မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ ဘယ်အချိန်မှာ စချိန်းတွေ့လို့ရမလဲ

ငါ ဘယ်အချိန်မှာ စချိန်းတွေ့လို့ရမလဲ

လူငယ်များ​အမေး . . .

ငါ ဘယ်​အချိန်​မှာ စ​ချိန်းတွေ့​လို့​ရမလဲ

“ကျောင်း​မှာ တစ်ဦးဦး​နဲ့ မ​ချိန်းတွေ့​သူဟာ စိတ်မနှံ့​သူပဲ။”—ဘရစ်တနီ။

“ကျွန်မ​ရဲ့​ဝန်းကျင်​မှာ ချိန်းတွေ့​ဖို့ ဖိအား​တွေ​အများကြီး​ရှိတယ်။ ရုပ်​ဖြောင့်​တဲ့​ကောင်လေး​တွေ​လည်း အများကြီး​ပဲ။”—ဝှစ်​တ​နီ။

ယောက်ျားလေး​တစ်ဦး​နှင့် မိန်းကလေး​တစ်ဦး​သည် စာသင်​ခန်း​များ​ကြား​ရှိ ကျောင်း​စင်္ကြံ​တွင် လက်တွဲ​ပြီး အေးအေးဆေးဆေး​လမ်းလျှောက်​နေသည်​ကို သင်​တွေ့​သည်။ သင် မည်သို့​ခံစားရ​သနည်း။

□ ဂရုမစိုက်

□ အနည်းငယ်​မနာလို

□ အလွန်​မနာလို

သင်သည် သူငယ်ချင်းများနှင့်​အတူ ရုပ်ရှင်​သွား​ကြည့်​သည်။ သင်​မှ​လွဲ​၍ ကျန်​သူအား​လုံး​တွင် အတွဲ​ကိုယ်စီ​ရှိသည်။ သင် မည်သို့​ခံစားရ​သနည်း။

□ ဂရုမစိုက်

□ အနည်းငယ်​မနာလို

□ အလွန်​မနာလို

မကြာသေးမီ​က သင်​အချစ်ဆုံး​သူငယ်ချင်း​သည် လိင်​ခြား​သူ​တစ်ဦး​ကို စိတ်ဝင်စား​နေ​ကာ ယခု ချိန်းတွေ့​နေသည်။ သင် မည်သို့​ခံစားရ​သနည်း။

□ ဂရုမစိုက်

□ အနည်းငယ်​မနာလို

□ အလွန်​မနာလို

အထက်ပါ​မေးခွန်းများ​မှ တစ်ခု​ကို​ဖြေဆို​ရာ​တွင် “အနည်းငယ်​မနာလို” သို့​မဟုတ် “အလွန်​မနာလို” ဟူ၍​ဖြေ​ဆိုလျှင် သင် တစ်ဦးတည်း​မဟုတ်ပေ။ ချိန်းတွေ့​သည့်​ထုံးစံ​ရှိသော နိုင်ငံ​များ​မှ လူငယ်များစွာ ထို​အတိုင်း​ဖြေပါ​လိမ့်​မည်။ “တစ်ခါ​တ​လေ ကိုယ်​နဲ့​သက်တူရွယ်တူ​တွေ​က ရည်းစား​ရှိပြီး ကိုယ့်​မှာ​မရှိဘူး​ဆိုရင် တစ်ခုခု လို​နေ​သလို​ခံစား​ရတယ်” ဟု အသက် ၁၄ နှစ်အရွယ် အီဗက်​က​ဆို​၏။

မိမိ​က​ချစ်​ကြိုက်​နေ​သူ သို့​မဟုတ် မိမိကို ချစ်​ကြိုက်​နေ​သူ​တစ်ဦး​နှင့် အတူ​ရှိ​လို​သော​ဆန္ဒ​မှာ အလွန်​ပြင်းပြ​နိုင်​ပါ​သည်။ “ရည်းစား​ထားချင်​တဲ့​စိတ်​ဟာ တစ်နေ့​ထက်​တစ်နေ့ ပို​ပြင်းထန်​လာလို့ ကိုင်တွယ်​ဖို့ အရမ်း​ခက်တယ်” ဟု ဆယ်ကျော်သက်​လူငယ်​တစ်ဦး​က ဆို​သည်။ အချို့​သူတို့မှာ ငယ်ရွယ်ချိန်​တွင် စတင်​ချိန်းတွေ့​ကြ​၏။ ဥပမာ၊ အသက် ၁၃ နှစ်အရွယ်​ရှိ​သူများ​အနက် ၂၅ ရာခိုင်နှုန်း​သည် “ချိန်းတွေ့” ဖူး​ကြပြီ​ဟု တိုင်းမ် မဂ္ဂဇင်း​လေ့လာမှု​တစ်ခု​က ဖော်ပြ​သည်။ သူတို့​ချိန်းတွေ့​ရန် အသင့်​ဖြစ်​ပြီ​ဟု သင် ယူဆ​သလော။ သင်လည်း ချိန်းတွေ့​ရန် အသင့်​ဖြစ်​ပြီ​လော။ ယင်းကို​ဖြေ​ရန် ပို​၍​အခြေခံကျ​သော မေးခွန်း​တစ်ခု​ကို ဦးဆုံး​သုံးသပ်​ဖို့​လို​သည်။

