မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

တစ်ဦးကိုတစ်ဦးချစ်ကြရုံဖြင့် လက်မထပ်မီ သံဝါသပြုနိုင်သလော

တစ်ဦးကိုတစ်ဦးချစ်ကြရုံဖြင့် လက်မထပ်မီ သံဝါသပြုနိုင်သလော

သမ္မာကျမ်းစာရှုထောင့်

တစ်ဦးကိုတစ်ဦးချစ်ကြရုံဖြင့် လက်မထပ်မီ သံဝါသပြုနိုင်သလော

စစ်တမ်းတစ်ခုအရ မေးမြန်းခံရသူ ဆယ်ကျော်သက် ၉၀ ရာခိုင်နှုန်းနီးပါးက လူနှစ်ဦး တစ်ဦးကိုတစ်ဦးမေတ္တာမျှနေလျှင် လက်မထပ်မီသံဝါသပြုခြင်းသည် မမှားပါဟု ယူဆကြသည်။ ဤသဘောထားကို သတင်းမီဒီယာများတွင် အထင်အရှားတွေ့ရပြီး ယင်းကို သည်းခံခွင့်လွှတ်လေ့ရှိကြသည်။ ရုပ်မြင်သံကြားနှင့်ရုပ်ရှင်များတွင် သံဝါသပြုခြင်းကို သမီးရည်းစားများ ချစ်ခင်တွယ်တာမှုပြသည့် သာမန်ဖြစ်ရပ်တစ်ခုအဖြစ် သရုပ်ဖော်တင်ဆက်လေ့ရှိကြသည်။

အမှန်ဆိုလျှင် ဘုရားသခင်၏စိတ်တော်နှင့်တွေ့လိုသူများသည် လမ်းညွှန်မှုရရန် လောကကို မမျှော်ကိုးဘဲ ဤလောကသည် အုပ်စိုးရှင်စာတန်၏သဘောထားကို တင်ပြနေကြောင်း အသိအမှတ်ပြုကြသည်။ (၁ ယောဟန် ၅:၁၉) ‘စိတ်နှလုံးသည် ခပ်သိမ်းသောအရာထက် စဉ်းလဲကာ အလွန်ယိုယွင်းသောသဘောရှိ’ ကြောင်းကို သူတို့သိထားကြရာ မိမိတို့ခံစားချက်၏ လွှမ်းမိုးမှုကို မခံရရန်လည်း သူတို့ဂရုစိုက်ကြသည်။ (ယေရမိ ၁၇: ၉) ယင်းအစား အမှန်တကယ်ပညာရှိသူများသည် လမ်းညွှန်မှုရရှိရန် ဖန်ဆင်းရှင်နှင့် ကိုယ်တော်၏ မှုတ်သွင်းခံနှုတ်မြွက်တော်ကို မျှော်ကိုးကြသည်။—သု. ၃: ၅၊ ၆; ၂ တိမောသေ ၃: ၁၆

သံဝါသပြုခြင်းသည်ဘုရားသခင်ပေးဆုကျေးဇူးတစ်ခုဖြစ်

“ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသမျှတို့သည် အလင်းတို့၏အဘထံတော်က သက်ရောက်သည်ဖြစ်၍ အထက်အရပ်မှလာကြ၏” ဟုယာကုပ် ၁: ၁၇ ကဆိုသည်။ အိမ်ထောင်မင်္ဂလာအစီအစဉ်အတွင်း သံဝါသပြုခြင်းသည် ထိုအဖိုးတန်ဆုကျေးဇူးများထဲမှ တစ်ခုဖြစ်၏။ (ရုသ ၁: ၉; ၁ ကောရိန္သု ၇: ၂၊) ယင်းသည် လူတို့အား မျိုးပွားစေနိုင်သည့်အပြင် လင်မယားတို့ကိုလည်း အလွန်ချစ်ခင်ကြင်နာ၊ နှစ်လို့ဖွယ်နည်းဖြင့် ကာယပိုင်းနှင့်စိတ်ပိုင်း ရင်းနှီးမှုရရှိစေ၏။ “အသက်အရွယ်ပျိုစဉ်ကာလ ပေါင်းဖော်သောမယားနှင့်အတူ ပျော်မွေ့လော့။ . . . သူ၏သားမြတ်တို့သည် သင်၏အလိုဆန္ဒကို အစဉ်ပြေစေ . . . လော့” ဟု ရှေးခေတ် ဘုရင်ရှောလမုန်က ရေးသားခဲ့သည်။—သု. ၅: ၁၈၊ ၁၉

