မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖျားနာမှု မရှိတော့ချိန်ဝယ်!

ဖျားနာမှု မရှိတော့ချိန်ဝယ်!

ဖျားနာ​မှု မရှိတော့​ချိန်​ဝယ်!

လူသေ​ပြီး​နောက် ကောင်းကင်ဘုံ​သို့​ရောက်​သောအခါ နာကျင်မှု​နှင့် ဖျားနာ​မှု​မှ သက်သာရာ​ရမည်ဟု လူအများ ယုံကြည်​ကြသည်။ သို့သော် ရေပန်းစား​နေသည့် အဆိုပါ​ယုံကြည်ချက်​နှင့်​ဆန့်ကျင်​လျက် လူသားတို့အား သမ္မာကျမ်းစာ အမှန်တကယ် ကမ်း​လှမ်း​ထား​သည့် မျှော်လင့်ချက်​မှာ မြေကြီး​ပရဒိသု​တွင် အသက်ရှင်​ရန်ဖြစ်​သည်။ (ဆာလံ ၃၇:၁၁; ၁၁၅:၁၆) ကတိပြု​ထား​သည့် ဤ​အနာဂတ်​တွင် ကျန်းမာ​ရေး​ဒေါင်ဒေါင်မြည်​ခြင်း၊ ပျော်ရွှင်​ခြင်း​နှင့် ထာဝစဉ်​အသက်ရှင်ခြင်း​တို့​ပါဝင်​သည်။

ကျွန်ုပ်​တို့​အဘယ်ကြောင့် ဖျားနာ​ပြီး သေဆုံး​ကြ​ရသနည်း။ ဖျားနာ​မှု​ကင်းမဲ့​သည့်​ကမ္ဘာ မည်သို့​ဖြစ်ပေါ်​လာ​မည်​နည်း။ ထို​မေးခွန်းများကို သမ္မာကျမ်းစာ​က ဖြေဆို​ပေး​ပါ​သည်။

ဖျားနာ​ရသည့်​အကြောင်းရင်း​အမှန် ကျွန်ုပ်​တို့၏ ကနဦး​မိဘများ​ဖြစ်​ကြသော အာဒံ​နှင့်​ဧဝ​တို့သည် ကျန်းမာ​သော​ကိုယ်ခန္ဓာ​ဖြင့် စုံလင်စွာ ဖန်ဆင်း​ခံ​ခဲ့​ရသည်။ (ကမ္ဘာဦး ၁:၃၁; တရားဟောရာ ၃၂:၄) သူတို့သည် မြေကြီးပေါ် ထာဝစဉ်​နေထိုင်သွား​ရန် ပုံစံ​ပြု​ခံ​ခဲ့​ရ၏။ သူတို့သည် ဘုရားသခင်​အား စိတ်လို​ကိုယ်​လျောက် ပုန်ကန်​ခဲ့​ကြ​သဖြင့် သူတို့၏​ကိုယ်ခန္ဓာ​မှာ ရောဂါ​ကူးစက်​မှု​ကို ခံနိုင်စွမ်း​မရှိကြ​တော့​ချေ။ (ကမ္ဘာဦး ၃:၁၇-၁၉) သူတို့သည် ဘုရားသခင်​၏​အခွင့်အာဏာကို ငြင်းဆန်​ကြ​ခြင်း​ဖြင့် သူတို့၏​စုံလင်သော​အသက်​ပင်ရင်း​ဖြစ်သည့် ဖန်ဆင်း​ရှင်​နှင့် အဆက်ဖြတ်​လိုက်​ကြသည်။ သို့​နှင့် သူတို့သည် မစုံလင်သူ​များ​ဖြစ်လာ​ကြ​ရာ ဘုရားသခင်​သတိပေး​ခဲ့​သည့်​အတိုင်း​ပင် ဖျားနာ​ပြီး သေဆုံး​ကြ​ရသည်။—ကမ္ဘာဦး ၂:၁၆၊ ၁၇; ၅:၅

