မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များအမေး . . .

ဘာကြောင့် စည်းကမ်းတွေ ဒီလောက်များရတာလဲ

ဘာကြောင့် စည်းကမ်းတွေ ဒီလောက်များရတာလဲ

“ညဘက် အပြင်မထွက်ရလို့ ကျွန်တော်ရူးတော့မယ်။ အဲဒါကို ကျွန်တော်မုန်းတယ်။ တခြားသူတွေကျတော့ ကျွန်တော့်ထက် နောက်ကျပြီးမှ အိမ်ပြန်ကြတယ်။”—အဲလန်။

“ဆဲလ်ဖုန်းထဲက ဖုန်းအဝင်အထွက်တွေကို စစ်ဆေးခံရတဲ့အခါ ကျွန်မအရမ်းစိတ်ဆိုးတယ်။ ကျွန်မကို ကလေးတစ်ယောက်လို ဆက်ဆံနေတယ်လို့ ခံစားရတယ်။”—အဲလစ်ဇဘက်။

အိမ်တွင် စည်းကမ်းများသောကြောင့် ကျဉ်းကျပ်သည်ဟု သင်ခံစားရပါသလော။ သင်သည် အိမ်မှ ခိုးကြောင်ခိုးဝှက် လစ်ထွက်ဖို့ ကြိုးစားဖူးသလော သို့မဟုတ် သင့်လုပ်ပုံကိုင်ပုံနှင့်ပတ်သက်၍ မိဘများကို လိမ်ညာဖူးသလော။ သင် ထိုသို့ပြုလုပ်ဖူးသည်ဆိုလျှင် မိမိ၏မိဘများသည် လိုသည်ထက်ပို၍ ချုပ်ချယ်သည်ဟုဆိုကာ “ကျွန်မကို အသက်ရှူပေါက်လေးတော့ ပေးသင့်ပါတယ်” ဟုပြောသော ဆယ်ကျော်သက်မိန်းကလေးတစ်ဦးနှင့် ခံစားချက်ချင်း တူပေလိမ့်မည်။

သင့်မိဘများ သို့မဟုတ် အုပ်ထိန်းသူများက အိမ်စည်းကမ်းဟုလည်းခေါ်သည့် ဆောင်ရန်၊ ရှောင်ရန်စည်းမျဉ်းများကို သင့်အတွက် ချမှတ်ထားသည်။ ယင်းစည်းကမ်းများတွင် အိမ်စာလုပ်ရန်၊ အိမ်မှုကိစ္စဝိုင်းလုပ်ရန်၊ ညဘက်အပြင်မထွက်ရန်၊ တယ်လီဖုန်း၊ တီဗွီ၊ ကွန်ပျူတာများကို အကန့်အသတ်ဖြင့်သုံးရန် စသည့်အချက်များ ပါဝင်ပေမည်။ ယင်းစည်းကမ်းများတွင် အိမ်၌သာမက ကျောင်း၌ သင့်ပြုမူနေထိုင်ပုံနှင့် အပေါင်းအသင်းရွေးချယ်ပုံများလည်း ပါဝင်ပေမည်။

မိမိတို့သည် မိဘများချမှတ်ထားသော စည်းကမ်းများကို မကြာခဏချိုးဖောက်ကြောင်း လူငယ်အများသိရှိကြသည်။ လေ့လာမှုတစ်ခုတွင် မေးမြန်းခံရသော ဆယ်ကျော်သက် သုံးပုံနှစ်ပုံနီးပါးက အိမ်စည်းကမ်းများကို ချိုးဖောက်သောကြောင့် ဆုံးမခံခဲ့ရဖူးကြောင်း၊ မိမိတို့အပြစ်ပေးခံရသည်မှာ အများအားဖြင့် အိမ်စည်းကမ်း ချိုးဖောက်သောကြောင့်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

