မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်ယူခဲ့ရာကို သူမြတ်နိုးခဲ့

သင်ယူခဲ့ရာကို သူမြတ်နိုးခဲ့

သင်ယူခဲ့ရာကို သူမြတ်နိုးခဲ့

သိပ်မကြာသေးမီက ၂၀၀၄၊ မေလတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသော အမျိုးသမီးတစ်ဦး ရေးသားခဲ့သည့် စာတစ်စောင်ကို တွေ့ရှိခဲ့သည်။ သူ၏ရောဂါအခြေအနေ ရုတ်တရက်ဆိုးဝါးလာသောကြောင့် ထိုစာကို အပြီးမသတ်နိုင်ခဲ့ချေ။ သို့သော် နောက်ပိုင်း စာတိုက်မှတစ်ဆင့် ရရှိခဲ့ခြင်းမဟုတ်သည့် ထိုစာကိုဖတ်ခဲ့ရသူတို့သည် ဝမ်းနည်းမျက်ရည်ကျခဲ့ပြီး ဘုရားသခင်ကို ပို၍ယုံကြည်လာကြသည်။

စာထဲတွင် စာရေးသူဆူစန်သည် အမေရိကန်နိုင်ငံ၊ ကော်နက်တီကပ်ပြည်နယ်ရှိ ယေဟောဝါသက်သေများ၏ အသင်းတော်အကြီးအကဲတစ်ဦးထံ ပထမဆုံးအကြိမ် ဖုန်းဆက်ခဲ့ချိန်က မိမိသည် ဆယ်ကျော်သက်အရွယ်သာရှိသေးကြောင်း ဖော်ပြထားသည်။ စာထဲတွင် သူဆယ်ကျော်သက်အရွယ်က ရင်ဆိုင်ခဲ့ရသောအခြေအနေကို ရေးထားသည်။ ရင်နင့်စဖွယ် ရေးသားထားသည့် ထိုစာကို လွန်ခဲ့သောနှစ် အကုန်ပိုင်းလောက်တွင် ဆူစန်၏မိခင်ရရှိလိုက်ပြီး ယင်း၏မိတ္တူကို နယူးယောက်ရှိ ယေဟောဝါသက်သေများ၏ ဌာနချုပ်သို့ ပေးပို့ခဲ့သည်။

ဆူစန်က မိမိသည် ၁၉၇၃ ခုနှစ်တွင် ကော်နက်တီကပ်ပြည်နယ်မှ အကြီးအကဲ၏ဖုန်းနံပါတ်ကို တယ်လီဖုန်းလမ်းညွှန်စာအုပ်တွင် တွေ့ရှိခဲ့ကြောင်း ရေးထားသည်။ “အဲဒီတုန်းက ကျွန်မအသက် ၁၄ နှစ်ဖြစ်ပြီး ကင်းမျှော်စင်နဲ့ နိုးလော့!စာစောင်တွေမှာ ဖတ်ရှုခဲ့ရတာတွေဟာ အမှန်တရားပဲဆိုတာ ယုံကြည်ခဲ့တယ်။ ယေဟောဝါသက်သေ တစ်ယောက်နဲ့မှ မတွေ့ဖူးသေးတော့ သူတို့ကို ဆက်သွယ်ဖို့ တယ်လီဖုန်းစာအုပ်မှာ ရှာကြည့်တယ်။ ကျွန်မရဲ့ တယ်လီဖုန်းနံပါတ်နဲ့ ရှေ့ဂဏန်းတူတဲ့ နံပါတ်တွေကိုရွေးပြီး ဆက်လိုက်တယ်။ ဖုန်းက ညီအစ်ကိုဂဲန်ရစ်ခ်ဆီဝင်သွားပြီး ကျွန်မ သက်သေခံတစ်ယောက်နဲ့မှ မတွေ့ဖူးသေးဘူးဆိုတာ သူသိလိုက်တော့ အံ့ဩသွားတယ်” * ဟုရှင်းပြထားသည်။

