မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခပ်သိမ်းသော ဆင်းရဲထဲက ကျွန်တော်ကယ်လွှတ်ခံရ

ခပ်သိမ်းသော ဆင်းရဲထဲက ကျွန်တော်ကယ်လွှတ်ခံရ

ခပ်သိမ်းသော ဆင်းရဲထဲက ကျွန်တော်ကယ်လွှတ်ခံရ

ဇန်းကလော့ဒ်ဖရန်ဆွာ ပြောပြသည်

သမ္မာကျမ်းစာနဲ့လေ့ကျင့်ထားတဲ့ ကျွန်တော့်ရဲ့ကိုယ်ကိုကိုယ်သိတဲ့စိတ်ကြောင့် ခုနစ်နှစ်အတွင်းတစ်ဒါဇင်ထက်မကတဲ့ အကျဉ်းထောင်တွေမှာ အကျဉ်းချခံခဲ့ရတယ်။ ဆင်းရဲခက်ခဲမှုတွေကြုံရပေမဲ့ ကျွန်တော်ကောင်းချီးတွေခံစားခဲ့ရတယ်လို့ ယုံကြည်တယ်။ ရှင်းပြပါရစေ။

ဇန်နဝါရီလ ၉ ရက်၊ ၁၉၃၇ ခုနှစ်မှာ ကျွန်တော့်ကို အယ်လ်ဂျီးရီးယားနိုင်ငံ၊ အယ်လ်ဂျီးယားမြို့မှာ မွေးဖွားခဲ့တယ်။ အဲဒီတုန်းက အယ်လ်ဂျီးရီးယားနိုင်ငံကို ပြင်သစ်တွေကြီးစိုးနေပြီး ကျွန်တော့်အဖေက ပြင်သစ်စစ်တပ်မှာ အရာရှိတစ်ဦးဖြစ်တယ်။ သူ့အလုပ်ကြောင့် အီဂျစ်၊ အီရတ်၊ လက်ဘနွန်နဲ့ ဆီးရီးယားနိုင်ငံတွေကို လပေါင်းများစွာ ခရီးသွားနေရလို့ သူ့ရဲ့ကလေးငါးယောက်အတွက် အချိန်မပေးနိုင်ခဲ့ဘူး။

ကျွန်တော်က ကျောင်းတက်ရတာပျော်ပြီး အဆင့်ကောင်းကောင်းရတယ်။ ဒါပေမဲ့ လူတွေ ဘာကြောင့်သေရတာလဲ၊ ဘုရားသခင်ဟာ မေတ္တာရှိပြီး ကြင်နာတတ်တယ်ဆိုရင် ဆိုးသွမ်းမှုတွေ ဘာကြောင့်ရှိနေရတာလဲ အစရှိတဲ့ မေးခွန်းတွေကြောင့် ကျွန်တော် စိတ်ရှုပ်ခဲ့တယ်။ ကျေနပ်တဲ့အဖြေတွေ မရခဲ့ဘူး။ အသက်ဘယ်လိုဖြစ်လာတယ် ဆိုတာကိုလည်း သိချင်ခဲ့တယ်။ ဒါဝင်သီအိုရီက ယုတ္တိအရှိဆုံးဖြစ်ပုံပေါက်ခဲ့လို့ နောက်ဆုံးတော့ ကျွန်တော်ဟာ ဘုရားသခင်မဲ့ဝါဒီတစ်ဦးဖြစ်သွားတယ်။

နောက်ဆုံးတော့ အဖြေရပြီ!

၁၉၅၄ ခုနှစ်မှာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ ဇော့ရ်လို့ခေါ်တဲ့ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ကမ္ဘာသစ်နှင့်ဆန့်ကျင်သော ဆင့်ကဲအယူ * ဆိုတဲ့ စာအုပ်ငယ်ကိုပေးခဲ့တယ်။ အဲဒါကို ကျွန်တော် သေသေချာချာဖတ်ခဲ့တယ်။ ဒီစာအုပ်ငယ်ဟာ ဆင့်ကဲသီအိုရီရဲ့ ဟာကွက်တွေကို ဖော်ထုတ်ပြတဲ့အပြင် ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွေက ဘုရားသခင်ဟာ သက်ရှိအရာတွေကို အမျိုးအလိုက်ဖန်ဆင်းတယ်ဆိုတဲ့ ကမ္ဘာဦးကျမ်းမှတ်တမ်းကို အတည်ပြုကြောင်း ဖော်ပြတယ်။ (ကမ္ဘာဦး ၁:၁၂၊ ၂၅) ဒါပေမဲ့ ဆိုးသွမ်းမှုနဲ့ပတ်သက်တဲ့ မေးခွန်းကတော့ ကျွန်တော့်စိတ်ထဲ ရှိနေတုန်းပဲ။

