မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ချာ့ခ်ျများ မည်သို့ဖြစ်သွားပြီနည်း

ချာ့ခ်ျများ မည်သို့ဖြစ်သွားပြီနည်း

ချာ့ခ်ျ​များ မည်သို့​ဖြစ်သွား​ပြီ​နည်း

မြောက်ဘက် မက္ကဆီကို​နိုင်ငံ​မှ တောင်ဘက် ချီလီ​နိုင်ငံ​အထိ​ဖြစ်သော လက်တင်အမေရိက​တွင် ယဉ်ကျေးမှု​အများစု​သည် ဆင်တူ​ကြ​၏။ သက်ကြီး လက်တင်အမေရိက​တိုက်​သားများ​သည် ရိုမန်ကက်သလစ်​ဘာသာ​တစ်ခု​တည်း​သာ ရှိခဲ့​သည့်​အချိန်ကို အမှတ်ရ​ကြသည်။ ၁၆ ရာစု​တွင် စပိန်​စစ်​အောင်နိုင်သူ​များသည် လက်နက်​အားကိုး​ဖြင့် ယင်း​ဘာသာ​သို့ အတင်း​အဓမ္မ​သွတ်သွင်း​ခဲ့​ကြသည်။ ဘရာဇီး​တွင် နယ်​ချဲ့​စိုးမိုး​နေ​သူများ​မှာ ရိုမန်ကက်သလစ် ပေါ်တူဂီ​များ​ဖြစ်သည်။ အနှစ် ၄၀၀ တိုင် ကက်သလစ်​ချာ့ခ်ျ​သည် အုပ်စိုးရှင်​များ​ကို ထောက်ခံ​အားပေးပြီး အပြန်အလှန်​အနေ​နှင့် ၎င်း​တို့​ထံ​မှ ငွေ​ရေး​ကြေး​ရေး​ထောက်ပံ့မှု​နှင့် နိုင်ငံတော်​ဘာသာ​အဖြစ် အသိအမှတ်ပြု​မှု​ကို​ရယူ​သည်။

သို့သော် ၁၉၆၀ ပြည့်လွန်​နှစ်များ​တွင် ကက်သလစ်​ဘုန်းကြီး​အချို့​သည် အာဏာ​ရ​အထက်တန်းလွှာ​အုပ်စု​ကို​သာ ထောက်ခံ​အားပေးခြင်းက ပြည်သူ​လူထု​၏​ထောက်ခံမှု​ကို လက်လွှတ်​ဆုံးရှုံး​စေနိုင်​ကြောင်း သဘောပေါက်ခဲ့​ကြသည်။ ထို့​ကြောင့် သူတို့သည် ဆင်းရဲသား​ပြည်သူ​လူထု​၏ ထောက်ခံမှု​ကို​ရရှိရန် လွတ်မြောက်ရေး​ဘာသာဝါဒ​ဟု​တွင်​သော လှုပ်ရှားမှု​ကို အားပေး​အား​မြှောက်​ပြုခြင်း​ဖြင့် အစပြု​လုပ်ဆောင်ခဲ့​ကြသည်။ ကက်သလစ်​ဘာသာဝင်​အမြောက်အမြား ဆင်းရဲ​မွဲတေ​နေကြ​သည့် လက်တင်အမေရိက​တွင် အဆိုပါ​လှုပ်ရှားမှု​ကို ဆင်းရဲ​မွဲတေမှု​တိုက်ဖျက်ရေး​အနေ​နှင့် စတင်​ခဲ့​သည်။

