မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခရစ်ယာန်ဘာသာ၏ အနာဂတ် မည်သို့ရှိသနည်း

ခရစ်ယာန်ဘာသာ၏ အနာဂတ် မည်သို့ရှိသနည်း

ခရစ်ယာန်​ဘာသာ​၏ အနာဂတ် မည်သို့​ရှိ​သနည်း

တစ်လောက​လုံး​သည် ခရစ်ယာန်​ဘာသာ​သို့ ကူး​ပြောင်း​လာ​မည်​လော သို့​မဟုတ် ခရစ်ယာန်​ဘာသာ တိမ်ကော​သွား​မည်​လော။ ခရစ်ယာန်​ဘာသာသည် အမှောင်ထု​ဖုံးလွှမ်း​နေသော လောကတွင် ကြည်လင်​တောက်ပ​သည့် အလင်းရောင်​ပ​မာ တည်ရှိ​နေ​သလော သို့​မဟုတ် ညစ်​ထေး​ကာ မှေးမှိန်​နေ​သလော။ ယင်း​တို့သည် ယနေ့​အချိန်အထိ ကျွန်ုပ်​တို့​အာရုံစိုက်​ရမည့် မေးခွန်းများ​ဖြစ်သည်။

ယေရှုသည် ခရစ်ယာန်​ဘာသာ​ကို စတင်​တည်ထောင်​ပြီး​သည်​နှင့် ရန်သူ​စာတန်​က ဝင်ရောက်​နှောင့်ယှက်​လိမ့်​မည်​ဖြစ်​ကြောင်း ရိုးရှင်း​သော​ပုံ​ပ​မာ​တစ်ခု​ကို​အသုံးပြု၍ ဖော်ပြ​ခဲ့​၏။ (မဿဲ ၁၃:၂၄၊ ၂၅) သို့​ဖြစ်၍ ယင်းသည် ယေရှု ခရစ်ယာန်​ဓမ္မ​အမှုဆောင်​ပြီး​နောက် ပထမ​ရာစု​အနည်းငယ်​အတွင်း ခရစ်ယာန်​ဘာသာ​အား ပြောင်းလဲ​သွား​စေသည့် လောက​ရေးရာ​ဖြစ်​စဉ်​တစ်ခုမျှသာ မဟုတ်​ချေ။ ယင်းသည် မလို​တ​မာ​စိတ်ဖြင့် ပြု​ခဲ့​သည့် ရန်သူ​စာတန်​၏​လုပ်ဆောင်ချက်​ဖြစ်သည်။ ယနေ့ ခရစ်ယာန်ဘောင်​ချာ့ခ်ျ​များသည် အတိတ်​က ထပ်တလဲလဲ​ကျူးလွန်​ခဲ့​သော​အမှား​များ​ကြောင့် ဆိုးကျိုး​များ​ခံစား​နေရ​သည်။—၂ ကောရိန္သု ၁၁:၁၄၊ ၁၅; ယာကုပ် ၄:၄

