မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်တော် ဖြုန်းတီးတဲ့သားမိုက်ဖြစ်ခဲ့

ကျွန်တော် ဖြုန်းတီးတဲ့သားမိုက်ဖြစ်ခဲ့

ကျွန်တော် ဖြုန်းတီးတဲ့သားမိုက်ဖြစ်ခဲ့

မီရိုစ် ဝီလျမ် ဆန်းဒေး ပြောပြသည်

ကျွန်တော်ငယ်ငယ်ကတည်းက ဘုရားသခင်ကိုချစ်မြတ်နိုးဖို့ သွန်သင်ခံခဲ့ရပေမဲ့ အသက် ၁၈ နှစ်လည်းရောက်ရော ကလန်ကဆန်လုပ်ပြီး အိမ်ကနေထွက်ခဲ့တယ်။ ယေရှုရဲ့ ပုံဥပမာထဲက ဖြုန်းတီးတဲ့သားမိုက်လို ကျွန်တော်နေထိုင်ခဲ့တာ ၁၃ နှစ်ကြာတယ်။ (လုကာ ၁၅:၁၁-၂၄) ကျွန်တော်ဟာ မူးယစ်ဆေးဝါးရောင်းဝယ်သူဖြစ်လာပြီး ဘဝပျက်လုနီးပါးဖြစ်ခဲ့တယ်။ ဘယ်အရာကြောင့် ကျွန်တော့်ဘဝပုံစံပြောင်းလဲသွားပြီး အသိတရားပြန်ရလာတယ်ဆိုတာကို ပြောပြပါရစေ။

သားသမီးကိုးယောက်မှာ ဒုတိယသားဖြစ်တဲ့ ကျွန်တော့်ကို ၁၉၅၆ ခုနှစ်မှာ ခရစ်ယာန်မိဘတွေက မွေးဖွားခဲ့တယ်။ နိုင်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းက အီလေရှာမြို့မှာ ကျွန်တော်တို့နေထိုင်ကြတယ်။ ကျွန်တော့်အဖေက ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပေမဲ့ ၁၉၄၅ ခုနှစ်မှာ သူ့ဦးလေးက သူ့ကို ဘုရားသခင့်စောင်းတော်စာအုပ် ပေးခဲ့တယ်။ * အဲဒီစာအုပ်ကိုဖတ်ပြီးတဲ့နောက် အဖေဟာ ယေဟောဝါသက်သေတွေကိုရှာခဲ့တယ်။ ၁၉၄၆ ခုနှစ်မှာ သူနှစ်ခြင်းခံခဲ့ပြီး သိပ်မကြာဘူး အမေလည်း နှစ်ခြင်းခံခဲ့တယ်။

ကလေးဘဝတုန်းက ယေဟောဝါကို ကျွန်တော်ယုံကြည်ခဲ့တာ၊ ဟောပြောခြင်းမှာ မိဘတွေနဲ့အတူ ထက်ထက်သန်သန် ပါဝင်ခဲ့တာတွေကို ကျွန်တော်မှတ်မိနေသေးတယ်။ အဖေက ကျွန်တော့်ကို ကျမ်းစာသင်ပေးတယ်။ တစ်ခါတလေ ကျွန်တော်တို့ဒေသမှာရှိတဲ့ နယ်လှည့်ကြီးကြပ်မှူးရဲ့ ဇနီးဖြစ်သူ အဲလက်စ်အိုဘာရာလည်း သင်ပေးတယ်။ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦး ဖြစ်စေချင်ကြတယ်။ ဒါပေမဲ့ အမေက အရင်ဆုံး အထက်တန်းကျောင်းပညာတော့ရအောင် ဆည်းပူးရမယ်လို့ အကြံပေးခဲ့တယ်။

