မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင်းရဲခက်ခဲမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း

ဆင်းရဲခက်ခဲမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း

ဆင်းရဲခက်ခဲမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်း

တစ်ခါတစ်ရံတွင် လူတစ်ဦးက “ဘာကြောင့်လဲ” ဟုမေးမြန်းခြင်းသည် နှစ်သိမ့်မှုနှင့် အဖြေရလို၍ဖြစ်သည်။ အကြောင်းမှာ လူတို့သည် ကြီးမားသည့်ဆုံးရှုံးမှုနှင့် ကြုံရသည့်အခါ နှစ်သိမ့်မှုများစွာ လိုအပ်ကြသောကြောင့်ဖြစ်သည်။ သမ္မာကျမ်းစာက ယင်းသို့သောနှစ်သိမ့်မှုမျိုး ပေးပါသလော။ ဤအကြောင်းအရာနှင့်ဆက်စပ်နေသော အရေးကြီးသည့် ကျမ်းစာအမှန်တရားသုံးခုကို သုံးသပ်ကြည့်ပါ။

ဦးစွာ၊ ဆင်းရဲခက်ခဲမှုကို ဘုရားသခင် အဘယ်ကြောင့် ခွင့်ပြုတော်မူသနည်းဟုမေးခြင်းသည် မမှားချေ။ ယင်းသို့မေးလျှင် ဘုရားသခင်အား မယုံကြည်ရာ သို့မဟုတ် မခန့်လေးစားပြုရာရောက်သည်ဟု လူအချို့က တွေးပူကြသည်။ သို့သော် သင့်နည်းတူ လူများစွာသည် ဤမေးခွန်းကို စိတ်ရင်းမှန်ဖြင့်မေးကြပါသည်။ သစ္စာရှိပရောဖက်ဟဗက္ကုတ်သည် ဘုရားသခင်အား ဤသို့မေးမြန်းခဲ့၏– “မတရားသောအမှုကို အကျွန်ုပ်အား အဘယ်ကြောင့် ပြတော်မူသနည်း။ . . . လုယူခြင်း၊ အနိုင်အထက်ပြုခြင်းအမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသနည်း။” (ဟဗက္ကုတ် ၁:၃) ယေဟောဝါဘုရားသခင်သည် ဟဗက္ကုတ်အား အပြစ်မတင်ခဲ့ချေ။ ယင်းအစား ကိုယ်တော်သည် သစ္စာရှိသောထိုအမျိုးသားမေးသည့် မေးခွန်းများကို ကျွန်ုပ်တို့ဖတ်ရှုရန် မှတ်တမ်းတင်စေခဲ့သည်။—⁠ရောမ ၁၅:၄

ဒုတိယအချက်မှာ သင်ဆင်းရဲဝေဒနာခံစားနေရသည်ကို ဘုရားသခင် စာနာပေးကြောင်း နားလည်ရန်အရေးကြီး၏။ ကိုယ်တော်သည် ဘာသိဘာသာနေသူ၊ လျှို့ဝှက်စွာနေတတ်သူ မဟုတ်ချေ။ ကိုယ်တော်သည် “တရားကို နှစ်သက်တော်မူ” ပြီး ဆိုးသွမ်းမှုနှင့် ယင်းကြောင့်ဖြစ်သော ဆင်းရဲဝေဒနာများကို ရွံမုန်းတော်မူ၏။ (ဆာလံ ၃၇:၂၈; သု. ၆:၁၆-၁၉) နောဧခေတ်ကိုပြန်ပြောင်းကြည့်လျှင် မြေကြီးပေါ်ပျံ့နှံ့နေသည့် ကြမ်းတမ်းရမ်းကားမှုကြောင့် ဘုရားသခင်သည် “နှလုံးတော်ပူပန်” ခဲ့၏။ (ကမ္ဘာဦး ၆:၅၊ ၆) ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိသောကြောင့် မျက်မှောက်ခေတ်တွင် ဖြစ်ပျက်နေသည့်အရာများအတွက် ကိုယ်တော်ထပ်တူခံစားရ၏။—⁠မာလခိ ၃:၆