သို့သော် ပရမ်းပတာမဖြစ်အောင် ထိုသို့သောစည်းမျဉ်းအချို့ လိုအပ်ကြောင်း လူငယ်အများစုက အသိအမှတ်ပြုကြသည်။ အိမ်စည်းကမ်းများ အမှန်လိုအပ်သည် ဆိုပါလျှင် ယင်းတို့ကို အဘယ်ကြောင့် ငြိုငြင်ရသနည်း။ သင့်မိဘများချမှတ်သော စည်းကမ်းများကြောင့် ကျဉ်းကျပ်သည်ဟု ခံစားရပါက သက်သာရာသက်သာကြောင်းရရန် မည်သို့ပြုလုပ်နိုင်သနည်း။

“ကျွန်မ ကလေးမဟုတ်တော့ဘူး”!

အမ်မလီအမည်ရှိ ဆယ်ကျော်သက်မိန်းကလေးတစ်ဦးက “ကျွန်မ ကလေးမဟုတ်တော့ဘူးဆိုတာ ကျွန်မမိဘတွေသိအောင် ဘယ်လိုလုပ်ရမလဲ။ သူတို့ ကျွန်မကို လွတ်လပ်မှုပေးသင့်တယ်” ဟုပြောသည်။ သင်လည်း ထိုသို့ ခံစားဖူးပါသလော။ ဤစည်းမျဉ်းများဖြင့် သင့်ကို သူငယ်နှပ်စားတစ်ဦးကဲ့သို့ ဆက်ဆံသောကြောင့် အမ်မလီနည်းတူ သင်စိတ်ဆိုးပေမည်။ သင့်မိဘများက ကိစ္စရပ်များကို အခြားရှုထောင့်မှ ရှုမြင်ခြင်းဖြစ်နိုင်သည်။ သင့်ကို ကာကွယ်ရန်၊ လူကြီးတစ်ဦး၏တာဝန်များကို ယူနိုင်အောင် ပြင်ဆင်ပေးရန် စည်းမျဉ်းများသည် အရေးကြီး၏ဟု သူတို့ယူဆခြင်းဖြစ်ပေမည်။

သင့်တွင် လွတ်လပ်မှုအတော်အတန်ရှိလျှင်ပင် လွတ်လပ်မှုရသင့်သလောက်မရဟု ခံစားရပေမည်။ အထူးသဖြင့် သင့်မွေးချင်းများကို ပို၍သက်ညှာစွာဆက်ဆံသည်ဟုထင်ရပါက သင်ပို၍စိတ်ဆိုးပေမည်။ မာစီးအမည်ရှိ ကလေးမလေးက “ကျွန်မအသက် ၁၇ နှစ်ရှိပြီ။ ညဆို စောစောအိမ်ပြန်ရတယ်။ တစ်ခုခုအမှားလုပ်မိရင်လည်း အိမ်ပြင်မထွက်ရဘူး။ ဒါပေမဲ့ ကျွန်မအစ်ကို ကျွန်မအရွယ်တုန်းကဆိုရင် ညဘက်အပြင်မထွက်ရတာတို့၊ အိမ်ပြင်မထွက်ရတာတို့ဆိုတာမရှိဘူး” ဟုပြောသည်။ မိမိ၏ဆယ်ကျော်သက်အချိန်ကို ပြန်ပြောင်းသတိရကာ မက်သရူးက “ကျွန်တော့်ညီမနဲ့ ညီမဝမ်းကွဲတွေဆိုရင် ဘယ်လောက်ပဲအပြစ်လုပ်လုပ် ဘယ်တော့မှ အပြစ်ပေးမခံရဘူး” ဟုပြောခဲ့သည်။

