မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား

အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား

အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား

အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားအဖြစ် မည်သူ့ကို သင်ရွေးချယ်မည်နည်း။ ရေလွှမ်းမိုးဘေးကို ကပ်ကျော်ပြီး ယခု အသက်ရှင်နေသူအားလုံး၏ ဘိုးဘေးဖြစ်ခဲ့သူ နောဧကိုလော။ (ကမ္ဘာဦး ၇:၁၊ ၂၁၊ ၂၂; ၉:၁၈၊ ၁၉) ဗာဗုလုန်မြို့ကြီးဟု ခေါ်ဆိုခဲ့သည့် ခမ်းနားကြီးကျယ်သောမြို့ကို တည်ဆောက်သူနှင့် ရှေးကမ္ဘာ့အုပ်စိုးရှင်ဖြစ်ခဲ့သူ နေဗုခဒ်နေဇာကိုလော။ (ဒံယေလ ၄:၂၈-၃၀) ၎င်း၏အောင်မြင်မှုများအကြောင်း သမ္မာကျမ်းစာ၌ပင် ကြိုတင်ဖော်ပြခံရသည့် မဟာအလက်ဇန္ဒြားကိုလော။ (ဒံယေလ ၈:၅-၈၊ ၂၁-၂၂) သို့မဟုတ် နာမည်ကျော် ရောမအုပ်စိုးရှင် ဂျူးလီးယက်ဆီဇာကိုလော။

ဖော်ပြပါ ဆီဇာကွယ်လွန်ပြီးနောက် ၄၅ နှစ်အတွင်းတွင် ယေရှုအမည်ရှိသည့် ကလေးငယ်တစ်ဦးကို ဗက်လင်မြို့၌ မွေးဖွားခဲ့၏။ ဤကလေးငယ်သည် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား ဖြစ်လာသလော။ လွန်ခဲ့သည့်အနှစ်တစ်ရာခန့်တွင် သမိုင်းပညာရှင်များ၏ကမ္ဘာ့သမိုင်း စာအုပ်က ဤသို့ဖော်ပြသည်– “[ယေရှု၏] သမိုင်းတွင်သောလုပ်ရပ်တို့သည် လောကရေးရာရှုထောင့်သက်သက်မှ ကြည့်လျှင်ပင် အခြားအဘယ်သမိုင်းဝင်ပုဂ္ဂိုလ်တို့၏ လုပ်ရပ်ထက်မဆို ပို၍အရေးပါသည်။ ကမ္ဘာ့ယဉ်ကျေးမှုအများစုက လက်ခံထားသော ခရစ်နှစ်သည် [ယေရှု] မွေးဖွားချိန်မှ စတင်ရေတွက်သည်။”

ယနေ့အချိန်အထိ ယေရှုခရစ်အား အလွန်စိတ်ဝင်စားနေကြဆဲပင်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က အမေရိကန်နိုင်ငံမှ နာမည်ကြီး သတင်းမဂ္ဂဇင်းများဖြစ်ကြသော တိုင်းမ်၊ နယူးစ်ဝိခ်နှင့် ယူအက်စ်သတင်းနှင့်ကမ္ဘာ့အစီရင်ခံစာတို့တွင် ယေရှုအကြောင်းကို မျက်နှာဖုံးဆောင်းပါးများအဖြစ် တစ်ပြိုင်တည်း ရေးသားဖော်ပြခဲ့ကြသည်။ အမှန်ဆိုရလျှင် ယေရှုအား ဤသို့သောစိတ်ဝင်စားမှု ပို၍တိုးများလာခဲ့ပုံရ၏။ “ကိုယ်တော်၏လွှမ်းမိုးမှုအရှိန်အဝါကို ရုပ်ရှင်၊ တေးဂီတနှင့် ဖက်ရှင်တို့တွင် တွေ့နေရဆဲပင်။ ကိုယ်တော်သည် ကျွန်ုပ်တို့သိရှိထားကြသည့် ပုဂ္ဂိုလ်ကျော်များတွင် တစ်ဦးအပါအဝင်ဖြစ်လာခဲ့သည်” ဟု ၂၀၀၄ ခုနှစ်ထုတ် တိုရွန်တိုစတားသတင်းစာက ဖော်ပြသည်။

