မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့် ကိုယ်တော် ဤမျှအရေးပါရ

အဘယ်ကြောင့် ကိုယ်တော် ဤမျှအရေးပါရ

အဘယ်ကြောင့် ကိုယ်တော် ဤမျှအရေးပါရ

ယေရှုမွေးဖွားခြင်းအပေါ် လူအများ အာရုံစိုက်ခဲ့ကြသည်မှာ ယခုဆိုလျှင် အနှစ် ၂,၀၀၀ တိုင်ခဲ့လေပြီ။ ပထမရာစုမှ ဆေးဆရာလုကာ၏အဆိုအရ မာရိအမည်ရှိသော အပျိုစင်တစ်ဦးကို ကောင်းကင်တမန်တစ်ပါးက ဤသို့ပြောကြားခဲ့သည်– ‘သင်သည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။’ သတင်းသယ်ဆောင်သော ကောင်းကင်တမန်သည် ယေရှုနှင့်ပတ်သက်၍ အဘယ်အရာ ပြောဆိုခဲ့သနည်း။ ‘ထိုသားသည်ကား၊ ကြီးမြတ်သောသူဖြစ်လိမ့်မည်။ အမြင့်ဆုံးသောဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။ ထိုသူ [ယေရှု] သည် ဘုရင်အဖြစ် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း ဆုံးခြင်းမရှိရ’ ဟုပြောဆိုခဲ့သည်။—⁠လုကာ ၁:၃၁-၃၃

အမှန်ပင် ယင်းသည် လူသားတို့လိုအပ်ရာ—⁠ကမ္ဘာ့အရေးကိစ္စများကို မေတ္တာဖြင့် စီမံခန့်ခွဲသည့် ဖြောင့်မတ်သော ကမ္ဘာ့အုပ်စိုးရှင်—⁠ဖြစ်၏! ယေရှုမမွေးဖွားမီ ကြာမြင့်စွာကပင် သမ္မာကျမ်းစာက ဤသို့ကြိုပြောခဲ့သည်– “ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား . . . ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ . . . အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် . . . အမြဲရှိလိမ့်မည်။”—⁠ဟေရှာယ ၉:၆၊ ၇

ဖြောင့်မတ်သောအုပ်စိုးမှုနှင့် ငြိမ်သက်မှုတို့သည် အထူးကောင်းမြတ်သည့် မျှော်လင့်ရာများပင်! သို့သော် ဤအုပ်စိုးမှုကို “ငြိမ်သက်ခြင်းအရှင်” ကတာဝန်ယူမည်ဖြစ်ကြောင်း၊ အတိုင်းအဆမဲ့တန်ခိုးရှင်သည် မိမိသားတော်အား ဖန်ဆင်းရာများအပေါ်အုပ်စိုးရန် အာဏာအပ်နှင်းထားကြောင်း ကြိုပြောခဲ့သည်ကို သတိပြုပါ။ ထို့ကြောင့် ယေရှုက မိမိအုပ်ချုပ်မည့် ဤအုပ်စိုးမှုကို “ဘုရားသခင့်နိုင်ငံတော်” ဟုထပ်ခါတလဲလဲ ခေါ်ဆိုခဲ့သည်။—⁠လုကာ ၉:၂၇၊ ၆၀၊ ၆၂

ခရစ်ယာန်ဓမ္မအမှုဆောင်ချိန် အစောပိုင်း၌ ယေရှု ဤသို့မိန့်ဆိုခဲ့၏– ‘ဘုရားသခင့်နိုင်ငံတော်နှင့်ယှဉ်သော သတင်းကောင်းကို ငါဟောပြောရမည်။ ထိုသို့အလို့ငှာ ငါ့ကိုစေလွှတ်လျက်ရှိသည်။’ (လုကာ ၄:၄၃) ဘုရားသခင့်နိုင်ငံတော်လာဖို့ ဆုတောင်းကြပါဟုပင် နောက်လိုက်များအား ယေရှုသွန်သင်ပေးခဲ့၏။ (မဿဲ ၆:၉၊ ၁၀) ခရစ်ယာန်အယူဝါဒနှင့် အကျပ်အတည်းဟူသောဂျာနယ်က “[ယေရှု] သွန်သင်ချက်၏ အဓိကအကြောင်းအရာမှာ ဘုရားသခင့်နိုင်ငံတော်ဖြစ်သည်။ အခြားအကြောင်းအရာများကို ဤမျှလောက် သူအလေးအနက်မစဉ်းစားခဲ့ချေ သို့မဟုတ် သူ၏သတင်းတရားတွင် ဤမျှအဓိကကျသည့် အခြားအကြောင်းအရာမရှိခဲ့ချေ။ ယင်းကို ခရစ်ဝင်ကျမ်းများတွင် အကြိမ်ပေါင်းတစ်ရာကျော် ဖော်ပြထား၏” ဟုဆိုသည်။