ဇော့ရ်ဟာ ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့် ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးဖြစ်တယ်။ သူဟာ ကျွန်တော်တစ်ခါမှမဖတ်ဖူးတဲ့ သမ္မာကျမ်းစာအကြောင်း လူတွေကိုသွန်သင်ပေးရာမှာ အချိန်တွေအများကြီး မြှုပ်နှံထားတယ်။ ကျွန်တော့်ရဲ့မေးခွန်းတွေကို သူဖြေနိုင်ပါ့မလား။ တခြားရှေ့ဆောင်တွေနဲ့အတူနေတဲ့ သူရဲ့အခန်းကျဉ်းလေးကို ကျွန်တော်သွားခဲ့ပြီး အဲဒီကနေ ကျွန်တော့်မေးခွန်းတွေရဲ့ ကျမ်းစာအဖြေတွေကို ရခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်ဟာ ကျမ်းစာကို စနစ်တကျနဲ့ပျော်ပျော်ရွှင်ရွှင် စလေ့လာတယ်။ အဲဒီအချိန်ကစပြီး ယုံကြည်ခြင်းကိုခိုင်ခံ့စေတဲ့ အဖိုးတန်ဘဏ္ဍာကို သမ္မာကျမ်းစာထဲမှာ ရှာဖွေလေ့လာရတာကို ကျွန်တော်ဘယ်တော့မှ မငြီးငွေ့ခဲ့ဘူး။—⁠သု. ၂:၁-၅

အယ်လ်ဂျီးယားမြို့လယ်ခေါင်မှာရှိတဲ့ စားသောက်ဆိုင်တစ်ဆိုင်ရဲ့ မြေအောက်ထပ်မှာကျင်းပတဲ့ ခရစ်ယာန်အစည်းအဝေးတွေကိုလည်း ကျွန်တော် စတက်ခဲ့တယ်။ သက်သေခံတွေက ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ကြပြီး အချိန်တန်တော့ အစည်းအဝေးတွေကို ကျွန်တော်မှန်မှန်တက်လာတယ်။ အစည်းအဝေးကို သတ်မှတ်ထားတဲ့လမ်းတစ်ခုမှာ ကျင်းပမယ်လို့ ကြေညာတဲ့အခါ သွားတက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်ရောက်သွားတော့ သက်သေခံတွေ တစ်အိမ်တက်တစ်အိမ်ဆင်း ဟောပြောခြင်းလုပ်ငန်းအတွက် စုဝေးတယ်ဆိုတာ သိလိုက်ရတယ်။ (တမန်တော် ၂၀:၂၀) ကျွန်တော်ဆက်နေလိုက်ပြီး ဒီလိုနဲ့ လူထုခရစ်ယာန်ဓမ္မအမှုအကြောင်း စသိခဲ့ရတယ်။

တတိယအကြိမ် သက်သေခံထွက်တော့ အိမ်ရှင်ကို ကျွန်တော်ကိုယ်တိုင်ဟောခဲ့တယ်။ တံခါးဝတစ်ခုကိုရောက်တော့ ကျွန်တော်မှတ်ထားတဲ့ကျမ်းချက်တစ်ချက်ကို ရှာလို့မတွေ့တော့ဘူး။ ဒါနဲ့အိမ်ရှင်က “လူလေး၊ မင်းကိုယ်တိုင်သိပြီးမှ တခြားသူတွေကို သင်ပေးပါ” လို့ပြောပြီး တံခါးပိတ်လိုက်တယ်။ ကျွန်တော် မချင့်မရဲနဲ့ ခုံတန်းရှည်တစ်ခုပေါ်မှာထိုင်ပြီး ရှာရခက်တဲ့ အဲဒီကျမ်းချက်ကို ပြန်ရှာတယ်။ မိနစ်အနည်းငယ်ကြာပြီးတဲ့နောက် ကျွန်တော်ရှာတွေ့သွားလို့ အိမ်ရှင်ဆီပြန်သွားပြီး ပြလိုက်တယ်။