အာဒံ​နှင့်​ဧဝ​တို့ ပုန်ကန်​ပြီး​နောက် ၎င်းတို့၏​သားသမီး​များ​ကို မစုံလင်မှု​သာ လက်ဆင့်ကမ်း​ပေး​နိုင်​တော့​သည်။ (ရောမ ၅:၁၂) ရှေ့ ဆောင်းပါး​များ​တွင် ဖော်ပြ​ခဲ့​သည့်​အတိုင်း ဖျားနာ​ပြီး သေဆုံး​စေသည့် အကြောင်းရင်း​များ​တွင် အမွေ​ရလာ​သည့် ချွတ်ယွင်းချက်​များလည်း ပါဝင်​ကြောင်း မျက်မှောက်ခေတ် သိပ္ပံ​ပညာရှင်​များ​က အသိအမှတ်ပြု​ကြသည်။ သိပ္ပံ​ပညာရှင်​အုပ်စု​တစ်စု​သည် ကျယ်ကျယ်ပြန့်ပြန့် သုတေသန​ပြုပြီး​နောက် မကြာသေးမီ​က ဤသို့​ကောက်ချက်​ချ​ခဲ့​ကြ​၏– “အသက်​စတင်​သည်​နှင့်​တစ်ပြိုင်နက် ကိုယ်ခန္ဓာ​၏​ပျက်စီးခြင်း​ဖြစ်​စဉ် အစပျိုး​လာ​ခြင်း​သည် ရှောင်လွှဲ​၍​မရနိုင်​သော ဇီဝ​ဗေဒ​ဆိုင်ရာ အမှန်တရား​တစ်ခု​ဖြစ်သည်။”

လူ့​ကြိုးပမ်းမှု​ဖြင့်​မဟုတ် သိပ္ပံ​ပညာ​သည် ဖျားနာ​မှု​ကို​တိုက်ဖျက်​ရာ​တွင် ထူးထူးခြားခြား အောင်မြင်​လျက်​ရှိ၏။ သို့သော် ရောဂါ​ဖြစ်​ရသည့်​အကြောင်းရင်း​သည် အလွန်​တ​ရာ​ရှုပ်ထွေး​သောကြောင့် သိပ္ပံ​ပညာ​ဖြင့် အပြည့်အဝ​မဖြေရှင်း​နိုင်​ကြောင်း သက်သေထူ​ခဲ့ပြီ။ ဘုရားသခင်​၏​မှုတ်သွင်းခံ ဤ​စကား​များနှင့် အကျွမ်းတဝင်​ရှိသည့် ကျမ်းစာ​ကျောင်းသား​များ​အတွက်​မူ ယင်းသည် အံ့ဩစရာ​မဟုတ်​ချေ– “မင်း​များ​မှ​စ၍ မ​ကယ်တင်​နိုင်သော​လူသားကို မကိုးစား​ကြ​နှင့်။”—ဆာလံ ၁၄၆:၃

