မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

ကမ္ဘာ့ဖြစ်ရပ် အကဲခတ်

▪ “ဇနီးမောင်နှံရှိရှိသမျှ၏ ထက်ဝက်သည် မိမိတို့သုံးစွဲခဲ့သည့် အသုံးစရိတ်များနှင့်ပတ်သက်၍ အိမ်ထောင်ဖက်များကို လိမ်ညာခြင်းဖြင့် ‘ငွေရေးကြေးရေးအရသစ္စာမဲ့’ ကြောင်း ဝန်ခံကြသည်။— THE WALL STREET ဂျာနယ်၊ အမေရိကန်နိုင်ငံ။

▪ “ဂရိနိုင်ငံ၏ကုန်းမြေ ၈၄ ရာခိုင်နှုန်းသည် တစ်စတစ်စနှင့်သဲကန္တာရဖြစ်လာကာ အခြား ၈ ရာခိုင်နှုန်းမှာမူ လွင်တီးခေါင်ဖြစ်နေပြီဖြစ်သည်။”—KATHIMERINI သတင်းစာ (အင်္ဂလိပ်ဘာသာဖြင့်)၊ ဂရိနိုင်ငံ။

▪ ပစိဖိတ်သမုဒ္ဒရာရှိ ဗာနူအာတူးသမ္မတနိုင်ငံ၊ တိုင်ဂွာကျွန်းပေါ်မှ လာအေယူရွာလေးသည် ရာသီဥတုအပြောင်းအလဲကြောင့် စွန့်ပစ်ခံရသည့် သို့မဟုတ် ပို၍တိတိကျကျဆိုရလျှင်ပြောင်းရွှေ့ခံရသည့် အဦးဆုံးသောရွာဖြစ်နိုင်သည်။ ထိုတွင်ရှိသောနေအိမ်များသည် မိုးသက်မုန်တိုင်းနှင့် ကြမ်းတမ်းသည့်လှိုင်းလုံးကြီးများကြောင့် အကြိမ်ကြိမ်ရေလွှမ်းခံခဲ့ရသည်။—VANUATU သတင်း၊ ဗာနူအာတူး။

အသက်ရာပြည့် ဘိုးဘွားများ တိုးများလာ

မျက်မှောက်ခေတ်တွင် အသက် ၁၀၀ အထိအသက်ရှင်ခြင်းသည် အဆန်းမဟုတ်တော့ချေဟု New Scientist မဂ္ဂဇင်းကဆို၏။ ယခုဆိုလျှင် ကမ္ဘာတစ်ဝန်းတွင် အသက်ရာပြည့်ဘိုးဘွားများ ၂၀၀,၀၀၀ ခန့်ရှိနေသည်။ ထို့ပြင် ထိုမဂ္ဂဇင်း၏အဆိုအရ ၎င်းတို့ထဲမှ ၆၆ ဦးသည် အသက် ၁၁၀ ပြည့်သွားကြပြီဖြစ်ရာ အသက်ရာကျော်ဘိုးဘွားများဖြစ်လာသည်။ အလွန်အသက်ရှည်သည်ဟူသောအဆိုကို အတည်ပြုရန် တစ်ခါတစ်ရံ အခက်အခဲရှိကြောင်း၊ သို့သော် “စိတ်ချရသော မှတ်တမ်းများမရှိသောကြောင့် ယခုအသက်ရှင်နေသည့် အသက်ရာကျော်ဘိုးဘွားများ၏ အရေအတွက်အမှန်မှာ ၄၅၀ အထိရှိနိုင်” ကြောင်း New Scientist ကအသိအမှတ်ပြုသည်။

လျှို့ဝှက်ဆန်းကြယ်သည့် လူသတ်ကောင် ဖော်ထုတ်ခံရ

“ရှေးအေသင်မြို့၏ သင်္ချိုင်းတွင်းတစ်တွင်းရှိ သွားများမှ စုဆောင်းရရှိသည့် ဒီအဲန်အေသည် ရှေးလူသတ်ကောင်တစ်ဦးကို ဖော်ထုတ်ရာတွင် အကူအညီဖြစ်စေခဲ့ပြီ” ဟုကနေဒါနိုင်ငံထုတ် Maclean’s မဂ္ဂဇင်းကဖော်ပြသည်။ ဘီစီ ၄၃၀ ခန့်က အေသင်တစ်မြို့လုံး ကပ်ရောဂါပျံ့နှံ့သွားကြောင်း၊ မြို့နှစ်မြို့ဆင်နွှဲသည့်စစ်ပွဲတွင် ပြိုင်ဘက်ဖြစ်သော စပါတာမြို့သည် ယင်းကပ်ရောဂါကြောင့် အသာစီးရခဲ့ကြောင်း ဂရိစာရေးဆရာ သူးစီးဒိုင်းဒက်ဇ်က ၎င်း၏ History of the Peloponnesian War စာအုပ်၌ ဖော်ပြထား၏။ အဆိုပါကပ်ရောဂါနှင့်ပတ်သက်၍ သူးစီးဒိုင်းဒက်ဇ်၏ဖော်ပြချက်မှာ တိကျခိုင်လုံမှုမရှိခဲ့ချေ။ သို့သော် ယခုဆိုလျှင် ရောဂါဖြစ်ပွားစေသောအရာများကို ရာစုနှစ်နှင့်ချီ၍ ထိန်းသိမ်းထားနိုင်သည့် သွားအတွင်းရှိ ပျော့အိသောအသားမျှင်အား ဓာတ်ခွဲလေ့လာသည့်အခါ လျှို့ဝှက်ဆန်းကြယ်သော လူသတ်ကောင်မှာ အူရောင်ငန်းဖျားရောဂါဖြစ်ကြောင်း သုတေသီများ ဖော်ထုတ်နိုင်ခဲ့ကြပြီဟုဆို၏။