ဆင်ခြင်သုံးသပ်ရမည့် မေးခွန်းများ

ယနေ့ သင်သည် ယေရှုကို အဘယ်သို့ထင်သနည်း။ ဤနှစ် ဤအချိန်အခါရောက်လျှင် လူအများစုက ကိုယ်တော်အား နွားစားခွက်ထဲရှိ မွေးကင်းစကလေးတစ်ဦးအဖြစ် ပုံဖော်လေ့ရှိကြသည်။ ကိုယ်တော်သည် မစွမ်းဆောင်နိုင်သည့် ကလေးငယ်တစ်ဦးအဖြစ် အချိန်အခိုက်အတန့်မျှ ရှိခဲ့သည်မှာ မှန်ပါသည်။ (လုကာ ၂:၁၅-၂၀) သို့သော် ကိုယ်တော်အား ထိုအတိုင်းပင် အမှတ်ရနေသင့်ပါသလော။ ယေရှု အဘယ်ကြောင့် လူသားတစ်ဦးအဖြစ် မွေးဖွားခဲ့သည်ကို စဉ်းစားကြည့်ပါ။ ကိုယ်တော်သည် အမှန်တကယ်မည်သူနည်း။

“ယေရှုသည် ဘုရားသခင့်သားတော်၊ ဟေဗြဲကျမ်းစာပါ ကတိထားရာမေရှိယလော။ သို့မဟုတ် သာမန်ထက်ထူးခြားကောင်း ထူးခြားမည့် လူသားတစ်ဦးမျှသာလော” ဟူ၍ ၁၉၉၆ ခုနှစ်ထုတ် အင်ကာတာနှစ်ချုပ်စာအုပ်က မေးမြန်းခဲ့သည်။ ယင်းသို့သောမေးခွန်းများကို အလေးအနက်ထားသင့်၏။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျွန်ုပ်တို့၏အသက်နှင့် ပျော်ရွှင်မှုသည် ယေရှုအား ကျွန်ုပ်တို့ရှုမြင်ပုံနှင့် ပြုမူဆက်ဆံပုံတို့အပေါ် မူတည်နေသောကြောင့်ဖြစ်၏။ သမ္မာကျမ်းစာက “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ” ဟုဆို၏။—⁠ယောဟန် ၃:၃၆

သာမန်လူသားမဟုတ်

ယေရုရှလင်ရှိ ဝတ်ပြုရာအိမ်တော်၌ အသက် ၁၂ နှစ်အရွယ်ယေရှု၏ လုပ်ဆောင်မှုများကို ဖော်ပြပေးပြီးနောက် သမ္မာကျမ်းစာက ကိုယ်တော်သည် မာရိ၊ ယောသပ်တို့နှင့်အတူ အိမ်ပြန်သွားပြီး “သူတို့စကားကို နားထောင်လျက်နေ” သည်ဟုဆို၏။ (လုကာ ၂:၅၁၊ ၅၂) သို့သော် ယေရှုကြီးပြင်းလာသောအခါ ကိုယ်တော်သည် သာမန်လူသားတစ်ဦးမျှသာမဟုတ်ကြောင်း ထင်ရှားလာခဲ့သည်။

