မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မီးတောင်မြုံ၏ အန္တရာယ်အရိပ်အောက်တွင် နေထိုင်ခြင်း

မီးတောင်မြုံ၏ အန္တရာယ်အရိပ်အောက်တွင် နေထိုင်ခြင်း

မီးတောင်​မြုံ​၏ အန္တရာယ်​အရိပ်အောက်​တွင် နေထိုင်ခြင်း

မီးတောင်​များသည် အမြဲ​ပင် လျှို့ဝှက်​ဆန်းကြယ်သော​အရာ​ဖြစ်၏။ ယင်း​တို့သည် ရာစုနှစ်​နှင့်​ချီ​၍ တိတ်ဆိတ်​ငြိမ်သက်​နေရာ​မှ ရုတ်တရက်​ထကြွ​လှုပ်ရှား​လာ​ကာ အကြီးအကျယ် သေကျေပျက်စီး​စေနိုင်​သည်။ မီးတောင်​ပေါက်ကွဲ​မှု​သည် ကျေးလက်​ဒေသနှင့် သက်ရှိ​များ​ကို မိနစ်​အနည်းငယ်​အတွင်း သိမ်း​ရုံး​ဖျက်ဆီး​ပစ်​နိုင်၏။

မီးတောင်​များသည် အန္တရာယ်​ရှိသည်​ကို မည်သူမျှ သံသယ​မဝင်​ချေ။ ယင်း​တို့သည် လွန်ခဲ့သော​ရာစုနှစ်​သုံးခု​၌​ပင် သိန်း​နှင့်​ချီ​သော​လူများ​၏​အသက်ကို ခြွေယူ​ခဲ့​လေ​ပြီ။ ကျွန်ုပ်​တို့​အများစု​သည် မီးတောင်​မြုံ​များ​၏​အန္တရာယ်​နှင့် လွတ်ကင်း​သော​ဒေသ​တွင် နေထိုင်ကြ​သည်​မှာ မှန်​သော်လည်း သန်းနှင့်ချီ​သော​လူ​တို့​မူ မီးတောင်​ရှင်​များ​၏ အနီး​ဝန်းကျင်​တွင် နေထိုင်ကြ​၏။ ဥပမာ၊ ပီ​ချင်​ချာ​မီးတောင်​သည် အီကွေဒေါ​နိုင်ငံ​၏​မြို့တော် ကွီ​တို​၏​အနောက်မြောက်​ဘက်တွင် ကပ်လျက်​တည်ရှိ​သည်။ အက်​ဇ်​တက်​ဘာသာ​စကား​တွင် “မီးခိုး​ထွက်​နေသော​တောင်” ဟု​အဓိပ္ပာယ်​ရှိသည့် ပို​ပို​ကယ်တီပယ်တောင်​သည် မက္ကဆီကို​စီးတီး​နှင့် မိုင် ၄၀ ခန့်အကွာ​တွင်​တည်ရှိ​သည်။ န​ယူးဇီ​လ​န်​၏​မြို့တော် အော့​က​လ​န်​မြို့​နှင့် အီတလီ​၏​မြို့တော် နေ​ပယ်​လ်​မြို့​သည် မီးတောင်​ခြေ​တွင် တည်ရှိ​ကြသည်။ ကမ္ဘာ​မြေကြီး​၏​စွမ်းအား​ကြောင့် မီးတောင်​မြုံ​များ ပြင်းထန်​စွာ​မြည်ဟည်း​တုန်ခါ​ကာ ပေါက်ကွဲ​နိုင်​သည့် အခြေအနေ​အောက်တွင် လူ​သန်းပေါင်း​များစွာ နေထိုင်​နေကြ​သည်။