ခရစ်ယာန်​ဘုန်းကြီး​များသည် ခေတ်​စား​လာသော နိုင်ငံရေး​လှုပ်ရှားမှုများ​တွင် ပါဝင်​ပတ်သက်​ဖို့ ကြိုးစား​နေကြ​သော်လည်း လူ​သန်းပေါင်း​များစွာက​မူ ကက်သလစ်​ယုံကြည်ချက်​မှ အခြားသော​ချာ့ခ်ျ​များ​ဘက်​သို့ ဦးလှည့်​သွားခဲ့​ကြပြီ။ လက်ခုပ်သြဘာ​ပေးခြင်း၊ စိတ်​လှုပ်ရှား​တက်ကြွ​ဖွယ် ဓမ္မတေး​သီချင်းများ​သီဆိုခြင်း ပါဝင်​သည့်​ဝတ်ပြု​ဆုတောင်းပွဲ​များ သို့​မဟုတ် ရော့ခ်​ဂီတ​ပွဲ​ဆန်​ဆန် ဝတ်ပြု​ဆုတောင်းပွဲ​များ​ကျင်းပ​ကြ​သည့် ဘာသာ​တရား​များ လျင်မြန်​စွာ တိုးများ​လာ​ခဲ့​သည်။ “လက်တင်အမေရိက​တွင် ဧဝံဂေလိ​လှုပ်ရှားမှု​သည် မရေမတွက်​နိုင်သော ချာ့ခ်ျ​များ​အဖြစ်သို့ ခွဲထွက်​ကုန်သည်။ များသောအားဖြင့် ခွဲထွက်​သွားသော​ချာ့ခ်ျ​များ​ကို ဓမ္မ​ဆရာ​တစ်ဦးတည်း​က လွှမ်းမိုး​ချုပ်ကိုင်​သည်။ အသင်းသား​အရေအတွက် တိုးများ​လာ​သည့်​အခါ နောက်​ချာ့ခ်ျ​အသစ်​တစ်ခု ပြန်​ခွဲထွက်​သွား​လိမ့်​မည်” ဟု​ဒန်​ကန်​ဂ​ရင်း​က Faces of Latin America ဟူသော​စာအုပ်​တွင်​ဆို​သည်။

ဥရောပတိုက်​သားများ ချာ့ခ်ျ​ကို ကျောခိုင်း​ကြ

ဥရောပ​နိုင်ငံ​အများစုကို ခရစ်ယာန်​အမည်ခံ အစိုးရ​များ အုပ်ချုပ်​လာ​ခဲ့​သည်​မှာ နှစ်ပေါင်း ၁,၆၀၀ ကျော်​တိုင်​ခဲ့ပြီ​ဖြစ်သည်။ ၂၁ ရာစု​သို့ ဝင်ရောက်​လာ​သည်​နှင့်​အမျှ ဥရောပ​ရှိ ဘာသာ​တရား​မှာ တိုးတက်​ထွန်းကား​နေပါသလော။ ၂၀၀၂ ခုနှစ်​ထုတ် God is Dead—Secularization in the West ဟူသော​စာအုပ်​၌ လူမှုဗေဒ​ပညာရှင် စတိဗ်​ဘ​ရု​စ်​က ဗြိတိန်​နိုင်ငံ​အကြောင်း ဤသို့​ရေးခဲ့​သည်– “၁၈၀၀ ပြည့်လွန်​နှစ်များ​တွင် လက်ထပ်​မင်္ဂလာပွဲ​အားလုံးနီးပါး​ကို ဘာသာရေး​ဆန်​ဆန် ကျင်းပ​ခဲ့​ကြသည်။” သို့သော် ၁၉၇၁ ခုနှစ်​ရောက်​သော် လက်ထပ်​မင်္ဂလာပွဲ​များ​၏ ၆၀ ရာခိုင်နှုန်း​သာ ဘာသာရေး​ဆန်​တော့​သည်။ ၂၀၀၀ ပြည့်နှစ်​တွင်​မူ ၃၁ ရာခိုင်နှုန်း​သာ​ရှိ​တော့​၏။