ပြိုင်ပွဲဝင်သည့် ကုလားအုတ်စီးစက်ရုပ်များ

ကလေးများအား ကုလားအုတ်စီးပြိုင်ပွဲဝင်သူများအဖြစ် အသုံးပြုခြင်းကို လူ့အခွင့်အရေးအဖွဲ့အစည်းများက ပြစ်တင်ဝေဖန်ကြရာ ပါရှန်းပင်လယ်ကွေ့နိုင်ငံများတွင် ခေတ်စားနေသော ကုလားအုတ်စီးပြိုင်ပွဲသည် ထိုသို့ပြစ်တင်ဝေဖန်ခံရမည့် အလားအလာရှိသည်။ သို့သော် ကုလားအုတ်စီးပြိုင်ပွဲကို အဆင်ပြေစေရန် ကုလားအုတ်စီးပြိုင်ပွဲဝင်သူများသည် ကိုယ်အလေးချိန်ပေါင် ၆၀ အောက်ရှိသင့်ပြီး ဆယ်ကျော်သက်များကိုပင် ပြိုင်ပွဲဝင်ခွင့်မ ပြုသင့်ဟု ပညာရှင်များက ဆိုကြသည်။ ယင်းကို မည်သို့ဖြေရှင်းခဲ့ကြသနည်း။ ပြိုင်ပွဲဝင်သည့် ကုလားအုတ်စီးစက်ရုပ်များကို တီထွင်ခြင်းဖြင့်ဖြစ်၏။ ဆွစ်ဇာလန်နိုင်ငံမှ ဒီဇိုင်းပညာရှင်များသည် အထူးကုလားအုတ်ကုန်းနှီးကို ခွစီးနိုင်သည့် ၅၉ ပေါင်ရှိသော အဝေးထိန်းစက်ရုပ်လူသားကို တီထွင်ခဲ့ကြသည်။ ကုလားအုတ်ကို မခြောက်လန့်မိစေရန် စက်ရုပ်သည် လူပုံစံရှိပြီး လူအသံထွက်၏။ ကိုင်းညွတ်ခြင်း၊ ဟန်ချက်ညီအောင်ထိန်းခြင်း၊ ကျာပွတ်ကိုင်ခြင်းနှင့် ကုလားအုတ်အား လမ်းညွှန်ပေးခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ ကုလားအုတ်ပိုင်ရှင်များသည် ထိုသို့အသုံးပြုရန် အားတက်သရောရှိကြသည်။

အနှစ် ၂,၀၀၀ ကြာပြီးနောက်အစေ့မှ အညှောက်ထွက်လာ

လှပမှု၊ အရိပ်အာဝါသရမှုနှင့် ဆေးဖက်ဝင်မှုတို့ကြောင့် အလွန်တန်ဖိုးထားခံရသည့် ရှေးယုဒပြည်မှ စွန်ပလွံပင်များကို အလယ်ခေတ်အတွင်း ခရူးဆိတ်ဘာသာရေးစစ်ဆင်နွှဲသူများက ဖျက်ဆီးပစ်ခဲ့ကြသည်။ သို့သော် ယခုအခါ “အစ္စရေး ပါရဂူများနှင့် သိပ္ပံပညာရှင်များသည် အနှစ် ၂,၀၀၀ နီးပါး သက်တမ်းရှိသည့် စွန်ပလွံစေ့တစ်စေ့ကို အညှောက်ပေါက်အောင် ပြုလုပ်နိုင်ခဲ့ကြပြီ” ဟု နယူးယောက်တိုင်းမ် က ဖော်ပြသည်။ အေဒီ ၇၃ တွင် ရောမတို့သိမ်းပိုက်ခဲ့သည့် တောင်ပေါ်ခံတပ်မြို့ဖြစ်သော “မဆားဒါမြို့တွင် မသုရှလဟု ချစ်စနိုးမှည့်ခေါ်သည့် ထိုအစေ့ကို တူးဖော်ရရှိခဲ့ကြ၏။” ယင်းအပင်ငယ် အသီးသီးဖို့ နှစ်နှင့်ချီ၍ကြာမည်ဖြစ်ကာ အမပင်ဖြစ်မှသာ အသီးသီးမည်ဟု ထိုအစေ့ကို အညှောက်ပေါက်အောင်လုပ်ခဲ့သည့် ခြောက်သွေ့ဒေသစိုက်ပျိုးရေးပါရဂူ အီလန်ဆိုလာဝေကဆိုသည်။ “အဖိုပင်ဖြစ်လျှင်မူ တစ်မူထူးသော အပင်တစ်ပင်မျှသာဖြစ်မည်” ဟုသူကဆိုသည်။