မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နောဧသင်္ဘောနှင့် ရေကြောင်းဗိသုကာပညာ

နောဧသင်္ဘောနှင့် ရေကြောင်းဗိသုကာပညာ

နောဧ​သင်္ဘော​နှင့် ရေကြောင်း​ဗိသုကာ​ပညာ

အနှစ်​လေးဆယ်​ကျော်​အတွင်း ကျွန်ုပ်​သည် ရေကြောင်း​ဗိသုကာ​နှင့် ရေကြောင်း​အင်ဂျင်နီယာ​တစ်ဦး​အဖြစ် အမှုထမ်းခဲ့​သည်။ ကျွန်ုပ်​သည် ပုံစံ​နှင့် အရွယ်အစား​အမျိုးမျိုး​ရှိသည့် သင်္ဘော​များ​ကို​သာမက ယင်း​တို့ကို မောင်းနှင်​သည့်​စက်​ပိုင်း​နှင့် အခြား​နည်း​စနစ်​များ​ကို​ပါ ဒီဇိုင်း​ရေးဆွဲ​ရသည်။ ၁၉၆၃ ခုနှစ်​တွင် ကနေဒါ​နိုင်ငံ၊ ဗြိတိသျှ​ကိုလံဘီယာ​ပြည်နယ်​၌ နေထိုင်​စဉ် ယေဟောဝါသက်သေ​တစ်ဦး​က ကမ္ဘာဦးကျမ်း​တွင် နောဧ​သင်္ဘော​ကို သေတ္တာ​ရှည်​ကြီး​တစ်ခု​အဖြစ် ဖော်ပြ​ထား​ကြောင်း ကျွန်ုပ်​အား​ပြောပြ​သည်။ ထို​ပြောပြချက်​ကြောင့် ကျွန်ုပ်​စိတ်ဝင်စား​သွား​ကာ ထပ်ဆင့်​စူးစမ်း​လေ့လာ​ရန် ဆုံးဖြတ်​လိုက်​သည်။

ဘုရားသခင်​သည် ရေလွှမ်းမိုး​ဘေး​အားဖြင့် ဆိုးသွမ်းမှု​ကို ကမ္ဘာ​မြေပေါ်​မှ သုတ်သင်ပစ်​ရန် ဆုံးဖြတ်​ခဲ့​ကြောင်း ကမ္ဘာဦးကျမ်း​မှတ်တမ်းက ဖော်ပြ​သည်။ ဘုရားသခင်​သည် နောဧ​အား သူကိုယ်တိုင်​နှင့် သူ၏​မိသားစု​သာမက တိရစ္ဆာန်​လောက​မှ ကိုယ်စား​ပြု​အကောင်​များ​ပါ ဤ​ရေလွှမ်းမိုး​ဘေး​ကြီး​မှ​လွတ်မြောက်​ရန် သင်္ဘော​တစ်စင်း​ဆောက်​ဖို့ မိန့်မှာ​ခဲ့​သည်။ သင်္ဘော​ကို အလျား​အတောင်​သုံး​ရာ၊ အနံ​အတောင်​ငါးဆယ်၊ အမြင့်​အတောင်​သုံး​ဆယ် ဆောက်လုပ်​ရန် နောဧ​အား ဘုရားသခင်​မှာကြား​ခဲ့​သည်။ (ကမ္ဘာဦး ၆:၁၅) ခန့်မှန်း​တွက်ချက်မှု​တစ်ခု​အရ ဤ​သင်္ဘော​သည် အလျား ၄၃၈ ပေ၊ အနံ ၇၃ ပေ​နဲ့ အမြင့် ၄၄ ပေ​ရှိ​မည်။ ထို့​ကြောင့် ဤ​သင်္ဘော​၏​ထုထည်​မှာ ၁,၄၀၀,၀၀၀ ကုဗ​ပေ​ခန့်​ရှိသည်။