ဒါပေမဲ့ အသက် ၁၆ နှစ်အရွယ်မှာ ကျွန်တော် အထက်တန်းကျောင်းလည်းစတက်ရော ကျမ်းစာမူတွေကိုမလေးစားတဲ့ ကျောင်းနေဖက်တွေနဲ့ ပညာမဲ့စွာပေါင်းသင်းခဲ့တယ်။ တကယ့်ကို မိုက်မဲတဲ့အမှားပဲ! သိပ်မကြာဘူး ကျွန်တော် ဆေးလိပ်စသောက်ပြီး အကျင့်ယိုယွင်းလာတယ်။ ကျွန်တော့်ရဲ့ဘဝပုံစံအသစ်က ခရစ်ယာန်အစည်းအဝေးတွေမှာရရှိခဲ့တဲ့ သွန်သင်ချက်နဲ့မကိုက်ညီဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါကြောင့် အစည်းအဝေးတွေမတက်တော့ဘူး၊ တစ်အိမ်တက်ဆင်း ဟောပြောခြင်းမှာလည်း မပါဝင်တော့ဘူး။ ကျွန်တော့်မိဘတွေဟာ ဝမ်းနည်းပက်လက်ဖြစ်ခဲ့ကြပေမဲ့ ကျွန်တော်ကတော့ သူတို့ရဲ့ခံစားချက်ကို အရေးမလုပ်ခဲ့ဘူး။

အိမ်မှ ကျွန်တော်ထွက်ခဲ့

အထက်တန်းကျောင်းကို နှစ်နှစ်လောက်ပဲ တက်ပြီးတဲ့နောက် ကျွန်တော် အိမ်ကထွက်ခဲ့တယ်။ အနီးဝန်းကျင်က သူငယ်ချင်းတွေနဲ့အတူနေတယ်။ တစ်ခါတလေ အိမ်ထဲခိုးဝင်ပြီး ရနိုင်သမျှအစားအသောက်တွေကို လုယူထွက်ပြေးတယ်။ စိတ်ဆင်းရဲနေတဲ့အဖေဟာ ကျွန်တော်များပြောင်းလဲလာမလားဆိုပြီး ကျွန်တော့်ကျောင်းလခကို မရှင်းပေးတော့ဘူး။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကျွန်တော် ပညာသင်စရိတ်ရရှိခဲ့တယ်။ ကျွန်တော့်ကို ငွေကြေးထောက်ပံ့ပေးသူက ကျောင်းလခကို စကော့တလန်နိုင်ငံကနေ ပို့ပေးပြီး တစ်ခါတလေ ငွေနဲ့အတူ လက်ဆောင်တွေလည်း ပို့ပေးခဲ့တယ်။ ဒီအတောအတွင်းမှာ ကျွန်တော့်အစ်ကိုနဲ့ ညီတစ်ယောက်တို့လည်း ယေဟောဝါသက်သေတွေနဲ့ မပေါင်းသင်းတော့ဘူး။ ဒါကြောင့် ကျွန်တော့်မိဘတွေဟာ ပြောမပြနိုင်လောက်အောင် စိတ်ဆင်းရဲခဲ့ရတယ်။ အမေဟာ ကျွန်တော့်ကို မျက်ရည်စက်လက်နဲ့ အကြိမ်ကြိမ် နားချခဲ့တယ်။ ကျွန်တော်စိတ်မကောင်းဖြစ်ပေမဲ့ ကျွန်တော့်ရဲ့လမ်းစဉ်ကို မပြောင်းလဲခဲ့ပါဘူး။

မြို့ကြီးများတွင်

၁၉၇၇ ခုနှစ်မှာ ကျောင်းပြီးသွားတဲ့နောက် လားဂို့စ်မြို့ကို ကျွန်တော်ထွက်သွားပြီး အဲဒီမှာ အလုပ်ရခဲ့တယ်။ အဲဒီနောက်မကြာခင်မှာ တရားမဝင်တဲ့နည်းနဲ့ ငွေတွေရရှိပြီး အငှားကားတစ်စီး ဝယ်လိုက်တယ်။ အခု ကျွန်တော့်မှာ ငွေရွှင်နေပြီဆိုတော့ မူးယစ်ဆေးဝါးတွေသုံး၊ နိုက်ကလပ်တွေ၊ ပြည့်တန်ဆာအိမ်တွေမှာ အချိန်ဖြုန်းခဲ့တယ်။ သိပ်မကြာခင်မှာပဲ လားဂို့စ်မြို့မှာနေရတာ ကျွန်တော်ငြီးငွေ့လာပြီး လန်ဒန်ကို ပြောင်းသွားတယ်။ အဲဒီကနေ ဘယ်လ်ဂျီယံနိုင်ငံကိုထွက်သွားတယ်။ အဲဒီမှာ ပြင်သစ်စကားသင်ယူပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့အချိန်အများစုဟာ နိုင်ဂျီးရီးယားနိုင်ငံကို ကားတွေ၊ လျှပ်စစ်ပစ္စည်းတွေ တင်ပို့နေတာနဲ့ပဲ ကုန်သွားတယ်။