တတိယအချက်မှာ ဘုရားသခင်သည် မည်သည့်အခါမျှ ဆိုးသွမ်းမှု၏ရင်းမြစ် မဟုတ်ချေ။ ဤအချက်ကို သမ္မာကျမ်းစာက ရှင်းရှင်းလင်းလင်း ဖော်ပြပေးသည်။ လူသတ်မှုနှင့် အကြမ်းဖက်မှုကဲ့သို့သောအရာများသည် ဘုရားသခင်ကြောင့်ဟု ယူမှတ်သူတို့က ကိုယ်တော်အား ရှုတ်ချနေခြင်းသာဖြစ်၏။ ယောဘ ၃၄:၁၀ [ကဘ] တွင် ဤသို့ဖော်ပြထားသည်ကို သတိပြုပါ– “ဆိုးသွမ်းမှုသည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ မတရားမှုသည် အဆုံးမဲ့တန်ခိုးရှင်နှင့်လည်းကောင်း ဝေးပါစေ။” ယာကုပ် ၁:၁၃ တွင်လည်း ဤသို့ဆို၏– “အပြစ်သွေးဆောင်ခြင်းကို ခံရသောသူမည်သည်ကား ‘ဘုရားသခင်သည် ငါ့ကို သွေးဆောင်တော်မူသည်’ ဟုမပြောစေနှင့်။ မကောင်းသောအရာသည် ဘုရားသခင်ကို မသွေးဆောင်နိုင်ရာ။ ကိုယ်တော်သည်လည်း အဘယ်သူကိုမျှ အပြစ်သို့သွေးဆောင်တော်မမူ။” သို့ဖြစ်၍ သင်သည် ဆင်းရဲခက်ခဲမှုနှင့် ကြုံခဲ့ရသည်ဆိုလျှင် ဘုရားသခင်ကြောင့်မဟုတ်ကြောင်း ယုံကြည်စိတ်ချနိုင်ပါသည်။

ဤလောကကို မည်သူအုပ်ချုပ်သနည်း

သို့နှင့်ပင် ဘုရားသခင်သည် မေတ္တာရှိ၍ တရားမျှတကာ အစွမ်းတန်ခိုးရှိသည်ဆိုပါက ကျွန်ုပ်တို့သည် အဘယ်ကြောင့် မကောင်းမှုများနှင့် ဝိုင်းရံခံနေရသနည်းဟူသောမေးခွန်း ကျန်ရှိနေပါသေးသည်။ အများသိထားကြသည့် လွဲမှားသောအမြင်တစ်ခုကို ဦးစွာဖြေရှင်းဖို့လိုသည်။ များစွာသောသူတို့က အတိုင်းအဆမဲ့တန်ခိုးရှင် ဘုရားသခင်အား ဤလောက၏အုပ်စိုးရှင်၊ အရာခပ်သိမ်းကို တိုက်ရိုက်ထိန်းချုပ်နေသောအရှင်အဖြစ် ယူမှတ်ကြသည်။ ကျမ်းစာကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်တစ်ဦးက “စကြဝဠာတွင် ကိုယ်တော်၏ထိန်းချုပ်မှုနှင့်လွတ်ကင်းသည့် အက်တမ် သို့မဟုတ် မော်လီကျူးတစ်ခုမျှမရှိ” ဟုဆိုခဲ့သည်။ သမ္မာကျမ်းစာသည် ယင်းသို့ အမှန်တကယ် သွန်သင်ပါသလော။

မသွန်သင်ချေ။ ဤလောကအား အုပ်ချုပ်သူနှင့်ပတ်သက်၍ သမ္မာကျမ်းစာ အမှန်တကယ်ပြောဆိုရာကို လူအများသိရသောအခါ အံ့သြသွားကြသည်။ ဥပမာ၊ ၁ ယောဟန် ၅:၁၉ က ‘လောကသားအပေါင်းတို့သည် ဆိုးညစ်သူ၏လက်၌ရှိကြသည်’ ဟုဆို၏။ ဤဆိုးညစ်သူကားမည်သူနည်း။ သူ့အား “ဤလောကကို အစိုးရသောမင်း၊” စာတန်ဟု ယေရှုခရစ် ဖော်ပြခဲ့သည်။ (ယောဟန် ၁၄:၃၀) ယင်းသည် အဓိပ္ပာယ်မရှိပေလော။ စာတန်သည် ရက်စက်ကြမ်းကြုတ်၍ လှည့်စားတတ်ကာ မုန်းတီးစိတ်အပြည့်ရှိသူဖြစ်သည်။ လူတို့ခံစားနေရသည့် ဆင်းရဲဝေဒနာများစွာသည် ၎င်း၏ဉာဉ်ဆိုးများကြောင့်ဖြစ်သည်။ သို့သော် ဘုရားသခင်သည် စာတန်အား အဘယ်ကြောင့် အုပ်ချုပ်ခွင့်ပြုထားသနည်း။

