မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခက်ခဲဆုံး မေးခွန်း

အခက်ခဲဆုံး မေးခွန်း

အခက်ခဲဆုံး မေးခွန်း

“ဘာကြောင့်လဲ။” ရိုးရှင်းသည့် ဤစကားလုံးတစ်လုံးတည်းဖြင့် ထိခိုက်နာကျင်မှု အမြောက်အမြားကို ဖော်ပြနိုင်ခြင်းက အလွန်ဝမ်းနည်းစရာပင်။ ဘေးဆိုး သို့မဟုတ် ကြေကွဲဖွယ်အဖြစ်ဆိုး ကျရောက်ပြီးနောက် အဆိုပါမေးခွန်းကို လူတို့မေးလေ့ရှိကြ၏။ ဒေသတစ်ခုတွင် ဟာရီကိန်းမုန်တိုင်း ဝင်ရောက်မွှေနှောက်သွားခြင်းကြောင့် သေကျေပျက်စီးမှုများ ဖြစ်ကျန်ရစ်ခဲ့သည်။ မြေငလျင်ကြောင့် မြို့တစ်မြို့လုံး အုတ်ပုံဖြစ်သွား၏။ အကြမ်းဖက်တိုက်ခိုက်မှုက ငြိမ်သက်၍ ပုံမှန်သွားလာလှုပ်ရှားနေသည့်နေ့ရက်ကို ထိတ်လန့်ကြောက်မက်ဖွယ် အိပ်မက်ဆိုးအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ မတော်တဆမှုက ချစ်မြတ်နိုးရသူတစ်ဦးကို ထိခိုက်ဒဏ်ရာရစေသည် သို့မဟုတ် အသက်ဆုံးရှုံးစေသည်။

ဘေးဒဏ်ခံရသူများတွင် အပြစ်အကင်းဆုံးနှင့် ခိုကိုးရာအမဲ့ဆုံးလူသားများပါဝင်လေ့ရှိသည်မှာ ဝမ်းနည်းစရာပင်။ မကြာသေးမီအချိန်က ယင်းသို့သောဘေးဆိုးများကြောင့် လူများစွာသည် “ဘာကြောင့်လဲ” ဟူ၍ ဘုရားသခင်အား ဟစ်အော်မေးမြန်းကြလေသည်။ အောက်ပါနမူနာတချို့ကို သုံးသပ်ကြည့်ပါ–

▪ “ဘုရားသခင်၊ ဘာကြောင့် ကျွန်မတို့ကို ဒီလိုဖြစ်အောင်လုပ်ရတာလဲ။ ကိုယ်တော်စိတ်ဆိုးအောင် ကျွန်မတို့ ဘာများလုပ်မိလို့လဲ။” အိန္ဒိယနိုင်ငံမှ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးသည် ဆူနာမီရေလှိုင်းဒဏ်ကြောင့် ၎င်းနေထိုင်သည့်ရွာ ပျက်စီးသွားပြီးနောက် အဆိုပါမေးခွန်းများမေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

▪ “ဘုရားသခင် ဘယ်မှာလဲ။ ဘုရားသခင်မှာ အကြွင်းမဲ့တန်ခိုးရှိတယ်ဆိုရင် ဘာကြောင့် ဒီလိုဖြစ်ခွင့်ပြုရတာလဲ။” ချာ့ခ်ျတစ်ခုတွင် သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဝတ်ပြုသူတချို့ ထိခိုက်ဒဏ်ရာရသွားပြီး အချို့မှာ သေဆုံးခဲ့ရပြီးနောက် အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်ထုတ် သတင်းစာတစ်စောင်က အဆိုပါမေးခွန်းများမေးခဲ့သည်။

▪ “ဘုရားသခင် ဘာကြောင့် သူ့ကို သေခွင့်ပြုလိုက်ရတာလဲ။” ကင်ဆာရောဂါကြောင့် မိတ်ဆွေတစ်ဦးသေဆုံးသွားပြီးနောက် အမျိုးသမီးတစ်ဦးက ဤမေးခွန်းကိုမေးခဲ့သည်။ ကွယ်လွန်သူတွင် ခင်ပွန်းသည်နှင့် ကလေးငါးဦး ကျန်ရစ်ခဲ့၏။