“ချိန်းတွေ့​ခြင်း” ဟူသည် အဘယ်နည်း

သင်သည် လိင်​ခြား​သူ​တစ်ဦး​နှင့် ပုံမှန်​တွဲ​သွား​သည်။

သင် ချိန်းတွေ့​နေခြင်း​လော။ □ ဟုတ်​သည် □ မဟုတ်ပါ

သင်သည် လိင်​ခြား​သူ​ဖြစ်သည့် အထူး​သူငယ်ချင်း​တစ်ဦးထံ ဖုန်း​ဖြင့် တစ်နေ့​လျှင် အကြိမ်ကြိမ် စာပို့​သည် သို့​မဟုတ် စကားပြော​သည်။

သင် ချိန်းတွေ့​နေခြင်း​လော။ □ ဟုတ်​သည် □ မဟုတ်ပါ

သင်သည် လိင်​ခြား​သူ​တစ်ဦး​နှင့် တိတ်တဆိတ် မိတ်ဆွေဖွဲ့​၏။ ယင်းကို သင်၏​မိဘများ​က မသိကြ​ချေ။ မိဘများ​သဘောကျ​မည်​မဟုတ်​ကြောင်း သင် သိ​သောကြောင့် သူတို့အား ယင်း​အကြောင်း မပြော​ဘဲ​နေသည်။

သင် ချိန်းတွေ့​နေခြင်း​လော။ □ ဟုတ်​သည် □ မဟုတ်ပါ

သင်သည် သူငယ်ချင်းများနှင့်​စုဆုံ​သည့်​အခါတိုင်း အဆိုပါ လိင်​ခြား​သူ​တစ်ဦးတည်း​နှင့်​သာ ပေါင်းသင်း​သည်။

သင် ချိန်းတွေ့​နေခြင်း​လော။ □ ဟုတ်​သည် □ မဟုတ်ပါ

သင်သည် ပထမ​မေးခွန်း​ကို​ဖြေ​ရန် အခက်အခဲ​ရှိ​မည်​မဟုတ်သော်လည်း ကျန်​မေးခွန်းများကို​မူ ဖြေဆို​ရန် တွန့်ဆုတ်​နေ​ပေမည်။ ချိန်းတွေ့​ခြင်း​ဟူသည် အမှန်စင်စစ်​အဘယ်နည်း။ ဤ​ဆွေးနွေးခန်း​တွင် တစ်ဦး​ကိုတစ်​ဦး ချစ်​ကြိုက်​နေကြောင်း​ပြ​သော မည်သည့်​လူမှုပေါင်းသင်း​ဆက်ဆံ​ရေး​ကို​မဆို ချိန်းတွေ့ ခြင်း​ဟူ၍ အဓိပ္ပာယ်​ဖွင့်ပါ​မည်။ အုပ်စု​ထဲ​တွင်​ဖြစ်စေ၊ နှစ်ဦး​တည်း​ဖြစ်စေ၊ ဖုန်း​ဖြင့်​ဖြစ်စေ၊ လူ​ကိုယ်တိုင်​ဖြစ်စေ၊ လူရှေ့​တွင်​ဖြစ်စေ၊ လူ​ကွယ်ရာ​တွင်​ဖြစ်စေ သင်​နှင့် လိင်​ခြား​သူ​မိတ်ဆွေ​တစ်ဦး​တို့သည် တစ်ဦး​နှင့်​တစ်ဦး မေတ္တာမျှ​နေပါက ယင်းသည် ချိန်းတွေ့​ခြင်း​ဖြစ်သည်။

