မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့​ဖြစ်ရပ်​အကဲခတ်

“တစ်​နေ​ကုန် ရုပ်မြင်သံကြား​ကြည့်ရှု​ခြင်း၊ မိသားစု​များ အတူတူ​မစား​သောက်​ခြင်း​နှင့် အရှေ့ဘက်​ကို​သာ မျက်နှာမူ​သည့် ကလေး​လက်​တွန်း​လှည်း​များ” သည် သားသမီး​နှင့်​မိဘ​ဆက်ဆံ​ရေး​ကို ပျက်စီး​စေ​၏။ ရလဒ်​တစ်ခု​မှာ ကလေး​များ ကျောင်း​စတက်​သည့်​အခါ​၌ စကား​ကို ရှင်းရှင်းလင်းလင်း​မပြော​တတ်​သည့်​အဆုံး​တွင် “ဝုန်း​ဒိုင်း​ကြဲ​ကြ​တော့” သည်။—THE INDEPENDENT သတင်းစာ၊ ဗြိတိန်။

▪ စပိန်​တွင် ကလေး ၂၃ ရာခိုင်နှုန်း​သည် လက်မ​ထပ်​ထားသော​မိဘများ​မှ မွေး​ဖွားလာ​ကြ​ပြီး ပြင်သစ်​တွင် ၄၃ ရာခိုင်နှုန်း၊ ဒိန်းမတ်​တွင် ၄၅ ရာခိုင်နှုန်း​နှင့် ဆွီဒင်​တွင် ၅၅ ရာခိုင်နှုန်း​ရှိသည်။—INSTITUTO DE POLÍ​TICA FAMILIAR စပိန်။

▪ ဗြိတိန်​နိုင်ငံသား​သုံးပုံတစ်ပုံ​၏ အိပ်ချိန်​သည် တစ်ည​လျှင် ငါး​နာရီ​ပင်မ​ပြည့်​သဖြင့် “အာရုံ​စူးစိုက်​နိုင်စွမ်း လျော့နည်းလာ​ခြင်း၊ မှတ်ဉာဏ်​အားနည်း​လာ​ခြင်း [နှင့်] စိတ်​အပြောင်းအလဲ​မြန်​ခြင်း​တို့ကို ခံစား​နေရ​ကြသည်။” အိပ်ရေးမဝ​ခြင်း​က “အဝ​လွန်​ရောဂါ၊ ဆီး​ချို​ရောဂါ၊ စိတ်ကျ​ရောဂါ၊ လင်မယား​ကွာရှင်းမှု​နှင့် ပြင်းထန်သော​ယာဉ်တိုက်မှု​များ” ကိုလည်း ပို​ဖြစ်စေ​နိုင်​သည်။—THE INDEPENDENT သတင်းစာ၊ ဗြိတိန်။

“အပျင်း​ပြေ” ကြမ်းတမ်း​ရမ်းကား​ခြင်း

“ရိုက်နှက်မှု၊ အရှက်ခွဲ​မှု​တို့ကို လူငယ်များ​ပြုကျင့်​ကြ​ကာ ယင်း​တို့ကို မိုဘိုင်းလ်​ဖုန်း​များ​ဖြင့် ရိုက်ကူး​ထားမှု​မှာ တိုးများ​လာ​နေသည်” ဟု​စပိန်​သတင်းစာ El Paí​s က​ဆို​၏။ ပြင်းပြင်းထန်ထန် ရိုက်နှက်​ခံရ​သူ​အချို့​မှာ ပြန်​နာ​လ​န်​မ​ထူ​နိုင်​တော့​ချေ။ ဤ​ပြစ်မှု​များ​ကို လူငယ်များ အဘယ်ကြောင့် ကျူးလွန်​ကြ​သနည်း။ “ခိုးယူ​လို​သောကြောင့်၊ လူမျိုးရေး​ခွဲခြား​မှု​ကြောင့် သို့​မဟုတ် လူဆိုးဂိုဏ်း​ဝင်​ထားခြင်း​ကြောင့်​မဟုတ်​ချေ။ ချောက်ချား​ဖွယ်​အသစ်အဆန်း​များ​ဖြင့် အပျင်း​ပြေ​လို​၍ ထိုသို့​ပြုလုပ်​ကြ​ခြင်း​ဖြစ်သည်” ဟု XL မဂ္ဂဇင်းက ဖော်ပြ​သည်။ “တစ်ခါတစ်ရံ​တွင် သူတို့သည် အရက်မူး​နေကြ​ပြီး တစ်ခါတစ်ရံ​တွင်​မူ မ​မူး​ကြ​ချေ။ ယင်း​သို့​ဖြစ်​ရသည့်​အဓိက​အကြောင်းရင်း​မှာ သနား​ကြင်နာ​မှု ကင်းမဲ့​ခြင်း​ကြောင့်​ဖြစ်သည်” ဟု ပြစ်မှု​ဗေဒ​အထူးပြု စိတ်​ပညာရှင် ဗီ​သန်​တာဂါ​ရီ​ဒို​က​ပြော​သည်။