ဘယ်လ်ဂျီယံနိုင်ငံက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို အဖေစာလှမ်းရေးတယ်။ ကျွန်တော်နဲ့အဆက်အသွယ်လုပ်ပြီး ကျမ်းစာသင်ပေးဖို့ အကူအညီတောင်းတယ်။ ဒါပေမဲ့ သက်သေခံတွေ အိမ်ကိုရောက်လာတိုင်း သူတို့ကို ကျွန်တော်မောင်းထုတ်တယ်။ ဝတ်ပြုဆုတောင်းပွဲပြီးသွားရင် စားသောက်လို့လည်းရ၊ အားကစား အမျိုးမျိုးလည်း လုပ်လို့ရတဲ့ ချာ့ခ်ျတစ်ခုကို ကျွန်တော်သွားတက်ခဲ့တယ်။

မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ဦးအဖြစ် အသက်ရှင်

၁၉၈၂ ခုနှစ်မှာ နိုင်ဂျီးရီးယားနိုင်ငံကို တန်ဖိုးကြီးတဲ့ ဇိမ်ခံကားတစ်စီး ကျွန်တော်တင်ပို့ခဲ့ပြီး နိုင်ဂျီးရီးယားအကောက်ခွန်ရုံးကနေ လွတ်မလွတ်သိဖို့ ကျွန်တော်ကိုယ်တိုင် အဲဒီဆိပ်ကမ်းကိုသွားခဲ့တယ်။ အကောက်ခွန်စာရွက်စာတမ်းက အတုဖြစ်နေတာကို ရုံးက သိသွားတဲ့အတွက် ကျွန်တော့်ကို ရက် ၄၀ လောက် ချုပ်ထားလိုက်တယ်။ ကျွန်တော့်ကို အဖေက အာမခံနဲ့ ထုတ်သွားတယ်။ အမှုပြီးပြတ်ဖို့ ငွေလိုတဲ့အတွက် ဆေးခြောက် ပေါင်အတော်များများအပါအဝင် တခြားကုန်ပစ္စည်းတွေနဲ့အတူ ဘယ်လ်ဂျီယံနိုင်ငံကို ပြန်သွားခဲ့တယ်။ အကောက်ခွန်စာရွက်စာတမ်း အတုလုပ်တဲ့အမှုကနေ တရားသေလွှတ်ပြီးတဲ့နောက် မူးယစ်ဆေးဝါးရောင်းဝယ်ရေးမှာ ကျွန်တော်အခြေကျလာတယ်။

ခရီးစဉ်တစ်ခုအသွား နယ်သာလန်နိုင်ငံမှာ ကျွန်တော် အဖမ်းခံလိုက်ရတယ်။ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ကျွန်တော့်ကို နိုင်ဂျီးရီးယားနိုင်ငံကိုထွက်ခွာမယ့် လေယာဉ်ပေါ်တင်ပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်။ လမ်းခရီးမှာ တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်သူတချို့နဲ့တွေ့ပြီး အတူတွဲလုပ်ဖို့ စီစဉ်ခဲ့ကြတယ်။ ၁၉၈၄၊ ဇန်နဝါရီလမှာ နောက်အာဖရိကနိုင်ငံတစ်ခုကို ကျွန်တော်ပြောင်းသွားတယ်။ အဲဒီဒေသမှာသုံးတဲ့ ပြင်သစ်စကားကို ကျွန်တော်ပြောတတ်လို့ ချက်ချင်းဆိုသလို ရဲတွေ၊ စစ်သားတွေ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေနဲ့ မိတ်ဖွဲ့နိုင်ခဲ့တယ်။ ဒီလိုနဲ့ အလေးချိန်ပေါင် ထောင်နဲ့ချီရှိတဲ့ ဆေးခြောက်တွေကို အဲဒီနိုင်ငံထဲ တင်သွင်းဖို့ ကျွန်တော်တို့ စီစဉ်ခဲ့ကြတယ်။