စည်းမျဉ်းမရှိလျှင်ကော

သင့်မိဘများ၏သြဇာနှင့် လွတ်ကင်းသည့်ဘဝမျိုး သင်တောင့်တမည်ကို နားလည်နိုင်ပါသည်။ သို့သော် သူတို့ချမှတ်သော စည်းမျဉ်းများမရှိပါက သင့်အတွက် အမှန်ပင်ပိုကောင်းပါမည်လော။ မည်မျှပင် ညဉ့်နက်ပါစေ သူတို့ပြန်ချင်သည့်အချိန်ကျမှပြန်၊ သူတို့ဝတ်ချင်ရာဝတ်၊ အပေါင်းအသင်းများနှင့် မည်သည့်အချိန်၊ မည်သည့်နေရာသို့မဆို သဘောရှိ သွားလာနိုင်ကြသည့် သင်နှင့်သက်တူရွယ်တူ လူငယ်များကို သင်သိပေမည်။ ဖြစ်နိုင်သည်မှာ မိမိတို့၏ကလေးများ ဘာလုပ်နေကြသည်ကို မိဘများ ဂရုမစိုက်အားသောကြောင့်ဖြစ်ပေမည်။ မည်သို့ပင်ဆိုစေ ဤသို့သော ကလေးပြုစုပျိုးထောင်နည်းသည် မအောင်မြင်ကြောင်း ထင်ရှားခဲ့ပြီ။ (သု. ၂၉:၁၅) လောကတွင် သင်မြင်တွေ့နေရသည့် မေတ္တာတရားခေါင်းပါးမှုများမှာ အများအားဖြင့် ကိုယ်ကျိုးကိုသာကြည့်သည့် လူများကြောင့်ဖြစ်သည်။ ထိုသူတို့သည် အိမ်တွင် ကောင်းစွာလေ့ကျင့်သွန်သင်ခြင်း မခံခဲ့ရချေ။—⁠၂ တိမောသေ ၃:၁-၅

အိမ်စည်းကမ်းမရှိခြင်းနှင့်ပတ်သက်၍ သင့်အမြင်များသည် နောင်တစ်ချိန်ချိန်တွင် ပြောင်းလဲလာပါလိမ့်မည်။ အိမ်စည်းကမ်းမရှိဘဲ၊ မိဘများ၏သွန်သင်ဆုံးမမှုမခံရဘဲ ကြီးပြင်းလာသော အမျိုးသမီးများနှင့်ပတ်သက်သည့် လေ့လာမှုတစ်ရပ်ကို သုံးသပ်ကြည့်ပါ။ နောက်ကြောင်းကိုပြန်ကြည့်သော် သူတို့ထဲမှ မည်သူမျှ ဆုံးမပဲ့ပြင်မှုမခံခဲ့ရခြင်းကို အကောင်းဘက်မှ မရှုမြင်ခဲ့ကြချေ။ ယင်းက ၎င်းတို့မိဘများ၏ စိုးရိမ်ပူပန်ခြင်းကင်းမဲ့မှု၊ အစွမ်းအစမရှိမှုကိုပြကြောင်း သူတို့ ယူမှတ်ခဲ့ကြသည်။

မိမိအလိုကျ နေထိုင်နိုင်သောလူငယ်များကို မနာလိုဖြစ်နေမည့်အစား သင့်မိဘများက သင့်ကိုချစ်၍၊ သင့်အတွက် စိုးရိမ်၍ စည်းကမ်းများထုတ်ခြင်းဖြစ်ကြောင်း သိမြင်အောင် ကြိုးစားပါ။ သင့်တင့်မျှတသော စည်းကမ်းများကို လိုက်နာစေသည့် မိဘများသည် ကိုယ်တော့်လူမျိုးကို ဤသို့မိန့်တော်မူခဲ့သော ယေဟောဝါဘုရားသခင်အား တုပနေခြင်းဖြစ်သည်– “သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကို ကြည့်ရှုပြုစုမည်။”—⁠ဆာလံ ၃၂:⁠၈

သို့သော်၊ ယခုတွင် စည်းကမ်းများသည် သင်မလိုက်နာနိုင်လောက်အောင် တင်းကျပ်လွန်းပုံပေါက်နေပေမည်။ ထိုသို့ဖြစ်ပါက အိမ်တွင်နေရခြင်းကို ပို၍ပျော်မွေ့စရာဖြစ်စေရန် သင်လုပ်ဆောင်နိုင်သည့် လက်တွေ့ကျခြေလှမ်းများကို သုံးသပ်ကြည့်ပါ။