ချာ့ခ်ျ​များ​ကျင့်သုံး​ခဲ့​သော နည်းလမ်းများ​နှင့်​ပတ်သက်​၍ လန်ဒန် Daily Telegraph သတင်းစာ​၏ ဘာသာရေး​သတင်းထောက်​က ဤသို့​ရေးသားခဲ့​သည်– “ချာ့ခ်ျ​အော့ဖ်​အင်္ဂလန်​မှ​သည် ရိုမန်ကက်သလစ်​အထိ၊ မက်သဒစ်​မှ​အစ ယူနိုက်တက်​ရီ​ဖောင်း​ချာ့ခ်ျ​အဆုံး အဓိက​ဂိုဏ်း​ခွဲ​များ​အားလုံး ဆုတ်ယုတ်​ကျဆင်း​နေပြီ။” သတင်း​တစ်ပုဒ်​နှင့်​စပ်လျဉ်း၍ သူက​ဤသို့​ဆို​သည်– “ဗြိတိန်​နိုင်ငံ​ရှိ​ချာ့ခ်ျ​များသည် ၂၀၄၀ ပြည့်နှစ်​ရောက်​သော် တနင်္ဂနွေ​ဝတ်ပြု​ဆုတောင်းပွဲ​တက်ရောက်သူ အရေအတွက်​၏ နှစ်​ရာခိုင်နှုန်း​သာ​ရှိ​မည့်​အခြေ​သို့ ဆိုက်ရောက်​ပေ​တော့​မည်။” နယ်သာလန်​နိုင်ငံ​တွင်​လည်း အလားတူ​ဖြစ်​မည်​ဟု​ဆို​ကြ​၏။

“မကြာသေးမီ​ဆယ်စုနှစ်​များ​က ကျွန်ုပ်​တို့၏​နိုင်ငံ​တွင် ဘာသာရေး​ကို​လက်မခံ​မှု​မှာ ပို​၍​ထင်ရှား​လာ​သည်။ ၂၀၂၀ ပြည့်နှစ်​ရောက်​သော် လူဦးရေ ၇၂ ရာခိုင်နှုန်း​သည် မည်သည့်​ဘာသာရေး​တွင်​မျှ ပါဝင်​တော့​မည်​မဟုတ်​ချေ” ဟု​ဒတ်ခ်ျ လူမှုရေး​နှင့်​ယဉ်ကျေးမှု​စီမံကိန်း​ရုံး​၏ သတင်း​တစ်ပုဒ်​က​ဆို​သည်။ ဂျာမန်​အွန်လိုင်း​သတင်းစာ​တစ်စောင်​က​လည်း ဤသို့​ဆို​၏– “ယခင်​က ချာ့ခ်ျ​များ၊ အလုပ်အကိုင်​များနှင့် မိသားစုတွင်​သာ​ရရှိခဲ့​သည့် နှစ်သိမ့်မှု​ကို စုန်းကဝေ​အတတ်​နှင့် ဂမ္ဘီရ​မှော်အတတ်​ပညာ​ဘက်​သို့​လှည့်​ကာ ရှာဖွေ​နေကြ​သော ဂျာမန်​လူမျိုးများ​၏​အရေအတွက်​မှာ တိုးများ​လာ​နေပြီ။ . . . နိုင်ငံတစ်ဝန်း​မှ ချာ့ခ်ျ​များသည် အသင်းသားများ​မရှိတော့​သည့်​အတွက် မဖြစ်​မနေ ပိတ်ပစ်​ရတော့မည်။”

ဥရောပ​တွင် ချာ့ခ်ျ​တက်ရောက်​နေဆဲ​ဖြစ်သော သူတို့သည် အများအားဖြင့် ဘုရားသခင့် တောင်းဆိုချက်​များ​ကို​သိရှိ​ရန် ချာ့ခ်ျ​သို့​သွားခြင်း​မဟုတ်​ချေ။ အီတလီ​နိုင်ငံ​မှ သတင်း​တစ်ပုဒ်​က “အီတလီ​လူမျိုးများ​သည် မိမိတို့၏​ဘာသာ​ကို မိမိတို့၏​ဘဝ​ပုံစံ​နှင့်​ကိုက်ညီ​အောင် ပြုပြင်​လိုက်​ကြသည်” ဟု​ဆို​၏။ ယင်း​နိုင်ငံ​မှ လူမှုဗေဒ​ပညာရှင်​တစ်ဦး​က​လည်း ဤသို့​ဆို​သည်– “ပုပ်​ရဟန်း​မင်းကြီး​ပြော​သည့်​အထဲ​မှ ကျွန်ုပ်​တို့​ကြိုက်​သည့်​အချက်​ကို​သာ လက်ခံ​ကြသည်။” စပိန်​နိုင်ငံ​မှ ကက်သလစ်​ဘာသာဝင်​များလည်း ထပ်တူ​ပြောဆို​ကြ​ဖွယ်​ရှိသည်။ ဘာသာ​တရား​ကိုင်းရှိုင်း​မှု​နေရာတွင် များများ​ထုတ် များများ​သုံး​ဝါဒ​နှင့် လို​တရ​ဝါဒ​တို့​က အစားထိုး ဝင်ရောက်​လာ​သည်။