သို့သော် သင်သည် ချိန်းတွေ့​ရန်​အသင့်​ဖြစ်​ပြီ​လော။ မေးခွန်း​သုံးခုကို သုံးသပ်ခြင်းက ယင်းကို​သိရှိ​ရန် အကူအညီ​ဖြစ်စေ​မည်။

သင်၏​ရည်ရွယ်ချက်များ​ကား အဘယ်နည်း

ယဉ်ကျေးမှု​များစွာ​တွင် ချိန်းတွေ့ ခြင်း​ကို လူ​နှစ်ဦး​အား ပို​၍​ရင်းနှီး​ကျွမ်းဝင်​လာ​စေသည့်​နည်း​အဖြစ် လက်ခံ​ယူမှတ်​ကြ​၏။ သို့သော် ချိန်းတွေ့​ခြင်း​၏ တော်မှန်​သော​ရည်ရွယ်ချက်မှာ ငယ်ရွယ်​သည့်​အမျိုးသား​တစ်ဦး​နှင့် အမျိုးသမီး​တစ်ဦး သင့်လျော်​သော​အိမ်ထောင်ဖက်​ဖြစ်​မဖြစ်​သိရှိ​နိုင်​ရန် လေ့လာ​အကဲဖြတ်ခြင်း​ဖြစ်​သင့်​သည်။ အဘယ်ကြောင့်​နည်း။

လိင်စိတ်၊ အချစ်စိတ်​ပြင်းထန်​ချိန်​ကို​ဖော်ပြ​ရန် သမ္မာကျမ်းစာ​က “လူငယ့်​အပွင့်​လန်း​ဆုံး​အရွယ်” ဟူသော​စကားရပ်​ကို အသုံးပြု​သည်။ (၁ ကောရိန္သု ၇:၃၆က​ဘ) သင်သည် “လူငယ့်​အပွင့်​လန်း​ဆုံး​အရွယ်” ရောက်နေ​ချိန်​တွင် လိင်​ခြား​သူ​တစ်ဦး​နှင့် ရင်းနှီး​စွာ​ပေါင်းသင်း​နေခြင်း​က ထို​ဆန္ဒ​များ​ကို ပို​၍​ပြင်းထန်​စေနိုင်​ကာ “လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို​ရိတ်​ရ​လိမ့်​မည်” ဟူသော ဂလာတိ ၆:၇ ပါ​ပညာ​စကား​ကို နာကြည်းဖွယ်​အတွေ့အကြုံ​မှ သင်ယူ​သိရှိ​စေနိုင်​သည်။

သင်၏​ရွယ်တူချင်း​အချို့​သည် အိမ်ထောင်ပြု​ရန် ရည်ရွယ်ချက်​မရှိဘဲ ချိန်းတွေ့ ကြ​ပေမည်။ သူတို့သည် လိင်​ခြား​သူ​မိတ်ဆွေ​အား လူအများရှေ့ မိမိတို့​သိက္ခာ​ကို မြှင့်တင်​ပေး​သည့် အောင်မြင်မှု​၏​သင်္ကေတ သို့​မဟုတ် အဆင်တန်ဆာ​အဖြစ် ယူမှတ်​ကြ​ပေမည်။ ဤ​အကြောင်းရင်း​အတွက် အခြားသူ​တစ်ဦး​နှင့် ချစ်​တမ်း​ကစား​ခြင်း​သည် ရက်စက်​ရာ​ကျ​၏။ ထိုသို့​သော​ဆက်ဆံ​ရေး​သည် ကြာရှည်ခံ​လေ့​မရှိခြင်း​မှာ အံ့ဩစရာ​မဟုတ်​ချေ။ “ချိန်းတွေ့​ကြ​တဲ့ လူငယ်များစွာ​ဟာ တစ်ပတ်​နှစ်ပတ်​အကြာမှာ အဆက်ဖြတ်​လိုက်ကြတယ်။ သူတို့ဟာ ချိန်းတွေ့​တာ​ကို တဒင်္ဂ​သာ​ခံ​တဲ့​အရာ​အဖြစ် ရှုမြင်​ကြတယ်၊ အိမ်ထောင်ပြု​ဖို့​အတွက်​မဟုတ်ဘဲ ကွာရှင်း​ဖို့​အတွက် ပြင်ဆင်​တဲ့​သဘော​မျိုးနဲ့ ချိန်းတွေ့​ကြတယ်” ဟု ဟ​ယ်​သာ​အမည်​ရှိ လူငယ်​တစ်ဦး​က​ဆို​သည်။