ဘုရားသခင်သည် တစ်နည်းနည်းဖြင့် ဆင်းရဲခက်ခဲမှုများကို ဖြစ်ပေါ်စေသည်ဟု စဉ်းစားသူများမှာ ဤသူတို့သာမဟုတ်ချေ။ ဥပမာ၊ သဘာဝကပ်ဘေးများနှင့်စပ်လျဉ်း၍ အင်တာနက်ဖြင့် လူထုသဘောထား စစ်တမ်းကောက်ယူကြည့်ရာ ဖြေကြားသူ ထက်ဝက်နီးပါးက ဟာရီကိန်းမုန်တိုင်းကဲ့သို့သော ကပ်ဘေးများသည် ဘုရားသခင်ထံမှလာကြောင်း ယူဆခဲ့ကြသည်။ လူအမြောက်အမြား အဘယ်ကြောင့် ထိုသို့ယူဆကြသနည်း။

ဘာသာတရားနှင့်ဆိုင်သော အရှုပ်အထွေး

ဘာသာရေးခေါင်းဆောင်များသည် စိတ်ကျေနပ်ဖွယ်အဖြေများပေးမည့်အစား စိတ်ရှုပ်စေသည့်အဖြေများကိုသာ ပေးလေ့ရှိကြသည်။ ၎င်းတို့ပေးလေ့ရှိသည့် ထင်မြင်ချက်သုံးခုကို အာရုံစိုက်ကြစို့။

ဦးစွာ ဘာသာရေးခေါင်းဆောင်များက ဘုရားသခင်သည် လူဆိုးများကို ဒဏ်ခတ်ရန် ကပ်ဘေးများကျရောက်စေသည်ဟု ဟောပြောကြသည်။ ဥပမာ၊ အမေရိကန်နိုင်ငံ၊ လူဝီဇီယားနားပြည်နယ်၊ နယူးအော်လင်းဇ်မြို့ကို ကက်ထရီနာဟာရီကိန်းမုန်တိုင်း မွှေနှောက်ဖျက်ဆီးပြီးနောက် ဓမ္မဆရာအချို့က ဘုရားသခင်သည် အဆိုပါမြို့ကိုဒဏ်ခတ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ ပျံ့နှံ့နေသည့် အကျင့်ပျက်မှု၊ လောင်းကစားမှုနှင့် အကျင့်ယိုယွင်းမှုတို့ကြောင့်ဟု ၎င်းတို့က ထောက်ပြကြ၏။ ဆိုးသွမ်းမှုကို ရေလွှမ်းမိုးဘေး သို့မဟုတ် မီးဘေးဖြင့် ဘုရားသခင်ဖျက်ဆီးခဲ့သည့် သမ္မာကျမ်းစာပါဖြစ်ရပ်များကိုပင် အထောက်အထားအဖြစ် တချို့က ညွှန်ပြခဲ့ကြသည်။ သို့သော် ယင်းသို့သောအဆိုများသည် သမ္မာကျမ်းစာကို တလွဲဖော်ပြနေကြခြင်းသာဖြစ်သည်။—⁠“ဘုရားသခင့်လုပ်ရပ်များလော” လေးထောင့်ကွက်ကိုရှု။

ဒုတိယမှာ လူသားများအပေါ် ဘေးဆိုးများကျရောက်စေခြင်းနှင့်ပတ်သက်၍ ဘုရားသခင်၌ ခိုင်လုံသည့်အကြောင်းရင်းများရှိသော်လည်း ယင်းတို့ကို နားလည်ရခက်ကြောင်း ဓမ္မဆရာအချို့က အခိုင်အမာဆိုကြသည်။ လူအများကမူ ယင်းသို့သောယူဆချက်ကို သဘောမကျကြချေ။ ‘မေတ္တာရှင်ဘုရားသခင်ဟာ တကယ်ပဲ ဒီလိုဆိုးရွားတဲ့အမှုကို ဖြစ်စေတတ်သလား။ နှစ်သိမ့်မှုကို တောင့်တနေတဲ့သူ၊ “ဘာကြောင့်လဲ” ဆိုပြီး သနားစဖွယ် မေးခွန်းထုတ်နေတဲ့သူတွေကို ရှင်းပြဖို့ ငြင်းဆိုရက်သလား’ ဟူ၍ သူတို့သိလိုကြသည်။ အမှန်မှာ သမ္မာကျမ်းစာက “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟုဆိုသည်။—⁠၁ ယောဟန် ၄:၈