ဧဒင်တွင် ပေါ်ပေါက်ခဲ့သည့် အရေးကိစ္စ

မေတ္တာနှင့် အရည်အချင်းရှိသော မိဘတစ်ဦးသည် သားသမီးများကို လိမ်ညာနေကြောင်း၊ အခွင့်အာဏာကို အလွဲသုံးစားပြုနေကြောင်း၊ သားသမီးများ၏အကျိုးကို ထိမ်ချန်ထားကြောင်း လူသိရှင်ကြားစွပ်စွဲခံရလျှင် မည်သို့ခံစားရပါမည်နည်း။ သူသည် အဆိုပါသားပုပ်လေလွင့် စွပ်စွဲချက်များ မမှန်ကန်ကြောင်း စွပ်စွဲသူအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းဖြင့် သက်သေထူမည်လော။ သက်သေထူမည်မဟုတ်ချေ။ အမှန်မှာ ယင်းသို့ပြုခြင်းဖြင့် အဆိုပါစွပ်စွဲချက်များမှန်ကန်ကြောင်း လူအများယူမှတ်အောင် ပြုရာပင်ရောက်သွားနိုင်သည်။

လူ့သမိုင်းစတင်ခဲ့သည့် ဧဒင်ဟူသောအရပ်တွင် မိမိနှင့်ပတ်သက်၍ ပေါ်ပေါက်ခဲ့သော စိန်ခေါ်ချက်ကို ယေဟောဝါဘုရားသခင်ကိုင်တွယ်ခဲ့ပုံအား ရှင်းပြရန် ဤသရုပ်ဖော်ချက်က အထောက်အကူပြုသည်။ ထိုအရပ်တွင် ဘုရားသခင်သည် ပထမဆုံးလူသားနှစ်ဦးဖြစ်သော အာဒံနှင့်ဧဝအား မိမိ၏မြေကြီးသားသမီးများနှင့်စပ်လျဉ်းသည့် အလွန်ကောင်းသောစီမံကိန်းတစ်ခုကို ကြေညာတော်မူခဲ့၏။ သူတို့သည် မြေကြီးကိုပြည့်စေ၍ နိုင်နင်းကာ ကမ္ဘာချီပရဒိသုဖြစ်အောင် ပြောင်းလဲစေရမည်။ (ကမ္ဘာဦး ၁:၂၈) သန်းပေါင်းရာနှင့်ချီရှိသော ဘုရားသခင့်ဝိညာဉ်သားတို့သည်လည်း စိတ်လှုပ်ရှားစရာကောင်းသော ဤစီမံကိန်းကို အလွန်စိတ်ဝင်စားကြ၏။—⁠ယောဘ ၃၈:၄၊ ၇; ဒံယေလ ၇:၁၀

ရက်ရောသော ဘုရားသခင်ဖြစ်သည့် ယေဟောဝါသည် စားဖွယ်ကောင်းသော အသီးအနှံများရှိသည့် လှပသောဥယျာဉ်စံအိမ်ကို အာဒံနှင့်ဧဝတို့အား ပေးတော်မူခဲ့သည်။ သို့သော် သူတို့အား “ကောင်းမကောင်းသိကျွမ်းရာအပင်” မှအသီးကိုမူ စားခွင့်မပြုချေ။ ဤအပင်မှအသီးကို မစားခြင်းဖြင့် အာဒံနှင့်ဧဝတို့သည် ၎င်းတို့၏ဖခင်အား အပြည့်အဝယုံကြည်ကိုးစားကြောင်း ဖော်ပြကာ မိမိ၏သားသမီးများအတွက် အကောင်းအဆိုးဆုံးဖြတ်ပိုင်ခွင့် ကိုယ်တော်၌ရှိကြောင်း အသိအမှတ်ပြုရာရောက်ပေမည်။—⁠ကမ္ဘာဦး ၂:၁၆၊ ၁၇