အပန်းဖြေ​သည့်​သဘော သို့​မဟုတ် ပေါ့ပေါ့တန်တန်​သဘောဖြင့် ချိန်းတွေ့​ခြင်း—အပျော်​သဘော သို့​မဟုတ် မိမိ​တွင်​ရည်းစား​ရှိသည်​ဟု ပြောဆို​နိုင်​ရုံ​အတွက် တွဲ​ခြင်း—သည် စိတ်နာ​စ​ရာ​များ အလွယ်တကူ​ဖြစ်စေ​နိုင်၏။ အသက် ၁၈ နှစ်အရွယ်​တွင် မိန်းကလေး​တစ်ဦး​နှင့် သဘော​ရိုး​ဖြင့် ခင်မင်​ရင်းနှီး​စွာ​ပေါင်းသင်း​ခဲ့​သော အဲရစ်​ခ်​အကြောင်းကို သုံးသပ်ကြည့်​ပါ။ ထို့နောက် မိန်းကလေး​သည် သာမန်​ရင်းနှီးမှု​ထက်​ပို​လာ​ကြောင်း အဲရစ်​ခ်​သတိပြုမိ​သည်။ “ပြဿနာ​ပဲ! ကျွန်တော့်​ကို သူ စွဲ​စွဲလမ်း​လမ်း​ဖြစ်လာ​လို့ အံ့ဩ​မိတယ်။ ကျွန်တော်​တို့​က ရိုးရိုး​သူငယ်ချင်းတွေ​ပဲ​လို့ ထင်​နေတာ” ဟု​အဲရစ်​ခ်​က​ဆို​သည်။

အမှန်ဆိုလျှင် တော်လျော်​သော​ကြီးကြပ်မှု​ရှိသည့် အုပ်စု​အခြေအနေ​တွင် လိင်​ခြား​သူများ​နှင့် ရောနှော​ပေါင်းသင်း​ခြင်း​သည် မမှား​ချေ။ သို့သော် ချိန်းတွေ့ ခြင်း​နှင့်​ပတ်သက်​လျှင်​မူ လူငယ့်​အပွင့်​လန်း​ဆုံး​အရွယ်ကို ကျော်လွန်​ကာ အိမ်ထောင်ရေး​ကို အလေးထား​စဉ်​စား​ရန် အသင့်​ဖြစ်​ချိန်​အထိ စောင့်ဆိုင်းခြင်း​က အကောင်းဆုံး​ဖြစ်သည်။ ချယ်ဆီး​အမည်​ရှိ လူငယ်​တစ်ဦး ထို​အတိုင်း​သဘောပေါက်ခဲ့​သည်။ “ချိန်းတွေ့​တာ​ဟာ ပျော်စရာ​လို့ တစ်ခါ​တ​လေ စဉ်းစားမိ​ပေမဲ့ အဲဒါကို တစ်ဦး​က အလေးအနက်​ထားပြီး နောက်​တစ်ဦး​က ပေါ့ပေါ့တန်တန်​သဘောထား​တဲ့​အခါ ပျော်စရာ​မဟုတ်တော့ဘူး” ဟု ချယ်ဆီး​က ဝန်ခံ​သည်။

သင် အသက်​မည်မျှ​ရှိပြီ​နည်း

လူငယ်​တစ်ဦး​သည် အသက်​မည်မျှ​တွင် စတင်​ချိန်းတွေ့​သင့်​သည်​ဟု သင်​ထင်​သနည်း။ —

ယခု အဆိုပါ​မေးခွန်း​ကို သင်၏ မိဘ​တစ်ဦး သို့​မဟုတ် နှစ်ဦးစလုံး​ကို မေးပါ။ သူတို့၏​အဖြေကို ရေးချ​ပါ။ —

သင်​ဖြေလိုက်​သော​အသက်​က သင့်​မိဘ​ဖြေ​သော​အသက်​ထက် ပို​ငယ်​ပေမည်။ သို့​မဟုတ် ထိုသို့​ဖြစ်ချင်​မှ​ဖြစ်​မည်! ကိုယ့်​ကိုယ်ကို ကောင်းစွာ​သိနိုင်​သော အသက်အရွယ်​ရောက်​သည်​အထိ ချိန်းတွေ့​ခြင်း​ကို ပညာရှိ​စွာ​ရွှေ့ဆိုင်း​ထားသော လူငယ်များစွာ​တွင် သင်လည်း ပါဝင်​ပေမည်။ ဆန်​ဒ​ရာ​အမည်​ရှိ ခရစ်ယာန်​လူငယ်​တစ်ဦး​သည် အိမ်ထောင်ပြု​ရန် အသက်​ပြည့်နေ​ပြီ​ဖြစ်သော်လည်း ထိုသို့​ပြု​ရန် ဆုံးဖြတ်​ခဲ့​သည်။ “ချိန်းတွေ့​နေစဉ်​ကာလ​မှာ တစ်ဖက်သားကို ကိုယ့်​အကြောင်း ကောင်းကောင်း​သိစေချင်​မယ်။ ကိုယ့်​အကြောင်းကို ကိုယ်​တောင် မသိ​ဘူးဆို​ရင် တခြား​သူက ဘယ်လို​လုပ်ပြီး​သိနိုင်​မှာ​လဲ” ဟု​ဆန်​ဒ​ရာ​က ဆင်ခြင်​သုံးသပ်​သည်။