၁၉၅၆၊ မတ်လ ၄ ရက်နေ့မှာ ဘုရားသခင်ထံအပ်နှံတဲ့ အထိမ်းအမှတ်အနေနဲ့ နှစ်ခြင်းခံလိုက်တယ်။ ခြောက်လကြာပြီးတဲ့နောက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ရတယ်။ မှန်မှန်ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်သင့်သလား၊ ဒါမဟုတ် အယ်လ်ဂျီးရီးယားနိုင်ငံရဲ့ ဝေးလံတဲ့ဒေသတစ်ခုမှာ ခရစ်ယာန်ဓမ္မအမှုအတွက် အချိန်နည်းနည်းပဲပေးနိုင်မယ့် ကျောင်းဆရာလုပ်သင့်သလား။ ကျွန်တော်ရှေ့ဆောင်လုပ်ဖို့ ရွေးချယ်လိုက်တယ်။

ကျွန်တော့်ရဲ့ဆုံးဖြတ်ချက်ကြောင့် အဖေဒေါသထွက်ပြီး ကျွန်တော့်လည်ပင်းကို ဓားနဲ့ထောက်တယ်။ ပြီးတော့ ညနေတိုင်း အိမ်ပြန်ရမယ်လို့ အမိန့်ထုတ်လိုက်တယ်။ ဒါ့အပြင် ကျွန်တော်ရဲ့ကုန်ကျစရိတ်တွေအားလုံးကို ပေးမယ်လို့ရည်ရွယ်ထားပေမဲ့ အိမ်မှာ ထမင်းစားရဖို့ မမျှော်လင့်နဲ့လို့ အဖေကပြောတယ်။ ဒါကြောင့် ကျွန်တော် မနက်ဆိုရင် ဗိုက်ဆာဆာနဲ့ အိမ်ကထွက်သွားတယ်။ ရှေ့ဆောင်တစ်ယောက်နဲ့အတူ အပြင်မှာ နေ့လယ်စာစားတယ်။ ညနေကျတော့ အသားညှပ်ပေါင်မုန့်စားပြီးမှ အိမ်ပြန်တယ်။

ဗုံးတွေနဲ့ ကျည်ဆန်တွေကို ရှောင်တိမ်းရ

အဲဒီအချိန်မှာ အယ်လ်ဂျီးရီးယားနိုင်ငံဟာ ပြင်သစ်လက်အောက်ကနေ လွတ်မြောက်ဖို့ တိုက်ပွဲတွေ အဆက်မပြတ်ဆင်နွှဲနေတယ်။ အယ်လ်ဂျီးယားမြို့ဟာ ဗုံးပေါက်ကွဲမှုဒဏ်နဲ့ ရက်စက်ပြင်းထန်တဲ့ လက်စားချေမှုတွေကြောင့် ဖရိုဖရဲဖြစ်နေတယ်။ တစ်လမှာဆိုရင် ပေါက်ကွဲမှု ၁၀၀ ကျော်ဖြစ်ပွားခဲ့တယ်။ ဘတ်စကားတွေ၊ အရက်ဆိုင်တွေနဲ့ အားကစားကွင်းတွေမှာ ဗုံးထောင်ကြတယ်။ ခရစ်ယာန်ဓမ္မအမှုအတွက် ခက်ခဲလာတယ်။ လူတွေက တံခါးဖွင့်ရမှာကြောက်လာကြတယ်။ မကြာခဏ ညမထွက်ရအမိန့်တွေထုတ်ပြီး ရှာဖွေစစ်ဆေးမှုတွေ လုပ်ကြတယ်။