ပြဇာတ်ဆန်သော အဖြစ်အပျက်

ဆူစန်၏စာ၌ သူအသက်ဆယ်နှစ်အရွယ်တွင် အဒေါ်ဖြစ်သူနှင့်အတူနေရန် ကော်နက်တီကပ်သို့ အပို့ခံခဲ့ရကြောင်း ရေးထားသည်။ ခေတ္တသာနေထိုင်ရန်ဖြစ်သော်လည်း နောက်ပိုင်းတွင် ဆူစန်က အဒေါ်ဖြစ်သူနှင့် အမြဲနေလိုကြောင်း ဖလော်ရီဒါတွင် တစ်ဦးတည်းနေထိုင်လျက်ရှိသော မိခင်ဖြစ်သူကို ပြောခဲ့သည်။ စာထဲတွင် ဆူစန်က သူ၏အခြေအနေသည် “မိမိအားနှိပ်စက်ညှဉ်းပန်းသူကို ချစ်ခင်တွယ်တာနေသော စတော့ဟုမ်းလက္ခဏာရှိသူ” နှင့်တူကြောင်း ရေးသားထားသည်။ * သူသည် ဆိုးဆိုးဝါးဝါး နှိပ်စက်ခံခဲ့ရသည်။

“ကျွန်မအဒေါ်နဲ့ သူ့အဖော်ဟာ ကျွန်မအပေါ် အရမ်းရက်စက်တယ်။ ဒါ့အပြင် အိမ်ထဲကို သူစိမ်းတွေ မလာသလောက်ပဲ။ ကျွန်မအမေက ငွေပိုပိုလျှံလျှံပို့ထားပေမဲ့ ကျွန်မကျောင်းတက်ခွင့်ရတဲ့အခါ နေ့လယ်စာမစားရဘူး၊ အင်္ကျီကောင်းကောင်းလည်းမရှိခဲ့ဘူး။ ကျွန်မထက် အသက်နည်းနည်းပဲငယ်တဲ့ အဒေါ်ရဲ့သမီးနှစ်ယောက်ကျတော့ ပြည့်ပြည့်စုံစုံရှိပေမဲ့ ကျွန်မမှာတော့ အတွင်းခံအဝတ်အစားတစ်စုံပဲရှိတယ်” ဟုရေးသားခဲ့သည်။ မိမိသမ္မာကျမ်းစာလေ့လာလိုသည်ကို အဒေါ်ဖြစ်သူသိသွားမည်ဆိုလျှင် ပြဿနာတက်မည်ကို မိမိကောင်းစွာသိကြောင်း ဆူစန်ကပြန်ပြောပြသည်။

ဆူစန်၏ သမ္မာကျမ်းစာအသိပညာတိုးတက်လာပုံ

“ညီအစ်ကိုဂဲန်ရစ်ခ်က ကျွန်မကို ရင့်ကျက်တဲ့ ခရစ်ယာန်ညီအစ်မလော်ရာနဲ့ မိတ်ဆက်ပေးတယ်။ သူက ကျွန်မရဲ့ကျမ်းစာမေးခွန်းတွေကို အချိန်အကုန်ခံပြီး ဖြေပေးတယ်။ တစ်ခါတလေ ကျွန်မတို့ အဝတ်လျှော်ခန်းမှာ တွေ့ကြတယ်” ဟုရေးထားသည်။ သမ္မာကျမ်းစာကို အခြေခံထားသည့် ထာဝရအသက်သို့ ပို့ဆောင်သောသမ္မာတရားစာအုပ်ကို ဖတ်ရှုဆွေးနွေးခြင်းမပြုမီအချိန်ထိ တစ်ခါမျှ မိမိဘာသာဆုံးဖြတ်ချက်မချခဲ့ဖူးကြောင်း ဆူစန်ကရှင်းပြသည်။

ဆူစန်ဆက်ရေးထားသည်မှာ “အဲဒီနေ့က သောကြာနေ့ညပေါ့။ ကျွန်မ သက်သေခံတွေနဲ့ စကားပြောခဲ့တယ်လို့ အဒေါ်ကိုပြောပြတော့ ကျွန်မကို မီးဖိုချောင်ထဲမှာ တစ်ညလုံး မအိပ်ဘဲ မတ်တတ်ရပ်ခိုင်းထားတယ်။ အဲဒီလိုဖြစ်ပြီးနောက်ပိုင်းမှာ သက်သေခံတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ကျွန်မရဲ့သန္နိဋ္ဌာန်က ပိုခိုင်မာလာတယ်။”

