မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျိုးကွဲစုံစွမိုးမခ

မျိုးကွဲစုံစွမိုးမခ

မျိုး​ကွဲ​စုံ​စွ​မိုး​မ​ခ

ချက်​ပြည်​သူ့​သမ္မတနိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

အပင်​တစ်မျိုး​မှာ သွယ်လျ​ဖြောင့်တန်း​ကာ အလွန်​မြင့်မား​လှ​၏။ နောက်​အပင်​တစ်မျိုး​မှာ ကိုင်းညွတ်​ပြီး ငိုက်​ကျနေ​သည်။ အပင်​အနေအထား ကွဲပြား​သော်လည်း ယင်း​တို့သည် ဆွေမျိုး​နီးစပ်​များ​ဖြစ်​ကြသည်။ ယင်း​တို့​ကား မည်သည့်​အပင်များ​နည်း။ ပေါ့​ပ​လာ​ပင်​နှင့် ရုက္ခဗေဒ​အမည်​အားဖြင့် ဆေး​လ​စ်​ဘက်​ဘီ​လို​နီ​ကာ​ဟု​ခေါ်​သော မိုးမခပင်​တို့​ဖြစ်သည်။ ယင်း​အပင်​နှစ်မျိုး​စ​လုံး​သည် ဆေး​လ​စ်​ကေ​စီအီး မျိုးရင်းဝင်​များ​ဖြစ်​ကြ​၏။

မိုးမခပင်​များ​ကို မြစ်​ကမ်း​နဖူး​နှင့် ရေ​တိမ်​ချောင်း​နံဘေး​များ​တွင် တွေ့​ရလေ့​ရှိသည်။ ချက်​ပြည်​သူ့​သမ္မတနိုင်ငံ​ရှိ စိမ့်​တော​များ​တွင် အများအပြား​ပေါက်ရောက်​ပြီး သေးသွယ်​သော​အခက်များ​မှ လျင်မြန်​စွာ အညှောက်​ထွက်​လာ​ကြသည်။ မိုးမခပင်​များသည် အမြင့်ပေ ၁၀၀ ကျော်​အထိ​ရှိ​နိုင်​သည်။ ရှည်​၍​ကိုင်းညွတ်​နေသော အကိုင်းများ​မှ သေးသွယ်​သည့် အရွက်​များသည် တင့်တယ်လှ​ပ​စွာ တွဲ​လွဲ​ကျနေ​ပေမည်။ ရုက္ခဗေဒ​အမည်​အားဖြင့် ဆေး​လ​စ်​လူ​စီ​ဒါ​နှင့် ဆေး​လ​စ်ဒစ်​ကိုလာ​ဟူသော မိုးမခပင်​မျိုး​များ​မူ အရွက်​ဖားဖား​နှင့်​ဖြစ်၏။

မိုးမခပင်​နှင့် ပေါ့​ပ​လာ​ပင်​တို့​တွင် မျိုးစိတ် ၃၅၀ ကျော်​ရှိသော်လည်း အထူး​စိတ်ဝင်စားဖွယ်​ကောင်းသော အပင်​တစ်မျိုး​မှာ ဆေး​လ​စ်​ဘက်​ဘီ​လို​နီ​ကာ​ဟု​ခေါ်​သော မိုးမခပင်​မျိုး​ဖြစ်သည်။ နောက်​မျိုးစိတ်​တစ်ခု​မှာ ဆေး​လ​စ်​က​က်​ပ​ရီ​ယာ​ဟု​ခေါ်​သော မိုးမခပင်​မျိုး​ဖြစ်​ပြီး အရွက်​ထက် အရင်​ထွက်​လာ​သည့် ကြောင်​မြီး​ပုံပန်း​များ အ​ခိုင်​လိုက်​ပွင့်​သောကြောင့် ထင်ရှား​၏။ အဆိုပါ​ပန်း​များ ဖူး​ပွင့်​လာ​လျှင် နွေဦး​ပေါက်​တော့​မည်​ဟု ဆို​ကြသည်။