ယေဟောဝါသည် မိမိပေးသည့်ဆုကျေးဇူးများမှ ကျွန်ုပ်တို့ကို အကျိုးခံစားရစေလိုပြီး ပျော်ရွှင်စေလို၏။ ထို့ကြောင့်ပင် ကိုယ်တော်သည် ကျွန်ုပ်တို့အသက်ရှင်နေထိုင်ရာတွင် လိုက်လျှောက်ရမည့် အကောင်းဆုံးပညတ်နှင့် မူများကိုလည်း ပေးထားတော်မူ၏။ (ဆာလံ ၁၉: ၇၊ ၈) ယေဟောဝါသည် “သင်၏အကျိုးနှင့်ယှဉ်သောအရာကို သွန်သင်၍ သင်သွားအပ်သောလမ်းဖြင့် ပို့ဆောင်သော” အရှင်ဖြစ်တော်မူ၏။ (ဟေရှာယ ၄၈: ၁၇) မေတ္တာပြရာတွင် အကောင်းဆုံးစံနမူနာရှင်ဖြစ်တော်မူသော ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်သည် အမှန်တကယ်ကောင်းမြတ်သည့်အရာ တစ်စုံတစ်ခုကို ကျွန်ုပ်တို့အားမပေးဘဲ ထိမ်ချန်ထားမည်လော။—ဆာလံ ၃၄: ၁၀; ၃၇: ၄; ၈၄: ၁၁; ၁ ယောဟန် ၄: ၈

လက်မထပ်မီ သံဝါသပြုခြင်းသည် မေတ္တာမဲ့ရာကျ

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့သည် ထိမ်းမြားခြင်းဖြင့် ပေါင်းစည်းကြသောအခါ “တစ်သားတစ်ကိုယ်တည်း” သဖွယ်ဖြစ်လာ၏။ လက်မထပ်ထားသူနှစ်ဦး သံဝါသပြုသည့်အခါ ယင်းကို မတရားမေထုန်ဟုလည်းခေါ်၏။ ထိုသို့ပြုခြင်းဖြင့် သူတို့သည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်လာသော်လည်း ဘုရားသခင်ရှေ့တွင်မူ သန့်ရှင်းခြင်းမရှိချေ။ ထို့ပြင် ထိုသို့သောပေါင်းစည်းမှုများသည် မေတ္တာမဲ့ရာကျ၏။ * အဘယ်ကြောင့် ထိုသို့ဆိုနိုင်သနည်း။—မာကု ၁၀:၇-၉; ၁ ကောရိန္သု ၆: ၉၊ ၁၀၊ ၁၆

အကြောင်းရင်းတစ်ခုမှာ မတရားမေထုန်ဟူသည် အမှန်တကယ် ကတိကဝတ်ပြုခြင်းမရှိဘဲ သံဝါသပြုခြင်းဖြစ်၏။ ယင်းသည် မိမိကိုယ်ကိုလေးစားမှု ယုတ်လျော့စေသည့်အပြင် ရောဂါ၊ မလိုချင်သောကိုယ်ဝန်နှင့် စိတ်ပိုင်းဆိုင်ရာဝေဒနာများ ရရှိခံစားစေနိုင်သည်။ ထို့ထက်ကား ယင်းသည် ဘုရားသခင်၏ဖြောင့်မတ်သောစံနှုန်းများကို ချိုးဖောက်ခြင်းဖြစ်၏။ ထို့ကြောင့် မတရားမေထုန်သည် အခြားသူများ၏ လက်ရှိနှင့်အနာဂတ် ကောင်းကျိုးနှင့် ပျော်ရွှင်မှုကို လုံးဝအလေးမထားကြောင်း ဖော်ပြရာရောက်၏။