ထိုအချိန်မှစ၍ ညီအစ်ကိုဂဲန်ရစ်ခ်သည် သမ္မာကျမ်းစာကို ဆူစန်နားလည်သဘောပေါက်ရန် စာပေများဖြင့် ဆက်ကူညီပေးခဲ့သည်။ “၁၉၇၄ ယေဟောဝါသက်သေများ၏ နှစ်ချုပ်စာအုပ်မှာ ဒုတိယကမ္ဘာစစ်မတိုင်ခင်နဲ့ စစ်အတွင်း နာဇီဂျာမနီရဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို သက်သေခံတွေ ဘယ်လိုခံရပ်ခဲ့တယ်ဆိုတာ ပါတဲ့အတွက် အဲဒီစာအုပ်က ကျွန်မစိတ်ထဲမှာ မှတ်မှတ်ရရရှိနေတယ်။ . . . အဲဒါကိုဖတ်ပြီး ဘုရားသခင့်နိုင်ငံတော်သီချင်းတွေကို ကျွန်မလေ့လာနိုင်ဖို့ တိတ်ခွေနဲ့ကူးပေးပါလို့ အကြီးအကဲကို တောင်းဆိုခဲ့တယ်။ တစ်နှစ်အတွင်းမှာပဲ ၁၉၆၆ ခုနှစ်တုန်းကထုတ်တဲ့ ‘တေးသီချင်းကို စိတ်နှလုံးပါလျက် ကျူးဧသီဆိုခြင်း’ ဆိုတဲ့ သီချင်းစာအုပ်မှာပါတဲ့သီချင်း ၁၁၉ ပုဒ်စလုံးကို အစဉ်လိုက်ဆိုတတ်လာတယ်” ဟုဆူစန်ရေးထားသည်။

“အဲဒီအချိန်မှာ ညီအစ်ကိုဂဲန်ရစ်ခ်က ကျွန်မအတွက် ကျမ်းစာဟောပြောချက်တွေ၊ ပြဇာတ်တွေ၊ စည်းဝေးပွဲအစီအစဉ်တွေကို တိတ်ခွေနဲ့ ကူးထားပေးတယ်။ လမ်း ၁၀ မှာရှိတဲ့ တယ်လီဖုန်းတိုင်နားမှာ ထားပေးတတ်တယ်။ ကျွန်မက အဲဒီမှာ သွားယူရတယ်။ . . . အခု ကျွန်မရဲ့အခြေအနေကို ကျွန်မ စိတ်ပျက်မိတယ်။ အစည်းအဝေးတစ်ခုမှ မတက်ရဘဲ ဝိညာဉ်ရေးမှာတိုးတက်အောင် ကြိုးစားနေရတာကြောင့် ကျွန်မ ဆက်ခံရပ်နိုင်စွမ်း ရှိတော့မှာမဟုတ်ဘူးလို့ ထင်ပါတယ်။”

နောက်နှစ်များတွင် ပိုခက်ခဲလာသည်ဟု ဆူစန်ကပြောပြသည်။ သူသိထားသော သက်သေခံနှစ်ဦးနှင့် အဆက်အသွယ်ပြတ်သွားခဲ့၏။ ထို့နောက် သူက “သီချင်းတွေကို လေ့လာရတာ ကျွန်မ ‘စိတ်ဆင်းရဲ’ တယ်” ဟုပြောပြသည်။ အဘယ်ကြောင့်နည်း။ “အကြောင်းကတော့ ‘ဂျား၏စစ်သား သာယာမှု သက်တာမရှာ’ စတဲ့ သီချင်းစာသားတွေက ကျွန်မစိတ်ထဲဝင်လာတယ်။ ဒီသီချင်းကို ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမနီချွေးတပ်စခန်းမှာရှိတဲ့ သက်သေခံတစ်ယောက်ရေးစပ်ခဲ့တယ်ဆိုတာ ကျွန်မသိထားလို့ ကျွန်မပိုပြီး စိတ်ဆင်းရဲရတယ်။ ကျွန်မကိုယ်ကျွန်မ သူရဲဘောနည်းသူလို့ ထင်မိပြီး ကျွန်မကို ယေဟောဝါစွန့်ပစ်လိုက်ပြီလို့လည်း ခံစားရတယ်။” *