ခရစ်ယာန်​ဘာသာ​အား ခိုး​ကြောင်​ခိုးဝှက် တိုက်ခိုက်​ခြင်း

ယေရှု​က မိမိ၏​သွန်သင်ချက်​များသည် မှောက်လှန်​ခံရ​မည်​ဟု ကြိုပြော​ခဲ့​သည်။ ကိုယ်တော်​က “ကောင်းကင်​နိုင်ငံတော်​သည် ကောင်းသော​မျိုးစေ့ကို လယ်​၌​ကြဲ​သော​သူနှင့်​တူ​၏။ လူတို့သည် အိပ်ပျော်​သောအခါ သူ၏​ရန်သူ​သည်​လာ၍ ကောင်းသော​စပါး​နှင့်​လက္ခဏာ​တူသော တော​မျိုးစေ့ကို စပါး​အထဲ​၌​ကြဲ​၍ သွား​လေ​၏” ဟု​မိန့်ဆိုခဲ့သည်။ အံ့ဩစရာ​မှာ ကျွန်​များ​က အဆိုပါ​ရန်သူ​၏​လုပ်ရပ်​ကို အိမ်ရှင်​အား​ပြောကြား​ကာ တောပင်​ကို​စုသိမ်း​ဖို့ ခွင့်​တောင်း​သော် အိမ်ရှင်​က “ထိုသို့​ငါ​အလို​မရှိ။ တောပင်​တို့ကို​ရွေးနုတ်​လျှင် စပါးပင်​တို့ကို ရောနှော​၍​နုတ်​မိ​မည် စိုးရိမ်​စ​ရာ​အကြောင်း​ရှိ၏။ စပါး​ရိတ်​သည်​ကာလ​တိုင်အောင် အပင်​နှစ်မျိုး​တို့သည် အတူ​ကြီးပွား​ပါ​လေ​စေ။ စပါး​ရိတ်​သည့်​ကာလ​ရောက်​လျှင် တောပင်​တို့ကို ရှေးဦး​စွာ​ရွေးနုတ်​၍ မီးရှို့ ခြင်း​ငှာ စည်း​နှောင်​ကြလော့။ စပါး​ကို​ကား ကျီ ၌​စုသိမ်း​သွင်းထား​ကြလော့” ဟု​ဆို​ခဲ့​၏။—မဿဲ ၁၃:၂၄-၃၀

ယေရှု​ကိုယ်တိုင်​ရှင်းပြ​ခဲ့​သည့် အဆိုပါ​ပုံ​ဥပမာ​တွင် လယ်​၌​စပါး​ကို​ကြဲ​သော​သူသည် ယေရှုကို​ပုံဆောင်​ကာ ကိုယ်တော်​ကြဲ​သော​မျိုးစေ့​မှာ ခရစ်ယာန်စစ်​များ​ကို ပုံဆောင်​၏။ စပါး​များ​ကြား​တွင် တော​မျိုးစေ့ကို ကြဲ​ချ​ခဲ့​သည့် ရန်သူ​မှာ စာတန်​ကို​ပုံဆောင်​သည်။ တောပင်​များ​မှာ ဘုရားသခင်​၏​ကျေးကျွန်​များ​ဟု မဟုတ်မမှန်​ပြောဆို​ကြ​သည့် တရား​မဲ့​အယူဖောက်ပြန်သူ​များ​ကို ပုံဆောင်​သည်။ (မဿဲ ၁၃:၃၆-၄၂) ဖြစ်ပျက်​လာ​မည့်​အရာ​နှင့်​ပတ်သက်​၍ အသေးစိတ်​အချက်အလက်​များ​ကို တမန်​တော်​ပေါလု ထပ်ဆင့်​ဖော်ပြ​ခဲ့​သည်။ သူ​ဤသို့​ဆို​သည်– “ငါ​မရှိသည့်​နောက် ကြမ်းတမ်းသော​တောခွေး​တို့သည် သိုးများ​ကို​မ​သနား​ဘဲ သင်တို့​အထဲ​သို့​ဝင်​မည်​ကိုလည်း​ကောင်း၊ တပည့်တော်​များ​ကို သွေးဆောင်ခြင်း​ငှာ မှား​သော​စကား​ကို ပြောတတ်​သော​လူတို့သည် သင်တို့​အထဲ​၌​လည်း ပေါ်လာ​မည်​ကိုလည်း​ကောင်း ငါ​သိ​၏။”—တမန်​တော် ၂၀:၂၉၊ ၃၀