ခရစ်ယာန်တစ်ဦးအတွက် မတရားမေထုန်သည် မိမိ၏ဝိညာဉ်ရေးညီအစ်ကို သို့မဟုတ် ညီအစ်မ၏အခွင့်အရေးကို ထိပါးရာလည်းရောက်၏။ (၁ သက်သာလောနိတ် ၄:၃-၆) ဥပမာ၊ ဘုရားသခင်၏ကျေးကျွန်များဟု အမည်ခံကာ အိမ်ထောင်မပြုဘဲ လိင်အပျော်အပါးလိုက်စားသူများသည် ခရစ်ယာန်အသင်းတော်ကို ညစ်ညူးစေ၏။ (ဟေဗြဲ ၁၂: ၁၅၊ ၁၆) ထိုသူတို့သည် မိမိတို့နှင့်မတရားမေထုန်ကျူးလွန်သူ၏ ကိုယ်ကျင့်တရားစင်ကြယ်သောအနေအထားကိုလည်း ဆုံးရှုံးစေသည့်အပြင် တစ်ဖက်သားသည် လူလွတ်ဖြစ်နေပါက နောင်တွင် ထိုသူ၏ ကိုယ်ကျင့်တရားစင်ကြယ်စွာ အိမ်ထောင်ပြုနိုင်ခွင့်ကိုလည်း ဆုံးရှုံးစေသည်။ မိမိ၏မိသားစုနာမည်ကောင်းကို ဆုံးရှုံးစေရုံသာမက မိမိနှင့် မတရားမေထုန်ကျူးလွန်သူ၏ မိသားစုကိုလည်း စော်ကားရာရောက်၏။ နောက်ဆုံးတွင် ထိုသူတို့သည် ဘုရားသခင်ကို ဥပေက္ခာပြုကာ ကိုယ်တော်၏ဖြောင့်မတ်သောပညတ်များနှင့် မူများကို ချိုးဖောက်ခြင်းဖြင့် စိတ်တော်နာစေကြသည်။ (ဆာလံ ၇၈: ၄၀၊ ၄၁) ယေဟောဝါသည်လည်း နောင်တမရသူများကို ထိုသို့သောအကျင့်ဆိုးမှန်သမျှအတွက် “တရားစီရင်” တော်မူမည်။ (၁ သက်သာလောနိတ် ၄: ၆) သို့ဖြစ်၍ သမ္မာကျမ်းစာက “မတရားသောမေထုန်ကို ကြဉ်ရှောင်ကြလော့” ဟုမိန့်မှာထားခြင်းသည် အံ့ဩစရာလော။—၁ ကောရိန္သု ၆: ၁၈

သင်သည် တစ်ဦးဦးနှင့်မေတ္တာမျှနေကာ ထိုသူနှင့်လက်ထပ်ရန် စီစဉ်နေသလော။ သို့ဖြစ်လျှင် သင်ပိုးပန်းနေချိန်တွင် အပြန်အလှန်ယုံကြည်လေးစားမှုရှိရန် လုပ်ဆောင်ပါလေ။ ဤအချက်များကို သုံးသပ်ပါ– အမျိုးသမီးတစ်ဦးသည် မိမိကိုယ်ကိုမချုပ်တည်းနိုင်သည့် အမျိုးသားတစ်ဦးကို အပြည့်အဝယုံကြည်စိတ်ချနိုင်မည်လော။ စိတ်အလိုလိုက်ရန် သို့မဟုတ် အမျိုးသားတစ်ဦးကို ကျေနပ်စေရန် ဘုရားသခင့်ပညတ်တော်ကို အလေးမထားသည့် အမျိုးသမီးတစ်ဦးအား အမျိုးသားတစ်ဦးသည် ယုယမြတ်နိုး၊ ဂုဏ်တင်လိုမည်လော။