အဖမ်းခံရပြီး ထောင်ချခံရ

ဒီတစ်ခေါက်လည်း ကျွန်တော် ပြဿနာထပ်ဖြစ်တယ်။ ကျွန်တော့်ရဲ့ပစ္စည်းတွေကို အဲဒီနိုင်ငံလေဆိပ်ကနေလွတ်အောင် ကူညီပေးဖို့ စစ်ဗိုလ်တစ်ယောက်နဲ့ အစီအစဉ်လုပ်ထားပေမဲ့ သူအရောက်နောက်ကျခဲ့လို့ ကျွန်တော်အဖမ်းခံခဲ့ရတယ်။ ပြင်သစ်ရဲတွေရဲ့ ရက်ရက်စက်စက် ထိုးကြိတ်ကန်ကျောက်တာကို ခံလိုက်ရလို့ ကျွန်တော်သတိမေ့သွားတယ်။ ကျွန်တော့်ကို ဆေးရုံခေါ်သွားပြီး သေပြီအထင်နဲ့ ပစ်ထားခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်တော်မသေဘဲ နောက်ပိုင်းမှာ စွဲချက်တင်ခံရပြီး ပြစ်မှုထင်ရှားတဲ့အတွက် ထောင်ချခံခဲ့ရတယ်။

ထောင်ကနေလွတ်လာတော့ ကျွန်တော့်အိမ်ကို ကြည့်ထားပေးတဲ့သူငယ်ချင်းက ကျွန်တော်ပိုင်ဆိုင်ရာအားလုံးကို ရောင်းချပြီး ထွက်ပြေးတိမ်းရှောင်သွားတယ်။ ဝမ်းစာရှာဖို့ ကျွန်တော် ချက်ချင်းပဲ ဆေးခြောက်တွေပြန်ရောင်းခဲ့တယ်။ ဒါပေမဲ့ ဆယ်ရက်အကြာမှာ အဖမ်းခံရပြီး သုံးလအကျဉ်းချခံရတယ်။ ပြန်လွတ်လာတော့ ကျွန်တော် အပြင်းဖျားတာ သေလုနီးပါးပဲ။ ဒါပေမဲ့ တစ်နည်းနည်းနဲ့ လားဂို့စ်မြို့ကိုပြန်နိုင်ခဲ့တယ်။

ယခင် “အလုပ်” ကိုပြန်လုပ်

လားဂို့စ်မြို့မှာ ကျွန်တော်နဲ့တွဲလုပ်ခဲ့တဲ့ အဖော်ဟောင်းတချို့နဲ့ ပြန်ဆုံမိပြီး အိန္ဒိယနိုင်ငံဘက်ကို ထွက်ခဲ့ကြတယ်။ အဲဒီမှာ အမေရိကန်ဒေါ်လာ ၆၀၀,၀၀၀ လောက်တန်တဲ့ ဘိန်းဖြူတွေကို ကျွန်တော်တို့ဝယ်ခဲ့ကြတယ်။ ဘုံဘေ (ယခု မွန်ဘိုင်း) ကနေ ဆွစ်ဇာလန်နိုင်ငံကို ထွက်သွားပြီး အဲဒီကနေ ပေါ်တူဂီနိုင်ငံ၊ နောက်ဆုံး စပိန်နိုင်ငံကို ကျွန်တော်တို့သွားခဲ့ကြတယ်။ ကျွန်တော်တို့ အမြတ်အစွန်း အများကြီးရလိုက်တယ်။ ပြီးတော့ လားဂို့စ်မြို့ကို လမ်းကြောင်းခွဲပြီး ပြန်လာခဲ့ကြတယ်။ ၁၉၈၄ ခုနှစ်နောက်ပိုင်းမှာ နောက်ထပ်မူးယစ်ဆေးဝါးရောင်းခဲ့တယ်။ ကျွန်တော့်ရဲ့ပန်းတိုင်က ဒေါ်လာသန်းချီရဖို့နဲ့ အဲဒီနောက် အမေရိကန်နိုင်ငံမှာ အခြေချဖို့ဖြစ်တယ်။