ခရစ်ယာန်​ဘာသာ မှောက်လှန်​ခံရ

ယေရှု၏​ပုံ​ဥပမာ​နှင့် ပေါလု​ကြိုပြော​ခဲ့​ရာ​တို့သည် အမှန်​ဖြစ်ပျက်​လာ​သလော။ အမှန်ပင်​ဖြစ်ပျက်​ခဲ့​၏။ ရည်မှန်းချက်​ကြီး​သည့် အမျိုးသားများသည် ယေရှု​တည်ထောင်​ခဲ့​သော​အသင်းတော်ကို ချုပ်ကိုင်​ကာ ၎င်းတို့ကို​ယ်​ကျိုး​အတွက် အသုံးချ​ခဲ့​ကြသည်။ မိမိ၏​နောက်လိုက်​များ​အား ယေရှု​က ‘သင်တို့သည် လောက​နှင့်​မစပ်ဆိုင်’ ဟု​မိန့်တော်မူ​ခဲ့​၏။ (ယောဟန် ၁၅:၁၉) သို့သော် အာဏာ​ရူး​နေသော အမျိုးသားများသည် အုပ်စိုးရှင်​များနှင့်​ပူးပေါင်း​ကာ နိုင်ငံတော်​ချာ့ခ်ျ​များ တည်ထောင်​ဖွဲ့စည်း​ခဲ့​ကြသည်။ ဤသို့ဖြင့် ဩဇာ​အာဏာ​ရှိလာပြီး ကြွယ်ဝ​ချမ်းသာ​လာ​ခဲ့​ကြသည်။ အဆိုပါ​ချာ့ခ်ျ​များသည် “မှားယွင်းသော​အရာများ” ကို​သာ သွန်သင်​ပေး​ခဲ့​ကြ​၏။ ဥပမာ၊ သူတို့သည် လူ​တို့အား နိုင်ငံတော်​ကို​ဝတ်ပြု​ရန်၊ တိုင်းပြည်​အတွက် အသက်စွန့်​ရန် သွန်သင်​ပေး​ခဲ့​ကြသည်။ သို့​နှင့် အမည်ခံ​ခရစ်ယာန်​များသည် ခရူးဆိတ်စစ်​ပွဲ​များ​တွင် ပါဝင်​ခဲ့​ကြ​ပြီး မယုံကြည်​သူ​ဟု ၎င်း​တို့​သတ်မှတ်​ကြ​သူတို့ကို သတ်ဖြတ်​ခဲ့​ကြသည်။ သူတို့သည် စစ်​ဆင်နွှဲ​ကာ ၎င်း​တို့​နှင့် ဘာသာတူ​သူများကို​လည်း သတ်ဖြတ်​ခဲ့​ကြသည်။ ခရစ်ယာန်​ကြားနေ​ခြင်း၊ အိမ်နီးချင်း​ကို​ချစ်ခြင်း​ဟူသော​ကျင့်​စဉ်​ကို သူတို့​မကျင့်​ခဲ့​ကြ​ချေ။—မဿဲ ၂၂:၃၇-၃၉; ယောဟန် ၁၅:၁၉; ၂ ကောရိန္သု ၁၀:၃-၅; ၁ ယောဟန် ၄:၈၊ ၁၁

ရာစုနှစ်​ပေါင်း​များစွာ ခရစ်ယာန်​များ​ဟု အမည်ခံ​ခဲ့​ကြ​သည့် ချာ့ခ်ျ​များသည် ဟန်ပြ​ခရစ်ယာန်​ဘာသာ​ကို​သာ ကိုယ်စား​ပြု​၏။ ထို့​ကြောင့် ရှေ့​ဆောင်းပါး​များ​တွင် ကျွန်ုပ်​တို့​သိရှိ​ခဲ့​ရသည့်​အတိုင်း ဂိုဏ်း​ခွဲ​များ​အဖြစ် အစိတ်စိတ်အမြွှာမြွှာ​ဖြစ်နေ​သည့် ချာ့ခ်ျ​များ၊ နိုင်ငံရေး​တွင် ဝင်ရောက်​စွက်ဖက်​နေသည့် ချာ့ခ်ျ​များ၊ ဘုရားသခင့်​ပညတ်​များ​ကို ဥပေက္ခာပြု​နေသည့်​ချာ့ခ်ျ​များ ဆက်လက်​ပေါ်ပေါက်​နေရ​ခြင်း​ဖြစ်သည်။ ယင်း​သို့​သော​ဆိုးကျိုး​များသည် ခရစ်ယာန်​ဘာသာ​အစစ်အမှန်​ကြောင့်​မဟုတ်ဘဲ စာတန်​တည်ထောင်​ခဲ့​သည့် ခရစ်ယာန်​ဘာသာ​အတုအယောင်​ကြောင့် ဖြစ်သည်။ ဤ​ဘာသာ​တရားသည် အဘယ်​သို့ ဦးတည်​နေသနည်း။ ပုံ​ဥပမာ​တွင် ယေရှု​ဖော်ပြ​ခဲ့​သည့်​အတိုင်း ယင်းသည် အားပေး​ထောက်ခံမှု​မရ​ရုံ​ဖြင့် ကွယ်ပျောက်​သွား​လိမ့်​မည်​မဟုတ်။ ယင်းသည် တရား​စီရင်ခံ​ရ​၍ ဖျက်ဆီး​ခံရ​လိမ့်​မည်။