လေပြင်းမုန်တိုင်းကြောင့် လှိုင်းထန်နေသည့်ပင်လယ်ကို ယေရှု ငြိမ်သက်စေခဲ့စဉ် ထိတ်လန့်နေသည့် မိတ်ဆွေတစ်ဦးက ဤသို့ဆိုခဲ့သည်– “ဤသူကား အဘယ်သို့သောသူနည်း။” (မာကု ၄:၄၁) နောက်ဆုံးတွင် ယေရှုသည် မှားယွင်းသောစွဲချက်များဖြင့် ရောမမြို့ဝန် ပုန္တိပိလတ်လက်သို့ လွှဲအပ်ခံခဲ့ရသည်။ ယေရှုတွင် အပြစ်မရှိကြောင်း သိမြင်ခဲ့ရသည့်အပြင် ရက်စက်မှု၊ မတရားဆက်ဆံမှုတို့ ကြုံရလင့်ကစား ယေရှု၏ တည်ကြည်ခံ့ညားမှုကြောင့် ပိလတ်သည် ယေရှုအား လူအုပ်ရှေ့ ခေါ်ထုတ်လာပြီး ဤသို့ ကြည်ညိုလေးစားစွာ ဟစ်အော်ပြောဆိုသည်– ‘ဤယောက်ျားကို ကြည့်ကြလော့!’ သို့သော် ဂျူးများက “ဤသူသည် ဘုရားသခင်၏သားတော် ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ်တို့၌ရှိသော ဓမ္မသတ်အတိုင်း သေထိုက်ပါသည်” ဟုလျှောက်ကြ၏။—⁠ယောဟန် ၁၉:၄-၇

ယေရှုအား “ဘုရားသခင်၏သားတော်” အဖြစ် ရည်ညွှန်းသည်ကို ကြားသိလိုက်ရသောအခါ ပိလတ်ကြောက်ရွံ့သွား၏။ အိပ်မက်တွင် ယေရှုကိုမြင်မက်ခဲ့သည့် မိမိဇနီးသည်က ယေရှုအား “ဖြောင့်မတ်သောသူ” ဟုခေါ်ဆိုခဲ့သည်ကို အစောပိုင်းက သူကြားသိခဲ့ရသည်။ (မဿဲ ၂၇:၁၉) ထို့ကြောင့် ပိလတ်က ယေရှု အမှန်တကယ် မည်သူဖြစ်သည်ကို သိလိုခဲ့သည်။ ယေရှုသည် ဂါလိလဲနယ်သားဖြစ်ကြောင်း ပိလတ်သိထားသော်လည်း “သင်သည် အဘယ်မှ လာသနည်း” ဟုမေး၏။ ယေရှုမဖြေသောအခါ စကားပြတ်သွားခဲ့သည်။—⁠ယောဟန် ၁၉:၉၊ ၁၀ခမ။

ယေရှုသည် လူသားတစ်ဦးဖြစ်ကြောင်း ထင်ရှားသော်လည်း အခြားလူသားများနှင့်မတူသည်မှာ ကိုယ်တော်သည် ယခင်က ကောင်းကင်တွင် နှုတ်မြွက်တော်အဖြစ်ထင်ရှားသည့် ဝိညာဉ်သားတစ်ဦးဖြစ်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဘုရားသခင်သည် ကိုယ်တော်၏အသက်ကို အံ့ဖွယ်နည်းဖြင့် မာရိ၏သားအိမ်ထဲသို့ ရွှေ့ပြောင်းပေးခဲ့သည်။ ‘နှုတ်မြွက်တော်သည် လူဇာတိအဖြစ်ကိုခံယူ၍ . . . ငါတို့တွင် တည်နေတော်မူ’ ကြောင်း တမန်တော်ယောဟန်က သက်သေခံခဲ့သည်။—⁠ယောဟန် ၁:၁၊ ၂၊ ၁၄၊ ၁၈; ဗျာ. ၃:၁၄

သားတော်အား မြေကြီးပေါ်သို့စေလွှတ်ရသည့်အကြောင်း

ကနဦးလူသား အာဒံသည် သားသမီးမရရှိမီ အပြစ်ပြုမိခဲ့သည်။ စာတန်ဟု အမည်တွင်လာသည့် ပုန်ကန်သူကောင်းကင်တမန်သည် ဘုရားသခင်၏စကားကို အာဒံနားမထောင်ဖို့ ကြိုးစားခဲ့ရာ အောင်မြင်ခဲ့သည်။ သို့နှင့် အာဒံသည် မနာခံပါက ဘုရားသခင့်သားအဖြစ် ရင်းနှီးသောဆက်ဆံရေးကို လက်လွတ်ဆုံးရှုံးရမည်ဟု ဘုရားသခင် မိန့်တော်မူထားသည့်အတိုင်းပင် ဖြစ်ခဲ့လေသည်။ ထိုအကြောင်းကြောင့် အာဒံသည် ဆိုးကျိုးများ ခံစားခဲ့ရ၏။ သူသည် မစုံလင်တော့ဘဲ အိုမင်းရင့်ရော်လာကာ နောက်ဆုံး သေဆုံးခဲ့ရသည်။—⁠ကမ္ဘာဦး ၂:၁၅-၁၇; ၃:၁၇-၁၉; ဗျာ. ၁၂:၉