အန္တရာယ်များ​သည့် မီးတောင်​ကြီး

နေ​ပယ်​လ်​မြို့​နေ​လူထု​သည် ဗီ​ဆူး​ဗီးယပ်စ်​မီးတောင်​အနီး​တွင် နေထိုင်ခဲ့​သည်​မှာ အနှစ် ၃,၀၀၀ ခန့်​ရှိပြီ​ဖြစ်သည်။ ဤ​မီးတောင်​သည် နေ​ပယ်​လ်​မြို့​နှင့် ခု​နစ်​မိုင်​အကွာ​တွင်​သာ တည်ရှိ​သည်။ ယင်း​တောင်​ကို ဆု​န်​မာ​တောင်​က စက်​ဝိုင်း​ခြမ်း​သဏ္ဌာန် ရံလျက်​ရှိသည်။ ဗီ​ဆူး​ဗီးယပ်စ်​မီးတောင်​သည် ကမ္ဘာ​ပေါ်​ရှိ အန္တရာယ်​အများဆုံး​မီးတောင်​များ​တွင် ပါဝင်​၏။ ယင်း​၏​အောက်ခြေ​သည် ပင်လယ်ရေ​မျက်နှာပြင်​အောက်တွင် တည်ရှိ​သောကြောင့် မြင်တွေ့ရ​သည့်​အရွယ်အစား​ထက် များစွာ​ကြီးမား​၏။

ဗီ​ဆူး​ဗီးယပ်စ်​မီးတောင်​သည် အကြိမ်ကြိမ်​ပေါက်ကွဲ​ခဲ့​ဖူး​သည်။ ပွန်​ပေ​မြို့​နှင့် ဟာ​ကျူ​လေ​နီ​ယမ်​မြို့များ​ကို ဖျက်ဆီး​ပစ်လိုက်​သည့် အေဒီ ၇၉ ပေါက်ကွဲ​မှု​နောက်ပိုင်း​မှ​စ၍ အကြိမ် ၅၀ ထက်မက ပေါက်ကွဲ​ခဲ့​သည်။ ၁၆၃၁ ခုနှစ်​ပေါက်ကွဲ​မှု​တွင် လူ ၄,၀၀၀ ခန့်​သေကျေပျက်စီး​ခဲ့​၏။

ဗီ​ဆူး​ဗီးယပ်စ်​မီးတောင်​သည် ရာစုနှစ်များ​တစ်လျှောက် ချော်ပြာ​များ အဆက်မပြတ်​မှုတ်ထုတ်​ကာ ချော်ရည်​များ ပွက်ထ​လျက်​ရှိ၏။ ၁၉၄၄ ခုနှစ်၊ ဒုတိယ​ကမ္ဘာ​စစ်​အတွင်း​တွင် ယင်း​မီးတောင်​ပေါက်ကွဲ​ခဲ့​ရာ မဟာမိတ်​တပ်​များ​အပေါ် ချော်ပြာ​များ​ဖုံးလွှမ်း​သွား​သည်။ အနီးအနား​ရှိ မာ​စာ​မြို့​နှင့် ဆန်​စေ​ဗတ်​စ​တီ​ယေး​နို​မြို့များ​ကို ချော်ပြာ​များ ဖုံးလွှမ်း​သွား​သကဲ့သို့ နာမည်ကြီး​အီတလီ​ကျေးလက်​ရိုးရာ​သီချင်း “ဖူ​နီ​ကျူလီ၊ ဖူ​နီ​ကျူ​လာ” ပါ​ထင်ရှား​ကျော်ကြား​သည့် ကြိုး​ဆွဲ​ရထား​ကိုလည်း ချော်ပြာ​များ ဖုံးလွှမ်း​သွားခဲ့သည်။

ယနေ့ နေ​ပယ်​လ်​မြို့သူ​မြို့သား​များသည် အန္တရာယ်​နှင့်​အလွန်​နီးကပ်​စွာ နေထိုင်​လျက်​ရှိသည်​ကို သတိမမူ​မိ​ကြ​ဟန်​တူ​သည်။ ကမ္ဘာ​လှည့်​ခရီးသည်​များသည် အထင်ကရ သမိုင်းဝင်​ဗိသုကာ​လက်ရာများ​ကို တအံ့တသြ​လေ့လာ​ကြ​၏။ ဈေး​ဆိုင်​များ၊ က​ဖေး​ဆိုင်​များ​ဖြင့် ပျား​ပန်း​ခပ်​စည်ကား​နေ​ကာ နေ​ပယ်​လ်​ပင်လယ်အော်​တွင် ရွက်လှေ​များ ရွက်လွှင့်​နေသည်။ ဗီ​ဆူး​ဗီးယပ်စ်​မီးတောင်​သည် အန္တရာယ်​ရှိ​မီးတောင်​မြုံ​အဖြစ်​မဟုတ်ဘဲ သဘောကောင်း​သော​မိတ်ဆွေ​အဖြစ် လူအများ​ကို ဆွဲဆောင်​လျက်​ရှိသည်။

