မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မဟာမဲခေါင်အကြောင်း တစေ့တစောင်း

မဟာမဲခေါင်အကြောင်း တစေ့တစောင်း

မဟာမဲခေါင်အကြောင်း တစေ့တစောင်း

မဲခေါင်မြစ်သည် အာရှနိုင်ငံခြောက်နိုင်ငံကို ဖြတ်သန်းကွေ့ဝိုက်စီးဆင်းကာ ဒေသခံတိုင်းရင်းသားနှင့် လူမျိုးစု ၁၀၀ နီးပါးပါဝင်သော လူဦးရေသန်း ၁၀၀ ခန့်ကို ထောက်ပံ့ပေးလျက်ရှိ၏။ နှစ်စဉ် ငါးတန်ချိန် ၁.၃ သန်းအထိ ထွက်ရှိရာ မြောက်ပင်လယ်မှဖမ်းမိသည့် ငါးတန်ချိန်ထက် လေးဆပိုများသည်။ မြစ်အရှည်မှာ မိုင်ပေါင်း ၂,၇၀၀ ရှိသဖြင့် အရှေ့တောင်အာရှတွင် အရှည်လျားဆုံးမြစ်ဖြစ်၏။ ယင်းမြစ်သည် နိုင်ငံအတော်များများကို ဖြတ်သန်းစီးဆင်းသွားသောကြောင့် အမည်နာမအမျိုးမျိုးတွင်၏။ ထိုင်းဘာသာစကား မယ်နမ့်ခေါင်၏အတိုကောက် မဲခေါင်ဟူသောအမည်ဖြင့် လူသိများသည်။

ဟိမဝန္တာတောင်တန်းတွင် မြစ်ဖျားခံသည့် မဲခေါင်မြစ်သည် တောင်စောင်းများပေါ်မှ အားကောင်းစွာ တဝေါဝေါ ထိုးဆင်းကာ လျှိုမြောင်ချောက်များကြားတွင် အဟုန်ပြင်းစွာ စီးဆင်းသည်။ တရုတ်ပြည်တွင် လန်ဆန်မြစ်ဟုခေါ်သည့် ဤမြစ်၏စုစုပေါင်းအရှည် ထက်ဝက်နီးပါးသည် ယင်းနိုင်ငံအတွင်း ဖြတ်သန်းစီးဆင်း၍ အမြင့်ပေ ၁၅,၀၀၀ မှ ဝါးလုံးထိုး စီးဆင်းလာခြင်းဖြစ်သည်။ မြစ်အောက်ပိုင်းတွင် အမြင့်ပေ ၁,၆၀၀ မှသာ စီးဆင်းတော့သဖြင့် ရေစီးကြောင်းမှာ ပို၍တည်ငြိမ်လာသည်။ တရုတ်ပြည်မှ စီးဆင်းလာသည့် မဲခေါင်မြစ်သည် မြန်မာနှင့်လာအိုနယ်စပ်တွင် မြစ်ကြောင်းတိုသော်လည်း လာအိုနှင့်ထိုင်းနယ်စပ်အကြားတွင်မူ ရှည်လျားစွာဖြတ်သန်းစီးဆင်းသည်။ ကမ္ဘောဒီးယားနိုင်ငံတွင် မြစ်ကြောင်းနှစ်ကြောင်းကွဲကာ ဗီယက်နမ်နိုင်ငံထဲသို့ စီးဝင်သွားပြီး ထိုမှတစ်ဖန် မြစ်လက်တက်များခွဲ၍ တောင်တရုတ်ပင်လယ်ထဲသို့ စီးဝင်သွား၏။

၁၈၆၀ ပြည့်လွန်နှစ်များနှောင်းပိုင်းတွင် ပြင်သစ်တို့သည် မဲခေါင်မြစ်မှ တရုတ်ပြည်ထဲသို့ လှေသင်္ဘောများဖြင့်သွားလာနိုင်ရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် ကမ္ဘောဒီးယားနိုင်ငံ ကရက်ယာမြို့အနီးတွင် ရေမော်များနှင့် တွေ့ ကြုံခဲ့ရပြီး လာအိုတောင်ပိုင်းရှိ ခွန်ရေတံခွန်များဟုခေါ်သော ခန့်ညားထယ်ဝါသည့် ရေတံခွန်တန်းများရှိနေသဖြင့် ၎င်းတို့၏မျှော်လင့်ချက်မှာ ပျက်ပြားသွားခဲ့၏။ ခွန်ရေတံခွန်များ၏ ရေကျဆင်းမှုနှုန်းသည် ကမ္ဘာပေါ်ရှိ မည်သည့်ရေတံခွန်ထက်မဆို ပိုများကာ ကနေဒါနှင့် အမေရိကန်နိုင်ငံနယ်စပ်ရှိ နိုင်အာဂရာရေတံခွန်ထက်ပင် နှစ်ဆပိုများ၏။