သို့သော် ယေရှုသည် မည်သည့်အခါကမျှ မရှိခဲ့ဟု မကြာသေးမီက လူတချို့ ဆင်ခြေတက်ခဲ့ကြသည်မှာ ထူးဆန်းလှပေစွ။ ယင်းသို့ဆင်ခြေတက်ခဲ့သူမှာ အထင်ကရဆရာတစ်ဦးဖြစ်သူ ဘရူနိုဘော်ယာ (၁၈၀၉-၈၂) ဖြစ်သည်။ သူ၏တပည့်များထဲမှ တစ်ဦးမှာ ကားလ်မာ့ခ်စ်ဖြစ်၏။ မကြာသေးမီက ရောဘတ်အီးဗန်ဗောရ်စ်သည် ဓမ္မသစ်ကျမ်းပြင်ပရှိယေရှု ဟူသော သူ၏စာအုပ်တွင် ဤသို့ရေးသားခဲ့သည်– “မာ့ခ်စ်သည် ယေရှု၏ ဒဏ္ဍာရီလာဇာစ်မြစ်ဟူသော ဘော်ယာ၏အယူအဆကို ၎င်း၏အတွေးအမြင်စနစ်နှင့် ပေါင်းစပ်လိုက်ရာ နောက်ပိုင်းတွင် အစိုးရထုတ်ဆိုဗီယက်စာပေများနှင့် အခြားသော ကွန်မြူနစ်ဝါဒများအထိ ဤအယူအဆ ပျံ့နှံ့သွားခဲ့သည်။”

သို့သော် မျက်မှောက်ခေတ်တွင်မူ ယေရှု အမှန်အသက်ရှင်ခဲ့သည်ကို ငြင်းဆိုသူ မရှိသလောက်ပင်။ အမှန်မှာ လူအများစုက ကိုယ်တော်သည် အမှန်တကယ်တည်ရှိပြီး အလွန်အရေးပါသည့်ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း မဆိုင်းမတွသဘောတူကြ၏။ ၂၀၀၂၊ ဒီဇင်ဘာလထုတ် ဝေါလ်စထရိဂျာနယ်အယ်ဒီတာ့အာဘော်၏ ခေါင်းစဉ်က ဤသို့ဖော်ပြသည်– “သိပ္ပံပညာသည် ယေရှုကို မသိကျိုးကျွန်ပြု၍မရ။” ယင်း၏စာရေးသူက ဤသို့ကောက်ချက်ချခဲ့သည်– “ဘာသာတရားမဲ့သူတချို့တလေမှလွဲ၍ ကျမ်းပညာရှင်အများစုသည် နာဇရက်မြို့သားယေရှုကို သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ် လက်ခံခဲ့ကြပြီးဖြစ်သည်။”

သို့သော် ယေရှုသည် သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးမျှသာ မဟုတ်ချေ။ “ဤအနှစ်နှစ်ထောင်၌သာမဟုတ်ဘဲ လူ့သမိုင်းတစ်လျှောက်လုံး၌ ဩဇာအရှိဆုံးပုဂ္ဂိုလ်မှာ နာဇရက်မြို့သားယေရှုဖြစ်သည်ကို ငြင်းဆိုခြင်းက ယုတ္တိမရှိသော ဆင်ခြေကန်ချက်ဖြစ်ပေမည်” ဟုတိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။ အဆိုပါမဂ္ဂဇင်းက ထပ်ဖော်ပြသည်မှာ “မည်သူတစ်ဦးတစ်ယောက်မျှ ယေရှုကဲ့သို့ ဩဇာညောင်းပြီး ရေရှည်အကျိုးပြုခဲ့ကြောင်း ရေးရေးမျှသက်သေမထူခဲ့သည်ကို အလေးအနက် ဆွေးနွေးပြောဆိုနိုင်ပါသည်။”

သို့သော် ကိုယ်တော်ကား အမှန်တကယ် မည်သူနည်း။ ကိုယ်တော်သည် မည်သည့်အရပ်မှ ကြွလာခဲ့သနည်း။ ကမ္ဘာမြေကြီးပေါ်သို့ ကိုယ်တော်ကြွလာရသည့် ရည်ရွယ်ချက်ကား အဘယ်နည်း။ ကိုယ်တော့်အကြောင်း ကျွန်ုပ်တို့သိနိုင်သမျှသိရှိဖို့ အဘယ်ကြောင့် အလွန်အရေးကြီးသနည်းဟူသော မေးခွန်းများ ကျန်ရှိနေပါသေးသည်။