ဘုရားသခင်၏ မေတ္တာပါသောစံနှုန်းများကို ငြင်းပယ်သူတို့သည် ကြဲသည့်အတိုင်း ရိတ်ကြရသည်ကိုလည်း သတိရပါ။ (ဂလာတိ ၆: ၇) “မတရားသောမေထုန်ကိုပြုသောသူမူကား မိမိကိုယ်ကိုပင် ပြစ်မှား၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (၁ ကောရိန္သု ၆: ၁၈; သု. ၇: ၅-၂၇) မှန်ပါသည်၊ မထိမ်းမြားမီ သံဝါသပြုခဲ့ကြသောမောင်နှံသည် အမှန်တကယ်နောင်တရမည်၊ ဘုရားသခင်နှင့်ဆက်ဆံရေးပြန်ကောင်းရန် ကြိုးစားမည်၊ သူတို့တစ်ဦးနှင့်တစ်ဦး ယုံကြည်စိတ်ချမှု ပိုရှိလာစေမည်ဆိုလျှင် နောက်ဆုံးတွင် အပျက်သဘောထားများ တဖြည်းဖြည်းလျော့နည်းလာပေမည်။ သို့သော် သူတို့၏ယခင်အကျင့်ကြောင့် စိတ်ဒဏ်ရာကျန်နေလေ့ရှိ၏။ ယခုထိမ်းမြားလိုက်ပြီဖြစ်သော လူငယ်မောင်နှံတစ်စုံသည် မတရားမေထုန်ကျူးလွန်ခဲ့သည့်အတွက် များစွာယူကျုံးမရဖြစ်နေသည်။ ‘ကျွန်တော်တို့ အိမ်ထောင်ရေး ကတောက်ကဆတ်ဖြစ်ရတာဟာ အိမ်ထောင်ကို သန့်သန့်ရှင်းရှင်း အစမပြုခဲ့လို့လား’ ဟု ယောက်ျားဖြစ်သူက သူ့ကိုယ်သူ ရံဖန်ရံခါမေးလေ့ရှိသည်။

မေတ္တာစစ်သည် တစ်ကိုယ်ကောင်းမဆန်

မေတ္တာစစ်သည် ချစ်စိတ်နှင့်ဒွန်တွဲနေမည်ဖြစ်သော်လည်း “မလျောက်ပတ်စွာမကျင့်တတ်” သို့မဟုတ် “ကိုယ်အကျိုးကိုမရှာတတ်။” (၁ ကောရိန္သု ၁၃: ၄၊ ၅) ယင်းအစား မေတ္တာစစ်သည် အခြားသူတို့၏ကောင်းကျိုးနှင့် ထာဝရပျော်ရွှင်မှုကို တိုးပွားစေ၏။ ထိုသို့သောမေတ္တာက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား တစ်ဦးကိုတစ်ဦးဂုဏ်တင်ရန်၊ ဘုရားသခင်သတ်မှတ်ထားသည့်အတိုင်း တော်မှန်စွာ ထိမ်းမြားပြီးနောက်မှသာ သံဝါသပြုရန် စေ့ဆော်ပေး၏။—ဟေဗြဲ ၁၃: ၄