မီးတောင်​မြို့တော် အော့​က​လ​န်

န​ယူးဇီ​လ​န်​နိုင်ငံ​၏ ဆိပ်ကမ်း​မြို့တော် အော့​က​လ​န်​တွင် မီးတောင်​များ ပြန့်ကျဲ​လျက်​ရှိသည်။ အမှန်​မှာ မြို့​နေ​လူထု​တစ်သန်း​ကျော်​သည် မီးတောင်​ငယ် ၄၈ လုံး​ကြား​တွင် နေထိုင်​လျက်​ရှိ၏။ ရှေး​မီးတောင်​ချိုင့်ဝှမ်း​များ​မှ သင်္ဘော​ဆိပ်ကမ်း​နှစ်ခု​ဖြစ်လာ​ပြီး ထို​တွင်​ရှိ​ကျွန်း​များသည် မီးတောင်​ပေါက်ကွဲ​ရာ​မှ ကျန်ရစ်​သော​အစိတ်အပိုင်း​များ​ဖြစ်သည်။ အမြင်​သာ​ဆုံး​ကျွန်း​မှာ ရေ​ထဲ​မှ​ထွက်ပေါ်​လာသော နှစ်ပေါင်း ၆၀၀ သက်တမ်း​ရှိ ရန်​ဂီ​တို​တို​ကျွန်း​ဖြစ်​ပြီး ဗီ​ဆူး​ဗီးယပ်စ်​မီးတောင်​နှင့် ပုံသဏ္ဌာန်​ရော အရွယ်အစား​ချင်း​ပါ တူညီ​သည်။ ၎င်း​ကျွန်း​ပေါ်ထွက်​လာစဉ်​က အနီးရှိ မို​ရီ​ရွာမှာ ချော်ပြာ​များ​အောက်​ရောက်​ခဲ့​ရသည်။

အော့​က​လ​န်​မြို့သူ​မြို့သား​များသည် မီးတောင်​များ​ကြား​တွင် နေသားကျ​နေပြီ​ဖြစ်သည်။ မွန်​ဂါ​ကီကီ​အမည်​ရှိ မီးတောင်​သည် ယနေ့​အချိန်တွင် ပြည်​သူ့​ဥယျာဉ်​နှင့် သိုးခြံ​အဖြစ် အော့​က​လ​န်​မြို့လယ်​တွင် တည်ရှိ​၏။ ယခု​အခါ​တွင် မီးတောင်​အချို့​မှာ ရေကန်​များ၊ ပန်းခြံ​များ၊ အားကစားကွင်း​များ​ဖြစ်နေ​လေ​ပြီ။ မီးတောင်​တစ်ခု​မှာ​မူ သင်္ချိုင်း​ဖြစ်နေ​ပြီ။ အများစု​သည် သဘာဝ​တောတောင်​ရှုခင်း​များ​ကို ကြည့်ရှု​ခံစား​ဖို့ မီးတောင်​စောင်း​များ​တွင် နေထိုင်ရန် ရွေးချယ်​ကြသည်။