ဤ​နည်းလမ်းများ​သည် ခရစ်တော်​နှင့် ကိုယ်တော့်​နောက်လိုက်​များ သွန်သင်​ခဲ့၊ ကျင့်သုံး​ခဲ့​ကြ​သည့် ခရစ်ယာန်​ဘာသာ​နှင့် လား​လား​ကြီး​ဆန့်ကျင်​နေ​၏။ နှစ်သက်ရာကို ရွေးချယ်၊ မနှစ်သက်​ရာ​ကို ဘေးဖယ်​သည့် ဘာသာ​တရားကို ယေရှု မတည်ထောင်​ခဲ့​ချေ။ “ငါ​၌​ဆည်းကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်ကို​ကိုယ်​ငြင်းပယ်​ရမည်။ ကိုယ်လက်​ဝါး​ကပ်တိုင်​ကို နေ့တိုင်း​ထမ်း၍ ငါ့​နောက်သို့​လိုက်ရမည်” ဟု​ကိုယ်တော်​မိန့်ဆိုခဲ့သည်။ ခရစ်ယာန်​ဘဝ​လမ်းစဉ်​ဟူသည် အနစ်နာခံ​၍ ကြိုးစား​အားထုတ်​ရသည့်​လမ်းစဉ်​ဖြစ်​ကြောင်း ယေရှု​သွန်သင်​ခဲ့​သည်။—လုကာ ၉:၂၃

မြောက်​အမေရိက​တွင် ဘာသာ​တရားကို ဈေးကွက်​တင်​ခြင်း

အမေရိကန်​နိုင်ငံ​သည် ဘာသာ​တရား​နှင့်​ပတ်သက်​လျှင် အဆိုးမြင်​သော ကနေဒါ​နိုင်ငံ​နှင့်​မတူဘဲ ဘာသာ​တရားကို အလေးအနက်​ထား​ကြောင်း လေ့လာ​အကဲခတ်​သူများ​က ဆို​ကြသည်။ သဘောထား​မေးမြန်း​ကောက်ယူ​သည့် သုတေသန​ဌာန​အချို့​၏​အဆို​အရ ချာ့ခ်ျ​တက်ရောက်သူ​ဦးရေ​မှာ အမှန်တကယ်​တွင် ၂၀ ရာခိုင်နှုန်း​ခန့်​သာ​ရှိသော်လည်း ၄၀ ရာခိုင်နှုန်း​က မိမိတို့ ပတ်စဉ် ချာ့ခ်ျ​တက်​ကြသည်​ဟု​ဆို​၏။ ၆၀ ရာခိုင်နှုန်း​ကျော်​က သမ္မာကျမ်းစာ​ကို ဘုရားသခင့်​စကားတော်​အဖြစ် ယုံကြည်​သည်​ဟု​ဆို​ကြ​၏။ သို့သော် တစ်စုံတစ်ရာ​သော​ချာ့ခ်ျ​အပေါ် ၎င်းတို့၏​စိတ်အား​ထက်သန်မှု​မှာ ကြာရှည်​မခံ​ချေ။ အမေရိကန်​နိုင်ငံ​တွင် ချာ့ခ်ျ​တက်ရောက်သူ​များစွာ​သည် အလွယ်တကူ ဘာသာ​ပြောင်း​ကြသည်။ တရားဟော​ဆရာ​တစ်ဦး​သည် ရေပန်း​မစား​သည့်​အခါ သို့​မဟုတ် ကြည်ညို​လေးစား​မခံရ​တော့​သည့်​အခါ သူ၏​အသင်းသားများ​ကို အလျင်အမြန်​ဆုံးရှုံး​နိုင်​ပြီး ဝင်ငွေ​လည်း နည်း​သွား​တတ်၏။