သင်္ဘော​ပုံစံ

သင်္ဘော​ကို သုံးထပ်​ဆောက်​ထား​ကာ ယင်းက သင်္ဘော​ကို ပိုမို​ခိုင်မာ​တောင့်တင်း​စေ​သည်။ ယင်း​၏ စုစုပေါင်း​ကြမ်းပြင်​ဧရိယာ​မှာ စတုရန်း​ပေ ၉၆,၀၀၀ ခန့်​ရှိသည်။ အစေး​ရှိပြီး ရေ​စို​ခံသည့် ထင်းရှူး​သားမျိုး​ဖြစ်​နိုင်သော သစ်သား​ဖြင့် သင်္ဘော​ကို တည်ဆောက်​ခဲ့​သည်။ သင်္ဘော​အတွင်း၊ အပြင်​ကို ကတ္တရာစေး​နှင့်​သုတ်​ထား​သည်။ (ကမ္ဘာဦး ၆:၁၄-၁၆သမ္မာ) သစ်​များ​ကို နောဧ​မည်သို့​တွဲ​ဆက်​ခဲ့​သည်ကို ကျွန်ုပ်​တို့​မသိ​ရ​ပါ။ သို့သော် သမ္မာကျမ်းစာ​တွင် ရေလွှမ်းမိုး​ဘေး​အကြောင်း မဖော်ပြခင်​ကတည်းက ပန်း​တ​ဉ်းသ​မား၊ ပန်း​ပဲ​သမားများ​အကြောင်း ဖော်ပြ​ထား​သည်။ (ကမ္ဘာဦး ၄:၂၂) မည်သို့​ပင်​ဖြစ်စေ၊ သစ်သား​ဖြင့်​ပြုလုပ်​ထားသော သင်္ဘော​အချို့​ကို​တည်ဆောက်​ရန် သစ်သား​သပ်​များ​ကို ယနေ့​အချိန်အထိ အသုံးပြု​နေကြ​သည်။

သင်္ဘော​၏​အတွင်း​တွင် အခန်း​များ​ဖွဲ့​ထား​သည်။ ဘေး​ဘက်တွင် တံခါးပေါက်​တစ်ခု​ရှိ​ကာ အမိုး​အောက် တစ်​တောင်​အကွာ​တွင် လေဝင်လေထွက်​နှင့် အလင်းရောင်​ရရှိရန် အပေါက်​များ​ဖောက်​ထား​သည်။ သို့သော် ကမ္ဘာဦးကျမ်း​မှတ်တမ်းက သင်္ဘော​၏ ကိုယ်ထည်ဘောင် သို့​မဟုတ် ဦး​ပိုင်း၊ ရွက်ထည်၊ လှော်​တက် သို့​မဟုတ် တက်​မတို့​အကြောင်းကို မဖော်​ပြ​ထား​ပေ။ အမှန်ဆိုလျှင် “သင်္ဘော” အတွက်​ပြန်ဆို​ထားသော ဟေဗြဲ​စကားလုံး​ကို နိုင်းလ်မြစ်​တွင် ပေါလောပေါ်​နေ​စေရန် နို့စို့​သူငယ် မောရှေ၏​မိခင် အသုံးပြု​ခဲ့​သော ကတ္တရာစေး သုတ်​ထား​သည့် ခြင်းတောင်း​ကို​ဖော်ပြ​ရန် အသုံးပြု​သည်။—ထွက်မြောက်ရာ ၂:၃၊ ၁၀

လှိုင်း​ဒဏ်၊ လေ​ဒဏ်​ကို​ကောင်းစွာ​ခံနိုင်​ခြင်း

သင်္ဘော​၏​အလျား​သည် အနံ​၏​ခြောက်​ဆ​နှင့် အမြင့်​၏​ဆယ်​ဆ​ရှိ၏။ မျက်မှောက်ခေတ်​ရှိ သင်္ဘော​များစွာ​သည် နောဧ​သင်္ဘော​နှင့် အချိုးအစား​တူ​ကြသည်။ သို့သော် ယင်း​တို့သည် ရေ​ထဲ​တွင် ရွေ့လျား​သွားလာ​နိုင်​ရန် လိုအပ်သော​စွမ်းအား​ရရှိဖို့ ထို​အချိုးအစား​ကို ရွေးချယ်​ကြ​ခြင်း​ဖြစ်သည်။ နောဧ​သင်္ဘော​အတွက်​မူ​ပေါလောပေါ်​နေ​ရန်​သာ​ဖြစ်၏။ ယင်းသည် ရေပေါ်​တွင် မည်သို့​ပေါ်​နေနိုင်​မည်​နည်း။