နောက်ဆုံးတွင် လွတ်လပ်လာ

“ကျွန်မရဲ့ ၁၈ နှစ်မြောက်မွေးနေ့မှာ အပြောင်းအလဲဖြစ်လာတယ်။ ကျွန်မတို့အိမ်က ‘နောက်တစ်ကြိမ်မဝင်ရ’ စာရင်းမှာပါတဲ့အတွက် ဘယ်သက်သေခံမှ ကျွန်မတို့အိမ်ကိုမဝင်ဘူး။ အဲဒီနေ့မှာတော့ တခြားအသင်းတော်က ညီအစ်မတစ်ယောက် အိမ်ကိုရောက်လာတယ်။ အိမ်မှာ ဘယ်သူမှမရှိလို့ သူနဲ့စကားပြောခွင့်ရခဲ့တယ်။ ကျွန်မ မှတ်မိသလောက်ပြောရရင် အဲဒီစနေနေ့က ကျွန်မတစ်ယောက်ထဲအိမ်မှာရှိတာ ပထမဆုံးအကြိမ်ပဲ။ ကျွန်မကို ယေဟောဝါ မစွန့်ပစ်ဘူးဆိုတဲ့ အထောက်အထားပဲလို့ ယူမှတ်လိုက်တယ်။ ဒါနဲ့ ကျွန်မ အရင်က ဖုန်းဆက်ခဲ့ဖူးတဲ့ ညီအစ်ကိုဂဲန်ရစ်ခ်ဆီဖုန်းဆက်ပြီး ကျွန်မ ဒီအိမ်ကထွက်သွားဖို့ အဆင်သင့်ဖြစ်နေပြီ၊ ညီအစ်ကိုရဲ့သဘောက ဘယ်လိုရှိသလဲလို့ မေးလိုက်တယ်။ နောက်ဆုံးမှာ ထွက်ခွာဖို့ အကူအညီရခဲ့တယ်။”

၁၉၇၇၊ ဧပြီလတွင် အခြားနေရာတစ်ခုသို့ ဆူစန်ပြောင်းရွှေ့ခဲ့သည်။ သူ၏စာတွင် ဤသို့ ထပ်ဆင့်ထားသည်– “နောက်တစ်နှစ်မှာတော့ အစည်းအဝေးတွေ၊ စည်းဝေးပွဲတွေအားလုံးကို ကျွန်မတက်နိုင်ခဲ့ပြီး ခရစ်ယာန်ဓမ္မအမှုမှာ စပါဝင်ခဲ့တယ်။ ကျွန်မအမေနဲ့လည်း ပြန်ဆုံခဲ့ရတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကျွန်မ ဘယ်လိုဆိုးဆိုးဝါးဝါး ဆက်ဆံခံခဲ့ရတယ်၊ ဘယ်လောက်ထိ ထိတ်လန့်ကြောက်ရွံ့ခဲ့ရတယ်ဆိုတာ သူမသိခဲ့ဘူး။ အမေဟာ ချက်ချင်းပဲ ကျွန်မလိုအပ်တာတွေ အားလုံးရနိုင်အောင် စီစဉ်ပေးခဲ့တယ်။ အဲဒီမတိုင်ခင် နှစ်အနည်းငယ်တုန်းက အမေဟာ အလာစကာကို ပြောင်းသွားခဲ့တယ်။ ကျမ်းစာအမှန်တရားကို အမေ တော်တော်လေး စိတ်ဝင်စားမှုပြခဲ့လို့ ၁၉၇၈ ခုနှစ်မှာ သူနဲ့အတူနေဖို့ အလာစကာကို ပြောင်းသွားလိုက်တယ်။ နောက်ဆုံး အမေဟာ သက်သေခံတစ်ယောက်ဖြစ်လာပြီး အခုထက်ထိ သစ္စာရှိနေတုန်းပဲ။