ချာ့ခ်ျ​အချို့​သည် မိမိတို့၏​ဘာသာရေး​အခမ်းအနား​များ​ကို မည်သို့ “ဈေးကွက်​တင်” ရမည်ကို​သိရှိ​ရန် စီးပွားရေး​နည်း​စနစ်​များ​ကို လေ့လာ​ကြသည်။ အသင်းသားများ​သည် ချာ့ခ်ျ​အတိုင်ပင်ခံ​ကုမ္ပဏီ​များ​ကို​ငှား​ရမ်း​ရန် ဒေါ်လာ​ထောင်နှင့်ချီ အကုန်ခံ​ကြသည်။ ယင်း​သို့​သော​ကုမ္ပဏီ​များနှင့်​ပတ်သက်​သည့် သတင်း​တစ်ပုဒ်​အရ ကျေနပ်​အားရ​နေသော ဓမ္မ​ဆရာ​တစ်ဦး​က “အလွန်​အကျိုး​ရှိတဲ့ ရင်းနှီး​မြှုပ်နှံ​မှု​ပဲ” ဟု ဆို​ခဲ့​သည်​ဟူ​၏။ အသင်းသား​ထောင်ချီ​ရှိသည့် ချာ့ခ်ျ​များသည် ငွေ​ရေး​ကြေး​ရေး​အရ အောင်မြင်​နေကြ​ရာ The Wall Street Journal နှင့် The Economist ကဲ့သို့​သော စီးပွားရေး​စာစောင်​များ​၏ အာရုံစိုက်​စ​ရာ​ဖြစ်နေ​လေ​သည်။ အသင်းသား​ဦးရေ​များ​သည့် ချာ့ခ်ျ​များသည် “ကာယရေး​နှင့်​ဝိညာဉ်​ရေး​လိုအပ်ရာ​များ တစ်​နေရာ​တည်း​တွင် အကုန်​ရနိုင်​သော​နေရာ​ဖြစ်” လေ့​ရှိကြောင်း ထို​စာစောင်​များ​တွင် ဖော်ပြ​ထား​သည်။ ချာ့ခ်ျ​အဆောက်အအုံ​များ​တွင် စားသောက်​ဆိုင်​များ၊ က​ဖေး​ဆိုင်​များ၊ အလှ​ပြင်​ဆိုင်​များ၊ ရေ​နွေး​ငွေ့​ပေါင်းခံ​ခန်း​များနှင့် အားကစားရုံ​များ​ပါဝင်​သည်။ စွဲမက်​ဖွယ်​ရာ​များ​တွင် က​ဇာတ်ရုံ၊ နာမည်​ကျော်​ပုဂ္ဂိုလ်​များနှင့်​တွေ့ဆုံ​ခြင်း၊ ခေတ်ပေါ်​တေးဂီတ​ဖျော်ဖြေပွဲ​များလည်း ပါဝင်​သေး​၏။ သို့သော် တရားဟော​ဆရာများ​သည် အဘယ်အရာ​သွန်သင်ပေး​ကြ​သနည်း။

