မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ ဒီအကျင့်ကို ဘယ်လိုချိုးနှိမ်ရမလဲ

ငါ ဒီအကျင့်ကို ဘယ်လိုချိုးနှိမ်ရမလဲ

လူငယ်များအမေး . . .

ငါ ဒီအကျင့်ကို ဘယ်လိုချိုးနှိမ်ရမလဲ

“ကျွန်တော် အသက်ရှစ်နှစ်အရွယ်မှာ တစ်ကိုယ်တည်းရာဂစိတ်ဖြေခဲ့တယ်။ ဒီအကျင့်နဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ရှုမြင်ပုံကို နောက်မှ ကျွန်တော်သိလာတယ်။ ဒီအကျင့်ဆိုးကိုကျင့်မိတဲ့အခါတိုင်း ကျွန်တော်စိတ်မကောင်းဖြစ်ရတယ်။ ‘ငါ့လိုလူကို ဘုရားသခင် ဘယ်လိုချစ်နိုင်မှာလဲ’ လို့ကိုယ့်ကိုကိုယ်ပြန်မေးတယ်။ ဘုရားသခင်ရဲ့ကမ္ဘာသစ်ထဲ ကျွန်တော် ဝင်ရမှာမဟုတ်ဘူးဆိုတာ သေချာတယ်။”—လူအီဇ်။ *

သင်သည် လူအီဇ်ကဲ့သို့ပင် တစ်ကိုယ်တည်းရာဂစိတ်ဖြေသည့်အကျင့်မှ ရုန်းမထွက်နိုင်ဘဲဖြစ်ခဲ့ပေမည်။ ပြင်းပြသောထိုဆန္ဒကို တွန်းလှန်တိုက်ဖျက်ရန် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်အသီးဖြစ်သည့် ချုပ်တည်းခြင်းကို ကျင့်သုံးမည်ဆိုလျှင် ယေဟောဝါနှစ်သက်တော်မူမည်ဖြစ်ကြောင်း သင်သိရှိထားသည်။ (ဂလာတိ ၅: ၂၂၊ ၂၃; ၂ ပေတရု ၁: ၅၊ ၆) သို့သော် တစ်ခါတစ်ရံ သင်လက်လျှော့အရှုံးပေးမိပေမည်။ ထိုအကျင့်ဆိုးကို ပြန်ကျင့်မိသည့်အခါတိုင်း သင်သည် အဖတ်ဆယ်မရတော့သူ၊ ဘုရားသခင်၏ ဖြောင့်မတ်သောစံနှုန်းများအတိုင်း နေထိုင်နိုင်စွမ်းမရှိသူဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုကောက်ချက်ချပေမည်။

ပေဒရိုအမည်ရှိလူငယ်သည် သူကိုယ့်သူ ထိုအတိုင်းရှုမြင်ခဲ့၏။ “ဒီအကျင့်ဆိုးကို ပြန်ကျင့်မိတဲ့အခါ ကျွန်တော် အတော့်ကိုထိတ်လန့်သွားတယ်။ ကျွန်တော့်လုပ်ရပ်တွေကို ပြုပြင်လို့ရတော့မှာမဟုတ်ဘူးလို့ ထင်ခဲ့တယ်။ ကျွန်တော် ဆုတောင်းဖို့အခက်တွေ့လာတယ်။ ‘ယေဟောဝါ၊ ကျွန်တော့်ဆုတောင်းချက်ကို ကိုယ်တော်နားညောင်းမယ်၊ နားမညောင်းဘူးဆိုတာ ကျွန်တော်မသိဘူး၊ ဒါပေမဲ့  . . .’ လို့ပဲစပြောရတော့မယ်” ဟုသူကဆိုသည်။ အန်ဒရေအမည်ရှိ လူငယ်တစ်ဦးလည်း အလားတူခံစားခဲ့ရသည်။ “ကျွန်တော် ကြောင်သူတော်တစ်ဦးလိုဖြစ်နေတယ်လို့ ခံစားရတယ်။ မနက်ပိုင်းမှာ အိပ်ရာထပြီး လုပ်ငန်းဆောင်တာတွေလုပ်ဖို့ အပြင်းအထန်ကြိုးစားခဲ့ရတယ်။ ခရစ်ယာန်အစည်းအဝေးတွေတက်ဖို့ ဒါမှမဟုတ် ဓမ္မအမှုမှာပါဝင်ဖို့ အခက်တွေ့လာတယ်” ဟုသူကဆိုသည်။