အသက် ၁၇ နှစ်အရွယ်​ရှိ ဒန်ယဲလ်​သည် ထို​အတိုင်း​ခံစားရ​၏။ သူက ဤသို့​ဆို​သည်– “လွန်ခဲ့တဲ့​နှစ်နှစ်​ကို ပြန်ပြောင်း​စဉ်းစား​ကြည့်​တဲ့​အခါ အဲဒီအချိန်မှာ အိမ်ထောင်ဖက်​လောင်း​တစ်ဦး​ဆီက ကိုယ်​မျှော်လင့်​ထားခဲ့​တဲ့​အရာ​နဲ့ အခု​မျှော်လင့်တဲ့​အရာ အရမ်း​ကွာခြား​သွားပြီ။ ခု​အချိန်​မှာ​တောင် အဲလို​မျိုး​ဆုံးဖြတ်ချက်​ချဖို့ ကိုယ့်​ကိုယ်ကို စိတ်မချ​သေး​ဘူး။ နှစ်​အတော်ကြာ တည်ငြိမ်​ရင့်ကျက်​လာပြီ​လို့ ယူဆ​ရတဲ့​အချိန်​ကျ​မှ ချိန်းတွေ့​ဖို့ ကျွန်မ​စဉ်းစား​မယ်။”

သင် အိမ်ထောင်ပြု​ရန် အသင့်​ဖြစ်​ပြီ​လော

ချိန်းတွေ့​ခြင်း​သည် အိမ်ထောင်ပြု​ဖို့ တက်လှမ်းခြင်း​ဖြစ်သော​ကြောင့် သင်သည် ခင်ပွန်း သို့​မဟုတ် ဇနီးသည်၊ ဖခင် သို့​မဟုတ် မိခင်​နှင့်​ပါ​သက်ဆိုင်​သော တာဝန်​များ​ကို​ထမ်းဆောင်​နိုင်​မ​နိုင် မိမိကိုယ်ကို​မေးသင့်​သည်။ အိမ်ထောင်ပြု​ဖို့ အသင့်​ဖြစ်​မဖြစ် သင်​မည်သို့​သိရှိ​နိုင်​သနည်း။ အောက်ပါ​တို့ကို သုံးသပ်ပါ။

ဆက်ဆံ​ရေး သင်သည် မိဘများနှင့် မွေးချင်း​များ​အပေါ် မည်သို့​ပြုမူ​ဆက်ဆံ​သနည်း။ သူတို့နှင့်​ဆက်ဆံ​သည့်​အခါ ချုပ်တည်း​မှုမရှိ​ဘဲ သင်၏​သဘောထားကို​ဖော်ပြ​ရန် ရု​န့်​ရင်း​ကြမ်းတမ်း၊ ထေ့ငေါ့​သော​အသုံးအနှုန်း​ကို သုံးလေ့​သုံး​ထ​ရှိသလော။ ဤ​ကိစ္စ​တွင် သင်​နှင့်​ပတ်သက်​၍ သူတို့​မည်သို့​ပြော​မည်​နည်း။ မိသားစုဝင်​များနှင့် သင်၏​ဆက်ဆံပုံ​က အိမ်ထောင်ဖက်​အပေါ် သင့်​ပြုမူ​ဆက်ဆံပုံ​ကို​ဖော်ပြ​သည်။—ဧဖက် ၄:၃၁၊ ၃၂