ဘုရားသခင့်​နိုင်ငံတော်​သတင်းကို ဟောပြော​မည့်​အစား ကြီးပွား​ချမ်းသာ​နည်းကို ဟောပြော​ကြသည်။ ချာ့ခ်ျ​တွင် များများ​လှူဒါန်း​ပါ​က ကျန်းမာ​ချမ်းသာ​မည်​ဟု ယုံကြည်သူများ​ကို ပြောဆို​ကြသည်။ ကိုယ်ကျင့်တရား​နှင့်​ပတ်သက်​လာ​လျှင်​မူ ဘုရားသခင်​သည် အလွန်​သည်းခံ​တတ်​သည်​ဟု ဆို​ကြသည်။ “အမေရိကန်​ချာ့ခ်ျ​များသည် စီရင်​ဖို့​မဟုတ်ဘဲ ကုစား​ပေး​ဖို့​ဖြစ်သည်” ဟု လူမှုဗေဒ​ပညာရှင်​တစ်ဦး​က​ဆို​၏။ အများအားဖြင့် လူကြိုက်များ​သည့်​ဘာသာ​တရား​များသည် ဘဝ​အောင်မြင်​ရေး​အတွက် အကြံပေး​ချက်​များ​အပေါ် အာရုံစိုက်​ကြသည်။ လူတို့သည် ဂိုဏ်းဂဏ​စွဲ​မရှိသည့်​ချာ့ခ်ျ​များ​တွင် ပို​၍​သက်သောင့်သက်သာ​ရှိကြသည်။ ထို​တွင် သဘောထား​ကွဲလွဲ​စေ​သည်​ဟု ယူဆ​ရသည့် အယူဝါဒ​များ​ကို ထုတ်ဖော်​ပြောဆို​လေ့​မရှိကြ​ချေ။ သို့သော် နိုင်ငံရေး​ကိစ္စ​များ​ကို​မူ အပီ​အပြင်၊ အတိအကျ ထုတ်ဖော်​ပြောဆို​ကြ​၏။ မကြာသေးမီ​က ဓမ္မ​ဆရာ​အချို့​အတွက် မျက်နှာ​ပူ​စ​ရာ​ဖြစ်ရပ်​များ ပေါ်ပေါက်​လာ​ခဲ့​သည်။

မြောက်​အမေရိက​တွင် ဘာသာ​တရား​ဘက်၌ ပြန်လည်​နိုးကြား​တက်ကြွ​လာ​သလော။ “ဝတ်ပြု​ဆုတောင်းပွဲ​များ​တွင် ဆူညံ​စွာ​အော်ဟစ်​ခြင်း၊ မူး​မေ့​လဲကျ​ခြင်း၊ ခြေ​ဆော​င့်​ခြင်း” အပြင် အခြား​ဘာသာရေး​ထုံးတမ်းများ ရေပန်းစား​လာ​မှု​အကြောင်း ၂၀၀၅ ခုနှစ်​ထုတ် န​ယူးစ်ဝိခ်​မဂ္ဂဇင်းက ဖော်ပြ​သော်လည်း ဤသို့​ထောက်ပြ​ခဲ့​၏– “မည်သည့်​အရာ​ပင် ဖြစ်ပျက်​နေ​စေ​ကာ​မူ ချာ့ခ်ျ​တက်ရောက်သူ​အရေအတွက်​မှာ တိုးများ​လာ​ခြင်း​မရှိ​ချေ။” လေ့လာ​ဆန်းစစ်မှု​များ​အရ မည်သည့်​ဘာသာ​တရား​နှင့်​မျှ ဆက်နွှယ်​ပတ်သက်မှု​မရှိ​ဟု​ဆို​သော​သူတို့၏ ရာခိုင်နှုန်း​မှာ လျင်မြန်​စွာ တိုးများ​လာ​နေသည်။ အချို့​သော​ချာ့ခ်ျ​တွင် အသင်းသား​တိုးများ​လာ​ခြင်း​မှာ အခြားသော​ချာ့ခ်ျ​မှ အသင်းသား ဆုတ်ယုတ်​သွားခြင်း​ကြောင့်​သာ​ဖြစ်၏။ ဘာသာရေး​အခမ်းအနား​များ၊ အော်​ဂ​င်​တေးဂီတ၊ ဝတ်ရုံ​ရှည်​ဝတ်​ဓမ္မ​ဆရာ​နှင့်အတူ မိရိုးဖလာ​ဘာသာ​တရား​များ​ကို ကျောခိုင်း​သူ​အရေအတွက် “တိုးများ” လာ​သည်​ဟု​ဆို​၏။