ပြောဆိုဆက်သွယ်မှုက အကျိုးဖြစ်

လွတ်လပ်မှုပိုရလို၍ဖြစ်စေ၊ ရထားသော လွတ်လပ်မှုအတိုင်းအတာကို ကျေနပ်သည်ဖြစ်စေ သော့ချက်မှာ ကောင်းသောပြောဆိုဆက်သွယ်မှုဖြစ်၏။ ‘မိဘတွေနဲ့ ကျွန်တော်စကားပြောဖို့ ကြိုးစားပေမဲ့ အကျိုးမရှိပါဘူး’ ဟုအချို့ပြောကောင်းပြောမည်။ သင် ထိုသို့ခံစားနေရပါက ကိုယ့်ကိုယ်ကို ဤသို့မေးကြည့်ပါ– ‘ကျွန်တော့်ရဲ့ ပြောဆိုဆက်သွယ်မှုအရည်အသွေးကို တိုးတက်အောင်လုပ်လို့ရမလား။’ (၁) သင်လိုချင်ရာကိုရရန် သို့မဟုတ် (၂) သင်တောင်းဆိုသည့်အရာ ငြင်းပယ်ခံရပါက ယင်းကိုနားလည်နိုင်ရန် ပြောဆိုဆက်သွယ်မှုက အဓိကအချက်ဖြစ်သည်။ အရွယ်ရောက်သူများရသောအခွင့်အရေးကို သင်လိုချင်ပါက ရင့်ကျက်သော ပြောဆိုဆက်သွယ်မှုအရည်အသွေးကို တိုးတက်စေခြင်းသည် တစ်ခုတည်းသောအကြောင်းဖြစ်၏။

သင့်စိတ်လှုပ်ရှားမှုကို ထိန်းနိုင်ရန် သင်ယူပါ။ “မိုက်သောသူသည် မိမိကြံစည်သမျှကို ဖော်ပြတတ်၏။ ပညာရှိသောသူမူကား အဆင်မသင့်မီ ထိမ်ဝှက်တတ်၏” ဟုသမ္မာကျမ်းစာက ဖော်ပြသည်။ (သု. ၂၉:၁၁) ကောင်းသောပြောဆိုဆက်သွယ်မှုဟုဆိုရာတွင် မကျေနပ်ချက်များကိုသာ ပြောဆိုခြင်းမျှမဟုတ်ချေ။ ယင်းသို့ဆိုလျှင် နောက်ထပ်ဆုံးမပဲ့ပြင်မှုကိုသာ ခံရပေမည်။ ထို့ကြောင့် နွဲ့ဆိုးဆိုးခြင်း၊ မှုန်တေတေနှင့် ကလေးသူငယ်ကဲ့သို့ စိတ်ကောက်ခြင်းတို့ကိုရှောင်ပါ။ သင့်မိဘများက သင့်ကို ချုပ်ချယ်သဖြင့် စိတ်ဆိုးဆိုးနှင့် တံခါးကိုဆောင့်ပိတ်ခြင်း သို့မဟုတ် အိမ်ထဲတွင် ခြေဆောင့်ခြင်းတို့သည် လွတ်လပ်မှုမရစေဘဲ ထပ်ဆင့်စည်းကမ်းများကိုသာ ရရှိစေပေလိမ့်မည်။

