မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကိုယ်တော်ပြန်ရရှိစေမည့် အသက်တာ

ကိုယ်တော်ပြန်ရရှိစေမည့် အသက်တာ

ကိုယ်တော်ပြန်ရရှိစေမည့် အသက်တာ

“ကြည့်ရှုလော့။ တရားသဖြင့်အုပ်စိုးသော ရှင်ဘုရင်တစ်ပါး ပေါ်ထွန်းတော်မူလိမ့်မည်။” ယေရှု၏ ဘုရားသခင့်နိုင်ငံတော် အုပ်ချုပ်မှုအာဏာနှင့်စပ်လျဉ်း၍ ဤကဲ့သို့သော အားရှိစရာကတိတော်များသည် သမ္မာကျမ်းစာ၏ ထူးခြားချက်ဖြစ်သည်။ ယင်းသို့သောကတိတော် နောက်တစ်ခုကလည်း ဤသို့ဆိုသေး၏– “ငတ်မွတ်သောသူအော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ . . . သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။”—⁠ဟေရှာယ ၃၂:၁; ဆာလံ ၇၂:၁၂-၁၄

ထိုသို့သော တရားသဖြင့်အုပ်စိုးမှုကို ကမ္ဘာသူကမ္ဘာသားများ မလိုအပ်ဟု ငြင်းဆိုနိုင်ပါမည်လော။ ယေရှုသည် မိမိနောက်လိုက်များအား ဘုရားသခင့်နိုင်ငံတော်ကို စိတ်စွဲမှတ်ထားကြရန် တိုက်တွန်းခဲ့သည်။ ဘုရားသခင့် “နိုင်ငံတော်တည်ထောင်ပါစေသော။ အလိုတော်သည် ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပါစေ” ဟုဆုတောင်းကြရန် ကိုယ်တော်သွန်သင်ခဲ့၏။—⁠မဿဲ ၆:၉၊ ၁၀

ဘုရားသခင့်နိုင်ငံတော်နီးပြီဟူသော အထောက်အထား

ထိုဆုတောင်းချက် ပြည့်စုံသည့်အနေနှင့် ဘုရားသခင့်နိုင်ငံတော်တည်ထောင်မည့်အချိန်ကို ကျွန်ုပ်တို့မည်သို့သိရှိနိုင်သနည်း။ ယေရှု၏ အစောပိုင်းနောက်လိုက်များသည် သိလိုစိတ်ဖြင့် ဤသို့မေးမြန်းခဲ့ကြသည်– ‘ကိုယ်တော်သည် [အုပ်စိုးနေသောမင်းအဖြစ်] ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကိုလည်းကောင်း အမိန့်ရှိတော်မူပါ။’ ယေရှုဤသို့ဖြေဆိုသည်– “လူတစ်မျိုးနှင့်တစ်မျိုး . . . ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ . . . မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမှုအရာတို့သည် . . . ဆင်းရဲခြင်း၏ အစအဦးဖြစ်သတည်း။” ကိုယ်တော်က ဤသို့လည်းသတိပေးခဲ့သည်– “မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်။”—⁠မဿဲ ၂၄:၃-၁၂

ကျမ်းစာပရောဖက်ပြုချက်နောက်တစ်ခုက ဤသို့ဆိုသည်– ‘နောင်ကာလသည် ခဲယဉ်းသောကာလဖြစ်မည်။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုကိုယ်ချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကိုရှုတ်ချသောသူ၊ မိဘစကားကိုနားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကိုမချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကိုသာ၍နှစ်သက်သောသူ၊ ဘုရားသခင်ဝတ်၌မွေ့လျော်ယောင်ဆောင်၍ မွေ့လျော်ခြင်းတန်ခိုးကို ငြင်းပယ်သောသူဖြစ်ကြလိမ့်မည်။’—⁠၂ တိမောသေ ၃:၁-၅

“နောင်ကာလ” ဟူသော ဤဖော်ပြချက်သည် ကျွန်ုပ်တို့အသက်ရှင်နေရသည့်အချိန်နှင့် အတိအကျ ကိုက်ညီသည်ကို သင်သဘောတူပေမည်။ ယခုအချိန်သည် ဤကျမ်းစာပရောဖက်ပြုချက် ပြည့်စုံသည့်အချိန်ဖြစ်ကြောင်း အထောက်အထားများစွာရှိ၏– ‘ပျက်စီးခြင်းသို့မရောက်နိုင်သောနိုင်ငံတစ်ခုကို ကောင်းကင်ဘုံရှင်ဘုရားသခင်သည် တည်ထောင်စေတော်မူမည်။ ထိုနိုင်ငံသည် အခြားသောလူမျိုးလက်သို့မရောက်ရဘဲ အထက်ဆိုခဲ့ပြီးသော နိုင်ငံရှိသမျှတို့ကို ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။’—⁠ဒံယေလ ၂:၄၄၊ ၄၅