လက်တင်အမေရိက​၌ ချာ့ခ်ျ​များ အစိတ်စိတ်အမြွှာမြွှာ​ကွဲပြားခြင်း၊ ဥရောပ​တွင် အသင်းသားများ​ကို လက်လွှတ်​ဆုံးရှုံး​ရခြင်း၊ အမေရိကန်​နိုင်ငံ​တွင် ငွေကြေး​ထောက်ပံ့မှု​ကို ဖျော်ဖြေရေး​နှင့် စိတ်​လှုပ်ရှား​စ​ရာ ပျော်ပွဲရွှင်ပွဲ​များ​ဖြင့် ထိန်းထား​ခြင်း​စ​သည်​တို့ကို ကျွန်ုပ်​တို့ အကျဉ်းချုပ် ဆွေးနွေး​သုံးသပ်​ခဲ့​ကြပြီ။ ဤ​တွင်​မပါ​သော​အရာများ​စွာ ရှိနေသေး​သော်လည်း ခြုံ​ကြည့်​လိုက်​လျှင် ချာ့ခ်ျ​များသည် လူအများ​၏​နှစ်သက်​လက်ခံမှုကို​ရရှိရန် ကြိုးစား​ရုန်းကန်​နေကြ​သည်။ ခရစ်ယာန်​ဘာသာ​တရား ဆုတ်ယုတ်​နေသည်​ဟု ယင်းက​ဆိုလို​ပါသလော။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

“ကုန်​တိုက်ကြီး​နှင့်​တူသော ဘာသာ​တရား”

ပြင်သစ်​နိုင်ငံ​ရှိ ကက်သလစ်​ချာ့ခ်ျ​၏ ဒါရိုက်တာ​တစ်ဦး​က ဤသို့​ကိုးကား​ပြောဆို​ခဲ့​သည်– “ကျွန်ုပ်​တို့သည် ကုန်​တိုက်ကြီး​နှင့်​တူသော ဘာသာ​တရားကို တွေ့ မြင်​နေရ​သည်။ လူတို့သည် ချာ့ခ်ျ​ဝတ်ပြု​ဆုတောင်းပွဲ​များ​ကို ကိုယ်ကျိုး​အတွက် အသုံးချပြီး သဘော​မ​တွေ့​တော့​သည့်​အခါ အခြား​ဘက်​သို့ ဦးလှည့်​သွား​ကြသည်။” ဥရောပ​ဘာသာ​တရား​နှင့်​ပတ်သက်​၍ လေ့လာမှု​တစ်ခု​တွင် Britain’s Exeter တက္ကသိုလ်​ပါမောက္ခ​ဖြစ်သူ ဂရေ့စ်​ဒေ​ဗီ​က ဤသို့​ဆို​သည်– “လူတို့သည် ဘာသာ​ကွဲ​အမျိုးမျိုး​မှ အကျင့်ဓလေ့​များ​ကို ‘ရွေးချယ်​၍ ပေါင်းစပ်’ ကြသည်။ ဘာသာ​တရား​ဟူသည် လူတို့၏​ထင်မြင်ချက်၊ ဘဝ​ပုံစံ၊ ကြိုက်​နှစ်သက်ရာ​များနှင့်​အညီ လွတ်လပ်​စွာ​ရွေးချယ်​နိုင်​သည့်​အရာတစ်ခု ဖြစ်လာ​ပြီ။”

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

အီတလီ​နိုင်ငံ နေ​ပယ်​လ်​မြို့၊ ချာ့ခ်ျ​အဝင်ဝ​ပေါ်​တွင် ရေး​ခြ​စ်​ထား​ရာ​များ

[Credit Line]

©Doug Scott/​age fotostock

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

မက္ကဆီကို​တွင် လူ​အမြောက်အမြား ချာ့ခ်ျ​ယုံကြည်ချက်​မှ ဦးလှည့်​သွားခဲ့​ကြ