ငွေ​ရေး​ကြေး​ရေး ငွေ​ကို သင်​မည်မျှ ကောင်းစွာ​သုံးစွဲ​တတ်​သနည်း။ သင် အမြဲ အကြွေးတင်​နေ​သလော။ သင် အလုပ်​တစ်ခု​ကို အတည်တကျ​လုပ်နိုင်​သလော။ မ​လုပ်နိုင်​လျှင် အဘယ်ကြောင့်​နည်း။ အလုပ်​ကြောင့်​လော။ အလုပ်ရှင်​ကြောင့်​လော။ သို့​မဟုတ် သင့်​တွင်​ရှိနေ​သည့် ဉာဉ်ဆိုး​အချို့​ကြောင့်​လော။ သင်၏​ကိုယ်ပိုင်​ငွေကြေး​ကို ချင့်ချင့်ချိန်ချိန်​မ​သုံးစွဲ​တတ်​လျှင် မိသားစု​တစ်ခု​ကို မည်သို့ ကြည့်ရှု​ပြုစု​နိုင်​မည်​နည်း။—၁ တိမောသေ ၅:၈

ဝိညာဉ်​ရေး သင်သည် ယေဟောဝါသက်သေ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် သင်၏​ဝိညာဉ်​ရေး​အရည်အသွေးများ​ကား အဘယ်နည်း။ သမ္မာကျမ်းစာ​ကို​ဖတ်ရှု​ရန်၊ ခရစ်ယာန်​ဓမ္မ​အမှု​တွင်​နှင့် ခရစ်ယာန်​အစည်းအဝေး​များ​တွင် ပါဝင်​ရန် သင် အစပြု​လုပ်ဆောင်​သလော။ သင် ဝိညာဉ်​ရေး​မကောင်း​လျှင် အိမ်ထောင်ဖက်​အား ဝိညာဉ်​ရေး​ကောင်း​ရန် မည်သို့​အားပေးနိုင်​မည်​နည်း။—၂ ကောရိန္သု ၁၃:၅

ယင်း​တို့​မှာ ချိန်းတွေ့​ရန်​နှင့် အိမ်ထောင်ပြု​ရန် သင် စဉ်းစား​နေ​မည်​ဆိုလျှင် သုံးသပ်​ရမည့်​အရာအချို့​သာ​ဖြစ်၏။ ထို​အချိန်​အတောအတွင်း သင်သည် သင့်လျော်​သော​အုပ်စု​အခြေအနေ​များ​တွင် လိင်​ခြား​သူများ​နှင့်အတူ ပေါင်းသင်း​ဆက်ဆံ​နိုင်​ပေမည်။ နောင်​တစ်ချိန်​တွင် ချိန်းတွေ့​ရန် သင်​ရွေးချယ်​လျှင် သင့်ကိုယ်​သင်​သာမက ရာသက်ပန်​အိမ်ထောင်ဖက်​တစ်ဦး​တွင် သင် ရှိစေ​လို​သည့်​အရာ​တို့ကို​ပါ ကောင်းစွာ​သိရှိ​လာ​ပါ​လိမ့်​မည်။

ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သော မိသားစု​ပျော်ရွှင်မှု​၏ လျှို့ဝှက်ချက် စာအုပ်​၏​စာမျက်နှာ ၁၃-၂၆ တွင် ထပ်ဆင့်​အချက်အလက်​များ​ကို တွေ့​နိုင်​ပါ​သည်။

“လူငယ်များ​အမေး . . .” အခန်းဆက်​ဆောင်းပါး​များ​ကို www.watchtower.org/ype ဝက်ဘ်ဆိုက်​တွင် တွေ့​နိုင်​ပါ​သည်။

ချ​င့်​တွေးစရာ

▪ သင့်လျော်​သော မည်သည့်​အခြေအနေ​များ​တွင် လိင်​ခြား​သူများ​နှင့် ရောနှော​ပေါင်းသင်း​နိုင်​သနည်း။

▪ သင့်လျော်​သည့် အိမ်ထောင်ဖက်​တစ်ဦး​ဖြစ်​ရန် သင် အလိုအပ်ဆုံး​အရည်အသွေး​ကား အဘယ်နည်း။

[စာမျက်နှာ ၂၀ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]