သင့်မိဘများ၏ စိုးရိမ်ပူပန်မှုကို နားလည်နိုင်အောင်ကြိုးစားပါ

သင့်မိဘများဘက်မှ မြင်တတ်အောင်ကြိုးစားပါ။ ယင်းသို့ကြိုးစားခြင်းက အကူအညီဖြစ်စေကြောင်း မိခင်နှင့်အတူနေထိုင်ဆဲဖြစ်သည့် ခရစ်ယာန်မိန်းကလေး ထရေစီ တွေ့ရှိခဲ့သည်။ သူက ဤသို့ပြောပြ၏– “‘အမေ ဒီလိုစည်းကမ်းထုတ်တာ ဘာအတွက်လဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုမေးတယ်။ ကျွန်မကို လူကောင်းတစ်ယောက်ဖြစ်စေချင်လို့ပဲ။” (သု. ၃:၁၊ ၂) မိဘများ၏စိုးရိမ်ပူပန်မှုကို နားလည်ပေးခြင်းက သင့်အမြင်များကို မိဘများအားပြောပြရာတွင် အထောက်အကူဖြစ်ပေမည်။ ဥပမာ၊ သင့်အား မိတ်ဆုံပွဲတစ်ခုတက်ခွင့်ပြုရန် သူတို့အင်တင်တင် ဖြစ်နေပေမည်။ ဆင်ခြေပေးနေမည့်အစား “ရင့်ကျက်ပြီး ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အတူသွားမယ်ဆိုရင်ကော ခွင့်ပြုမှာလား” ဟုသင်မေးနိုင်ပါသည်။ သင်တောင်းဆိုသမျှကို သင့်မိဘများက အမြဲခွင့်ပြုချင်မှခွင့်ပြုမည်။ သို့သော် သူတို့၏စိုးရိမ်ပူပန်မှုကို သင်နားလည်ပါက လက်ခံနိုင်ဖွယ် ရွေးချယ်စရာအကြံပြုချက်တစ်ခုပေးရန် အခွင့်အရေးရပေမည်။

မိဘများ၏ ယုံကြည်စိတ်ချမှု ရအောင်လုပ်ပါ။ သင့်မိဘများ၏ ယုံကြည်စိတ်ချမှု ရအောင်လုပ်ခြင်းသည် ဘဏ်တစ်ခုတွင် ငွေစုခြင်းနှင့်တူ၏။ သင်စုထားသလောက်ကိုသာ ထုတ်ယူနိုင်၏။ ပိုထုတ်လျှင် ဒဏ်တပ်ခံရပြီး အကြိမ်ကြိမ်ပိုထုတ်ပါက သင့်ဘဏ်စာရင်းအားလုံး အပိတ်ခံရနိုင်သည်။ အခွင့်အရေးပိုရအောင်လုပ်ခြင်းသည် စုငွေထုတ်ခြင်းနှင့်တူသည်။ သင်၌ တာဝန်ယူနိုင်သည့် အပြုအမူရှိကြောင်း သက်သေထူနိုင်ပါမှ ယင်းကိုရရှိမည်။

လက်တွေ့ကျကျ မျှော်လင့်ပါ။ သင့်ပြုမူပြောဆိုပုံများကို သင့်လျော်စွာထိန်းကျောင်းပေးဖို့ မိဘများတွင် တာဝန်ရှိသည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် “အဘ၏ပညတ်စကားကို နားထောင်လော့။ အမိပေးသောတရားကို မပယ်နှင့်” ဟုဖော်ပြထားသည်။ (သု. ၆:၂၀) မည်သို့ပင်ဆိုစေ အိမ်စည်းကမ်းများက သင့်ဘဝကို ဖျက်ဆီးသည်ဟု ခံစားစရာမလိုပါ။ ယင်းအစား သင့်မိဘများ၏သြဇာကို လက်အောက်ခံပါက ရေရှည်တွင် “ကောင်းစား” လိမ့်မည်ဟု ယေဟောဝါကတိပေးတော်မူ၏။—⁠ဧဖက် ၆:၁-၃

 

ချင့်တွေးစရာ

  • အဘယ်စည်းကမ်းများသည် သင့်အတွက် လိုက်နာရအခက်ဆုံးဖြစ်သနည်း။

  • ဤဆောင်းပါးမှ အဘယ်အချက်များက သင့်မိဘများချမှတ်သော စည်းကမ်းများကို လိုက်နာရန် လွယ်ကူစေသနည်း။

  • သင့်မိဘများ၏ယုံကြည်မှုကို ပိုရရှိရန် အဘယ်အရာပြုလုပ်နိုင်သနည်း။