၁၉၅၆၊ စက်တင်ဘာ ၃၀၊ တနင်္ဂနွေနေ့မှာ တခြားရှေ့ဆောင်တွေနဲ့ ကျွန်တော်ဟာ အစည်းအဝေးကျင်းပတဲ့နေရာကို စနစ်တကျဖြစ်အောင်လုပ်နေတုန်း အပေါ်မှာရှိတဲ့ စားသောက်ဆိုင်မှာ ဗုံးပေါက်ခဲ့လို့ လူတွေသေကျေပြီး ထိခိုက်ဒဏ်ရာရကြတယ်။ ကျေးဇူးတင်ဖို့ကောင်းတာက အောက်မှာရှိတဲ့ကျွန်တော်တို့ တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့ဘူး။ ဒီဇင်ဘာလမှာတော့ ညီအစ်မတစ်ယောက်နဲ့ ကျွန်တော် လူရှုပ်တဲ့လမ်းပေါ်မှာ ဟောပြောနေတုန်း အရှိန်နဲ့လာနေတဲ့ ကားတစ်စီးဟာ ပြတင်းပေါက်ကနေလူစုထဲကို သေနတ်နဲ့အချက်ပေါင်းများစွာ ပစ်ခတ်တယ်။ ကျွန်တော်တို့ တံခါးပေါက်ဘက်ကို အမြန်ပြေးသွားပြီး ညီအစ်မကို မြေပေါ်တွန်းလှဲလိုက်တယ်၊ ကျွန်တော်လည်း အမြန်ဝပ်ချလိုက်တယ်။ ကျည်ဆန်တွေဟာ ကျွန်တော်တို့ခေါင်းပေါ်ကနေ ပွတ်ကာသီကာ ဖြတ်သွားတယ်။ အဲဒီနောက်ပိုင်းမှာ ကျွန်တော်တို့အားလုံးဟာ သက်သေခံတဲ့အခါ ပိုပြီးဂရုစိုက်ကြတယ်။

လက်နက်ကိုင်ဖို့ ကျွန်တော်ငြင်းဆန်ခဲ့

၁၉၅၇၊ မတ်လ ၁ ရက်နေ့မှာ ကျွန်တော် စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတယ်။ ကျွန်တော့်ရဲ့ ခရစ်ယာန်ကိုယ်ကိုကိုယ်သိတဲ့စိတ်က လက်နက်ကိုင်ဖို့ ခွင့်မပြုလို့ အဲဒီအကြောင်း အာဏာပိုင်တွေနဲ့ ပြောဆိုတဲ့အခါ ခွန်အားပေးဖို့ ဆုတောင်းခဲ့တယ်။ ကျွန်တော့်အဖေနဲ့ ထိပ်တိုက်မတွေ့ဖို့လည်း ဆုတောင်းခဲ့တယ်။ အိမ်နဲ့အတော်ဝေးတဲ့ ပြင်သစ်နိုင်ငံ၊ လီလ်မြို့ကိုသွားပြီး သတင်းပို့ဖို့ပြောတော့ ကျွန်တော် အတော်စိတ်သက်သာသွားတယ်။

ခြောက်ရက်ကြာပြီးနောက်မှာ ၁၇ ရာစု လူဝီဘုရင် ၁၄ လို့ရေးထိုးထားတဲ့ခံတပ်ရှိရာ လီလ်မြို့ကိုရောက်သွားတယ်။ ကျမ်းစာသုံးပြီး ကျွန်တော့်ရဲ့ ကြားနေမှုအကြောင်း စစ်တပ်အရာရှိတွေကို ရှင်းပြတယ်။ ဒါနဲ့ သူတို့ ကျွန်တော့်ကို ထောင်ချလိုက်တယ်။ တစ်မနက်မှာ အစောင့်တွေက ကျွန်တော့်ကို အကျဉ်းခန်းထဲကနေ ဆွဲထုတ်ပြီး ရှာဖွေတော့ ကျမ်းစာအသေးတစ်အုပ် တွေ့သွားတယ်။ ဒါနဲ့ ကျွန်တော့်ကို ဆီးနှင်းတွေပေါ် မှောက်ခိုင်းပြီး ကျမ်းစာအုပ်ကိုလည်း ကျွန်တော့်ဘေးမှာ ပစ်ချထားတယ်။ ရိုင်ဖယ်သေနတ်ဒင်နဲ့ ကျွန်တော့်နောက်စေ့ကိုထောက်ထားပြီး အဲဒီအတိုင်း မိနစ် ၃၀ လောက်နေခိုင်းတယ်။ နောက်ပိုင်းမှာ အစောင့်တွေက ကျွန်တော့်ကို ကျမ်းစာထားခွင့်ပေးခဲ့လို့ ကျွန်တော်ပျော်ရွှင်ခဲ့ရတယ်။ ကျွန်တော့်ရဲ့စာအုပ်စင်မှာ အဲဒီကျမ်းစာအုပ် အခုထိရှိနေတုန်းပဲ။ အဲဒီနေ့ကခံခဲ့ရတဲ့ နှိပ်စက်မှုကြောင့် နှစ်ပေါင်းများစွာအထိ ဗိုက်အောင့်ဝေဒနာ ခံစားခဲ့ရတယ်။