သင့်​ရွယ်တူချင်း​အချို့​ပြောဆို​သည့်​အရာ

“ချိန်းတွေ့​တဲ့ အတွဲ​တွေ​ကိုပဲ​မဟုတ်ဘူး၊ အိမ်ထောင်သည်တွေကို​တောင် ကျွန်တော် တစ်ခါ​တ​လေ မနာလို​ဖြစ်​မိတယ်။ ဒါပေမဲ့ ချိန်းတွေ့​တာ​ဟာ ပျော်စရာ​အတွက်ပဲ​မဟုတ်ဘူး။ အဲဒီ​အတွက်သာ​ဖြစ်​မယ်​ဆိုရင် တစ်ဦး​တစ်ယောက်​ရဲ့ နှလုံးသားကို ကစား​နေရာကျ​မယ်။ ချိန်းတွေ့​တယ်​ဆိုတာ ကိုယ်လက်​ထပ်​ချင်​တဲ့​လူစားမျိုး အမှန်တကယ်​ဖြစ်​မဖြစ် သိဖို့​ဖြစ်တယ်​လို့ ကျွန်တော်​ယူဆတယ်။”—ဘ​လိ​န်း၊ ၁၇ နှစ်။

“ကိုယ်​တကယ်​နှစ်သက်သူ​နဲ့ ချိန်းတွေ့​ဖို့ ‘အစမ်း’ သဘော​နဲ့ ယောက်ျားလေး​တွေ​ကို မ​ချိန်းတွေ့​သင့်​ဘူးလို့ ကျွန်မ​ထင်​တယ်။ အဲလို​သာ​လုပ်ရင် အသည်းကွဲ​ရုံ​သာ​ရှိမယ်။”—ချယ်ဆီး၊ ၁၇ နှစ်။

“အိမ်ထောင်ပြု​နိုင်​တဲ့ အသက်အရွယ်​ရောက်​မှ​သာ စပြီး​ချိန်းတွေ့​သင့်တယ်လို့ ကျွန်မ​ထင်​တယ်။ အဲလို​မဟုတ်ဘူး​ဆိုရင် ကျောင်းတက်​နေရင်း အလုပ်လုပ်ဖို့​ရည်ရွယ်ချက်​မရှိဘဲ အချိန်ပြည့်​အလုပ်​တစ်ခု​အတွက် လူတွေ့မေးမြန်း​ခံ​ဖို့ သွားတာ​နဲ့​တူ​မယ်။”—ဆန်​ဒ​ရာ၊ ၂၁ နှစ်။

[စာမျက်နှာ ၂၂ ပါ လေးထောင့်ကွက်]

မိဘများ​အတွက် မှတ်သား​စ​ရာ

သင်၏​သားသမီး​များသည် တစ်နေ့​နေ့​တစ်ချိန်ချိန်​တွင် ချိန်းတွေ့​ကြ​မည်​မှာ သေချာ​သည်။ “ကျွန်တော်​တောင် ဘာမှ​လုပ်ဖို့​မလိုဘူး။ မိန်းကလေးတွေက ချိန်းတွေ့​ဖို့​တောင်းဆို​လို့ ‘အခု ကျွန်တော်​ဘာလုပ်ရမလဲ​လို့’ စဉ်းစား​နေ​ရတယ်။ သူတို့​ထဲ​က​တချို့က အရမ်း​လှ​တော့ ငြင်း​ဖို့​အခက်​သား” ဟု ဖိလစ်​က​ပြောပြ​သည်။

မိဘများ​အနေ​နှင့် အကောင်းဆုံး​လုပ်နိုင်​သော​အရာ​မှာ ချိန်းတွေ့​ခြင်း​အကြောင်းကို သင်၏​ဆယ်ကျော်သက်​ကလေး​နှင့် ဆွေးနွေး​ရန်ဖြစ်​သည်။ ဆွေးနွေး​ရာ​တွင် ဤ​ဆောင်းပါး​ကို အခြေခံ​အဖြစ် အသုံးပြုပါ။ ကျောင်းတွင်​သာမက ခရစ်ယာန်​အသင်းတော်​အတွင်း​၌​ပင် ရင်ဆိုင်​နေရ​သော စိန်ခေါ်ချက်​များနှင့်​ပတ်သက်​၍ သင်၏​သား သို့​မဟုတ် သမီး မည်သို့​ခံစားရ​ကြောင်း သိအောင်​လုပ်ပါ။ တစ်ခါတစ်ရံ ထိုသို့​သော​ဆွေးနွေးမှု​များ​ကို ‘အိမ်​၌ ထိုင်​နေချိန်၊ ခရီး​သွားနေချိန်’ စ​သော လွတ်လွတ်လပ်လပ်​ရှိချိန်​များ​တွင် ပြုလုပ်​နိုင်​သည်။ (တရားဟောရာ ၆:၆၊ ၇) မည်သည့်​အခြေအနေ​ပင်​ဖြစ်ပါစေ ‘နား​ကြား​ခြင်း​ငှာ​လျင်မြန်​ပြီး စကားပြော​ခြင်း​ငှာ​နှေး’ ရန် သတိရပါ။—ယာကုပ် ၁:၁၉