မျိုး​ကွဲ​စုံလင် မိုးမခပင်

ချက်​ပြည်​သူ့​သမ္မတနိုင်ငံ​၏​မြို့တော် ပ​ရာ့ဂ်​ရှိ ဘို​ဟီး​မီး​ယား​ဒေသ​တွင် ပေါ့​ပ​လာ​ပင်​များသည် မြင်​နေကျ​အပင်များ​ဖြစ်​ကြ​၏။ ပေါ့​ပ​လာ​ပင်​မျိုးစိတ် အနည်းဆုံး ၃၅ မျိုး​ရှိပြီး အားလုံး​မှာ မိုး​မ​ခ​မျိုးရင်းဝင်​များ​ဖြစ်​ကြသည်။ ပေါ့​ပ​လာ​နက်​သည် လူသိ​အများဆုံး​ဖြစ်ဖွယ်​ရှိပြီး ယင်းကို စမ်း​ချောင်းများ​တစ်လျှောက်​နှင့် ဘို​ဟီး​မီး​ယား​၏ စိုစွတ်​သော​သစ်တော​များ​တွင် တွေ့ရ​တတ်​သည်။ ပေါ့​ပ​လာ​နက်​တစ်မျိုး​မှာ အီတာလျံ သို့​မဟုတ် လောင်​ဗာ​ဒီ​ပေါ့​ပ​လာ​ဖြစ်​ရာ ယင်း​တွင် သေးသွယ်​သော​ပင်စည်​ရှိပြီး အကိုင်း​အ​လက်​တို့သည် ဘေး​သို့​ကား​ထွက်​မနေ​ဘဲ ပင်စည်​နှင့်​ကပ်​၍ အပေါ်​သို့​ထောင်​ထွက်​သည်။ လှပ​ခန့်ညား​သော ဤ​အပင်​သည် ၁၁၅ ပေ​အထိ​မြင့်​ရာ ၁၁ ထပ်​အဆောက်အအုံ​၏​အမြင့်​နှင့် တူညီ​သည်။ ထို့​ပြင် အီတာလျံ​ပေါ့​ပ​လာ​ပင်​များ​ကို ကား​လမ်းမများ​တစ်လျှောက် တွေ့ရှိ​နိုင်​ပြီး ကျေးလက်​ရှုခင်း​ကို ပို​၍​ပေါ်လွင်​လှပ​စေ​သည်။ အထူးသဖြင့် အရွက်​များ အဝါရောင်​သို့​ပြောင်း​သွား​သည့် ဆောင်းဦး​ရာသီ​တွင်​ဖြစ်၏။

ပေါ့​ပ​လာ​ပင်​နောက်​တစ်မျိုး​မှာ အက်​စ​ပင်​ဖြစ်သည်။ ပင်စည်​မှာ မ​မြင့်မား​သည့်​အပြင် ပင်​ဖျား​မှာ ခပ်​ရှူးရှူး​ဖြစ်၏။ ထို့​ပြင် အက်​စ​ပင်​တွင် ထူးခြားချက် နောက်​တစ်မျိုး​ရှိသေး၏။ အရွက်​တို့သည် လေပြေ​လေ​ညှင်း တိုက်ခတ်​ရုံ​မျှ​နှင့် တ​ဖြတ်​ဖြတ် လှုပ်ရှား​တတ်သော အပင်​မျိုး​ဖြစ်သည်။