အမှန်တကယ်ပျော်ရွှင်သော အိမ်ထောင်သည်ဘဝကိုဖြစ်စေသည့် ယုံကြည်စိတ်ချမှုနှင့် လုံခြုံမှုရှိသည်ဟူသောခံစားချက်များသည် ကလေးရလာသောအခါ အထူးအရေးပါ၏။ အကြောင်းမှာ ကလေးများသည် မေတ္တာပြည့်ဝပြီး တည်ငြိမ်မှုနှင့် လုံခြုံမှုရှိသောဝန်းကျင်တွင် ကြီးပြင်းလာကြရန် ဘုရားသခင်ရည်ရွယ်ခဲ့သောကြောင့်ဖြစ်၏။ (ဧဖက် ၆: ၁-၄) လူနှစ်ဦးသည် ထိမ်းမြားသည့်အခါ၌သာ တစ်ဦးကိုတစ်ဦး အမှန်တကယ် ကတိကဝတ်ပြုကြသည်။ သူတို့သည် စိတ်ထဲမှရော များသောအားဖြင့် နှုတ်ဖြင့်ပါ မိမိတို့၏ကျန်ရှိသောအသက်တာတွင် ဆိုးအတူကောင်းအတူ တစ်ဦးကိုတစ်ဦး ကြည့်ရှုစောင့်ရှောက်၊ ထောက်မသွားမည်ဟု သစ္စာကတိပြုကြသည်။—ရောမ ၇: ၂၊ ၃

လင်နှင့်မယားသံဝါသပြုခြင်းသည် သူတို့၏သံယောဇဉ်နှောင်ကြိုးကို ခိုင်ခံ့မြဲမြံစေနိုင်သည်။ ပျော်ရွှင်ချမ်းမြေ့သောအိမ်ထောင်တွင် အိမ်ထောင်ဖက်များသည် ပေါင်းဖက်မှုကို အပေါစားဖြစ်စေခြင်း၊ ကိုယ်ကိုကိုယ်သိသောစိတ်ကို အနှောင့်အယှက်ဖြစ်စေခြင်း သို့မဟုတ် ဖန်ဆင်းရှင်ကို နာခံရန်ပျက်ကွက်ခြင်းမရှိစေဘဲ သံဝါသပြုခြင်းကို ပို၍နှစ်လို့ဖွယ်ရာနှင့် အဓိပ္ပာယ်ပြည့်ဝသည့်အရာ ဖြစ်စေကြ၏။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 9 “မတရားမေထုန်” ဟုပြန်ဆိုထားသော ဂရိစကားလုံးသည် မိမိ၏အိမ်ထောင်ဖက်မဟုတ်သူတစ်ဦးနှင့်ပြုသည့် သံဝါသပြုမှုအားလုံးကို ဆိုလို၏။ ယင်းတွင် . . . အိမ်ထောင်ဖက်မဟုတ်သူ၏လိင်အင်္ဂါများကို အသုံးပြုခြင်းပါဝင်သည်။—ယေဟောဝါသက်သေများထုတ်ဝေသည့် ဇူလိုင် ၂၂၊ ၂၀၀၄၊ အင်္ဂလိပ် နိုးလော့! စာမျက်နှာ ၁၂ နှင့် ဖေဖော်ဝါရီ ၁၅၊ ၂၀၀၄၊ ကင်းမျှော်စင် စာမျက်နှာ ၁၃ ကိုရှု။

သင် စဉ်းစားဖူးသလော

▪ မထိမ်းမြားမီ သံဝါသပြုခြင်းကို ဘုရားသခင် မည်သို့ရှုမြင်သနည်း။—၁ ကောရိန္သု ၆:၉၊ ၁၀

▪ မတရားမေထုန်သည် အဘယ်ကြောင့် အန္တရာယ်ရှိသနည်း။—၁ ကောရိန္သု ၆: ၁၈

▪ တစ်ဦးကိုတစ်ဦး မေတ္တာမျှနေကြသူနှစ်ဦးသည် မေတ္တာစစ်ကို မည်သို့ပြသနိုင်သနည်း။—၁ ကောရိန္သု ၁၃:၄၊ ၅