မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

▪ ကမ္ဘာတစ်ဝန်းတွင် အင်တာနက်အသုံးပြုသူများအား လိမ်လည်လှည့်ဖြားရန် ကြိုးပမ်းမှုပေါင်း ၅.၇ သန်းကို နေ့စဉ် ပြုလုပ်လျက်ရှိ၏။—ပတ်စဉ်ထုတ်မဂ္ဂဇင်း၊ စပိန်။

▪ “ဂျပန်နိုင်ငံတွင် ကိုယ့်ကိုယ်ကိုသတ်သေမှုများသည် နှစ်စဉ် ၃၀,၀၀၀ အထက်တွင်ရှိနေရာ ၂၀၀၅ ခုနှစ်သည် ရှစ်နှစ်မြောက်ဖြစ်သည်။” ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုယ့်ကိုယ်ကိုသတ်သေမှုနှုန်းအမြင့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်၏။—⁠MAINICHI DAILY NEWS သတင်းစာ၊ ဂျပန်။

▪ “လွန်ခဲ့သောအနှစ် ၅၀၀ က လူတို့၏လုပ်ရပ်ကြောင့် တောရိုင်းတိရစ္ဆာန်မျိုးစိတ်ပေါင်း ၈၄၄ မျိုး,မျိုးသုဉ်းပျောက်ကွယ်သွားခဲ့၏။”—⁠IUCN၊ ကမ္ဘာ့ထိန်းသိမ်းစောင့်ရှောက်ရေးသမဂ္ဂ၊ ဆွစ်ဇာလန်။

▪ အစိုးရထုတ်ပြန်သည့်ကိန်းဂဏန်းများအရ ဗြိတိန်နိုင်ငံသား—အမျိုးသားနှင့် အမျိုးသမီး—⁠၆ ရာခိုင်နှုန်းသည် လိင်တူမေထုန်သမားများဖြစ်ကြ၏။ ၂၀၀၅ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် ဥပဒေက “လိင်တူသမားများကို ‘လက်ထပ်’ ခွင့်” ပြုသဖြင့် သူတို့အား လိင်ကွဲအိမ်ထောင်သည်မောင်နှံများနှင့်တန်းတူ အခွင့်အရေးများ ရရှိစေသည်။”—⁠THE DAILY TELEGRAPH သတင်းစာ၊ အင်္ဂလန်။

ရေခဲမြစ်များစီးဆင်းမှု ပိုမြန်လာ

“ဂရင်းလဲန်းရေခဲပြင်ကြီးပေါ် ဖြတ်သန်းစီးဆင်းသည့် ရေခဲမြစ်ကြီးများ၏စီးဆင်းမှုအရှိန်မှာ မြန်ဆန်လာနေသည်” ဟု Science မဂ္ဂဇင်းက ဖော်ပြသည်။ ဂြိုဟ်တုဖြင့်စောင့်ကြည့်စစ်ဆေးရာ လွန်ခဲ့သည့် ငါးနှစ်တာကာလက ဂရင်းလဲန်းရေခဲမြစ် အတော်များများ၏ စီးဆင်းမှုအရှိန်မှာ နှစ်ဆနီးပါး ပိုမြန်လာရာ တစ်နှစ်လျှင် ခုနစ်မိုင်ကျော်နှုန်းဖြင့်ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်နှစ်ကျော်ကာလက ရေခဲထု၏အသားတင်အရည်ပျော်နှုန်းမှာ တစ်နှစ်လျှင် ကုဗမိုင် ၂၀ ကျော်မှ တစ်နှစ်လျှင် ကုဗမိုင် ၅၀ အထိ တိုးမြှင့်သွား၏။ ထို့ကြောင့် သိပ္ပံပညာရှင်များက “အနာဂတ်တွင် ပင်လယ်ရေမျက်နှာပြင်မှာ လက်ရှိခန့်မှန်းထားသည်ထက် များစွာမြင့်တက်လာမည်” ဟု ဆိုကြ၏။

ချာ့ခ်ျများ ဒါဝင်အတွက် ဂုဏ်ပြုပွဲကျင်းပကြ

အမေရိကန်နိုင်ငံရှိ “ခရစ်ယာန်” ချာ့ခ်ျ ၄၅၀ နီးပါးသည် ချားလ်စ်ဒါဝင်၏ ၁၉၇ နှစ်မြောက် မွေးနေ့ပွဲကို ၂၀၀၆၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့ကြသည်။ အဆိုပါမွေးနေ့ပွဲတွင် “အစီအစဉ်များနှင့် တရားဟောပြောပွဲများပါဝင်ပြီး ရည်ရွယ်ချက်မှာ ဒါဝင်၏ဆင့်ကဲသီအိုရီသည် ခရစ်ယာန်ယုံကြည်ချက်နှင့်ကိုက်ညီကြောင်း၊ သို့ဖြင့် ခရစ်ယာန်များသည် ဘာသာတရားနောက်လိုက်မည်လော သို့မဟုတ် သိပ္ပံပညာနောက်လိုက်မည်လောဆိုသည်ကို ရွေးချယ်ဖို့မလိုကြောင်း အလေးပေးလို၍ဖြစ်သည်။” Chicago Tribune သတင်းစာအရ အဆိုပါမွေးနေ့ပွဲကို စီစဉ်ပေးခဲ့သည့် ဇီဝဗေဒပညာရှင်နှင့် Wisconsin-Oshkosh တက္ကသိုလ်၊ စာပေနှင့်သိပ္ပံကောလိပ်၏ မဟာဌာနမှူးဖြစ်သူ မိုက်ကယ်ဇင်မာမဲန်းက “ရွေးချယ်နေစရာမလိုပါဘူး။ နှစ်မျိုးစလုံး ယုံကြည်လည်းရတာပဲ” ဟူ၍ဆိုခဲ့၏။