ရက်အတော်ကြာပြီးတဲ့နောက် စစ်ဗိုလ်က ကျွန်တော့်အဖေ သူ့ဆီရေးတဲ့စာကို ဖတ်ပြတယ်။ “သူလက်လျှော့သွားအောင် လုပ်လိုက်ပါ။ လိုအပ်ရင် သူ့ရဲ့မာနကို ရိုက်ချိုးလိုက်ပါ” လို့ရေးထားတယ်။ ကျွန်တော်အလျှော့မပေးခဲ့လို့ အရာရှိက ကျွန်တော့်ကို အမှောင်ခန်းထဲ ထည့်လိုက်တယ်။ ကျွန်တော် စောင်သေးသေးတစ်ထည်ခြုံပြီး ပျဉ်ချပ်ပေါ်မှာအိပ်ခဲ့ရတယ်။ အိမ်သာမရှိလို့ အခန်းထောင့်မှာပဲ အပေါ့အလေးစွန့်ခဲ့ရတယ်။ ရေချိုးလို့လည်းမရ၊ သွားတိုက်လို့လည်းမရ၊ စားပြီးသားပန်းကန်ကိုလည်း ဆေးလို့မရဘူး။ နှစ်ပတ်ကြာပြီးတဲ့နောက် ပဲရစ်မှာရှိတဲ့ ဖရန့်ထောင်ကို အပို့ခံရတယ်။

နောက်ထပ်ခြောက်နှစ်အတွင်းမှာ ထောင်ထဲကို လေးကြိမ်အပို့ခံရပြီး အကျဉ်းထောင် ၁၄ ခုမှာ အချိန်ကုန်ခဲ့တယ်။ ဆောင်းတွင်းတစ်ခုမှာတော့ လဝါချိုင့်ဝှမ်းမှာရှိတဲ့ ၁၂ ရာစုတုန်းက ခရစ်ယာန်ကျောင်းတိုက်တစ်ခုဖြစ်ခဲ့တဲ့ ဖွန်တာဗရိုအကျဉ်းထောင်မှာ အချုပ်ခံရတယ်။ အဲဒီကိုရောက်သွားတော့ ကျွန်တော့်ပစ္စည်းတွေအားလုံး အသိမ်းခံရတယ်။ ကျွန်တော်က ကျမ်းစာကို အတင်းပြန်တောင်းလို့ တစ်လ တိုက်ပိတ်ခံရတယ်။ အဲဒီမှာ အရမ်းအေးလို့ ရောဂါဟောင်းပြန်ထလာပြီး ချောင်းဆိုးတဲ့အခါ သွေးပါလာတယ်။

နောက်ပိုင်းမှာ ဆိုမြူအယ်လ်အနီးက ပိုသက်သောင့်သက်သာရှိတဲ့ ရှာတိုဒါတူရ်ဂါအကျဉ်းထောင်ကို အပို့ခံရတယ်။ အဲဒီက အကျဉ်းသားတွေဟာ အငြိမ်းစားအရာရှိတွေရဲ့ အိမ်မှုကိစ္စတွေကို လုပ်ကိုင်ပေးရတယ်။ အကျဉ်းသားဖော်တွေထဲမှာ နောက်ပိုင်း အယ်လ်ဂျီးရီးယားသမ္မတဖြစ်လာမယ့် အာမက်ဘင်ဘယ်လားလို့ခေါ်တဲ့ လူတစ်ယောက်ပါတယ်။ သူ့ကို ကျွန်တော် လပေါင်းများစွာ သက်သေခံခဲ့တယ်။ တစ်ခါမှာ သူက “မင်းဟာ အယ်လ်ဂျီးရီးယား တိုင်းရင်းသားတစ်ယောက်ဖြစ်ပြီး အယ်လ်ဂျီးရီးယားလူမျိုးတွေကို လက်နက်ကိုင်တိုက်ခိုက်ဖို့ ငြင်းဆန်ခဲ့လို့ ဒီကိုရောက်နေရတာ” လို့ကျွန်တော့်ကိုပြောတယ်။ ကျွန်တော့်ရဲ့ရပ်တည်ချက်ကို သူလေးစားခဲ့တယ်။