အလွန်အရေးပါသောမြစ်

မဲခေါင်မြစ်သည် အရှေ့တောင်အာရှစီးပွားရေးအတွက် အလွန်အရေးပါသည်။ လာအိုနိုင်ငံ၏မြို့တော် ဗီယင်ကျန်းနှင့် ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်တို့သည် မဲခေါင်မြစ်ပေါ်တွင်တည်ရှိသော ဆိပ်ကမ်းမြို့ကြီးများဖြစ်ကြသည်။ ရေစုန်စီးဆင်းသည့် မဲခေါင်မြစ်သည် ဗီယက်နမ်နိုင်ငံသားများအတွက် အသက်သွေးကြောဖြစ်၏။ ဗီယက်နမ်နိုင်ငံတွင် မြစ်လက်တက် ခုနစ်ခုကွဲသွားပြီး ၁၅,၅၀၀ စတုရန်းမိုင်ရှိ မြစ်ဝကျွန်းပေါ်ဒေသတစ်ခုဖြစ်ပေါ်စေကာ ရေကြောင်းအရှည်မှာ မိုင်ပေါင်း ၂,၀၀၀ ခန့်ရှိသည်။ ဤမြစ်မှ ရေဖောဖောသီသီရရှိသဖြင့် လယ်ကွက်များနှင့် စပါးစိုက်ခင်းများတွင် ရေသွင်းစိုက်ပျိုး၍ရသည့်အပြင် အဖိုးတန်သည့် နုန်းမြေများကြောင့်လည်း ၎င်းစိုက်ခင်းများသည် မြေဆီပိုမိုကောင်းမွန်လာရာ တစ်နှစ်လျှင် သုံးသီးစိုက်ပျိုးနိုင်သည်။ အမှန်မှာ ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ထိုင်းနိုင်ငံပြီးလျှင် ဆန်တင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည်။

မဲခေါင်မြစ်တွင် ငါးမျိုးစိတ်ပေါင်း ၁,၂၀၀ ခန့် ကျက်စားလျက်ရှိပြီး ယင်းတို့မှ ငါးမျိုးစိတ်အချို့နှင့် ပုစွန်များကို စီးပွားဖြစ်မွေးမြူကြ၏။ လူသိများသည့်ထူးခြားချက်တစ်ခုမှာ နာမည်ကြီး ဒေသထွက်ငါးတစ်မျိုးဖြစ်သော ထရေးရီးယယ်လ် (trey riel) ကိုအစွဲပြု၍ ကမ္ဘောဒီးယားသုံးငွေကြေးကို ရီးယယ်လ်ဟုခေါ်တွင်ခဲ့ခြင်းဖြစ်သည်။ မဲခေါင်မြစ်သည် အလျားကိုးပေအထိ ကြီးထွားနိုင်သည့် ဘေးသင့်နေသော ငါးခူမျိုးစိတ်များ ရှင်သန်ပေါက်ပွားရာအရပ်လည်းဖြစ်၏။ ၂၀၀၅ ခုနှစ်တွင် တံငါသည်များသည် ၆၄၆ ပေါင်လေးသော ငါးခူတစ်ကောင်ကို ပိုက်ကွန်ဖြင့် ဖမ်းမိခဲ့ကြရာ ကမ္ဘာပေါ်တွေ့ဖူးသမျှ ရေချိုငါးများတွင် အကြီးဆုံးငါးဖြစ်ဖွယ်ရှိသည်! မဲခေါင်မြစ်တွင် ဘေးသင့်နေသည့် အခြားမျိုးစိတ်များမှာ ဧရာဝတီလင်းပိုင်များဖြစ်ကြသည်။ မြစ်ထဲတွင် လင်းပိုင်ကောင်ရေ ၁၀၀ ပင်မပြည့်တော့ဟု သုတေသီများကဆို၏။

