မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှောင်ထဲတွင်ထွန်းလင်းနေသည့် “မီးရထားငယ်လေးများ”

အမှောင်ထဲတွင်ထွန်းလင်းနေသည့် “မီးရထားငယ်လေးများ”

အမှောင်ထဲတွင်ထွန်းလင်းနေသည့် “မီးရထားငယ်လေးများ”

▪ ဘရာဇီးကျေးလက်ဒေသ၏ တိတ်ဆိတ်နေသည့် တစ်ညနေခင်းတွင် “မီးရထား” လေးတစ်စင်းသည် အမှိုက်သရိုက်များအောက်မှ တိုးထွက်လာသည်။ အနီရောင် “ရှေ့မီးခွက်” နှစ်လုံးက ရှေ့လမ်းကြောင်းကို ထွန်းလင်းပေးပြီး စိမ်းဝါရောင်မီးအိမ် ၁၁ စုံက လမ်းဘေးဝဲယာကို ထွန်းလင်းပေးသည်။ ဝန်ခံရမည်မှာ ယင်းသည် သာမန်မီးရထားတစ်စင်းမဟုတ်ချေ။ ယင်းသည် မြောက်နှင့်တောင်အမေရိကတွင်တွေ့ရသော နှစ်လက်မအရွယ်ရှိ ဖန်ဂိုဒီဒေမျိုးရင်းဝင် ပိုးတောင်မာသားလောင်းဖြစ်၏။ သားလောင်းဘဝတွင်ရှိသော ပိုးတောင်မာအမများသည် မီးထွန်းထားသည့် ရထားတွဲများနှင့်ဆင်သဖြင့် ယင်းတို့ကို သံလမ်းပိုးကောင်များဟု ခေါ်လေ့ရှိ၏။ ဘရာဇီးကျေးလက်နေလူထုက ယင်းတို့ကို မီးရထားလေးများဟုခေါ်ကြသည်။

နေ့အချိန်တွင် ညိုမွဲမွဲအရောင်ရှိသည့် ပိုးလောင်းလေးများကို တွေ့ရခဲ၏။ ညအချိန်တွင်မူ ယင်းရှိနေကြောင်း ယင်း၏အံ့ဖွယ်ကောင်းသည့် အလင်းရောင်များဖြင့် ကြေညာလေသည်။ လူစီဖာရင်ဟူသော ဇီဝအခြေခံဝတ္ထု၏လှုံ့ဆော်မှုနှင့် လူစီဖာရေ့စ်အင်ဇိုင်း၏အကူအညီတို့ဖြင့် အောက်စီဂျင်နှင့်ဓာတ်ပြုကာ အေးမြသောအလင်းရောင်ကို ထုတ်လွှတ်ပေးသည်။ ထွန်းလင်းနေသည့် အဆိုပါအလင်းရောင်များတွင် အနီရောင်၊ လိမ္မော်ရောင်၊ အဝါရောင်နှင့် အစိမ်းရောင်တို့ပါဝင်သည်။

အနီရောင်ရှေ့မီးများမှာ မပြတ်တမ်း တောက်ပထွန်းလင်းနေသော်လည်း စိမ်းဝါရောင်ဘေးမီးများမှာမူ အမြဲမထွန်းလင်းချေ။ ရှေ့မီးများသည် ပိုးလောင်းလေးအား ၎င်းအနှစ်သက်ဆုံးသားကောင်ဖြစ်သည့် ပိုးနားသန်ကောင်များကို တွေ့ရှိစေပြီး ဘေးမီးများမှာမူ ပုရွက်ဆိတ်များ၊ ဖားများနှင့် ပင့်ကူများကဲ့သို့သော မျိုးခြားသားစားကောင်များကို တားဆီးပေးပုံရကြောင်း သုတေသနပြုချက်တစ်ရပ်က ဖော်ပြသည်။ အမှန်ဆိုလျှင် ပိုးလောင်းလေးများ၏ အရောင်တောက်ပမှုက မျိုးခြားသားစားကောင်များကို “ငါဟာ မသတီစရာအကောင်ပဲ။ ငါ့အနားမလာနဲ့!” ဟုပြောလွှတ်လိုက်သကဲ့သို့ပင်။ ထို့ကြောင့် ပိုးလောင်းလေးသည် မျိုးခြားသားစားကောင်တစ်ကောင်ကို အာရုံခံမိသည့်အခါ ဘေးမီးများက အလင်းရောင်ကို ထုတ်လွှတ်ပေး၏။ ထို့ပြင် ပိုးနားသန်ကောင်များကို တိုက်ခိုက်သည့်အခါနှင့် ပိုးတောင်မာအမများက ယင်းတို့၏ဥများကို ရစ်ခွေထားသည့်အခါတွင်လည်း ထိုအလင်းများ ထွန်းလင်းတောက်ပလာသည်။ သာမန်အခြေအနေတွင် ဘေးမီးများသည် အစွမ်းကုန်ထွန်းလင်းလာပြီးနောက် စက္ကန့်အနည်းငယ်အတွင်း မှေးမှိန်သွားလေသည်။ လိုအပ်လာလျှင်မူ ယခင်အတိုင်း ပြန်ထွန်းလင်းပြီး ပြန်မှိန်သွား၏။

သစ်တောအောက်ခြေရှိ အမှိုက်သရိုက်များအကြား၌ပင် စွဲမက်ဖွယ်အလှကို တွေ့လိုက်ရသူတစ်ဦးသည် ဖန်ဆင်းရှင်အား ချီးမွမ်းဂုဏ်တင်သည့် ဆာလံဆရာ၏ဤစကားများကို အမှတ်ရပေမည်– “မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏။”—ဆာလံ ၁၀၄:၂၄

[Picture Credit Line on page 18]

Robert F. Sisson/​National Geographic Image Collection