သင်လည်း လူအီဇ်၊ ပေဒရို သို့မဟုတ် အန်ဒရေတို့ကဲ့သို့ ခံစားနေရမည်ဆိုလျှင် အားမငယ်ပါနှင့်။ ထိုသို့ဖြစ်နေသည်မှာ သင်တစ်ဦးတည်းမဟုတ်ပါ။ သင့်အခြေအနေသည် မျှော်လင့်ချက်မဲ့မနေပါ! လူကြီးများအပါအဝင် လူငယ်များစွာသည် တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းကို တွန်းလှန်နေရကာ ယင်းကို အောင်မြင်နိုင်ခဲ့ကြသည်။ သင်လည်းပဲ အောင်မြင်နိုင်ပါသည်။ *

စိတ်မသိုးမသန့်ဖြစ်ခြင်းကို ကိုင်တွယ်ခြင်း

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း တစ်ကိုယ်တည်းရာဂစိတ်ဖြေသည့်အကျင့်ကို ပြုကျင့်ခဲ့ကြသူများသည် များသောအားဖြင့် စိတ်မသိုးမသန့်ဖြစ်ခဲ့ကြရသည်။ ‘ဘုရားသခင်၏အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်း’ က ထိုအကျင့်ကိုအောင်မြင်ရန် သင့်အား လှုံ့ဆော်ပေးနိုင်သည်မှာ သေချာသည်။ (၂ ကောရိန္သု ၇: ၁၁) သို့သော် အလွန်အကျွံစိတ်မသိုးမသန့်ဖြစ်ခြင်းက မလိုလားဖွယ်အကျိုးဆက်များ ဖြစ်ပေါ်စေနိုင်၏။ ယင်းကြောင့် လက်လျှော့အရှုံးပေးလိုသည်အထိ အလွန်စိတ်ဓာတ်ကျလာနိုင်သည်။—သု. ၂၄: ၁၀

ထို့ကြောင့် ကိစ္စရပ်ကို အရှိအတိုင်းရှုမြင်ရန် ကြိုးစားပါ။ တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းသည် ညစ်ညူးမှုအသွင်တစ်မျိုးဖြစ်၏။ ယင်းက သင့်အား “ရမ္မက်ဆန္ဒနှင့် အမျိုးမျိုးသော အပျော်အပါးလိုက်စားမှုများ၏ကျွန်” ဖြစ်စေနိုင်ပြီး စိတ်ပိုင်းအရယိုယွင်းစေသော စိတ်သဘောထားများကို ဖြစ်ပေါ်စေနိုင်၏။ (တိ. ၃: ၃ခမ) သို့သော်လည်း တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းသည် မတရားမေထုန်ကဲ့သို့ အလွန်အကျွံ လိင်အကျင့်ယိုယွင်းမှုအသွင်တစ်မျိုးမဟုတ်ချေ။ (ဧဖက် ၄: ၁၉) ထို့ကြောင့် သင်သည် တစ်ကိုယ်တည်းရာဂစိတ်ဖြေသည့်ပြဿနာရှိနေလျှင် ခွင့်မလွှတ်နိုင်သောအပြစ်ကို ကျူးလွန်နေသည်ဟု ကောက်ချက်ချဖို့မလိုပေ။ သော့ချက်မှာ ပြင်းပြသောထိုဆန္ဒကို တွန်းလှန်ရန်နှင့် ဘယ်တော့မျှ လက်လျှော့အရှုံးမပေးရန် ဖြစ်သည်။