အာဒံ၏မနာခံမှုကြောင့် သူ၏သားစဉ်မြေးဆက်ဖြစ်သော ကျွန်ုပ်တို့အားလုံးအပေါ် ဆိုးကျိုးသက်ရောက်ခဲ့သည်ကို သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ဝင်၍ အပြစ်တရားအားဖြင့် သေခြင်းတရားဝင်သည်နှင့်အညီ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းသို့ရောက်ရကြ၏။” (ရောမ ၅:၁၂) ကျွန်ုပ်တို့အားလုံး ကျွန်ုပ်တို့၏ဘိုးဘေး အာဒံထံမှ အပြစ်နှင့်အတူ ယင်း၏အကျိုးဆက်များဖြစ်သော အိုမင်းခြင်းနှင့် သေခြင်းတရားကို အမွေခံကြရသည်မှာ ဝမ်းနည်းစရာပင်။—⁠ယောဘ ၁၄:၄; ရောမ ၃:၂၃

အပြစ်နှင့် ယင်း၏ဆိုးရွားသောအကျိုးဆက်များကို အမွေမခံရသည့် စုံလင်သောဖခင်တစ်ဦးရှိမှသာ ယင်းသို့သောဆိုးကျိုးများမှ လွတ်မြောက်နိုင်ပေမည်။ စုံလင်သူအာဒံနှင့်နှိုင်းယှဉ်နိုင်သော ထိုဖခင်အသစ်ကိုရရှိရန် မည်သို့စီမံပေးကြောင်း သုံးသပ်ကြည့်ပါ။

လိုအပ်သူတစ်ဦးရရှိရန် စီမံပေးခဲ့

သင်မှတ်မိမည်ဖြစ်သည့်အတိုင်း ကတိထားရာ “ငြိမ်သက်ခြင်းအရှင်” ကို “ထာဝရအဘ” ဟုလည်းခေါ်ဆိုသည်။ လူသားအဖြစ် သူမွေးဖွားလာမည့်အကြောင်းကို ဤသို့ကြိုပြောထား၏– ‘သတို့သမီးကညာသည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို ဖွားမြင်လတ္တံ့။’ (ဟေရှာယ ၇:၁၄; မဿဲ ၁:၂၀-၂၃) ယေရှုသည် လူသားဖခင်မရှိသကဲ့သို့ ကနဦးလူသား အာဒံသည်လည်း လူသားဖခင်မရှိခဲ့ချေ။ ယေရှု၏ဆွေစဉ်မျိုးဆက်ကို လူ့သမိုင်းအစအထိ ခြေရာခံကြည့်ရာ အာဒံသည် “ဘုရားသခင့်သား” ဖြစ်သည်ဟု ကျမ်းစာသမိုင်းပညာရှင်လုကာကဖော်ပြသည်။ (လုကာ ၃:၃၈သမ္မာ) သို့သော် ကျွန်ုပ်တို့သိရှိခဲ့ရသည့်အတိုင်း အာဒံသည်—⁠မိမိအတွက်နှင့် မိမိ၏သားမြေးအားလုံးအတွက်—⁠ဘုရားသခင့်သားအဖြစ် ရင်းနှီးသောဆက်ဆံရေးကို လက်လွတ်ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် ကျွန်ုပ်တို့အားလုံးသည် စုံလင်စွာဖန်ဆင်းခံခဲ့ရသည့် အာဒံကဲ့သို့သော ဖခင်အသစ်တစ်ဦး လိုအပ်ကြသည်။