လှိုင်း​ဒဏ်၊ လေ​ဒဏ်​ခံနိုင်စွမ်း​သည် သင်္ဘော​၏​အချိုးအစား​နှင့်​လည်း ဆက်စပ်​နေ​၏။ မိုး​သည်းထန်​စွာ​ရွာသွန်း​ခြင်း​ကြောင့် ရေလွှမ်းမိုး​ခဲ့​ကြောင်း၊ ဘုရားသခင်​သည် နောက်ပိုင်း​တွင် လေ​တိုက်ခတ်​စေ​ခဲ့​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ကမ္ဘာဦး ၇:၁၁၊ ၁၂၊ ၁၇-၂၀; ၈:၁) လှိုင်း​လေ​မည်မျှ​ထ​န်​သည်ကို သမ္မာကျမ်းစာ​က မဖော်ပြသော်လည်း ယနေ့​အချိန်၌​ကဲ့သို့​ပင် လှိုင်း​လေထန်​ကာ မတည်မငြိမ်​ဖြစ်​ခဲ့​ပေမည်။ လေ​တိုက်ခိုက်မှု အချိန်​ကြာပြီး ပြင်းထန်​လာ​လေ လှိုင်းလုံး​များ​ပို​၍​ကြီးမား​ကာ ကျဲ​လာ​လေ​ဖြစ်သည်။ ထို့​ပြင် မြေငလျင်​လှုပ်​လျှင် လှိုင်း​များ​ထ​န်​လာနိုင်​သည်။

သင်္ဘော​၏​အချိုးအစား​သည် ယင်းကို တည်ငြိမ်​စေ​ကာ မ​မှော​က်​ရန် ကာကွယ်​ပေး​၏။ လှိုင်း​လေထန်​နေသော​ပင်လယ်ပြင်​တွင် ဦး​စိုက်​လိုက် မော့​လိုက်​မဖြစ်​ရန်​လည်း သင်္ဘော​ကို ဒီဇိုင်း​ရေးဆွဲ​ထား​သည်။ သင်္ဘော​ဦး​စိုက်​လိုက် မော့​လိုက်​အဖြစ်​များ​သည့်​အခါ သင်္ဘော​ပေါ်​ရှိ လူ​နှင့်​တိရစ္ဆာန်​များ အလွန်​အနေရခက်​ပေမည်။ ဦး​စိုက်​လိုက် မော့​လိုက်​ဖြစ်​ခြင်း​က သင်္ဘော​ကိုလည်း များစွာ​ထိခိုက်​စေ​၏။ လှိုင်းလုံး​ကြီး​များ​က သင်္ဘော​၏ ဦး​ပိုင်း​နှင့်​ပဲ့ပိုင်း​နှစ်ခုစလုံး​ကို တစ်ပြိုင်တည်း​ပင့်​တင်​သည့်​အခါ ခါး​အိ​ပြီး​မ​ကျိုးသွား​ရန် အခိုင်အမာ​တည်ဆောက်​ထား​ရမည်။ သို့သော် လှိုင်းလုံး​ကြီး​တစ်လုံး​က သင်္ဘော​ကို အလယ်​မှ​ပင့်​တင်​ကာ ဦး​ပိုင်း​နှင့်​ပဲ့ပိုင်း​တွင် လွတ်​နေသော​အခါ ၎င်း​ဦး​ပိုင်း​နှင့်​ပဲ့ပိုင်း​သည် အောက်ဘက်​သို့ ကွေး​ကျ​လာနိုင်​သည်။ ဘုရားသခင်​သည် နောဧ​အား အလျား​နှင့် အမြင့်​ကို ၁၀ အချိုး ၁ အသုံးပြုရန် မှာကြား​ခဲ့​သည်။ နောင်​တွင် သင်္ဘော​တည်ဆောက်သူ​များသည် ထိုသို့​သော​အချိုးအစား​က ယင်း​သို့​သော​ထိခိုက်မှု​များ မဖြစ်စေ​နိုင်​ကြောင်း ခါးသီး​သော​အတွေ့အကြုံ​များ​ဖြင့်​သာ သိရှိ​ကြ​မည်​ဖြစ်သည်။