တစ်ခါတစ်ရံ ထိုအကျင့်ဆိုးကို ပြန်ကျင့်မိပြီးနောက် စိတ်ဓာတ်ကျဖို့လွယ်ကူသည်။ ထိုသို့ဖြစ်သည့်အခါ နယပုံပြင် ၂၄: ၁၆ ပါဤစကားများကို သတိရပါ– “ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော်လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား လဲသောအခါ ဆုံးရှုံးလိမ့်မည်။” တိုးတက်မှုခေတ္တကြန့်ကြာနေခြင်းက သင့်ကို ဆိုးညစ်သူတစ်ဦးမဖြစ်စေပါ။ ထို့ကြောင့် အရှုံးမပေးပါနှင့်။ ယင်းအစား ဘယ်အရာက သင့်အား ထိုသို့ပြန်ပြုကျင့်မိစေသည်ကို ဆန်းစစ်ကာ ထိုသို့ပြန်ပြုကျင့်မိစေသည့်အရာများကို ကြိုးစားရှောင်ကြဉ်ပါ။

သင့်ပြဿနာအတွက် သင့်ကိုယ်သင် အမြဲတမ်းအပြစ်တင်နေမည့်အစား ဘုရားသခင်၏မေတ္တာနှင့် သနားကြင်နာမှုအကြောင်း အချိန်ယူ တွေးတောဆင်ခြင်ပါ။ အခိုက်အတန့် အားနည်းချက်ရှိခဲ့သည့် ဆာလံဆရာဒါဝိဒ်က ဤသို့ဆိုသည်– ‘အဘသည် သားတို့ကို သနားစုံမက်သည်နည်းတူ ထာဝရဘုရားသခင်သည် ကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။ အကြောင်းမူကား ငါတို့ကိုယ်ခန္ဓာကို သိတော်မူ၏။ ငါတို့သည် မြေမှုန့်ဖြစ်ကြောင်းကို အောက်မေ့တော်မူ၏။’ (ဆာလံ ၁၀၃: ၁၃၊ ၁၄) မှန်ပါသည်၊ ယေဟောဝါသည် ကျွန်ုပ်တို့၏မစုံလင်မှုကို ထည့်တွက်ကာ ကျွန်ုပ်တို့အမှားပြုမိသည့်အခါ “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူ၏။ (ဆာလံ ၈၆: ၅ကဘ) သို့သော် ကိုယ်တော်သည် ကျွန်ုပ်တို့တိုးတက်ကောင်းမွန်လာရန် ကြိုးစားစေလိုတော်မူ၏။

သင်၏အကျင့်ကိုချိုးနှိမ်ကာ ဒုံရင်းအခြေအနေသို့ ပြန်မရောက်စေရန် လက်တွေ့ကျင့်သုံးနိုင်သော အဘယ်နည်းလမ်းများရှိသနည်း။

ရင်ဖွင့်ပြောဆိုခြင်း၏တန်ဖိုး

တိုင်းပြည်များစွာတွင် လိင်အကြောင်းကို မကွယ်မဝှက်ပြောဆိုကြသော်လည်း များစွာသောသူတို့မူ လေးလေးနက်နက်၊ သိက္ခာရှိရှိဖြင့် လိင်အကြောင်းပြောဆိုရန် အခက်တွေ့နေဆဲပင်ဖြစ်၏။ သင်လည်း ရှက်ရွံ့နေခြင်းကြောင့် ယုံကြည်စိတ်ချရသူတစ်ဦးကိုပင် ထိုအကြောင်း စတင်ပြောဆိုရန် အခက်တွေ့နေပေမည်။ တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းကို နှစ်ပေါင်းများစွာတွန်းလှန်ခဲ့ရသည့် ခရစ်ယာန်တစ်ဦးက ဤသို့ပြောပြသည်– “ကျွန်တော်ငယ်ငယ်တုန်းက တစ်ယောက်ယောက်ကို အဲဒီအကြောင်း ပြောရဲချင်လိုက်တာ! ကျွန်တော်ဟာ စိတ်မသိုးမသန့်ဖြစ်တဲ့ခံစားချက်တွေကြောင့် နှစ်ပေါင်းများစွာ စိတ်အနှောင့်အယှက်ဖြစ်ရုံမက တခြားသူတွေနဲ့ရော အထူးသဖြင့် ယေဟောဝါနဲ့ပါ ဆက်ဆံရေးအကြီးအကျယ်ပျက်ခဲ့ရတယ်။”