ဘုရားသခင်သည် ကနဦးလူသားနေရာတွင် အစားထိုးရန် မိမိ၏သားတော်ကို အသစ်သောအာဒံဖြစ်ဖို့ ကောင်းကင်မှ စေလွှတ်တော်မူခဲ့သည်။ သမ္မာကျမ်းစာက ဤသို့ဆို၏– “ ‘ရှေးဦးစွာသောလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်၏’ ဟုလာသတည်း။ ယခုတွင် နောက်ဆုံးဖြစ်သောအာဒံမူကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။ ရှေးဦးစွာသောလူသည် မြေကြီးကဖြစ်သောကြောင့် မြေသားဖြစ်၏။ ဒုတိယလူမူကား ကောင်းကင်ဘုံကဖြစ်တော်မူသောသခင်ပေတည်း။” (၁ ကောရိန္သု ၁၅:၄၅၊ ၄၇) “နောက်ဆုံးဖြစ်သောအာဒံ” ဖြစ်သည့် ယေရှုသည် စုံလင်သော လူသားတစ်ဦးဖြစ်ခဲ့သည့် “ရှေးဦးစွာသောလူအာဒံ” ကဲ့သို့ပင် ကမ္ဘာပေါ် စုံလင်စွာ ထာဝစဉ်အသက်ရှင်နိုင်သည့် စုံလင်သောသားသမီးတို့ကို ကြည့်ရှုပြုစုနိုင်စွမ်းရှိသည်။—⁠ဆာလံ ၃၇:၂၉; ဗျာ. ၂၁:၃၊ ၄

သားသမီးမရှိခဲ့သည့် ယေရှုသည် စာတန်၏ တိုက်ခိုက်ရန်ပြုမှုအမျိုးမျိုးကြားမှ သေသည့်တိုင် ဘုရားသခင်အပေါ် သစ္စာတည်ကြည်ခဲ့သည်။ ယေရှုစွန့်လွှတ်ခဲ့သည့် သမာဓိစောင့်သိမှုဆိုင်ရာ စုံလင်သောလူ့အသက်ကို ရွေးနုတ်ဖိုးဟုခေါ်သည်။ “[ယေရှု] ၏အသွေးအားဖြင့် အပြစ် [အာဒံထံမှ အမွေရလာခဲ့သည့် အပြစ်နှင့် သေခြင်းမှ] လွှတ်တော်မူခြင်းတည်းဟူသော ရွေးနုတ်တော်မူခြင်းကျေးဇူးကို ငါတို့သည်ခံရကြ၏” ဟုကျမ်းစာက ရှင်းပြသည်။ ဤသို့လည်းဆိုသေးသည်– “[အာဒံ] သည် နားမထောင်သောအားဖြင့် လူများတို့သည် အပြစ်ရောက်သည်နည်းတူ၊ [ယေရှု] သည် နားထောင်သောအားဖြင့် လူများတို့သည် ဖြောင့်မတ်ရာသို့ရောက်ရကြ၏။”—⁠ဧဖက် ၁:၇၊ ၈; ရောမ ၅:၁၈၊ ၁၉; မဿဲ ၂၀:၂၈

ကျွန်ုပ်တို့သည် ယေရှုအားယုံကြည်ကြောင်း တင်ပြမည်ဆိုလျှင် ကိုယ်တော်သည် ကျွန်ုပ်တို့၏ “ထာဝရအဘ” နှင့် “ကယ်တင်သောအရှင်” ဖြစ်လာပါလိမ့်မည်။ ကိုယ်တော်သည် မိမိခမည်းတော်၏နိုင်ငံတော်တွင် အုပ်စိုးရှင်အဖြစ် တာဝန်ထမ်းဆောင်သည့်အခါ မိမိ၏အုပ်စိုးခြင်း အာဏာတော်ကို အံ့ဖွယ်နည်းဖြင့် ကျင့်သုံးသွားမည်ဖြစ်သည်။ ထိုအုပ်စိုးမှုအောက်တွင် မည်သို့အသက်ရှင်နေထိုင်ရမည်ကို ဆန်းစစ်ကာ အဆိုပါမြင့်မြတ်သည့် ကောင်းချီးများကို မည်သည့်အချိန်တွင် ကျွန်ုပ်တို့ခံစားရမည်ဖြစ်ကြောင်း ထပ်၍သုံးသပ်သွားကြမည်။—⁠လုကာ ၂:၈-၁၁

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယနေ့ သင်သည်ယေရှုကို အဘယ်သို့ထင်သနည်း

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

ယေရှုကို “နောက်ဆုံးဖြစ်သောအာဒံ” ဟု အဘယ်ကြောင့် ခေါ်ဆိုခဲ့သနည်း