၁၉၈၆ ခုနှစ်မှာ လားဂို့စ်မြို့က ဘိန်းဖြူသန့်သန့်အနည်းငယ်ကို ကျွန်တော့်မှာရှိရှိသမျှ ငွေတွေအကုန်စုပြီး ဝယ်လိုက်တယ်။ အဲဒါကို နောက်နိုင်ငံတစ်နိုင်ငံထဲ သယ်သွားပေမဲ့ ကျွန်တော့်ကို ဘယ်တော့မှ ငွေရှင်းမှာမဟုတ်တဲ့ လောဘကြီးတဲ့ ကုန်သည်တစ်ဦးလက်ထဲ ရောက်သွားတယ်။ အသတ်ခံရမှာစိုးလို့ လားဂို့စ်မြို့ကိုပြန်လာပြီး ရေငုံနှုတ်ဆိတ်နေလိုက်တယ်။ ကျွန်တော်ဟာ ငွေကြေးအရရော စိတ်ပိုင်းအရပါ ချုံးချုံးကျသွားတယ်။ ပထမဆုံးအကြိမ်အနေနဲ့ ဘဝရည်ရွယ်ချက်အကြောင်း ကျွန်တော်ထိုင်ပြီး ဆင်ခြင်သုံးသပ်ခဲ့တယ်။ ‘ငါဘာကြောင့် ကောင်းတစ်ခါ၊ ဆိုးတစ်လှည့်ဖြစ်နေရတာလဲ’ လို့ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်တယ်။

ဘုရားသခင်ဘက် ပြန်လှည့်လာခြင်း

တစ်ညမှာ ကျွန်တော့်ကိုကူညီပေးပါလို့ ယေဟောဝါဆီ ဆုတောင်းလိုက်တယ်။ နောက်တစ်နေ့မနက်မှာ အသက်ကြီးကြီးအမျိုးသားနဲ့ သူ့ဇနီး ကျွန်တော့်အိမ်တံခါးကို လာခေါက်တယ်။ သူတို့ဟာ ယေဟောဝါသက်သေတွေဖြစ်တယ်။ သူတို့ပြောတာတွေကို ငြိမ်ငြိမ်လေး နားထောင်ပြီး မဂ္ဂဇင်းတစ်စောင် ယူလိုက်တယ်။ ပြီးတော့ “ကျွန်တော့်မိဘတွေက ယေဟောဝါသက်သေတွေပါ။ အဲလက်စ်အိုဘာရာနဲ့ ကျွန်တော်ကျမ်းစာသင်ခဲ့ဖူးပါတယ်” လို့ရှင်းပြလိုက်တယ်။

အဲဒီအသက်ကြီးကြီးအမျိုးသားဖြစ်တဲ့ ပီကေအိုဂဘာနီဖီက “အိုဘာရာကို ငါတို့ကောင်းကောင်းသိတာပေါ့။ အခု သူတို့ လားဂို့စ်မြို့က နိုင်ဂျီးရီးယားဌာနခွဲရုံးမှာ အမှုဆောင်နေကြတယ်” လို့ပြောပြတယ်။ အိုဘာရာဇနီးမောင်နှံကို သွားတွေ့ဖို့ ကျွန်တော့်ကို တိုက်တွန်းခဲ့တယ်။ သူတို့နဲ့သွားတွေ့တဲ့အခါ ကျွန်တော့်ကို သူတို့အများကြီး အားပေး ကြတယ်။ အဲဒီနောက် ညီအစ်ကို အိုဂဘာနီဖီနဲ့ ကျွန်တော် ကျမ်းစာလေ့လာတယ်။ မကြာပါဘူး ကျွန်တော့်ရဲ့ အကျင့်ပျက်ဘဝပုံစံကို ပြုပြင်ပြောင်းလဲခဲ့တယ်။ မူးယစ်ဆေးဝါး အချိန်အကြာကြီး သုံးစွဲခဲ့တာကို ဖြတ်ဖို့ခက်တဲ့အတွက် အဲဒီလိုပြောင်းလဲရတာ လွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ညစ်ညမ်းတဲ့ဘဝကို ကြေးချွတ်ပစ်ဖို့ သန္နိဋ္ဌာန်ချထားတယ်။