မဲခေါင်မြစ်သည် လူသန်းပေါင်းများစွာကို အစာရေစာထောက်ပံ့ပေးသည့်အပြင် ရေယာဉ်အမျိုးမျိုးဖြစ်သော ခရီးသည်တင်ကူးတို့လှေများ၊ ကုန်တင်သမ္ဗန်များနှင့် သမုဒ္ဒရာထဲ စုန်ချည်ဆန်ချည်သွားလာနေသည့် ကုန်တင်သင်္ဘောကြီးများ၏ လမ်းကြောင်းလည်းဖြစ်သည်။ ခွန်ရေတံခွန်များကိုကျော်၍ ဗီယင်ကျန်းမြို့အထိ ခရီးလှည့်လည်လိုကြသည့် ကမ္ဘာလှည့်ခရီးသည်များကြောင့်လည်း မဲခေါင်မြစ်မှာ ကျော်ကြားလှ၏။ တူးမြောင်းများ၊ စေတီပုထိုးများနှင့် ခြေတံရှည်အိမ်များကြောင့် ကျော်ကြားသည့် ယင်းမြို့တော်သည် စီးပွားရေး၊ နိုင်ငံရေးနှင့် ဘာသာရေးအချက်အချာနေရာဖြစ်ခဲ့သည်မှာ အနှစ် ၁,၀၀၀ ကျော်တိုင်ခဲ့လေပြီ။ ဗီယင်ကျန်းမြို့မှ မြစ်ညာဒေသရှိ လူအန်ပရဗန်မြို့အထိ စွန့်စားသွားလိုက သွားရောက်နိုင်၏။ ဤဆိပ်ကမ်းမြို့သည် ယခင်က ထိုင်း-လာအိုပြည်နယ်၏ မြို့တော်ဖြစ်ခဲ့ကာ ပြင်သစ်အုပ်စိုးချိန်အပါအဝင် အချိန်အတန်ကြာ လာအိုနိုင်ငံ၏ နေပြည်တော်ဖြစ်ခဲ့သည်။ ဤသမိုင်းဝင်မြို့တော်တွင် ပြင်သစ်ကိုလိုနီ၏ အငွေ့အသက်များကို တွေ့နေရဆဲဖြစ်သည်။

မကြာသေးမီက မဲခေါင်မြစ်တစ်လျှောက်တွင် စိုးရိမ်ဖွယ်အပြောင်းအလဲများ ပေါ်ပေါက်လာခဲ့သည်။ ယင်းတို့မှာ စည်းမဲ့ကမ်းမဲ့ငါးဖမ်းခြင်း၊ သစ်တောပြုန်းတီးခြင်းနှင့် ကြီးမားသော ရေအားလျှပ်စစ်ရေကာတာများ တည်ဆောက်ခြင်းတို့ဖြစ်သည်။ ထိန်းချုပ်၍ရနိုင်မည့်ပုံမပေါက်သည့် ထိုအခြေအနေများကြောင့် လူအများက စိုးရိမ်ပူပန်နေကြသည်။ သို့သော် မျှော်လင့်ချက်ရှိပါသည်။

ကျွန်ုပ်တို့၏ မေတ္တာပြည့်ဝသော ဖန်ဆင်းရှင်သည် မကြာမီ လူ့အရေးကိစ္စများကို မိမိ၏နိုင်ငံတော်အားဖြင့် ကြားဝင်ဆောင်ရွက်ပေးတော့မည်ဖြစ်ကြောင်း သမ္မာကျမ်းစာတွင် ကတိပြုထားသည်။ (ဒံယေလ ၂:၄၄၊ ၄၅; ၇:၁၃၊ ၁၄; မဿဲ ၆:၁၀) အဆိုပါပြည့်ဝစုံလင်သည့် ကမ္ဘာ့အုပ်ချုပ်ရေး၏ လမ်းညွှန်မှုဖြင့် တစ်ကမ္ဘာလုံးကို ပြုပြင်ပြောင်းလဲမည်ဖြစ်ရာ မြစ်များသည် ပုံဆောင်သဘောဖြင့် “လက်ခုပ်တီး” ၍ ရွှင်လန်းကြပါလိမ့်မည်။ (ဆာလံ ၉၈:၇-၉) မဟာမဲခေါင်သည်လည်း ထိုသို့လက်ခုပ်သြဘာပေးနိုင်ပါစေ။

[စာမျက်နှာ ၁၆ ပါ မြေပုံ]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

တရုတ်

မြန်မာ

လာအို

ထိုင်း

ကမ္ဘောဒီးယား

ဗီယက်နမ်

မဲခေါင်မြစ်

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

စပါးခင်းများ၊ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

မဲခေါင်မြစ်တွင် ငါးမျိုးစိတ်ပေါင်း ၁,၂၀၀ ခန့် ကျက်စားနေကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဗီယက်နမ်ရှိ ရေပေါ်ဈေး

[Picture Credit Lines on page 16]

Rice paddies: ©Jordi Camí/​age fotostock; fishing: ©Stuart Pearce/​World Pictures/​age fotostock; background: © Chris Sattlberger/​Panos Pictures

[Picture Credit Lines on page 17]

Market: ©Lorne Resnick/​age fotostock; woman: ©Stuart Pearce/​World Pictures/​age fotostock