သို့သော် ဝမ်းနည်းစရာမှာ ဘုရားသခင်၏ဝိညာဉ်သားတစ်ဦးသည် ကိုးကွယ်ခံလိုသည့်ဆန္ဒဖြစ်ပေါ်လာရာ တားမြစ်ထားသောအသီးကိုစားပါက သေရမည်မဟုတ်ဟု ဧဝအား ပြောဆိုလိုက်၏။ (ကမ္ဘာဦး ၂:၁၇; ၃:၁-၅) သို့နှင့် ဤဆိုးညစ်သောကောင်းကင်တမန် စာတန်သည် ဘုရားသခင်အား ဗြောင်ကျကျ ဆန့်ကျင်ပြောဆိုခဲ့ရာ အခြေခံအားဖြင့် သူ့ကို မုသာကောင်ဟူ၍ ခေါ်ဆိုသည်။ ထို့ပြင် ဘုရားသခင်သည် အာဒံနှင့်ဧဝတို့အား အရေးပါသောအသိပညာမပေးဘဲ ထိမ်ချန်ထားသည်ဟု စာတန်စွပ်စွဲပြောဆိုခဲ့၏။ လူသားတို့သည် အကောင်းအဆိုးကို မိမိတို့ဘာသာ ဆုံးဖြတ်နိုင်စွမ်းရှိသင့်သည်ဟု စာတန် စောင်းချိတ်ပြောဆိုခဲ့သည်။ ရိုးရိုးလေးဆိုရလျှင် ဘုရားသခင်သည် အုပ်ချုပ်ဖို့မသင့်၊ ဖခင်မဖြစ်ထိုက်ဟူ၍ စာတန်စွပ်စွဲခဲ့ခြင်းဖြင့် သူသာလျှင် သင့်တော်သောအုပ်စိုးရှင်နှင့် ဖခင်ဖြစ်ကြောင်း ပြောဆိုရာရောက်သွား၏။

ဤကောင်းကင်တမန်သည် ထိုသို့စဉ်းလဲပြီး မလိုတမာလိမ်လည်ပြောဆိုမှုများအားဖြင့် သူ့ကိုယ်သူ “ခုခံသူ” ဟုအဓိပ္ပာယ်ရှိသည့် စာတန်နှင့် “ရှုတ်ချဂုဏ်ဖျက်သူ” ဖြစ်စေခဲ့သည်။ အာဒံနှင့်ဧဝတို့သည် အဘယ်အရာပြုခဲ့ကြသနည်း။ သူတို့သည် စာတန်ဘက်ပါသွားပြီး ဘုရားသခင်အား ကျောခိုင်းခဲ့ကြလေသည်။—⁠ကမ္ဘာဦး ၃:၆

အဆိုပါပုန်ကန်သူများကို ယေဟောဝါ ချက်ချင်းဖျက်ဆီးလိုက်နိုင်သည်။ သို့သော် ကျွန်ုပ်တို့၏ဥပမာတွင် ဖော်ပြထားသည့်အတိုင်း ယင်းသို့သောအရေးကိစ္စကို အကြမ်းပတမ်း လက်စားချေခြင်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်ချေ။ ဘုရားသခင်အား စာတန်စိန်ခေါ်ခဲ့စဉ်က သန်းပေါင်းများစွာသော ကောင်းကင်တမန်များလည်း အကဲခတ်နေကြကြောင်းကို စိတ်စွဲမှတ်ထားပါ။ အမှန်မှာ နောက်ပိုင်းတွင် မရေမတွက်နိုင်သော ကောင်းကင်တမန်များသည် စာတန်၏ပုန်ကန်မှုတွင် ပါဝင်ခဲ့ကြပြီး သူတို့ကိုယ်သူတို့ နတ်ဆိုးများဖြစ်စေခဲ့ကြသည်။—⁠မာကု ၁:၃၄; ၂ ပေတရု ၂:၄; ယုဒ ၆