ခရစ်ယာန်စစ်​များ အမှောင်ထု​ထဲ​တွင် ထွန်းလင်း​နေ

မှားယွင်းသော​ခရစ်ယာန်​ဘာသာ​ဖြစ်သည့် “တောပင်” များ​ကို စုသိမ်း​၍ မဖျက်ဆီး​ပစ်​မီ ဖြစ်ပျက်​ရဦး​မည့် အခြား​အရာတစ်ခု​ကို ယေရှု၏​ပုံ​ဥပမာ​တွင် ဖော်ပြ​ထား​သည်။ ခရစ်ယာန်​အတုအယောင်​ဖြစ်သည့် “တောပင်” များသည် ရာစုနှစ်များ​တစ်လျှောက် တိုးပွား​များပြား​လာ​ခြင်း​ကြောင့် “စပါး” ဖြစ်သော ခရစ်ယာန်​ဘာသာ​အစစ်​မှာ ပျောက်ကွယ်​လု​နီးပါး ဖုံးလွှမ်း​ခံ​ခဲ့​ရသည်။ သို့သော် “စပါး​ရိတ်​သည့်​ကာလ” ဟု​ယေရှု​ပုံဆောင်​ခဲ့​သည့် “ကမ္ဘာ​ကုန်​သော​ကာလ” အတွင်း စပါး​များသည် တောပင်​များ​မှ ခွဲထုတ်​ခြင်း​ခံရ​သည်​ဟု ကိုယ်တော်​ဖော်ပြ​ခဲ့​သည်။ ‘ဖြောင့်မတ်​သော​သူတို့သည် နေ​ထွန်းလင်း​သကဲ့သို့ ထွန်းလင်း​ကြ​လတ္တံ့’ ဟု​လည်း ကိုယ်တော်​မိန့်ဆိုခဲ့​သေး​၏။ (မဿဲ ၁၃:၃၉-၄၃) ကျွန်ုပ်​တို့သည် လွန်ခဲ့သော​အနှစ် ၉၀ ကျော်​က ဖြစ်ပျက်​ခဲ့​သည့် ပထမ​ကမ္ဘာ​စစ်​မှ​စ၍ အစီအစဉ်​စနစ်​၏​ဆုံးခန်း​ကာလ​တွင် အသက်ရှင်​နေထိုင်​လျက်​ရှိကြောင်း အဖြစ်အပျက်​များ​က ဖော်ပြ​သည်။ (မဿဲ ၂၄:၃၊ ၇-၁၂) ယေရှု၏ ပရောဖက်ပြုချက်​ဆိုင်ရာ​ပုံ​ဥပမာ​၏ ဤ​အပိုင်း​သည် အမှန်တကယ် ဖြစ်ပျက်​လာပြီ​လော။

ခရစ်ယာန်စစ်​များသည် ခရစ်ယာန်ဘောင်​ဖြစ်သော “တောပင်” များ​မှ ခွဲထုတ်​ခံ​ခဲ့​ရပြီ။ ယေဟောဝါသက်သေ​များသည် ‘နေကဲ့သို့ ထွန်းလင်း​နေ’ ကြ​ကာ အခြား​သူတို့ကို စစ်မှန်သော​ဘုရားသခင် ယေဟောဝါ​အား သိကျွမ်း​လာရန် ကူညီ​ပေး​နေကြ​သည်။ သက်သေခံ​များသည် ဘုရားသခင့်​စံနှုန်း​များ​ကို မကျ​ဆင်း​စေ​ကြ​ပါ။ ယင်းအစား သက်သေခံ​ဖြစ်လာ​ကြ​သူတို့သည် သမ္မာကျမ်းစာ​၌ တွေ့ရှိ​ရသည့် ခရစ်ယာန်​ကျင့်​စဉ်​များ​ကို လိုက်နာ​ရန် ၎င်းတို့၏​ဘဝ​ပုံစံ​ကို အကြီးအကျယ် ပြုပြင်​ပြောင်းလဲ​ကြ​ရသည်။