မည်သူ့ကို သင်ပြောပြသင့်သနည်း။ အကောင်းဆုံးမှာ ဝိညာဉ်ရေးရင့်ကျက်သူတစ်ဦး၊ ဖြစ်နိုင်လျှင် မိဘတစ်ဦးကိုပြောပြခြင်းဖြစ်သည်။ “ကျွန်တော် အရမ်းစိတ်အနှောင့်အယှက်ဖြစ်ရတဲ့ပြဿနာတစ်ခုကို ပြောပြလို့ရမလား” ဟု သင်စတင်ပြောဆိုနိုင်သည်။

မရယို အမည်ရှိလူငယ်တစ်ဦးသည် အလွန်စာနာပြီး နားလည်ပေးတတ်သည့် သူ၏ဖခင်ကိုပြောပြရန် ဆုံးဖြတ်ခဲ့သည်။ ဖခင်ဖြစ်သူက မရယိုအား သူကိုယ်တိုင် ငယ်စဉ်က ထိုအကျင့်ကို တိုက်လှန်ခဲ့ရကြောင်းကိုပင် ဝန်ခံခဲ့သည်။ “အဖေရဲ့ပွင့်လင်းရိုးသားမှုက ကျွန်တော့်ကို အများကြီးအားရှိစေခဲ့တယ်။ အဖေတောင် ဒီအကျင့်ဆိုးကို အောင်မြင်နိုင်ခဲ့တယ်ဆိုရင် ငါလည်း အောင်မြင်နိုင်မှာပဲလို့ ကောက်ချက်ချခဲ့တယ်။ အဖေရဲ့စိတ်သဘောထားက ကျွန်တော့်ကို အလွန်ထိမိခဲ့တဲ့အတွက် စိတ်မထိန်းနိုင်တော့ဘဲ ငိုချလိုက်တယ်” ဟုမရယိုကဆိုသည်။

အန်ဒရေသည် ခရစ်ယာန်အကြီးအကဲတစ်ဦးအား ပြောပြရန် သတ္တိရှိရှိဆုံးဖြတ်ခဲ့ကာ ထိုသို့ပြောပြလိုက်ရသည်ကို သူဝမ်းသာသည်။ * “အကြီးအကဲက ကျွန်တော့်စကားကို နားထောင်ပေးနေရင်း မျက်ရည်တွေဝဲလာတယ်။ ကျွန်တော်ပြောပြီးတဲ့အခါ ကျွန်တော့်ကို ယေဟောဝါချစ်တယ်ဆိုတာ စိတ်ချစေခဲ့တယ်။ ကျွန်တော့်ရဲ့ပြဿနာဟာ ဖြစ်လေ့ဖြစ်ထရှိတဲ့အရာတစ်ခုလို့ သူကပြောတယ်။ ကျွန်တော့်ရဲ့တိုးတက်မှုကို ကြည့်ပေးမယ်၊ ကျမ်းစာအထောက်အကူပြုစာပေတွေကနေ ထပ်ဆင့်အချက်အလက်တွေ ယူလာပေးမယ်လို့ သူကတိပေးခဲ့တယ်။ ဒီအကျင့်ဆိုးကို နောက်ထပ်ပြန်ကျင့်မိရင်တောင် ဆက်ပြီးတိုက်ဖျက်သွားဖို့ ကျွန်တော်သန္နိဋ္ဌာန်ချထားတယ်လို့ သူ့ကိုပြောပြတယ်။”

မရယိုနှင့် အန်ဒရေတို့နည်းတူ သင်လည်း တစ်ကိုယ်တည်းရာဂစိတ်ဖြေသည့်အကျင့်ကို ချိုးနှိမ်ရန် ကြိုးစားရာတွင် အကူအညီရရှိနိုင်သည်။ “လက်ဦးမှုရယူပါ!” ဟူသောပူးတွဲပါလေးထောင့်ကွက်မှ အကြံပြုချက်ကို လိုက်လျှောက်ပါ။ မှန်ပါသည်၊ သင်တိုက်လှန် နိုင် ကြောင်း စိတ်ချပါ!