အော့​က​လ​န်​မြို့တွင် ဦးဆုံး​အခြေချ​နေထိုင်သူ​တို့​မှာ မာ​အို​ရီ​လူမျိုး​ဖြစ်​ပြီး လွန်ခဲ့သော​အနှစ် ၁၈၀ တွင်​မူ ဥရောပတိုက်​သားများ​ရောက်လာ​ကြ​ကာ ယင်း​နေရာတွင် မီးတောင်​နှင့်​ပတ်သက်သော​အတိတ် ရှိခဲ့​ဖူး​သည်ကို လူများ အမှတ်ရ​ကြ​ဟန်​မတူ​ချေ။ ယင်းအစား ပင်လယ်​နှင့်​နီး​၍ မြေ​သြဇာ​ကောင်းမွန်သော​နေရာ​အဖြစ်​သာ ရှုမြင်​ကြသည်။ မြေ​သြဇာ​ကောင်းမွန်​သည်​ဟူသော​အချက်​က ကမ္ဘာ့​အခြား​ဒေသ​ရှိ မီးတောင်​တည်ရှိရာ​အရပ်​များ​တွင်​လည်း မှန်ကန်​ပါ​သည်။ ဥပမာ၊ အင်ဒိုနီးရှား​နိုင်ငံ​၏ စပါး​အထွက်​အကောင်းဆုံး​ဒေသ​တချို့​မှာ မီးတောင်​ရှင်​ဝန်းကျင်​တွင်​ဖြစ်သည်။ အမေရိကန်​နိုင်ငံ အနောက်ပိုင်း​တွင် အကောင်းဆုံး စိုက်ပျိုးရေး​ဒေသ​များ​မှာ အများအားဖြင့် မီးတောင်​ဒေသ​များ​ဖြစ်​ကြသည်။ အမှန်​မှာ ချော်ရည်​များ​ဖုံးလွှမ်း​နေသော​မြေ​သည် သက်တမ်း​တစ်နှစ်​မပြည့်မီ​တွင် သီးနှံများ စိုက်​ပျိုး​ဖြစ်ထွန်း​နိုင်​သည်။

ကြိုတင်​သတိပေး​စနစ်​များ

‘မီးတောင်​အနီး​တွင်​နေထိုင်ခြင်း​သည် အန္တရာယ်​မများ​ပေ​လော’ ဟု လူအများ​သိ​လို​ကြ​ပေမည်။ အဖြေ​မှာ အမှန်ပင်​အန္တရာယ်များ​၏။ သို့သော် သိပ္ပံ​ပညာရှင်​များသည် ငလျင်​နှင့် မီးတောင်​လှုပ်ရှားမှုများ​ကို အသေအချာ ထောက်လှမ်း​နိုင်​ကြသည်။ ဥပမာ၊ အမေရိကန် ဘူ​မိ​တိုင်းတာ​စစ်ဆေးရေး​ဌာန​သည် အရေးပေါ်​စနစ်​များ​ထား​ရှိကြ​သည့် နေ​ပယ်​လ်​မြို့​နှင့် အော့​က​လ​န်​မြို့မှ မီးတောင်​များ​အပါအဝင် ကမ္ဘာ​တစ်ဝန်း​ရှိ မီးတောင်​ရှင်​များ​ကို မပြတ်​ထောက်လှမ်း​လျက်​ရှိ၏။ သိပ္ပံ​ပညာရှင်​များသည် ၂၄-နာရီ ကမ္ဘာလုံး​ဆိုင်ရာ တည်နေရာ​ပြ​ဂြိုဟ်တု​စနစ်​များနှင့် ငလျင်​တိုင်းတာ​စက်​ကွန်ရက်​များ​ကို အသုံးပြု၍ ကျောက်​ရည်​ပူ​နှင့် မြေအောက်​ရွေ့လျား​မှုများ​ကို စုံစမ်း​ထောက်လှမ်း​နိုင်ပြီ​ဖြစ်သည်။

ဗီ​ဆူး​ဗီးယပ်စ်​မီးတောင်​သည် မပြတ်​စောင့်ကြည့်​ခံ​နေရ​၏။ အန္တရာယ်များ​ကို အထူး​သတိထား​သည့်​အနေ​နှင့် အီတလီ​အာဏာပိုင်​များသည် ၁၆၃၁ ခုနှစ်​တွင် ဖြစ်ပေါ်​ခဲ့​သော မီးတောင်​ပေါက်ကွဲ​မှု​ကြီး​မျိုးကို ကြိုတင်​သိရှိ​နိုင်​ရန် အရေးပေါ်​စနစ်​များ တပ်ဆင်​ထား​သည်။ ဤသို့ဖြင့် အန္တရာယ်​ဇုန်​တွင် နေထိုင်သူ​များသည် ပေါက်ကွဲ​မှု​မစတင်မီ​ပင် ထို​နေရာ​မှ​ထွက်ခွာ​ရန် သတိပေး​ခံရ​နိုင်​သည်​ဟု ပညာရှင်​များ​က ပြောဆို​ကြသည်။