“ငြိမ်သက်ခြင်းအရှင်” ကျင့်သုံးသည့် ဘုရားသခင့်နိုင်ငံတော်အုပ်စိုးမှုအာဏာတော်သည် ဤကမ္ဘာ့အဆုံးကို ကပ်ကျော်ကြမည့်သူတို့၏ ငြိမ်သက်ခြင်းအား နှောင့်ယှက်မည့်အရာရာတိုင်းကို ဖယ်ရှားပစ်ပါလိမ့်မည်။ (ဟေရှာယ ၉:၆) ကျမ်းစာပရောဖက်ပြုချက်က ဤသို့ကတိပြုသည်– ‘လောကနှင့်လောကတပ်မက်ခြင်းသည် ရွေ့သွားကွယ်ပျောက်တတ်၏။ ဘုရားသခင်၏အလိုတော်နှင့်အညီ ကျင့်သောသူမူကား ထာဝရတည်၏။’ (၁ ယောဟန် ၂:၁၇) ဤကမ္ဘာ့အဆုံးသည် ဘုရားသခင့်အလိုတော်ဆောင်သူတို့အား ကျွန်ုပ်တို့၏ကနဦးမိဘ အာဒံနှင့်ဧဝတို့ ဘုရားသခင်ကိုပုန်ကန်ခဲ့ခြင်းကြောင့် လူ့မိသားစုဆုံးရှုံးခဲ့ရာကို ပြန်လည်ရရှိစေပါလိမ့်မည်။

လက်တစ်ကမ်းသာလိုတော့သည့် အသက်တာပုံစံ

“အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလ၌ လူသားသည် ဘုန်းရှိသောပလ္လင်တော်ပေါ်မှာ ထိုင်တော်မူ” မည်ဟု ယေရှုရှင်းပြခဲ့သည်။ (မဿဲ ၁၉:၂၈) ကျမ်းပြိုင်တစ်စောင်က ယင်းကို “ရောက်ရှိလာမည့်အစီအစဉ်စနစ်” ဟုဆိုသည်။ (လုကာ ၁၈:၃၀ကဘ) ထိုအချိန်တွင် ယေရှုသည် မိမိ၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်အား ယုံကြည်ကြောင်းတင်ပြသူအားလုံးကို ထာဝရအသက်ပေးခြင်းဖြင့် ငြိမ်သက်ခြင်းအရှင်အဖြစ် ဘုရားသခင်ပေးအပ်ထားသော အခွင့်အာဏာကို ကျင့်သုံးပါလိမ့်မည်။—⁠ယောဟန် ၅:၂၁

ဘုရားသခင့်အစီအစဉ်စနစ်သစ်တွင် လူတို့သည် မြေကြီးပရဒိသု၌ အာဒံနှင့်ဧဝတို့အား ကိုယ်တော်ပေးခဲ့သည့် အသက်တာပုံစံမျိုးကို ရရှိကြပါလိမ့်မည်။ သားသမီးများမွေးပြီး “မြေကြီးကိုပြည့်စေ၍ နိုင်ကြ” ရန် သူတို့ကို ဘုရားသခင် ညွှန်ကြားခဲ့ကြောင်း အမှတ်ရပါလေ။ သူတို့သည် ကမ္ဘာတစ်ခွင်လုံးကို ဧဒင်ဥယျာဉ်ကဲ့သို့သောပရဒိသုဖြစ်အောင် တိုးချဲ့ဖို့တာဝန်ရှိသည်။ (ကမ္ဘာဦး ၁:၂၈) အလားတူစွာ အလုံးစုံသောအရာတို့ကို အသစ်ပြုပြင်သောကာလတွင် ကမ္ဘာမြေကြီးသည် ဤကမ္ဘာ့အဆုံးကို ကပ်ကျော်သူများ၊ ၎င်းတို့၏သားသမီးများ၊ သေဆုံးခဲ့ကြသော်လည်း ရှင်ပြန်ထမြောက်လာကြသူများနှင့် ပြည့်နှက်နေပေမည်။ ထိုသူတို့သည် ဘုရားသခင့်မူလရည်ရွယ်ချက်အတိုင်း ကမ္ဘာမြေကြီးကို ပရဒိသုဖြစ်အောင် ပူးပေါင်းလုပ်ဆောင်ကြမည်။