ဒါပေမဲ့ သွေးဆောင်မှုတွေ၊ ဖိအားတွေက အများကြီးပဲ။ ကျွန်တော့်မိတ်ဆွေဟောင်းတွေ အိမ်ကိုရောက်ရောက်လာပြီး လမ်းမှားပြန်ရောက်အောင် သွေးဆောင်ကြတယ်။ တစ်ခေါက်မှာ ဆေးလိပ်သောက်ရုံမက အကျင့်ယိုယွင်းတဲ့အခြေအနေအထိ ပြန်ရောက်သွားတယ်။ ဘုရားသခင်ဆီ ကျွန်တော် ရင်ဖွင့်ဆုတောင်းခဲ့တယ်။ လောကသူငယ်ချင်းတွေက ကျွန်တော့်ကို လမ်းမှားရောက်စေခဲ့တဲ့အတွက် ကျွန်တော့်ကို သူတို့ကူညီပေးနိုင်မှာမဟုတ်ဘူးဆိုတာ မကြာခင် သိလိုက်ရတယ်။ ဝိညာဉ်ရေးမှာ တိုးတက်ဖို့ဆိုရင် လားဂို့စ်မြို့ကနေ ထွက်သွားမှဖြစ်မယ်လို့ သဘောပေါက်သွားတယ်။ ဒါပေမဲ့ အီလေရှာမြို့ကိုပြန်ဖို့တော့ ကျွန်တော်ရှက်တယ်။ ဒါနဲ့ ကျွန်တော့်အဖေနဲ့အစ်ကိုဆီ ကျွန်တော်အိမ်ပြန်လာလို့ရမလားလို့ စာရေးမေးလိုက်တယ်။

အဖေက ရတယ်လို့ပြောပြီး အစ်ကိုက ငွေကြေးထောက်ပံ့ပေးမယ်လို့ ပြောတယ်။ ဒီလိုနဲ့ မိဘတွေကိုခွဲသွားတာ ဆယ်နှစ်ကြာပြီးမှ ကျွန်တော်အိမ်ကို ပြန်ရောက်လာတယ်။ ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတယ်။ “ကျေးဇူးတင်ပါတယ်၊ ယေဟောဝါ!” လို့ အမေကဆိုတယ်။ ညနေမှာ အဖေရောက်လာတော့ “မင်းကို ယေဟောဝါကူညီပေးလိမ့်မယ်” လို့ပြောတယ်။ မိသားစုအားလုံးနဲ့အတူ အဖေက ယေဟောဝါရဲ့အလိုတော်ကို ကျွန်တော်ပြန်ထမ်းဆောင်ဖို့ ကူညီပေးပါလို့ ဆုတောင်းပေးတယ်။

အတိုးချပြီး အမီလိုက်

ကျွန်တော် ကျမ်းစာပြန်လေ့လာတာ မြန်မြန်ဆန်ဆန်ပဲ တိုးတက်လာလို့ ၁၉၈၈၊ ဧပြီလ ၂၄ ရက်မှာ နှစ်ခြင်းခံလိုက်တယ်။ ချက်ချင်းဆိုသလို ခရစ်ယာန်ဓမ္မအမှုမှာ တက်တက်ကြွကြွ ပါဝင်လာတယ်။ ၁၉၈၉၊ နိုဝင်ဘာလ ၁ ရက်နေ့မှာ အချိန်ပြည့်ဧဝံဂေလိတရားဟောပြောတဲ့ ရှေ့ဆောင်တစ်ယောက်အဖြစ် စပြီးအမှုဆောင်ခဲ့တယ်။ ၁၉၉၅ ခုနှစ်ရောက်တော့ နိုင်ဂျီးရီးယားမှာ ဆယ်ကြိမ်မြောက် ဓမ္မအမှုသင်တန်းကျောင်းတက်ဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ အဲဒီနောက် ၁၉၉၈၊ ဇူလိုင်လမှာ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်တွေဆီ လည်ပတ်ရတဲ့ နယ်လှည့်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံရတယ်။ တစ်နှစ်လည်းကြာရော ကျွန်တော့်အတွက် ဇနီးနဲ့ နယ်လှည့်အဖော်ဖြစ်လာတဲ့ ရုသ်နဲ့တွေ့လို့ ပျော်ရွှင်ခဲ့ရတယ်။