ဘုရားသခင် အဘယ်ကြောင့် ဝင်မစွက်ဖက်ခဲ့သနည်း

စာတန်သည် အာဒံနှင့်ဧဝအား ဖန်ဆင်းရှင်ကိုမမှီခိုရန် ဖြားယောင်းခြင်းဖြင့် အမှန်တကယ်လွတ်လပ်သွားစေသည်မဟုတ်ဘဲ ၎င်း၏သြဇာခံ လူ့မိသားစုတစ်စုကို ဖန်တီးလိုက်လေသည်။ ဤလူ့မိသားစုသည် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ၎င်းတို့၏ “အဘ” စာတန်၏သြဇာခံဖြစ်ခြင်းဖြင့် ကိုယ်ပိုင်ပန်းတိုင်များနှင့် ကျင့်ဝတ်စံနှုန်းများကို ရွေးချယ်ခဲ့ကြသည်။ (ယောဟန် ၈:၄၄) သို့သော် ထိုဘဝလမ်းစဉ်က သူတို့အား စစ်မှန်သော လွတ်လပ်မှုနှင့် တည်မြဲသောပျော်ရွှင်မှု ပေးပါမည်လော။ ပေးမည်မဟုတ်ကြောင်း ယေဟောဝါ ကောင်းစွာသိတော်မူ၏။ သို့ဖြစ်သည့်တိုင် ကိုယ်တော်သည် အဆိုပါပုန်ကန်သူများအား ၎င်းတို့၏အမှီအခိုကင်းသည့်လမ်းစဉ်ကို လျှောက်ခွင့်ပြုလိုက်သည်။ ဤနည်းအားဖြင့် ဧဒင်တွင် ပေါ်ပေါက်ခဲ့သည့် အရေးကိစ္စသည် တစ်ခါတည်းနှင့်အပြီး ဖြေရှင်းပြီးသားဖြစ်မည်။

လူသားတို့သည် ကမ္ဘာချီအစီအစဉ်စနစ်တစ်ခု ဖန်တီးကာ အုပ်ချုပ်ရေးနှင့် ကျင့်ဝတ်ဆိုင်ရာ ဥပဒေအမျိုးမျိုးဖြင့် လက်တည့်စမ်းခဲ့ကြသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၆,၀၀၀ ကျော်ပြီဖြစ်သည်။ ရလဒ်ကို သင်နှစ်သက်ပါသလော။ လူ့မိသားစုသည် အမှန်ပင် ပျော်ရွှင်ငြိမ်းချမ်းပြီး စည်းလုံးမှုရှိပါသလော။ အဖြေမှာ မရှိဟူ၍ဖြစ်သည်။ ယင်းအစား စစ်၊ ငတ်မွတ်မှု၊ သဘာဝကပ်ဘေးများ၊ ဖျားနာမှုနှင့် သေခြင်းတို့က လူသားတို့ကို ကပ်သင့်စေခဲ့ကာ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့်အတိုင်း အချည်းနှီးဖြစ်ခြင်း၊ နာကျင်ခြင်းနှင့် ‘ညည်းတွားခြင်း’ တို့ဖြစ်စေခဲ့ပြီ။—⁠ရောမ ၈:၁၉-၂၂; ဒေ. ၈:၉

သို့ရာတွင် တချို့က ‘ကြေကွဲဖွယ်အဖြစ်ဆိုးတွေကို ဘုရားသခင် ဘာကြောင့်မတားဆီးပေးတာလဲ’ ဟုမေးပေမည်။ သို့ဆိုခြင်းက မတရားရာကျပေမည်။ ဆိုးကျိုးမခံရဘဲ ဘုရားသခင်အား ပုန်ကန်နိုင်သည့်သဘော သက်ရောက်စေခြင်းဖြင့် အဆိုပါအရေးကိစ္စကို မရှင်းမလင်းဖြစ်စေမည်။ ထို့ကြောင့် ယေဟောဝါအား မနာခံခြင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်လာသည့် ရာဇဝတ်မှုများနှင့် ကြေကွဲဖွယ်အဖြစ်ဆိုးမှန်သမျှကို တားဆီးရန် ကိစ္စရပ်များအား ကိုယ်တော်ညွှန်ကြားခဲ့ခြင်းမရှိချေ။ * စာတန်၏စနစ် အောင်မြင်နိုင်သည်၊ ပျော်ရွှင်မှု၏သော့ချက်ကို ရှာတွေ့ ပြီဟူသော အကျိုးယုတ်စေသည့်လိမ်ညာမှုတွင် ယေဟောဝါ ဘယ်တော့မျှ ပါဝင်လိမ့်မည်မဟုတ်ချေ။ သို့သော်လည်း ယေဟောဝါသည် ကိစ္စရပ်များကို အရေးမစိုက်ဘဲနေတော်မမူခဲ့ချေ။ အမှန်ဆိုရလျှင် ယခု ကျွန်ုပ်တို့သိရှိရမည့်အတိုင်း ကိုယ်တော်သည် တက်ကြွစွာလုပ်ဆောင်လျက်နေတော်မူ၏။

“ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်”

ယေရှု၏အဆိုပါစကားက ဘုရားသခင်သည် ကိစ္စရပ်များကို အကြောင်းမဲ့သက်သက် ထိုင်ကြည့်မနေကြောင်း ဖော်ပြသည်။ (ယောဟန် ၅:၁၇) ယင်းအစား ကိုယ်တော်သည် ဧဒင်တွင် ပုန်ကန်မှုပေါ်ပေါက်ပြီးကတည်းက အလွန်အလုပ်များလျက်ရှိတော်မူ၏။ ဥပမာ၊ စာတန်နှင့် သူ၏အပေါင်းပါအားလုံးကို အနာဂတ်တွင်ပေါ်လာမည့် ‘မျိုးနွယ်တော်’ တစ်ဦးက ချေမှုန်းပစ်မည်ဟူသော ကိုယ်တော်၏ကတိတော်ကို မှတ်တမ်းတင်ရန် ကျမ်းရေးသူများအား မှုတ်သွင်းခဲ့သည်။ (ကမ္ဘာဦး ၃:၁၅) ထို့ပြင် နာခံမှုရှိသောလူသားများအတွက် ကောင်းချီးဖြစ်စေပြီး ဆင်းရဲဝေဒနာဖြစ်ရသည့် အကြောင်းရင်းမှန်သမျှနှင့် သေခြင်းတရားကိုပင် အဆုံးတိုင်စေမည့် ကောင်းကင်နိုင်ငံတော်ဖြစ်သော အုပ်ချုပ်မှုတစ်ရပ်ကို အဆိုပါမျိုးနွယ်တော်အားဖြင့် ဘုရားသခင် ဖွဲ့စည်းတော်မူမည်။—⁠ကမ္ဘာဦး ၂၂:၁၈; ဆာလံ ၄၆:၉; ၇၂:၁၆; ဟေရှာယ ၂၅:၈; ၃၃:၂၄; ဒံယေလ ၇:၁၃၊ ၁၄

ဤထူးမြတ်လှသော ကတိတော်များပြည့်စုံရန် ဆောင်ရွက်သည့်အနေနှင့် ယေဟောဝါသည် အဆိုပါနိုင်ငံတော်၏ အဓိကအုပ်စိုးရှင်ဖြစ်လာမည့် ပုဂ္ဂိုလ်တစ်ဦးကို ကမ္ဘာမြေပေါ်သို့ စေလွှတ်တော်မူခဲ့သည်။ ဤပုဂ္ဂိုလ်မှာ ဘုရားသခင့်သားတော် ယေရှုခရစ်မှလွဲ၍ အခြားမည်သူမျှမဖြစ်နိုင်ချေ။ (ဂလာတိ ၃:၁၆) ယေရှုသည် မိမိနှင့်ပတ်သက်သည့် ဘုရားသခင့်ရည်ရွယ်ချက်နှင့်အညီ ဘုရားသခင့်နိုင်ငံတော်အကြောင်းကို အဓိကထား၍ သွန်သင်တော်မူခဲ့သည်။ (လုကာ ၄:၄၃) အမှန်မှာ ခရစ်တော်သည် ဘုရားသခင့်နိုင်ငံတော်၏ဘုရင်အဖြစ် မိမိပြီးမြောက်ရမည့်အရာများကို လုပ်ရပ်များဖြင့် နမူနာပြခဲ့သည်။ ကိုယ်တော်သည် ထောင်နှင့်ချီသော ဆာလောင်မွတ်သိပ်သူများကို ကျွေးမွေးခဲ့၏၊ ဖျားနာနေသူတို့ကို ကုသပေးခဲ့၏၊ သေလွန်သူတို့ကို ရှင်ပြန်ထမြောက်စေခဲ့၏၊ လေပြင်းမုန်တိုင်းကို ငြိမ်သက်စေခြင်းဖြင့် သဘာဝအင်အားစုများကိုပင် ထိန်းချုပ်ခဲ့၏။ (မဿဲ ၁၄:၁၄-၂၁; မာကု ၄:၃၇-၃၉; ယောဟန် ၁၁:၄၃၊ ၄၄) ယေရှုနှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ဘုရားသခင်၏ကတိတော်များသည် အဘယ်မျှလောက်များသော်လည်း ထိုအရှင်မှာ ဟုတ်မှန်၏ဟူ၍ဖြစ်၏။”—⁠၂ ကောရိန္သု ၁:၂၀သမ္မာ။