ထိုဖြောင့်မတ်သောကမ္ဘာသစ်တွင် နေထိုင်သူတို့သည် ကောင်းချီးများခံစားရရှိကြမည်ဟု သမ္မာကျမ်းစာကဆိုထားရာ ယင်းကောင်းချီးများမှအချို့ကို သုံးသပ်ကြည့်ပါလေ။—⁠၂ ပေတရု ၃:၁၃

ဤစာမျက်နှာများတွင် ဖော်ပြထားသော ကတိတော်များသည် မယုံနိုင်စရာဖြစ်ပုံရသော်လည်း “ရောက်ရှိလာမည့် အစီအစဉ်စနစ်” တွင် ယင်းတို့သည် အမှန်တကယ်ဖြစ်ပျက်လာကြမည်။ အဆိုပါကောင်းချီးများခံစားနိုင်ရန် လူတို့လုပ်ဆောင်ရမည့်အရာကို ဘုရားသခင်ထံ ယေရှုဆုတောင်းရာတွင် ဤသို့ဖော်ပြခဲ့၏– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။” (ယောဟန် ၁၇:၃) ဤအသက်ပေးအသိပညာကို နှိမ့်ချစွာ ရှာဖွေဆည်းပူးနေကြသူတို့တွင် သင်လည်းပါဝင်နိုင်ပါစေ။

[စာမျက်နှာ ၇ ပါ အကျဉ်းဖော်ပြချက်]

‘နာမတော်ကား . . .ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ . . .အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် အမြဲရှိလိမ့်မည်။’—⁠ဟေရှာယ ၉:၆၊ ၇

[စာမျက်နှာ ၈၊ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

လူတိုင်းအတွက် အိုးအိမ်နှင့်အလုပ်အကိုင်ရှိမည်

“သူတို့သည် ကိုယ်ဆောက်သောအိမ်၌ နေကြလိမ့်မည်။ ... သူတို့သည် စပျစ်ဥယျာဉ်ကိုစိုက်၍ အခြားသောသူစားရမည်မဟုတ်။”—⁠ဟေရှာယ ၆၅:၂၁၊ ၂၂

အားလုံးအတွက် အစားအသောက်အလျှံပယ်ရှိမည်

“မြေသည် မိမိဘဏ္ဍာကိုပေး” မည်။ မြေကြီးပေါ်တွင် “များစွာသောစပါးရှိ” မည်။—⁠ဆာလံ ၆၇:၆; ၇၂:၁၆

ကမ္ဘာချီငြိမ်သက်မှုသည် တိရစ္ဆာန်များ၌ပင် အကျိုးသက်ရောက်မည်

“တောခွေးသည် သိုးသငယ်နှင့်အတူနေလိမ့်မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့်မည်။ . . . လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။”—⁠ဟေရှာယ ၁၁:၆

စစ်ကင်းမဲ့ကာ ထာဝစဉ်ငြိမ်းချမ်းမည်

“တစ်ပြည်ကိုတစ်ပြည် စစ်မတိုက်၊ စစ်အတတ်ကိုလည်း နောက်တစ်ဖန်မသင်ရကြ။” ‘အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် အမြဲရှိလိမ့်မည်။’—⁠ဟေရှာယ ၂:၄; ၉:၇

ချစ်မြတ်နိုးရသော သေလွန်သူများရှင်ပြန်ထမြောက်လာကြလိမ့်မည်

“သင်္ချိုင်းများမှာရှိသောသူ အပေါင်းတို့သည် [ယေရှု] ၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလ ရောက်လတ္တံ့။”—⁠ယောဟန် ၅:၂၈၊ ၂၉

ဖျားနာခြင်း၊ သေခြင်းရှိတော့မည်မဟုတ်

“မြို့သားကလည်း ‘ငါနာသည်’ ဟုမဆိုရ။” “နောက်တစ်ဖန် သေဘေးမရှိရ။ . . . ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”—⁠ဟေရှာယ ၃၃:၂၄; ဗျာ. ၂၁:၃၊ ၄