လုံခြုံ​ပြီး သက်သောင့်သက်သာ​ရှိ

သင်္ဘော​ကြီး​သည် သေတ္တာ​ပုံစံ​ရှိ​ခြင်း​ကြောင့် ဖော့​ကဲ့သို့ ပေါလောပေါ်​နိုင်သော​စွမ်းအား​သည် ဦး​ပိုင်း​မှ​ပဲ့ပိုင်း​တိုင်အောင် တညီတည်း​ဖြစ်နေ​ပေမည်။ ယင်း​၏​အလေးချိန်​သည်လည်း မျှ​နေ​ပေမည်။ နောဧ​သည် တိရစ္ဆာန်​များနှင့် တစ်နှစ်​ကျော်​စာ စား​နပ်​ရိက္ခာ​အပါအဝင် ကုန်ပစ္စည်း​များ​ကို အလေးချိန်​မျှ​အောင် နေရာချ​၍ တင်​ခဲ့​ပေမည်။ အလေးချိန်​မျှ​အောင် နေရာချ​ထားခြင်း​က သင်္ဘော​ပေါ်​တင်ထား​သည့် ကုန်ပစ္စည်း​များ​၏ အလေး​ဒဏ်​ကို လျော့နည်းစေ​သည်။ ထို့​ကြောင့် သင်္ဘော​နှင့် ယင်း​ပေါ်​ရှိ ခရီးသည်​များ​အား ကမ္ဘာချီ​ရေလွှမ်းမိုး​ဘေး​မှ ဘေးကင်း​စွာ​လွတ်မြောက်​စေနိုင်​သည့် အဓိက​အကြောင်းရင်း​နှစ်ခု​မှာ ယေဟောဝါ​ရေးဆွဲ​ခဲ့​သည့် သင်္ဘော​ဒီဇိုင်း​နှင့် ကိုယ်တော်​၏ ကာကွယ်​စောင့်ရှောက်မှု​တို့​ဖြစ်သည်။ ဘုရားသခင်​သည် သင်္ဘော​ကို လုံခြုံ​ပြီး သင့်လျော်​သော​နေရာတွင် တင်​စေ​ခဲ့​သည်​မှာ​သေချာ​သည်။

ဤ​အကြောင်းအရာကို ကျွန်ုပ် သေသေချာချာ ဆန်းစစ်​လေ့လာ​ကြည့်​ရာ နောဧ​သင်္ဘော​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​ဖော်ပြချက်​သည် လက်တွေ့ကျ​ပြီး မျက်မှောက်ခေတ် သင်္ဘော​တည်ဆောက်​နည်း​နှင့် ကိုက်ညီ​မှု​ရှိသည်​ဟု ကောက်ချက်​ချ​နိုင်​ခဲ့​သည်။ အမှန်ဆိုလျှင် သင်္ဘော​နှင့် ရေလွှမ်းမိုး​ဘေး​နှင့်​ပတ်သက်​၍ ကမ္ဘာဦးကျမ်း​မှတ်တမ်း​တွင် မဖော်​ပြ​ထား​သည့် အသေးစိတ်​အချက်အလက်​များစွာ ရှိပါ​သေး​သည်။ အချိန်ကြာကြာ၊ ဝီရိယ​ရှိ​ရှိ​တည်ဆောက်​ခဲ့​ရသော သင်္ဘော​အားဖြင့် ဆက်လက်​တည်ရှိ​နိုင်​ခဲ့​သည့် လူ့​မိသားစု​များနှင့် တိရစ္ဆာန်​များ​အလယ်၊ ဤ​ကမ္ဘာ​မြေပေါ်​တွင် ရှင်ပြန်ထမြောက်​လာ​မည့်​နောဧ​နှင့် တွေ့ဆုံ​ရမည့်​နေ့ကို ကျွန်ုပ်​မျှော်လင့်​နေပါ​သည်။ (တမန်​တော် ၂၄:၁၅; ဟေဗြဲ ၁၁:၇) ဦးဆုံး၊ နောဧ​နှင့် သူ၏​မိသားစုကို ကျေးဇူး​တင်​ကြောင်း​ပြော​မည်။ ထို့နောက် သူ့ကို မေးခွန်း​များစွာ မေး​မည်။—ဆောင်းပါး​ရှင်​ရေးသား​ပေး​ပို့​သည်။

[စာမျက်နှာ ၁၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင်္ဘော​၏​ပုံစံ​ငယ်