ယေရှု၏စကားကိုနားထောင်ပြီး ဤ ‘လောက’—⁠ဘုရားသခင်နှင့်ကင်းကွာ၍ စာတန်အုပ်ချုပ်နေသည့် အစီအစဉ်စနစ်—⁠မှထွက်လာကြသူတို့သည် ယေဟောဝါ၏မိသားစုအဝင်အဖြစ် ကြိုဆိုခံရကြသည်။ (ယောဟန် ၁၅:၁၉) စစ်မှန်သည့်ခရစ်ယာန်များ၏ ဤကမ္ဘာချီမိသားစုသည် မေတ္တာဖြင့် လွှမ်းခြုံခံရကာ ငြိမ်းချမ်းရေးကိုမြတ်နိုးပြီး တစ်ယူသန်သဘောထားနှင့် လူမျိုးရေးဝါဒမှန်သမျှကို ပယ်ရှားဖို့ သန္နိဋ္ဌာန်ချထားကြသည်။—⁠မာလခိ ၃:၁၇၊ ၁၈; ယောဟန် ၁၃:၃၄၊ ၃၅

လက်ရှိလောကကို ထောက်ခံအားပေးမည့်အစား စစ်မှန်သောခရစ်ယာန်များသည် မဿဲ ၂၄:၁၄ ပါယေရှု၏မိန့်မှာချက်ကို နာခံသည့်အနေနှင့် ဘုရားသခင့်နိုင်ငံတော်ကို ထောက်ခံကာ ယင်းအကြောင်း ကြွေးကြော်ကြသည်။ ဤအချက်များကို စဉ်းစားကြည့်ပါ– မည်သူတို့သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာချီ ဟောပြောနေကြသနည်း။ မည်သူတို့သည် ကမ္ဘာချီဝိညာဉ်ရေးမိသားစုအနေနှင့် စစ်မှုနှင့် လူမျိုးရေးပဋိပက္ခများတွင် မပါဝင်ဘဲနေခဲ့ကြသနည်း။ သမ္မာကျမ်းစာပါ မြင့်မြတ်သောစံနှုန်းများသည် လူကြိုက်များသည်ဖြစ်စေ၊ မများသည်ဖြစ်စေ ယင်းအတိုင်း ပြုမူကျင့်ကြံသူတို့မှာ မည်သူများနည်း။ (၁ ယောဟန် ၅:၃) ယေဟောဝါသက်သေများဖြစ်ကြောင်း များစွာသောသူတို့ တွေ့ရှိခဲ့ကြပြီ။ ကျေးဇူးပြု၍ အဆိုပါအထောက်အထားများကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။

ဘုရားသခင့်အုပ်ချုပ်မှုကို ရွေးချယ်ပါ!