တတိယမှာ ဘုရားသခင်သည် အစွမ်းတန်ခိုးမရှိသကဲ့သို့ မေတ္တာလည်းရှိပုံမရဟု အခြားသောဘာသာရေးခေါင်းဆောင်များက ယူဆကြသည်။ ယင်းသို့သောရှင်းပြချက်က အရေးကြီးသောမေးခွန်းများကို ပေါ်ပေါက်စေပြန်၏။ အတိုင်းအဆမဲ့ ကျယ်ပြောလှသော စကြဝဠာအပါအဝင် “ခပ်သိမ်းသောအရာ” တို့ကို ဖန်ဆင်းတော်မူသောအရှင်သည် ဤကမ္ဘာတွင်ဖြစ်ပျက်နေသော ဆင်းရဲဝေဒနာများကို မတားဆီးပေးနိုင်သလော။ (ဗျာ. ၄:၁၁) ကျွန်ုပ်တို့အား မေတ္တာထားတတ်သည့်သဘော ပေးတော်မူခဲ့သော၊ မေတ္တာ၏ပြယုဂ်အဖြစ် သမ္မာကျမ်းစာ၌ ဖော်ပြခံရသောအရှင်သည် လူသားများ ဆင်းရဲဝေဒနာခံစားနေရသည်ကို မသနားဘဲနေနိုင်တော်မူမည်လော။—⁠ကမ္ဘာဦး ၁:၂၇; ၁ ယောဟန် ၄:၈

ဖော်ပြပါအချက်သုံးချက်မှာ စဉ်းစားတွေးခေါ်တတ်သူများအား ရာစုနှစ်ပေါင်းများစွာ ဇဝေဇဝါဖြစ်စေခဲ့သည့် ဆင်းရဲဝေဒနာကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုရသနည်းဟူသောမေးခွန်းကို လူသားများ ကြိုးစားရှင်းပြကြသည့်နည်းများအနက် အချို့သာဖြစ်သည်။ အရေးကြီးပြီး အချိန်သင့်ဖြစ်သည့် ဤအကြောင်းအရာနှင့်ပတ်သက်၍ သမ္မာကျမ်းစာသွန်သင်ရာကို နောက်ဆောင်းပါးတွင် သုံးသပ်ပါမည်။ သင်တွေ့ရှိရမည်ဖြစ်သည့်အတိုင်း သမ္မာကျမ်းစာ၏ ခြေမြစ်၍ ယုတ္တိရှိသောရှင်းပြချက်က အဆိုပါအရှုပ်အထွေးကို ရှင်းစေပါမည်။ ထို့ပြင် သမ္မာကျမ်းစာသည် ဘဝတွင် ကြေကွဲဖွယ်အဖြစ်ဆိုးများ ခံစားရသူအားလုံးကို နှစ်သိမ့်မှုများစွာပေးပါသည်။

[စာမျက်နှာ ၄ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဘုရားသခင့်လုပ်ရပ်များလော

ယနေ့ ကျွန်ုပ်တို့တွေ့ မြင်နေရသော သဘာဝကပ်ဘေးများသည် ဘုရားသခင်ကြောင့်ဟု သမ္မာကျမ်းစာက သွန်သင်ပါသလော။ မသွန်သင်ချေ။ သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ဘုရားသခင်၏တရားစီရင်ချက်များသည် သဘာဝကပ်ဘေးများနှင့် လုံးဝမတူချေ။ ဥပမာ၊ ဘုရားသခင်သည် စိစစ်၍တရားစီရင်တော်မူ၏။ ကိုယ်တော်သည် လူတို့၏နှလုံးကို သိရှိတော်မူသည်ဖြစ်ရာ ဆိုးယုတ်သူတို့ကိုသာ တရား စီရင်တော်မူ၏။ (ကမ္ဘာဦး ၁၈:၂၃-၃၂) ထို့ပြင် ဘုရားသခင်သည် တရားမစီရင်မီ ဦးစွာ သတိပေးတော်မူ၏။ ထိုသို့ဖြင့် ဖြောင့်မတ်သောသူတို့ကို လွတ်မြောက်ခွင့်ရရှိစေသည်။

သဘာဝကပ်ဘေးများမှာမူ အသိပေးအချက်ပြခြင်းလုံးဝမရှိဘဲ ဖြစ်ပေါ်လာကာ လူဆိုးလူကောင်းမခွဲခြားဘဲ အားလုံးကို သေကျေပျက်စီးစေသည်။ လူတို့သည် သဘာဝဝန်းကျင်ကို ပျက်စီးစေခြင်းဖြင့်လည်းကောင်း၊ မြေငလျင်၊ ရေကြီးခြင်းနှင့် ဆိုးရွားသောရာသီဥတုများ ဖြစ်လေ့ရှိသည့် ဒေသများတွင် အိုးအိမ်များထူထောင်ကြခြင်းဖြင့်လည်းကောင်း ယင်းသို့သောကပ်ဘေးများကို ပို၍ဆိုးဝါးစေပြီ။

[Credit Line]

SENA VIDANAGAMA/​AFP/​Getty Images

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ဘာသာရေးခေါင်းဆောင်များသည် စိတ်ရှုပ်ထွေးစေသည့် အဖြေအမျိုးမျိုး ပေးခဲ့ကြ