ကျွန်တော့်ရဲ့ တခြားမိသားစုဝင်တွေလည်း ဝိညာဉ်ရေးမှာ တိုးတက်လာကြတယ်။ ယေဟောဝါကိုဝတ်မပြုတော့တဲ့ အစ်ကိုဆိုရင် စစ်မှန်တဲ့ဝတ်ပြုရေးမှာ ပြန်ပါဝင်လာပြီး နှစ်ခြင်းယူခဲ့တယ်။ ကျွန်တော်တို့ အမှန်တရားထဲပြန်ဝင်လာတာကို အဖေတွေ့ခွင့်ရလို့ ကျွန်တော်ဝမ်းသာတယ်။ အဖေဟာ ၁၉၉၃ ခုနှစ်မှာ အသက် ၇၅ နှစ်နဲ့ကွယ်လွန်သွားတဲ့အချိန်အထိ အသင်းတော်မှာ ဓမ္မအမှုထမ်းတစ်ယောက်အဖြစ် ပျော်ရွှင်စွာအမှုဆောင်ခဲ့တယ်။ အမေကတော့ အီလေရှာမြို့မှာ ယေဟောဝါရဲ့အမှုတော်ကို ထက်ထက်သန်သန် ထမ်းဆောင်နေဆဲပဲ။

ကျွန်တော်ဟာ ချမ်းသာကြွယ်ဝလိုတဲ့အတွက် ဥရောပ၊ အာရှနဲ့ အာဖရိကမှာရှိတဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံကို ခရီးလှည့်လည်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ကိုယ်ကျွန်တော် ပူပန်ခြင်းဝေဒနာများစွာနဲ့ ထိုးနှက်နှိပ်စက်ခဲ့တယ်။ (၁ တိမောသေ ၆:၉၊ ၁၀) နောက်ကြောင်းကိုပြန်တွေးကြည့်ရင် ငယ်ရွယ်စဉ်ဘဝကို မူးယစ်ဆေးဝါးနဲ့ အကျင့်ယိုယွင်းမှုတွေမှာပဲ ဖြုန်းတီးပစ်ခဲ့တဲ့အတွက် နောင်တရလို့မဆုံးဘူး။ ယေဟောဝါဘုရားသခင်နဲ့ မိသားစုကို စိတ်ထိခိုက်စေခဲ့တဲ့အတွက်လည်း နောင်တရမိတယ်။ ဒါပေမဲ့ ကျွန်တော်အသိတရားပြန်ဝင်လာတဲ့အထိ အသက်ရှင်ခဲ့လို့ ကျေးဇူးတင်လိုက်တာ။ ယေဟောဝါအပေါ် သစ္စာစောင့်သိပြီး ကိုယ်တော်ရဲ့အမှုတော်ကို ထာဝစဉ် ထမ်းဆောင်သွားမယ်လို့ သန္နိဋ္ဌာန်ချထားတယ်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 4 ယေဟောဝါသက်သေများ ထုတ်ဝေခဲ့သော်လည်း ယခုမထုတ်ဝေတော့ပါ။

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ကလန်ကဆန်လုပ်တတ်တဲ့ ဆယ်ကျော်သက်အရွယ်က

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျွန်တော် နှစ်ခြင်းခံတဲ့နေ့

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ကျွန်တော့်ဇနီး ရုသ်နဲ့အတူ