သင်သည် ပူးတွဲ​ပါ​ပုံစံ​ကို အသုံးပြု၍ သင့်ကိုယ်​ပိုင် သင်္ဘော​ပုံစံ​ငယ်​ကို စမ်းသပ်​ပြုလုပ်​နိုင်​သည်။ (အောက်တွင်​ဖော်ပြ​ထား​သည့် ပုံစံ​ကို အချိုး​ကျ​ကျ​ချဲ့​ခြင်း​ဖြင့် သာ၍ကြီးသော​ပုံစံ​တစ်ခု​ကို တည်ဆောက်​နိုင်​ပေမည်။) ရိုးရိုး​စက္ကူ​တစ်​ရွက်​ကို ဖင်း သို့​မဟုတ် ရောင်စုံ​ဖင်း​ခဲတံ​ဖြင့် ပွတ်တိုက်​ပေးခြင်း​ဖြင့် ရေ​လုံအောင် ပြုလုပ်​နိုင်​သည်။ ထို့နောက် စာရွက်​ကို​ချိုး​ကာ ထောင့်​စွန်း​များ​ကို တိ​ပ် သို့​မဟုတ် ကော်​ဖြင့်​ကပ်​ပါ။ သင့်​ပုံစံ​ငယ်​၏​ကြမ်းခင်း​တွင် တူညီသော​ငွေ​အကြွေ​စေ့​အချို့​ကို ညီညာ​စွာ​ထည့်​ပြီး တိ​ပ် သို့​မဟုတ် ကော်​ဖြင့်​ကပ်​ပါ။ ရေ​ထဲ​တွင် သင်္ဘော​ပုံစံ​ငယ်​အမြင့်​၏​သုံးပုံတစ်ပုံ​နှင့် တစ်ဝက်​ကြား​မြှုပ်​သည်​အထိ ယင်း​အကြွေ​စေ့​များ​ကို ထည့်​ပါ။

ပင်လယ်​ခရီး​အတွက် သင်္ဘော​၏​လှိုင်း​လေ​ဒဏ်​ခံနိုင်​မှု​ကို သရုပ်ဖော်​ရန် သင်​ပြုလုပ်​ထားသော​ပုံစံ​ငယ်​ကို ရေချိုးကန်​အလယ်တွင် အလျား​လိုက်​ယှဉ်​၍​ထည့်​ပါ။ လေးထောင့်​ရှိသည့် နို့​ဘူးခွံ​အလွတ် သို့​မဟုတ် အလားတူ​ပစ္စည်း​တစ်ခု​ကို ကိုင်ထား​ပြီး ရေချိုးကန်​၏​ထိပ်​တစ်ဖက်​တွင် ကန့်​လန့်​ဖြတ်၍ ရေ​ထဲ​တွင် ဖြည်းဖြည်း​မှန်မှန် နှစ်​လိုက်​ဖော်​လိုက် လုပ်ပေးခြင်းဖြင့် ပုံမှန်​ရေလှိုင်း​လေး​များ​ဖြစ်အောင် လုပ်​ကြည့်​ပါ။

[ပုံကြမ်း]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ခေါက်​ချိုး​ချိုး​ပါ ခေါက်​ချိုး​ချိုး​ပါ

ခေါက်​ချိုး​ချိုး​ပါ ခေါက်​ချိုး​ချိုး​ပါ

[ရုပ်ပုံ]

နောဧ​သင်္ဘော​၏​အချိုးအစား​သည် ပင်လယ်​ကူး​သင်္ဘော​တစ်စင်း​၏ အချိုးအစား​နှင့်​တူ

[စာမျက်နှာ ၁၃ ပါ ပုံကြမ်း/ရုပ်ပုံများ]

(ကားချပ်​အပြည့်အစုံကို စာစောင်​တွင်​ကြည့်​ပါ)

ရှေ့​ဘက်

ဘေး​ဘက်

အပေါ်​ဘက်

ရှေ့​ဘက်

ဘေး​ဘက်

အပေါ်​ဘက်

[ရုပ်ပုံများ]

နောဧ​၏​သင်္ဘော​သည် ၄၃၈ ပေ​ခန့်​ရှည်​ပြီး“တိုင်​တဲ​န်း​နစ်” သင်္ဘော​အရှည်​၏​ထက်ဝက်​နီးပါး​ရှိသည်

[Credit Lines]

Titanic plan: Courtesy Dr. Robert Hahn/​www.titanic-plan.com; photo: Courtesy of The Mariners’ Museum, Newport News, VA