နောက်ထပ်စမ်းသပ်မှုတွေကို ခံရပ်နိုင်ခဲ့

ကျွန်တော့်ရဲ့ကျန်းမာရေးအခြေအနေ ဆိုးလာပြီး အဆုတ်ရောဂါဖြစ်လာလို့ ပြင်သစ်တောင်ပိုင်းမှာရှိတဲ့ အဆုတ်ရောဂါကုဆေးရုံကို အပို့ခံရတယ်။ အဲဒီမှာ လအတော်ကြာ အိပ်ရာထဲလဲခဲ့ရတယ်။ ဆရာဝန်က ပျက်စီးနေတဲ့အဆုတ်ကို ခွဲထုတ်လိုက်ဖို့ပြောတော့ ‘အသွေးကို ကြဉ်ရှောင်’ မှ ခွဲစိတ်မယ်လို့ ကျွန်တော်သဘောတူလိုက်တယ်။ (တမန်တော် ၁၅:၂၈၊ ၂၉) ဆရာဝန်ကဒေါသထွက်ပြီး ကျွန်တော့်ကို မခွဲပေးတော့ဘူး။ အခု ကျွန်တော်ထောင်ထဲရောက်နေတာ ခြောက်နှစ်ရှိပြီ။

ဆောင်းလယ်ရောက်တော့ ကျွန်တော် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆေးရုံကဆင်းခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါက တမန်တော်ပေါလုကို ကူညီပေးဖို့ ဩနေသိဖော်ကို လွှတ်လိုက်သလို အခု ညီအစ်ကို အဒေါ့ဖ်ဂါရာတိုနီရောက်လာပြီး ကျွန်တော့်ကို “သက်သာစေဖို့” ခေါ်သွားတယ်။ (ကောလောသဲ ၄:၁၁; ၂ တိမောသေ ၁:၁၆-၁၈) ပြင်သစ်တောင်ပိုင်းမှာ သူနဲ့ ဆရာဝန်တစ်ယောက်ရဲ့အကူအညီနဲ့ ကျွန်တော့်ကျန်းမာရေးအခြေအနေ မှန်မှန်လေး တိုးတက်လာတယ်။

ဒီအတောအတွင်းမှာ ကုန်ကျစရိတ်တွေများခဲ့လို့ ကျွန်တော် ငွေလိုလာတယ်။ ကျွန်တော်ဘယ်လိုလုပ်ရမယ်ဆိုတာ မသိသေးဘူး။ တစ်နေ့မှာ သူစိမ်းတစ်ယောက် ကျွန်တော့်ဆီရောက်လာတယ်။ သူက “ကျွန်မက ရှေ့နေပါ။ အယ်လ်ဂျီးရီးယားသမ္မတ မစ္စတာ ဘင်ဘယ်လားက ဒါကို ရှင့်ဆီပို့ခိုင်းလိုက်တယ်” လို့ပြောပြီး ကျွန်တော်လိုအပ်နေတဲ့ ငွေပမာဏထက် ပိုများတဲ့ ငွေတွေပါတဲ့ စာအိတ်တစ်အိတ်လှမ်းပေးတယ်။ ‘ဆုတောင်းစကားကို နားထောင်’ တဲ့ ယေဟောဝါကို ကျွန်တော် အရမ်းကျေးဇူးတင်ခဲ့တယ်။—⁠ဆာလံ ၆၅:⁠၂

ထူးမြတ်တဲ့အခွင့်အရေးနဲ့ လှပတဲ့အဖော်မွန်

အခု ထောင်ကလွတ်လာပြီဖြစ်လို့ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုမှာ ပြန်ပါဝင်ခဲ့တယ်။ ပဲရစ်မြို့အနီးက မလိုရင်းအသင်းတော်မှာ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ အန်ဒရီမိုရယ်လ်ဆိုတဲ့ မုဆိုးမတစ်ဦးနဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ သက်သေခံတစ်ယောက်ဖြစ်တဲ့ သူ့အရင်ယောက်ျားက ကားတိုက်မှုနဲ့ ဆုံးသွားတယ်။ ၁၉၆၄၊ စက်တင်ဘာ ၂၆ ရက်မှာ ကျွန်တော်တို့လက်ထပ်လိုက်ကြတယ်။ ၁၉၆၅၊ ဩဂုတ် ၁ ရက်မှာ အထူးရှေ့ဆောင်တွေအနေနဲ့ ခန့်အပ်ခံရတယ်။ အန်ဒရီက ကျန်းမာရေးသိပ်မကောင်းပေမဲ့ ၂၈ နှစ်လုံးလုံး အချိန်ပြည့်လုပ်ငန်းမှာ ပျော်ရွှင်စွာပါဝင်ခဲ့တယ်။