“ကျွန်မ အစည်းအဝေးတွေကို စတက်ပြီးနောက်မှာ ညီအစ်ကိုဂဲန်ရစ်ခ်က နယူးယောက်၊ ဘရွတ်ကလင်မှာရှိတဲ့ ဌာနချုပ်ကို အုပ်စုလိုက်လည်ပတ်ဖို့ စီစဉ်ပေးခဲ့ပြီး ကျွန်မကိုလည်း ဖိတ်ခေါ်ခဲ့တယ်။ အဲဒါက ကျွန်မရရှိဖူးသမျှ ဆုကျေးဇူးတွေထဲမှာ အတည်မြဲဆုံး ဆုကျေးဇူးဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါရဲ့အဖွဲ့အစည်းအပေါ် တစ်သက်လုံး ကျေးဇူးတင်လေးမြတ်တဲ့စိတ် တဖွားဖွားဖြစ်ပေါ်စေခဲ့လို့ပါ။ အဖြစ်အပျက်တွေကတော့ ဒီလောက်ပါပဲ။ ဒီစာကို အချိန်မီ အဆုံးသတ်လိုက်ချင်လို့လေ။”

အထက်ပါဖော်ပြချက်မှာ ခြောက်မျက်နှာခွဲအပြည့်ရှိသောစာမှ ကောက်နုတ်ထားရာများဖြစ်သည်။ စာ၏အဆုံးပိုင်းတွင် ဆူစန် ဤသို့ရေးသားခဲ့သည်– “လွန်ခဲ့တဲ့လက ဆေးရုံပေါ်မှာ ရောဂါရဲ့ဖိစီးနှိပ်စက်မှုဒဏ်ကို ခံခဲ့ရတယ်။ ကျွန်မ နေရတော့မှာမဟုတ်ဘူး ဆိုတာသေချာပါတယ်။ . . . ကျွန်မ နောက်ထပ်နှစ်ပတ်လောက် ကျန်းကျန်းမာမာနဲ့ အသက်ရှင်ချင်သေးတယ်လို့ ယေဟောဝါဆီမှာ ဆုတောင်းခဲ့တယ်။ ကျွန်မမှာ လုပ်စရာတွေရှိသေးတယ်လေ။ အကြာကြီးဆက်အသက်ရှင်ဖို့တော့ ကျွန်မ,မမျှော်လင့်ပါဘူး။ ဒါပေမဲ့ အမှန်တရားမှာရှိခဲ့တဲ့ ဒီနှစ်တွေဟာ အရမ်းကို ထူးမြတ်ပြီး ဘယ်သူမဆို မျှော်လင့်နိုင်တဲ့ အကောင်းဆုံးအသက်တာပဲလို့ ပြောချင်ပါတယ်။”

စာတွင် နှုတ်ခွန်းဆက်စကား၊ လက်မှတ် စသည်တို့မပါရှိသည့်အပြင် ယင်းကို မည်သည့်နေရာသို့မျှ မပို့ခဲ့ချေ။ ယင်းကို တွေ့ရှိသူတို့မှာ မည်သူ့ထံ ပို့ပေးရမည်ကိုလည်း မသိခဲ့ကြချေ။ သို့သော် အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း နောက်ဆုံးတွင် ထိုစာကို ဆူစန်၏မိခင်ထံသို့ ပေးပို့လိုက်ကြသည်။