ကျမ်းစာ​ထဲ​မှ​မိုး​မ​ခ

ပေါ့​ပ​လာ​ပင်​တို့သည် အရှေ့​အလယ်ပိုင်းဒေသ တောင်ပိုင်း​စွန်း​တွင် ရှင်သန်​ပေါက်ရောက်​သည်​ဟု သင်​ထင်​မည်​မဟုတ်​ချေ။ သို့သော် ဣသရေလ​လူမျိုး​သည် ဗာဗုလုန်​ပြည်​သို့ နယ်နှင်ဒဏ်​ခံရ​ချိန်​က ၎င်းတို့၏ စောင်း​များ​ကို မိုး​မ​ခ​မျိုးရင်းဝင် ပေါ့​ပ​လာ​ပင်​များ​ပေါ်​တွင် ချိတ်ဆွဲ​ထားခဲ့​ကြ​ကြောင်း သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထား​သည်။ (ဆာလံ ၁၃၇:၂) သူတို့ အဘယ်ကြောင့် ထိုသို့​ပြု​ခဲ့​ကြ​သနည်း။ စောင်း​သည် ဘုရားသခင်​အား ချီးမွမ်း​ထောမနာပြု​ရာ​တွင် အသုံးပြုသည့် တူရိယာ​ဖြစ်သော်လည်း ဝမ်းနည်း​ကြေကွဲ​နေသော ဣသရေလ​လူမျိုး​သည် စောင်းတီး​လို​စိတ်​မရှိခဲ့​ကြ​ချေ။ (ဟေရှာယ ၂၄:၈၊ ၉) ထို့​ပြင် စုသိမ်း​ပွဲ​ကာလ​အတွင်း တဲ​များ​ဆောက်လုပ်​ရာ​၌ မိုး​မ​ခ​မျိုးရင်းဝင် ပေါ့​ပ​လာ​ပင်​၏​အကိုင်းများ​ကိုလည်း အသုံးပြု​ကြောင်း သမ္မာကျမ်းစာ​က ဖော်ပြ​သည်။ (ဝတ်ပြုရာ ၂၃:၄၀) ယောဘ​ကျမ်း​တွင် အကြောက်​အ​လန့်​မရှိသော ရေမြင်း​သည် မြစ်ချောင်း​များ​တွင် ကျက်စား​ကြောင်း၊ “ချောင်းနား​မိုးမခပင် [အခြား​ဘာသာပြန်​ကျမ်း​များ​အရ ပေါ့​ပ​လာ] တို့သည်” သူ့ကို အရိပ်​အာ​ဝါ​သ​ပေး​ကြောင်း ဖော်ပြ​ထား​သည်။—ယောဘ ၄၀:၂၂

ယနေ့ စီးပွားရေး​ထုတ်ကုန်​အမျိုးမျိုး​အတွက် ပေါ့​ပ​လာ​နှင့်​မိုးမခပင်​များ​ကို အသုံးပြု​ကြ​၏။ သစ်​ပါးလွှာ၊ အထပ်​သား၊ ကုန်​သေတ္တာ​များ၊ ကတ်​ထူ​ဘူး​များနှင့် အခြား​စက္ကူ​ထုတ်ကုန်​အမျိုးမျိုး ထုတ်လုပ်​ရာ​တွင် ပေါ့​ပ​လာ​ပင်ကို အသုံးများ​ကြသည်။ ထို့​ပြင် မိုးမခပင်​၏ အသုံးဝင်​မှု​ကြောင့် ယင်းကို အလွန်​တန်ဖိုး​ထား​ကြသည်။ လက်မှုပညာ​ရှင်​များသည် မိုးမခပင်​၏ ပျော့ပျောင်း​သော​အခက်​အ​လက်​များ​ကို အသုံးပြု၍ ခြင်းတောင်း​များ၊ ပရိဘောဂ​များ​ပြုလုပ်​ကြသည်။ မိုး​မ​ခ​သည် အမှန်တကယ်​ပင် အသုံး​တွင်ကျယ်​လှ​ပေ​သည်!

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဆေး​လ​စ်​ဘက်​ဘီ​လို​နီ​ကာ​မိုး​မ​ခ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အက်​စ​ပင်​ရွက်​များ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

လောင်​ဘာ​ဒီ​ပေါ့​ပ​လာ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ဆေး​လ​စ်​က​က်​ပ​ရီ​ယာ​မိုး​မ​ခ

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

ပေါ့​ပ​လာ​နက်