၁၉၆၇ ခုနှစ်မှာ ကျွန်တော်ဟာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တွေကို လည်ပတ်ပြီး အားပေးရတဲ့ နယ်လှည့်အမှုဆောင်ဖြစ်တဲ့ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးအဖြစ် ခန့်အပ်ခံရတယ်။ ပြင်သစ်တောင်ပိုင်း၊ ဘော်ဒိုးကနေ မော်နာကိုအထိ အမှုဆောင်ရပြီး ပဲရစ်မှာ တစ်နှစ်အမှုဆောင်ရတယ်။ ကျွန်တော်တို့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် နယ်လှည့်လုပ်ငန်းက သိပ်မလွယ်လှပေမဲ့ ယေဟောဝါရဲ့ အကူအညီကြောင့် ၁၉၈၆ ခုနှစ်အထိ အနှစ် ၂၀ လုံးလုံး ညီအစ်ကိုတွေအတွက် အဲဒီလုပ်ငန်းမှာ ပါဝင်ခဲ့တယ်။ အဲဒီနောက် အထူးရှေ့ဆောင်တွေအနေနဲ့ ပြန်အမှုဆောင်ခဲ့တယ်။

ကျွန်တော့် လက်ရှိအသက်တာ

အခု ကျွန်တော်အသက် ၇၀ နားနီးနေပေမဲ့ ယေဟောဝါဟာ အမြဲပဲ သူ့ကျေးကျွန်တွေကို စမ်းသပ်မှုတွေခံနိုင်ဖို့ ခွန်အားပေးတယ်ဆိုတာ ထပ်ခါတလဲ သင်ယူသိရှိနေရတုန်းပါပဲ။ ကျွန်တော် တစ်နှစ်ကိုတစ်ခေါက် အစအဆုံးဖတ်နိုင်အောင်ကြိုးစားတဲ့ မှုတ်သွင်းခံသမ္မာကျမ်းစာ လေ့လာခြင်းကနေ ခွန်အားတချို့ကို ရရှိတယ်။—⁠ဟေရှာယ ၄၀:၂၈-၃၁; ရောမ ၁၅:၄; ၂ တိမောသေ ၃:⁠၁၆

သတင်းကောင်းကိုတုံ့ပြန်တဲ့သူတွေနဲ့ သူတို့ရဲ့အသက်တာကို ယေဟောဝါထံအပ်နှံသူတွေကို တွေ့ရတဲ့အခါ အန်ဒရီနဲ့ကျွန်တော် ခွန်အားရတယ်။ အမှန်ပါပဲ၊ နှစ်တွေတစ်လျှောက်မှာ ကျွန်တော်တို့ရဲ့ ကျမ်းစာသင်သား ၇၀ ယေဟောဝါထံအပ်နှံတာကို တွေ့ခဲ့ရလို့ မဖော်ပြနိုင်တဲ့၊ တည်မြဲတဲ့ ပျော်ရွှင်မှုကို ခံစားရတယ်။ ကျွန်တော်တို့ရဲ့အသက်တာကို ပြန်ပြောင်းကြည့်တဲ့အခါ ဆာလံဆရာက ကျွန်တော်တို့တစ်ယောက်စီရဲ့ကိုယ်စား ဒီလိုပြောခဲ့တာလို့ ခံစားရတယ်– ‘ဤဆင်းရဲသောသူ၏ အော်ဟစ်ခြင်းအသံကို ထာဝရဘုရားသခင်သည် နားထောင်၍ ခပ်သိမ်းသောဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။’—⁠ဆာလံ ၃၄:⁠၆

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 ယေဟောဝါသက်သေများထုတ်ဝေခဲ့၊ ယခု ပုံမနှိပ်တော့ပါ။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ဆိုမြူအယ်လ်အနီးမှ ရှာတိုဒါတူရ်ဂါ အကျဉ်းထောင်တွင်

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

၁၉၆၇ ခုနှစ်နှင့် ယနေ့တွင် ကျွန်တော့်ဇနီးနှင့်အတူ