အော့​က​လ​န်​မြို့​သည် မီးတောင်​စက်​ကွင်း​ဟု သိပ္ပံ​ပညာရှင်​များ သတ်မှတ်​သော​ဒေသ​တွင် တည်ရှိ​၏။ ယင်းက ရှိပြီး​သား​မီးတောင်​များ ပေါက်ကွဲခြင်း​အစား အခြား​တစ်​နေရာတွင် မီးတောင်​အသစ်​တစ်လုံး ထပ်​ပေါ်လာ​နိုင်​သည်ကို ဆိုလို​သည်။ မြေငလျင်​လှုပ်​ပြီး​နောက်ပိုင်း ရက်ပေါင်း​များစွာ​မှ သီတင်းပတ်​ပေါင်း​များစွာ​ကြာ​မှ​သာ ဤသို့​ဖြစ်ပျက်​နိုင်​ကြောင်း ကျွမ်းကျင်​သူများ​က​ဆို​သည်။ ဤသို့​သော မြေငလျင်​ကြိုတင်​သတိပေး​ချက်​များသည် လူများစွာ​အား ဘေးကင်း​လုံခြုံ​ရာ​ဒေသ​များ ရှာတွေ့နိုင်​ရန် အချိန်​ရရှိစေ​သည်။

ဘေးအန္တရာယ်​များ​ကို မပြတ်​အာရုံစိုက်​ခြင်း

မီးတောင်​များ​ကို ထောက်လှမ်း​ခြင်း​သည် အရေးပါ​သော်လည်း သတိပေး​ချက်​များ​ကို ဂ​ရု​မပြု​ပါ​က အကျိုးမရှိ​ချေ။ ၁၉၈၅ ခုနှစ်​တွင် ကိုလံဘီယာ​နိုင်ငံ၊ အာမီရို​မြို့၌ နီ​ဗာ​ဒို​ဒဲလ်​ရူ​အီ​စ်​မီးတောင် ပေါက်ကွဲ​တော့​မည်​ဖြစ်​ကြောင်း အာဏာပိုင်​များ​ကို သတိပေး​ခဲ့​၏။ မီးတောင်​လှုပ်ရှား​မြည်ဟည်း​နေသည်​ကို မိုင် ၃၀ ခန့်အကွာ​မှ ရှင်းရှင်းလင်းလင်း မြင်တွေ့​နေရ​သော်လည်း မြို့​နေ​လူထု​ကို မစိုးရိမ်​ကြ​ရန်​ပြော​ခဲ့​သည်။ ထို​အခါ ချော်ရည် ရွှံ့နွံ​များ စီးဆင်း​လာပြီး မြို့ကို​ဖုံးလွှမ်း​သွား​ရာ လူ ၂၁,၀၀၀ ကျော်​သေဆုံး​ခဲ့​ရလေ​သည်။

ထိုသို့​သော ကပ်ဘေး​ကြီး​များ ကျရောက်​ခဲ​သော်လည်း ပေါက်ကွဲ​မှုများ​မဖြစ်မီ​စပ်ကြား ငြိမ်သက်​အေးဆေး​နေသော​အချိန်တွင် ထပ်ဆင့်​သုတေသန​ပြု​မှု​နှင့် ပြင်ဆင်မှု​များ​ပြုလုပ်​ခဲ့​ကြသည်။ ထို့​ကြောင့် ဆက်၍​စူးစမ်း​ထောက်လှမ်း​ခြင်း၊ လုံလောက်​သော​ပြင်ဆင်မှု​များ ပြုလုပ်ခြင်း၊ ပြည်သူ​လူထု​အား အသိပညာ​ပေးခြင်း​သည် မီးတောင်​မြုံ​အနီး နေထိုင်သူ​များ​ကြုံ​ရသော​အန္တရာယ်များ​ကို လျော့နည်း​စေနိုင်​သည်။