အလုပ်ခွင် ရိုင်းပျမှု

“အလုပ်ခွင်၌ ရိုင်းပျမှုသည် အဖွဲ့အစည်းတစ်ခု၏အချိန်၊ လုံ့လစိုက်ထုတ်မှုနှင့် စွမ်းရည်တို့ကို ထိခိုက်နစ်နာစေနိုင်သည်” ဟု The Wall Street ဂျာနယ်ကဆို၏။ လူ ၃,၀၀၀ ခန့်ကို စုံစမ်းမေးမြန်းကြည့်ရာ ၉၀ ရာခိုင်နှုန်းကျော်သည် “အလုပ်ခွင်တွင် ရိုင်းပျမှုနှင့်ကြုံခဲ့ရ” ကြောင်း တွေ့ရှိရသည်။ အဆိုပါရာခိုင်နှုန်း၏ထက်ဝက်က သူတို့သည် “ရိုင်းပျစွာဆက်ဆံခံရ၍ စိတ်အနှောင့်အယှက်ဖြစ်နေခြင်းကြောင့် အလုပ်ချိန်ထိခိုက်ကြောင်း၊” “၂၅ ရာခိုင်နှုန်းက အလုပ်တွင်လုံ့လစိုက်ထုတ်မှုကို လျှော့ချခဲ့ကြောင်း” နှင့် ၈ ဦးလျှင် ၁ ဦးက အလုပ်မှထွက်လိုက်ကြောင်း ပြောဆိုခဲ့ကြသည်။ ကယ်လီဖိုးနီးယားတောင်ပိုင်းတက္ကသိုလ်မှ စီမံခန့်ခွဲရေးပါမောက္ခ ခရစ္စတင်းပိုရက်တ်၏အဆိုအရ “လုံ့လဝီရိယမရှိမှု၊ အလုပ်ပျက်ကွက်မှုနှင့် ခိုးမှုပင်အပါအဝင် ရိုင်းပျမှုတို့သည် စီးပွားရေးကုမ္ပဏီတစ်ခု၏ လက္ခဏာရပ်များဖြစ်နိုင်သည်” ဟု အဆိုပါဂျာနယ်ကဖော်ပြ၏။

သမုဒ္ဒရာရေပြင်မှ အမှိုက်ပုံကြီး

၂၀၀၆ ခုနှစ်အစောပိုင်းတွင် သမုဒ္ဒရာရေပြင်ရှိ အမှိုက်ပုံကြီးတစ်ခုသည် “တောင်ဘက်မှနေ၍ ဟာဝိုင်ယီရေပြင်ဘက်သို့ မျောသွားခဲ့ရာ စွန့်ပစ်ထားသော ငါးဖမ်းကိရိယာနှင့် ပလတ်စတစ်အမြောက်အမြား ဟာဝိုင်ယီကမ်းခြေများဘက်သို့ ရောက်သွား၏” ဟု The Honolulu Advertiser သတင်းစာက ဖော်ပြသည်။ ရေစီးကြောင်းများသည် မြောက်ပစိဖိတ်သမုဒ္ဒရာရှိ ပေါလောမျောနေသော အမှိုက်သရိုက်များစွာကို သမုဒ္ဒရာ၏ဆိတ်ငြိမ်သည့်အပိုင်းဘက်သို့ တွန်းပို့လိုက်သော်လည်း လေထုအခြေအနေတချို့ကြောင့် အဆိုပါအမှိုက်သရိုက်များသည် ဟာဝိုင်ယီကျွန်းဘက်သို့ ရွေ့သွားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် “အမှိုက်သရိုက်အပိုင်းအစပေါင်း ၂,၀၀၀ ကျော်” အပြင် ငါးဖမ်းပိုက် ၁၀၀ ကျော်ကိုပါ တွေ့ရှိခဲ့ရ၏။ အဆိုပါအမှိုက်သရိုက်များသည် ရေသတ္တဝါများအတွက် အန္တရာယ်ရှိသည်။ Algalita Marine Research Foundation ကိုတည်ထောင်သူ ချားလ်စ်မိုးရ်က ဤသို့ဆို၏– “သမုဒ္ဒရာမှာ သဘာဝငါးဆိုတာ မရှိတော့ဘူး။ ငါးတွေက ပလတ်စတစ်အပိုင်းအစတွေကို စားနေကြတယ်။”