သို့ရာတွင် သမ္မာကျမ်းစာ​ဆို​သကဲ့သို့ပင် “လူမတတ်နိုင်​သော​အမှုကို ဘုရားသခင် တတ်နိုင်​တော်​မူ​သည်။” (လုကာ ၁၈:၂၇) ယေဟောဝါ​ဘုရားသခင်​သည် ဖျားနာ​ရသည့်​အကြောင်းရင်းကို ဖြေရှင်း​ပေး​နိုင်​တော်​မူ​၏။ ကျွန်ုပ်​တို့၏​အနာ​ရောဂါ​မှန်သမျှကို ကိုယ်တော်​ကုသ​ပေး​မည်​ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (ဆာလံ ၁၀၃:၃) ကိုယ်တော်​၏​မှုတ်သွင်းခံ​သမ္မာကျမ်းစာ​က ဤသို့​ကတိပြု​၏– “ဘုရားသခင်​၏​တဲ​တော်​သည် လူ​တို့​တွင်​ရှိ၏။ လူ​တို့​နှင့်အတူ ကျိန်းဝပ်​တော်​မူ​မည်။ သူတို့သည် ကိုယ်တော်​၏​လူ​ဖြစ်​ကြလိမ့်မည်။ ဘုရားသခင်​သည် ကိုယ်တော်တိုင် သူတို့နှင့်​အတူ​ရှိ​နေ၍ သူတို့၏​ဘုရားသခင် ဖြစ်​တော်​မူ​မည်။ ဘုရားသခင်​သည် သူတို့၏​မျက်စိ​၌ မျက်ရည်​ရှိသမျှ​တို့ကို သုတ်တော်မူ​မည်။ နောက်​တစ်ဖန် သေ​ဘေးမ​ရှိ​ရ။ စိတ်​မ​သာ​ညည်းတွား​ခြင်း၊ အော်ဟစ်​ခြင်း၊ ပင်ပန်းခြင်း​လည်း​မရှိ​ရ။ အကြောင်း​မူ​ကား ရှေး​ဖြစ်​ဖူး​သော​အရာ​တို့သည် ရွေ့သွား​ကြပြီ။”—ဗျာ. ၂၁:၃၊ ၄

သင်​လုပ်ဆောင်​ရမည့်​အရာ ဖျားနာ​မှုမရှိ​တော့​မည့် လာ​လတ္တံ့​သော​ကမ္ဘာ​တွင် အသက်ရှင်နေ​ထိုင်​ရန် ကျွန်ုပ်​တို့​အဘယ်အရာ​လုပ်ဆောင်​ရမည်ကို ယေရှု​ခရစ် ဤသို့​အတိအလင်း​ရှင်းပြ​ခဲ့​သည်– “ထာဝရ​အသက်​ဟူ​မူ​ကား၊ မှန်သော​ဘုရားသခင် တစ်ဆူတည်း​ဖြစ်​တော်​မူ​သော ကိုယ်တော်​ကိုလည်း​ကောင်း၊ စေလွှတ်​တော်​မူ​သော ယေရှု​ခရစ်​ကိုလည်း​ကောင်း သိကျွမ်းခြင်း​တည်း။”—ယောဟန် ၁၇:၃

ဘုရားသခင်​နှင့်​ဆိုင်သော​အသိပညာနှင့် သားတော်​ယေရှု၏​သွန်သင်ချက်​တို့ကို သမ္မာကျမ်းစာ​တွင် တွေ့ရှိ​ရသည်။ ထိုသို့​သော​အသိပညာ​တွင် သင့်​ဘဝကို ယခု​ပင် တိုးတက်​စေနိုင်​သည့် လက်တွေ့ကျ​အကြံဉာဏ်​များ ပါဝင်​၏။ သို့သော် ထို​ထက်မက​ပေ။ လာ​လတ္တံ့​သော​ကမ္ဘာ​တွင် နာကျင်မှု​ရှိတော့မည်​မဟုတ်​ဟု မိမိ​စကား​ကို​နားထောင်​သော ဝတ်ပြုသူ​များ​အား ဘုရားသခင် ကတိပြု​တော်​မူ​၏။ ဘုရားသခင်​သည် “မြို့သား​က​လည်း ‘ငါ​နာ​သည်’ ဟု​မဆို​ရ” မည့်​အချိန်ကို ကမ်း​လှမ်း​ထား​တော်​မူ​၏။—ဟေရှာယ ၃၃:၂၄

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကျန်းမာ​ရေး​နှင့်​ပတ်သက်​သည့် မျှတသော​အမြင်