ယေဟောဝါသက်သေ​များ​၏ အစည်းအဝေး​များ​တွင် ဖျော်ဖြေရေး​အစီအစဉ်များ​မရှိ​သော်လည်း ကျမ်းစာ​ပညာရေး​ကို​မူ အခမဲ့​ဝေမျှပေး​သည်။ ထို့​ပြင် သူတို့သည် နွေးထွေး​သော​မေတ္တာ၊ ခင်မင်​ရင်းနှီးမှု​နှင့် သမ္မာကျမ်းစာ​လေ့လာမှု​မှ သင်ယူ​သိရှိ​လာ​သည့် အရည်အသွေးများ​ကို တင်ပြ​ကြသည်။ ဘုရားသခင်​သည် မူလ​ရည်ရွယ်​ထား​သည့်​အတိုင်း ကမ္ဘာ​မြေကြီးကို ပရဒိသု​အဖြစ် ပြောင်းလဲ​ပေး​ကာ စိတ်​နှိမ့်ချ​သူများကို နေထိုင်ခွင့်​ပေး​မည်​ဖြစ်​ကြောင်း သူတို့​ယုံကြည်​ကြသည်။ သို့သော် ဦးဆုံး​အနေ​နှင့် ဘာသာ​အတုအယောင်​များ​၏ အဖျက်သြဇာ​လွှမ်းမိုး​နေသည့် ဤ​ကမ္ဘာ​ကို သန့်စင်​ဆေးကြော​ပစ်​ရမည်။ သမ္မာကျမ်းစာ​တွင် အဆိုပါ​ဘာသာ​အတုအယောင်​များ​ကို မဟာ​ဗာဗုလုန်​ဟု ဖော်ပြ​ထား​၏။ ကျမ်းစာ​ပရောဖက်ပြုချက်​အရ ယေဟောဝါ​သည် အဆိုပါ​ပြောင်းလဲမှု​ကြီး​ကို မကြာမီ ပြုလုပ်​တော့​မည်​ဖြစ်သည်။—မဿဲ ၅:၅; ဗျာ. ၁၈:၉-၁၀၊ ၂၁

နာခံမှု​ရှိသူတို့​သည် ဘာသာ​အတုအယောင်​များ​၏ လှည့်ဖြား​သော​အလေ့အကျင့်​များ​မှ လွတ်မြောက်​လာကြပြီး​နောက် မြေကြီးပေါ်​နေထိုင်ကြ​မည့်​သူအား​လုံး​ကို စစ်မှန်သော​ခရစ်ယာန်​ဝတ်ပြုရေး​က ပေါင်းစည်း​စေပါ​လိမ့်​မည်။ ယေရှု​တည်ထောင်​ခဲ့​သည့် စစ်မှန်သော​ခရစ်ယာန်​ဘာသာ​အတွက် ထူးမြတ်​သည့်​အလားအလာ​ပါ​တကား! စိတ်ဝမ်း​ကွဲပြား​စေသည့် ဘာသာ​တရား​အမျိုးမျိုး နောက်​တစ်ဖန်​ရှိတော့မည်​မဟုတ်ဘဲ ဧဒင်ဥယျာဉ်​ကဲ့သို့​သော ပရဒိသု​သည် ငြိမ်းချမ်း​သော​ကမ္ဘာ​အဖြစ်သို့ ပြန်လည်​တည်ထောင်​ခံရ​မည်​ဖြစ်​ပေ​သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

‘သူ၏​ရန်သူ​သည်​လာ၍ တော​မျိုးစေ့ကို ကြဲ​သွား​လေ​၏’—မဿဲ ၁၃:၂၅

[စာမျက်နှာ ၈၊ ၉ ပါ ရုပ်ပုံများ]

ကျမ်းစာ​ပညာရေး​ကို အခမဲ့​ဝေငှ​သည့် ယေဟောဝါသက်သေ​များ​၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​မှ သင့်​အား လှိုက်လှဲ​စွာ​ကြိုဆို​ပါ​သည်

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

“စပါး​ကို​ကား​ကျီ​၌ စုသိမ်း​သွင်းထား​ကြလော့။”—မဿဲ ၁၃:၃၀