“လူငယ်များအမေး . . .” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤဆောင်းပါးရှိ နာမည်များကို ပြောင်းထားသည်။

^ အပိုဒ်၊ 6 ဤဆောင်းပါးတွင် ဖော်ပြခံရသူများသည် အမျိုးသားများဖြစ်သော်လည်း အမျိုးသမီးများစွာလည်း တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းကို တွန်းလှန်နေကြရသည်။ ထို့ကြောင့် ပေးထားသောအကြံပြုချက်သည် နှစ်ဦးစလုံးနှင့်သက်ဆိုင်၏။ ဤဆောင်းပါးက မိမိဘာသာ တစ်ကိုယ်တည်းရာဂစိတ်ဖြေခြင်းအကြောင်း ဆွေးနွေးနေသည်ကိုလည်း သတိရပါ။ မိမိအိမ်ထောင်ဖက်မဟုတ်သည့် အခြားသူတစ်ဦးနှင့် ထိုသို့ပြုခြင်းကို သမ္မာကျမ်းစာက မတရားမေထုန် ဟုခေါ်ပြီး ယင်းသည် ဘုရားသခင့်ရှေ့မှောက်တွင် အလွန်ကြီးလေးသောအပြစ်တစ်ခုဖြစ်၏။—လူငယ်များအမေး . . . တာသွားသည့်အဖြေ စာအုပ်၊ အခန်း ၂၃ ပါ “လက်မထပ်ခင် သံဝါသပြုတာကို ဘယ်လိုပြောမလဲ” ဆောင်းပါးကိုရှု။

^ အပိုဒ်၊ 17 အမျိုးသမီးငယ်တစ်ဦးသည် သူ၏မိခင် သို့မဟုတ် အသင်းတော်ရှိ ရင့်ကျက်သောဝိညာဉ်ရေးညီအစ်မတစ်ဦးအား ပြောပြလိုပေမည်။

ချင့်တွေးစရာ

▪ ယေဟောဝါသည် “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူကြောင်း သတိရရန် အဘယ်ကြောင့်အရေးကြီးသနည်း။—ဆာလံ ၈၆:၅၊ ကဘ။

▪ တစ်ကိုယ်တည်းရာဂစိတ်ဖြေသည့်အကျင့်ကို အောင်မြင်ရန် အဘယ်ခြေလှမ်းများလှမ်းရမည်နည်း။

▪ အကူအညီတောင်းခံရန် အဘယ်ကြောင့် ရှက်ဖို့မလိုသနည်း။

▪ စင်ကြယ်သောအရာများကို အကောင်းဆုံးနည်းဖြင့် မည်သို့နှလုံးသွင်းနိုင်သနည်း။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အကျင့်ဆိုးကိုပြန်ကျင့်မိခြင်းက ရှုံးနိမ့်ခြင်းမဟုတ်!

‘ရှုံးလက်စနဲ့ လုံးဝအရှုံးပေးလိုက်တာ ကောင်းပါတယ်’ ဟူ၍ဆင်ခြင်စဉ်းစားရန် အလွန်လွယ်ကူသည်။ ထိုသဘောထားမျိုးကို တိုက်ထုတ်ပစ်ပါ။ တိုးတက်မှုခေတ္တကြန့်ကြာနေခြင်း သို့မဟုတ် အကြိမ်ကြိမ်မအောင်မြင်ခြင်းကြောင့် မည်သည့်အခါမျှ လက်မြှောက်အရှုံးမပေးလိုက်ပါနှင့်။