ဆူစန်အကြောင်းကို ပိုသိခဲ့ရ

၁၉၇၉၊ ဧပြီလ ၁၄ ရက်နေ့တွင် ဆူစန်နှစ်ခြင်းခံပြီးနောက် သူ၏မိခင်သည် ဖလော်ရီဒါသို့ ပြန်သွားခဲ့သည်။ ဆူစန်မှာ နော့သ်ပိုးလ်အသင်းတော်နှင့် အလွန်ရင်းနှီးနေပြီဖြစ်ရာ အလာစကာတွင် ဆက်နေထိုင်ခဲ့၏။ များမကြာမီ သူသည် ရှေ့ဆောင်အဖြစ် အချိန်ပြည့်ဓမ္မအမှုတွင် စတင်ပါဝင်ခဲ့သည်။ နောက်ဆုံး သူသည် ဖလော်ရီဒါသို့ ပြောင်းရွှေ့သွားပြီး ၁၉၉၁ ခုနှစ်တွင် အကြီးအကဲတစ်ဦးဖြစ်သူ ရှေ့ဆောင်ဓမ္မအမှုဆောင်တစ်ဦးနှင့် လက်ထပ်လိုက်သည်။ သူ၏ခင်ပွန်းမှာလည်း ဆူစန်ကွယ်လွန်ပြီးနောက် မကြာမီတွင် ကွယ်လွန်သွားခဲ့၏။

ဆူစန်နှင့် သူ၏ခင်ပွန်းတို့သည် ဆူစန်ဖျားနာလာ၍ ဆက်အမှုမဆောင်နိုင်တော့သည့်အထိ အချိန်ပြည့်ဓမ္မအမှုတွင် အတူတကွ ချစ်ချစ်ခင်ခင်ပါဝင်ခဲ့သော စုံတွဲဖြစ်သည်။ ဆူစန်သည် အချိန်ပြည့်ဓမ္မအမှုတွင် အနှစ် ၂၀ ကျော်ပါဝင်ခဲ့၏။ သူ၏ “ဈာပနအခမ်းအနားကို ဖလော်ရီဒါတွင်ကျင်းပခဲ့ပြီး နော့သ်ပိုးလ်အသင်းတော်ကို တယ်လီဖုန်းလိုင်းဖြင့် ဆက်သွယ်ပေးခဲ့သည်။

ယေဟောဝါ၏အမှုတော်ဆောင်နေသူများ ခံစားရသော ဝိညာဉ်ရေးကောင်းချီးများကို တန်ဖိုးထားလေးမြတ်စေရန်နှင့် ထူးမြတ်သော ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်ကို ရရှိစေရန် ဆူစန်၏စာက ကျွန်ုပ်တို့အား ကူညီပေးသည်။ (တမန်တော် ၂၄:၁၅) ထို့ပြင် ဤဘဝတွေ့ ကြုံမှုက ယေဟောဝါသည် ကိုယ်တော့်ထံချဉ်းကပ်သူအားလုံး၏ အနီးအပါးတွင်ရှိတော်မူကြောင်း သိသာထင်ရှားစေပါသည်။—⁠ယာကုပ် ၄:၇၊ ၈

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 4 ၁၉၉၃ ခုနှစ်တွင် ညီအစ်ကိုဂဲန်ရစ်ခ်နှင့်ဇနီးသည် ကြေကွဲဖွယ်မတော်တဆမှုကြောင့် ကွယ်လွန်ခဲ့သည်။

^ အပိုဒ်၊ 6 အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေထားသော ၁၉၉၉၊ ဒီဇင်ဘာလ ၂၂ ရက်ထုတ် နိုးလော့!၊ စာမျက်နှာ ၇ ကိုရှု။

^ အပိုဒ်၊ 13 ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း၊ သီချင်း ၂၉၊ “အသင်သက်သေများ ရှေ့သို့ချီ !”

[စာမျက်နှာ ၂၁ ပါ အကျဉ်းဖော်ပြချက်]

“အမှန်တရားမှာရှိခဲ့တဲ့ ဒီနှစ်တွေဟာ အရမ်းကို ထူးမြတ်ပြီး ဘယ်သူမဆို မျှော်လင့်နိုင်တဲ့ အကောင်းဆုံး အသက်တာပါပဲ”

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

ဆူစန် ဆယ်နှစ်အရွယ်က

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဆူစန်နှင့် ခင်ပွန်းဖြစ်သူ ဂျိမ်းစ်ဆေးမော