန်မရှင်စေမီ ယေရှုက “သူ့ကို နှိုးခြင်းအလို့ငှာ ငါသွားမည်” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၁:၁၁) နောက်တစ်ကြိမ်တွင် ယေရှုက “သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၅:၂၈၊ ၂၉) ထမြောက်လာသူများသည် ယခင်က မိမိတို့ပြုခဲ့သောအပြစ်များမှ ကင်းလွတ်ပြီးဖြစ်၍ မသေဆုံးမီက ပြုလုပ်ခဲ့သောအရာများအတွက် နောက်ထပ်ဝေဒနာခံစားစရာအကြောင်း မရှိတော့ချေ။ သူတို့သည် စုံလင်သောအခြေအနေအောက် ဘဝကိုမွေ့လျော်ခြင်းအကြောင်း လေ့လာခွင့် ရရှိကြလိမ့်မည်။ ထူးမြတ်သည့် အလားအလာပါတကား!

ဤအလားအလာကို သင်စိတ်ဝင်စားပါက ယုံကြည်စိတ်ချထိုက်သော ဤကတိတော်များကို လေ့လာဆန်းစစ်ရန် မနှောင့်နှေးပါနှင့်။ ယေဟောဝါသက်သေများက သင့်ကို ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါလိမ့်မည်။

သင်စဉ်းစားဖူးသလော

▪ သေလွန်သူများတွင် သတိရှိသလော။—⁠ဆာလံ ၁၄၆:၄; ဒေ. ၉:၅၊ ၆၊ ၁၀

▪ ဘုရားသခင်သည် သေလွန်သူများကို မီးတောက်လောင်နေသောငရဲတွင် ဝေဒနာခံစားခွင့်ပြုလိမ့်မည်လော။—⁠ယေရမိ ၇:⁠၃၁

▪ သေလွန်သူများအတွက် မျှော်လင့်ချက်ရှိသလော။—⁠ယောဟန် ၅:၂၈၊ ၂၉