အပူပိုင်း​ဒေသ​ရောဂါ​များ​ကို သိပ်​စိတ်မဝင်စား​လှ

ဆေး​သုတေသန​သည် အပူပိုင်း​ဒေသ​ရောဂါ​အများစုကို လျစ်လျူရှု​ထား​ကြ​၏။ အဘယ်ကြောင့်​နည်း။ စကော့တလန်​နိုင်ငံ၊ ဒန်​ဒီ​တက္ကသိုလ်​မှ မော်လီကျူး​ဇီဝ​ဗေဒ​ပညာရှင် မိုက်ကယ်​ဖာ​ဂူ​ဆန်​က ဤသို့​ဆို​သည်– “ဝမ်းနည်းစရာမှာ ဆေးဝါး​ထုတ်လုပ်ရေး​လုပ်ငန်း​သည် [ကုထုံး​သစ်​များ]ကို မ​ရှာဖွေကြ​တော့​ခြင်း​ဖြစ်သည်။” သူတို့၏ ငွေကြေး​ရင်းနှီး​မြှုပ်နှံ​မှုများ​ကို ကာမိ​နိုင်​ခြေမ​ရှိသောကြောင့် ယင်း​သို့​လုပ်ဆောင်ရန် ဆေးဝါး​ကုမ္ပဏီ​များ​အတွက် မက်လုံး​မရှိ​ချေ။ ဤ​ကုမ္ပဏီ​များသည် အယ်​လ်ဇိုင်း​မား​ရောဂါ၊ အဝ​လွန်​ရောဂါ​နှင့် ပန်း​သေ​ရောဂါ​များ​အတွက် အကျိုးအမြတ်​များများ​ရနိုင်​သည့် ဆေးဝါး​များ​ကို​သာ ထုတ်လုပ်​လို​ကြသည်။ ခန့်မှန်းခြေ​အရ လက်ရှိ​အခြေအနေ​တွင်​မူ “ထိရောက်​၍ စိတ်ချ​ရသည့် ကုထုံး​များ​မရှိ​သေး​သောကြောင့် ကမ္ဘာ​တစ်ဝန်း​တွင် နှစ်စဉ်​လူ ၁ သန်း​သည် ငှက်ဖျား​ရောဂါ​ဖြင့် သေဆုံး​နေရ​သည်” ဟု New Scientist မဂ္ဂဇင်းက​ဆို​၏။

“သုံးစွဲ​သူ” လေး​များ

အီတလီ​နိုင်ငံ၊ ရောမမြို့​ရှိ လာ​စာ​ပီယင်​စာ တက္ကသိုလ်​မှ​သတင်း​အရ အသက်​သုံးနှစ်​အရွယ်​ကလေး​များသည် ဈေး​မှ ကုန်​အမှတ်​တံဆိပ်​အမျိုးမျိုးကို ခွဲခြား​နိုင်​ပြီး အသက်​ရှစ်နှစ်​အရွယ်​သို့​ရောက်​သော် “သုံးစွဲ​သူ” လေး​များ​ဖြစ်လာ​ကြပြီ​ဟု ဆို​သည်။ တီဗွီ​ကြော်ငြာ​များသည် သူတို့၏​အသက်တာတွင် အဓိက​ဖြစ်လာ​ပြီး ယင်းကြောင့် တစ်စုံတစ်ရာ​သော ကုန်ပစ္စည်း​များ​ဝယ်​ပေး​ရန် မိဘများ​အား အတင်း​ပူဆာ​သည့် “အာဏာရှင်” လေး​များ​ဖြစ်လာ​ကြသည်​ဟု La Repubblica သတင်းစာ​က ဆို​သည်။ သတင်းစာ​အဆို​အရ ဖြစ်ပေါ်​လာသော​အန္တရာယ်​မှာ ကလေး​များသည် “စိတ်ကူးယဉ်​ကမ္ဘာ​တွင် နေထိုင်ကြ​ရပြီး ကြော်ငြာ​သမျှ​သည် မရှိမဖြစ်​လိုအပ်ရာ​ဟု ယုံကြည်​လျက်​ရှိ၏။”

“ကိုယ်ဝန်ဆောင်” လူရုပ်

ကိုယ်ဝန်ဆောင်​စောင့်ရှောက်ရေး​ဝန်ထမ်း​များသည် အစဉ်အလာ​အရ သက်ရှိ​မွေး​လူနာများ​ဖြင့် လေ့လာ​သင်ယူ​ကြသည်။ သို့သော် ယခု​အခါ​တွင် နို​ဝယ်​လ်​ဟု​အမည်ပေး​ထား​သည့် “စက်ရုပ် မွေး​လူနာ​အတု​မှာ လူကြိုက်များ​နေပြီ” ဟု​အေ​ပီသ​တင်း​တစ်ပုဒ်​က ဖော်ပြ​၏။ “ကိုယ်ဝန်ဆောင်” လူရုပ်​တွင် သွေး​ခုန်​ခြင်း၊ သား​အိမ်ဝ​ပွင့်​ခြင်း​တို့ကို သဘာဝ​ကျ​ကျ ထည့်သွင်း​ထားပြီး သားဖွား​မြန်​စေခြင်း၊ မွေးဖွားချိန်​ကို​ဆွဲ​ထားခြင်း​နှင့် ခက်ခက်ခဲခဲ​သားဖွား​ရခြင်း​တို့ကို​လည်း ပုံစံ​ပြု​ထည့်သွင်း​ထား​သည်။ နို​ဝယ်​လ်​မွေးဖွား​လိုက်​သော “ကလေး” သည် ကျန်းမာ​သော နီ​တာ​ရဲ​လေး​ဖြစ်​နိုင်​ပြီး အောက်​စီ​ဂျင်​အလုံအလောက်​မရ​၍ ပြာ​နှမ်း​နေသော​ကလေး​လည်း ဖြစ်​နိုင်​သည်။ အဘယ်ကြောင့် လူရုပ်​ကို​အသုံးပြု၍ လေ့လာ​သင်ယူ​ရသနည်း။ “သက်ရှိ​မွေး လူနာ​ကို မှားယွင်း​ကုသ​မိ​သည်ထက် အမေရိကန် ဒေါ်လာ ၂၀,၀၀၀ တန်​စက်ရုပ်​ကို မှားယွင်း​ကုသ​မိ​သည်​က ပို​ကောင်း​သည်” ဟု​သတင်းက​ဖော်ပြ​သည်။