သင်၏​သား သို့​မဟုတ် သမီး​သည် လိင်​ခြား​သူ​တစ်ဦးဦး​ကို စိတ်ဝင်စား​နေလျှင် မထိတ်လန့်​ပါ​နှင့်။ “ကျွန်မ​မှာ ရည်းစား​ရှိတယ်ဆိုတာ အဖေ​လည်း​သိသွား​ရော အရမ်း​စိတ်ဆိုး​တော့​တာ​ပဲ။ အိမ်ထောင်ပြု​ဖို့ အသင့်​ဖြစ်​မဖြစ်​ဆိုတာ​နဲ့​ပတ်သက်​တဲ့ မေးခွန်းတွေ​တ​သီ​ကြီး​မေး​ပြီး ကျွန်မ​ကို လန့်ဖျပ်​သွား​အောင်​လုပ်တယ်။ အဲဒီလို​အချိန်​မှာ အသက်ငယ်​သေး​တော့ ကောင်လေး​နဲ့​ဆက်​တွဲ​ချင်စိတ်၊ မိဘတွေ​ပြော​တာ​မှား​နေတယ်လို့ သက်သေပြ​ချင်စိတ် ပေါ်လာ​နိုင်တယ်” ဟု​ဆယ်ကျော်သက် မိန်းကလေး​တစ်ဦး​က ပြောပြ​သည်။

ချိန်းတွေ့​ခြင်း​ဟူသည် ဆွေးနွေး​ရမည့်​ကိစ္စ​မဟုတ်​ဟု သင်၏​ဆယ်ကျော်သက်​ကလေး သိထား​မည်​ဆိုလျှင် ပို​ဆိုး​လာနိုင်​သည်။ တိတ်​တိတ်​ပုန်း​ချိန်းတွေ့​ရန် သူ့ကို တွန်း​ပို့ပေး​ရာ​ရောက်​ပေမည်။ “မိဘတွေက တစ်​ဆိတ်​ကိုတစ်​အိတ်​လုပ်တဲ့​အခါ လူငယ်တွေ​က ပို​လို့​တောင် တိတ်​တိတ်​ပုန်း ချိန်းတွေ့​ချင်စိတ်​ပေါ်လာ​တယ်။ ရပ်​တန်း​က​ရပ်​ကြ​မှာ​မဟုတ်ဘူး။ ခိုး​ကြောင်​ခိုးဝှက် ချိန်းတွေ့​နေကြ​မှာပဲ” ဟု မိန်းကလေး​တစ်ဦး​က​ဆို​သည်။

ပွင့်ပွင့်လင်းလင်း ပြောဆို​ဆွေးနွေးခြင်း​ဖြင့် အကျိုး​ရလဒ်ကောင်း​များ​ရရှိ​ပေမည်။ အသက် ၂၀ အရွယ်​ရှိ အမျိုးသမီးငယ်​တစ်ဦး​က ဤသို့​ဆို​၏– “ကျွန်မ​ရဲ့​မိဘတွေဟာ ချိန်းတွေ့​တဲ့​ကိစ္စ​နဲ့​ပတ်သက်ပြီး ကျွန်မ​ကို အမြဲ ပွင့်ပွင့်လင်းလင်း​ပြောဆို​တယ်။ ကျွန်မ စိတ်ဝင်စား​နေတဲ့​သူကို​သိဖို့ သူတို့​အတွက်​အရေးကြီးတယ်။ အဲဒါ​ကောင်းတယ်​လို့ ကျွန်မ​ထင်​တယ်! ကျွန်မ​ရဲ့​အဖေက လူ​ချင်း​တွေ့​ပြီး သူနဲ့​စကားပြော​မယ်။ စိုးရိမ်​စ​ရာ​တစ်ခုခု​ရှိရင် ကျွန်မ​မိဘတွေက ကျွန်မ​ကို ပြောပြ​တယ်။ အများအားဖြင့် ချိန်းတွေ့​တဲ့​အဆင့်​မရောက်ခင်​မှာပဲ ကျွန်မ စိတ်မဝင်စား​တော့​ဘူးလို့ ဆုံးဖြတ်​လေ့​ရှိတယ်။”

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

သင့်လျော်​သော​အုပ်စု​အခြေအနေ​များ​တွင် လိင်​ခြား​သူများ​နှင့်​ပေါင်းသင်း​ခြင်း​သည် လျောက်ပတ်​ပြီး အကျိုးရှိ