ဤဥပမာကို သုံးသပ်ကြည့်ပါ– သင်သည် လှေကားထစ်အတိုင်း အပေါ်သို့တက်သွားစဉ် လဲကျသွားသဖြင့် တစ်ထစ်နှစ်ထစ် နောက်ပြန်ကျသွားခဲ့သည်ရှိသော် ‘အောက်ဆုံးလှေကားထစ်ကို ပြန်သွားပြီး အစကနေပြန်တက်မှပဲ’ ဟူ၍ သင်တွေးဆမည်လော။ ထိုသို့တွေးဆမည်မဟုတ်ပေ! အကျင့်ဆိုးများကို တိုက်လှန်ရာတွင် ဤမှားယွင်းသောဆင်ခြေကို အဘယ်ကြောင့် ကျင့်သုံးမည်နည်း။

တိုးတက်မှုကြန့်ကြာခြင်းနှင့်အတူ လိုက်ပါလာလေ့ရှိသောအရာမှာ မလုံမလဲဖြစ်သောခံစားချက်များပင်ဖြစ်၏။ သင့်အနေဖြင့် ဤသို့သောခံစားချက်များ ပြင်းထန်လွန်းလှသဖြင့် မိမိသည် ဆိုးညစ်သူ၊ ပျော့ညံ့သူ၊ ကောင်းစွာဆက်ဆံမခံထိုက်သူဟူ၍ ကောက်ချက်ချမိပေမည်။ မိမိကိုယ်ကိုခွင့်မလွှတ်နိုင်သည့် အပြစ်ကြီးပြုမိပြီဟု မည်သည့်အခါမျှ မထင်မှတ်ပါနှင့်။ ဤသို့သောစိတ်ထားသည် ဆက်လက်တိုက်ပွဲဝင်ရန် လိုအပ်သောခွန်အားကို ဆုတ်ယုတ်စေ၏။ ကမ္ဘာပေါ်အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားဖြစ်သူ ယေရှုခရစ်သည် စုံလင်သူတို့ကိုမဟုတ်ဘဲ အပြစ်သားတို့ကို ရွေးနုတ်ခြင်းငှာကြွလာတော်မူသည်ကို သတိရပါလေ။ ထို့ကြောင့် ယခုကာလအတွင်း ကျွန်ုပ်တို့တစ်ဦးမျှ အပြစ်ဆိုစရာမရှိ ပြည့်ဝစုံလင်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ကြမည်မဟုတ်ချေ။—၁၉၉၂ ဖေဖော်ဝါရီ ၈ ရက်၊ နိုးလော့! စာမျက်နှာ ၁၄ မှ။

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လက်ဦးမှုရယူပါ!

▪ အခြားအရာများအပေါ် အာရုံပြောင်းသွားရန် မရမကပြုလုပ်ပါ။—ဖိလိပ္ပိ ၄: ၈

▪ မတော်လျော်သောဆန္ဒများကို လှုံ့ဆော်ပေးသည့်အရာများအား မကြည့်ရှုပါနှင့်။—ဆာလံ ၁၁၉: ၃၇

▪ “သာမန်ထက်ထူးကဲသော တန်ခိုးတော်” ရရှိရန် ဆုတောင်းပါ။—၂ ကောရိန္သု ၄:၇၊ ကဘ။

▪ ခရစ်ယာန်လုပ်ငန်းများတွင် အလုပ်များနေပါ။—၁ ကောရိန္သု ၁၅:၅၈

[စာမျက်နှာ ၁၂ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ထပ်ဆင့်အကူအညီ

တစ်ကိုယ်တည်းရာဂစိတ်ဖြေသည့် အကျင့်ကို အောင်မြင်နိုင်ပုံနှင့်စပ်လျဉ်း၍ ထပ်ဆင့်သိလိုလျှင် ယေဟောဝါသက်သေများထုတ်ဝေသော လူငယ်များအမေး . . . တာသွားသည့်အဖြေ စာအုပ်၏ အခန်း ၂၅ နှင့် ၂၆ ကိုရှု။