သဘာဝ​ကပ်ဘေး​အတွက် သင် ကြိုတင်​ပြင်ဆင်​ထား​သလော။ သင့်​ဒေသ​တွင်​ဖြစ်တတ်​သည့် အန္တရာယ်များ​ကို သတိရှိ​ပါ။ မိသားစုဝင်​များ တ​ကွဲ​တ​ပြား​ဖြစ်သွား​ပါ​က တွေ့ဆုံ​မည့်​နေရာ​နှင့် သင်​ရှိ​မည့်​နေရာကို မည်သူ​ထံ​အကြောင်းကြား​မည်​ကို ကြိုတင်​ပြော​ထား​ပါ။ အစားအစာ၊ ရေ၊ ဆေး​သေတ္တာ၊ အရေးပေါ်​အဝတ်အစား၊ ရေဒီယို၊ ရေ​စို​ခံ​ဓာတ်​မီး၊ ဓာတ်ခဲ​အပို​များ အပါအဝင် အရေးပေါ်​ထောက်ပံ့​ပစ္စည်း​များ​ကို အသင့်​စုဆောင်း​ထား​ပါ။ ယင်း​ပစ္စည်း​များ အလုံအလောက်​စုဆောင်း​ထား​ပါ​က သင့်အတွက် ရက်​အတန်ကြာ ဖူလုံ​မည်​ဖြစ်သည်။

[စာမျက်နှာ ၁၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ကြိုတင်​ပြင်ဆင်​ပါ!

သဘာဝ​ကပ်ဘေး​အတွက် သင် ကြိုတင်​ပြင်ဆင်​ထား​သလော။ သင့်​ဒေသ​တွင်​ဖြစ်တတ်​သည့် အန္တရာယ်များ​ကို သတိရှိ​ပါ။ မိသားစုဝင်​များ တ​ကွဲ​တ​ပြား​ဖြစ်သွား​ပါ​က တွေ့ဆုံ​မည့်​နေရာ​နှင့် သင်​ရှိ​မည့်​နေရာကို မည်သူ​ထံ​အကြောင်းကြား​မည်​ကို ​ကြိုတင်​ပြော​ထား​ပါ။ အစားအစာ၊ ရေ၊ ဆေး​သေတ္တာ၊ အရေးပေါ်​အဝတ်အစား၊ ရေဒီယို၊ ရေ​စို​ခံ​ဓာတ်​မီး၊ ဓာတ်ခဲ​အပို​များ အပါအဝင် အရေးပေါ်​ထောက်ပံ့​ပစ္စည်း​များ​ကို အသင့်​စုဆောင်း​ထား​ပါ။ ယင်း​ပစ္စည်း​များ အလုံအလောက်​စုဆောင်း​ထား​ပါ​က သင့်အတွက် ရက်​အတန်ကြာ ဖူလုံ​မည်​ဖြစ်သည်။

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ဗီ​ဆူး​ဗီးယပ်စ်​မီးတောင်​ဝ​အနီး​တွင် ဧည့်သည်​များ လမ်းလျှောက်​နေကြ

[Credit Line]

©Danilo Donadoni/​Marka/​age fotostock

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အီတလီ​နိုင်ငံ၊ ဗီဆူးဗီးယပ်စ်တောင်​အရှေ့​ရှိ နေ​ပယ်​လ်​မြို့

[Credit Line]

© Tom Pfeiffer

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

ပွန်​ပေ​မြို့​နှင့် ဟာ​ကျူ​လေ​နီ​ယမ်​မြို့များ​ကို ဖျက်ဆီး​ပစ်​ခဲ့​သည့် အေဒီ ၇၉ ပေါက်ကွဲ​မှု​ကြီး​ကို ရေးဆွဲ​ထား​သည့်​ပန်းချီကား

[Credit Line]

© North Wind Picture Archives

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

အော့​က​လ​န်​မြို့ရှိ မီးတောင်​များစွာ​ထဲ​မှ တစ်လုံး​ဖြစ်သည့် ရန်​ဂီ​တို​တို​မီးတောင်​ကျွန်း

[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]

အထက်​နှင့်​လက်ယာ​ပုံ– မက္ကဆီကို​နိုင်ငံ၊ ပို​ပို​ကယ်တီပယ်တောင်

[Credit Lines]

AFP/​Getty Images

Jorge Silva/​AFP/​Getty Images

[Picture Credit Line on page 14]

USGS, Cascades Volcano Observatory