အသက်ကို တန်ဖိုး​ထား​ရန် သမ္မာကျမ်းစာ​က တိုက်တွန်း​သည်။ ယေဟောဝါသက်သေ​များသည် မိမိတို့၏​ကျန်းမာ​ရေး​ကို​ဂရုစိုက်​ခြင်း​ဖြင့် အသက်ကို​တန်ဖိုး​ထား​ကြောင်း ပြသ​ကြသည်။ မူးယစ်​ဆေးဝါး​အလွဲသုံး​မှု​နှင့် ဆေး​ရွက်​ကြီး​သုံးစွဲမှု​ကဲ့သို့​သော ဘေး​ဖြစ်စေ​သည့် အမူအကျင့်များ​ကို သူတို့​ရှောင်ကြဉ်​ကြသည်။ တော်ရုံ​သင့်​ရုံ စားသောက်​သည့် အလေ့အထ​များ​ရှိကြ​ရန် မိမိ​အား​ဝတ်ပြုသူ​များ​ထံ​မှ ဘုရားသခင်​မျှော်လင့်​တော်​မူ​၏။ (သု. ၂၃:၂၀; တိတု ၂:၂၊ ၃) ထိုသို့​သော လက်တွေ့ကျ​သည့် နည်းလမ်းများ​အပြင် လုံလောက်​စွာ​အနားယူ​ပြီး ကိုယ်လက်​လှုပ်ရှား​ကစား​ခြင်း​က ရောဂါ​ဝေဒနာ​များ​ဖြစ်ပွား​ခြင်း​ကို နှောင့်နှေး​စေနိုင် သို့​မဟုတ် တားဆီး​ပေး​နိုင်​ပါ​သည်။ ရောဂါ​ဝေဒနာ​ခံစားရ​သူတို့သည် ယုံကြည်​စိတ်ချ​ရသည့် ကျန်းမာ​ရေးပါ​ရ​ဂူ​များ​၏​အကူအညီ လိုအပ်​ပေမည်။

သမ္မာကျမ်းစာ​က အကျိုးသင့်အကြောင်းသင့်​ရှိဖို့​နှင့် သတိ​ရှိဖို့ အားပေး​သည်။ (တိတု ၂:၁၂က​ဘ; ဖိလိပ္ပိ ၄:၅က​ဘ) ယနေ့ လူ​အတော်များများ​သည် ချင့်ချိန်​နိုင်စွမ်း​ကင်းမဲ့​ကာ ၎င်းတို့၏​ဝိညာဉ်​ရေး​ထိခိုက်​သည်​အထိ​ပင် ကုသ​နည်း​များ​ကို သဲ​သဲ​မဲ​မဲ​ရှာဖွေ​လာ​ကြ​၏။ အချို့​သူတို့သည် ဘေး​ဖြစ်စေ​နိုင်သော သံသယဖြစ်ဖွယ် ကုထုံး​များ​ကို​ပင် လက်ခံ​လာ​ကြသည်။ အခြားသူ​တို့​မူ ထိရောက်​မှုမရှိ​သည့်​အပြင် အန္တရာယ်​ပင်​ဖြစ်စေ​နိုင်သော ကုသမှု​များနှင့် ဆေးဝါး​များ​အတွက် ငွေ​နှင့်​အချိန်ကို အလဟဿ​ဖြစ်စေ​ကြ​၏။

အမှန်​ဆို​ရ​လျှင် စုံလင်သော​ကျန်းမာ​ရေး​ကို​မရရှိ​နိုင်​သေး​ပေ။ ဖျားနာ​မှုမရှိ​တော့​မည့်​အနာဂတ်​ကို သင်​စောင့်စား​နေစဉ် သမ္မာကျမ်းစာ​တွင် တွေ့ ရှိ​ရသည့် ဉာဏ်ပညာ​နှင့် အကျိုးသင့်အကြောင်းသင့်​ရှိ​မှု​တို့​က သင့်​အား ကျန်းမာ​ရေး​လိုက်စား​ရာ​တွင် မျှတမှု​ရှိ​ရန် ကူညီ​ပေး​နိုင်​ပါ​သည်။