ဘုရားသခင်နှင့်ကင်းကွာပြီး စာတန်၏လှည့်ဖြားမှုကို ခံနေရသည့် လူသားတို့သည် စိတ်ဆင်းရဲမှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ကို ပို၍ပို၍ဖြစ်စေသည့် လောကစနစ်ကို တည်ထောင်ခဲ့ကြပြီ။ ဤကမ္ဘာမြေကိုယ်နှိုက်ပင်လျှင် ပျက်စီးယိုယွင်းလျက်ရှိ၏။ သို့သော် ယေဟောဝါသည် ကောင်းကင်အစိုးရတစ်ခုကို တည်ထောင်ခဲ့ပြီဖြစ်ရာ ယင်းက လူသန်းပေါင်းများစွာ၏ဘဝကို ပိုမိုတိုးတက်ကောင်းမွန်စေပြီး တစ်ဦးစီကို သေချာသောမျှော်လင့်ချက်ရှိစေခဲ့ပြီ။ (၁ တိမောသေ ၄:၁၀) အဘယ်အရာကို သင်ရွေးချယ်မည်နည်း။

ဆုံးဖြတ်ချက်ချရမည့်အချိန်သည် ယခုပင်ဖြစ်၏။ အကြောင်းမှာ ဘုရားသခင်သည် စာတန်နှင့် ၎င်း၏ဆိုးညစ်သည့်လောကကို အမြဲတည်ရှိခွင့်ပြုမည်မဟုတ်သောကြောင့်ဖြစ်သည်။ ဤကမ္ဘာကို ပရဒိသုဖြစ်စေရန်ဟူသော ဘုရားသခင်၏ မူလရည်ရွယ်ချက်သည် မည်သည့်အခါကမျှ မပြောင်းလဲခဲ့ချေ။ ယင်းရည်ရွယ်ချက်နှင့်အညီ ကိုယ်တော်၏နိုင်ငံတော်နှင့် ယင်း၏လက်အောက်ခံများမှာ ဆက်လက်တိုးတက်အောင်မြင်နေသော်လည်း စာတန့်အုပ်ချုပ်မှုအောက်ရှိ ဤလောကမှာမူ ဘုရားသခင်အဆုံးတိုင်စေမည့်အချိန်အထိ “ဆင်းရဲခြင်း” ဝေဒနာကို တိုး၍ခံစားရပါလိမ့်မည်။ (မဿဲ ၂၄:၃၊ ၇၊ ၈) ထို့ကြောင့် သင်သည် ဘုရားသခင်အား “ဘာကြောင့်လဲ” ဟူ၍ စိတ်ရင်းမှန်ဖြင့် ဟစ်အော်မေးမြန်းခဲ့မည်ဆိုလျှင် နှစ်သိမ့်မှုနှင့် မျှော်လင့်ချက်ပေးသည့် သမ္မာကျမ်းစာသတင်းစကားကို ယုံကြည်စိတ်ချခြင်းဖြင့် ကိုယ်တော်၏စကားကို နားထောင်ပါလေ။ ယခုပင် သင်၏ဝမ်းနည်းမျက်ရည်သည် ဝမ်းသာမျက်ရည်များ ဖြစ်လာနိုင်ပါသည်။—⁠မဿဲ ၅:၄; ဗျာ. ၂၁:၃၊ ၄

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 19 တစ်ခါတစ်ရံတွင် လူ့အရေးကိစ္စများ၌ ဘုရားသခင် ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း ကိုယ်တော်၏လုပ်ရပ်များသည် လက်ရှိအစီအစဉ်စနစ်ကို ထောက်ခံအားပေးခြင်းမရှိခဲ့ချေ။ ယင်းအစား ထိုလုပ်ရပ်များသည် ကိုယ်တော်၏ရည်ရွယ်တော်မူချက် အထမြောက်မှုနှင့်ဆက်စပ်နေသည်။—⁠လုကာ ၁၇:၂၆-၃၀; ရောမ ၉:၁၇-၂၄

[စာမျက်နှာ ၇ ပါ ရုပ်ပုံများ]

လူ့အုပ်ချုပ်မှု၏ ရလဒ်များကသင့်ကို စိတ်ကျေနပ်မှုပေးပါသလော

[Credit Lines]

Baby: © J. B. Russell/​Panos Pictures; crying woman: © Paul Lowe/​Panos Pictures

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံ]

ယေရှုသည် ပရဒိသုကို ပြန်လည်တည်ထောင်မည်ဖြစ်ကာ လူသေများကိုပင် အသက်ပြန်ရှင်စေမည်