မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လိင်တူမေထုန် ဒါကို ငါဘယ်လိုရှောင်ရမလဲ

လိင်တူမေထုန် ဒါကို ငါဘယ်လိုရှောင်ရမလဲ

လူငယ်များ​အမေး . . .

လိင်​တူ​မေထုန် ဒါကို ငါ​ဘယ်လို​ရှောင်​ရမလဲ

“ကျွန်မ​အသက် ၁၂ နှစ်​တုန်း​က ကျောင်း​က​မိန်းကလေး​တစ်ယောက်ကို စွဲလမ်း​ခဲ့​တယ်။ ကျွန်မ​ဟာ လိင်​တူ​ဆက်ဆံ​တဲ့​အမျိုးသမီး​တစ်ဦး ဖြစ်နေ​မလား​ဆိုတာ ဝေခွဲမရ​ဖြစ်​ပြီး စိုးရိမ်​လာတယ်။”—အန်​နာ။ *

“ကျွန်တော်​ဆယ်ကျော်သက်​တုန်း​က တခြား​ယောက်ျားလေး​တွေ​အပေါ် စွဲလမ်း​တာ​ကို အပြင်းအထန်​တိုက်လှန်​ခဲ့​ရတယ်။ အဲဒီ​အတွေး​တွေ​ဟာ ပုံမှန်​မဟုတ်ဘူးဆိုတာ စိတ်ထဲ​က​သိနေ​တယ်။”—အို​လက်​ဖ်။

“ကျွန်မ​ရဲ့​မိန်းကလေး​သူငယ်ချင်း​နဲ့ ကျွန်မ တစ်ခါ​နှစ်ခါ​နမ်း​ဖူး​တယ်။ ယောက်ျားလေး​တွေ​ကိုလည်း သဘောကျ​နေတုန်းပဲ​ဖြစ်​လို့ ကျွန်မ​ဟာ နှစ်ဖက်​ချွန်​ဖြစ်နေ​မလား​ဆိုတာ သိချင်ခဲ့တယ်။”—စာရာ။

ယနေ့ ဘာကို​မဆို​လက်သင့်ခံ​နိုင်သော သဘောထားကြီး​မှုများ​က လိင်​တူ​မေထုန်​ကို စမ်း​ကြည့်​ရန် လူငယ်များစွာ​အား လှုံ့ဆော်ပေး​ခဲ့ပြီ။ “ကျွန်မ​တို့​ကျောင်း​က မိန်းကလေး​အများစုဟာ လိင်​တူ​မေထုန်​သ​မား ဒါမှ​မဟုတ် နှစ်ဖက်​ချွန်​ဖြစ်တယ်​လို့ ဆို​ကြတယ်” ဟု​အသက် ၁၅ နှစ်​ရှိသည့် ဗက်ကီ​က​ဆို​၏။ အသက် ၁၈ နှစ်အရွယ် ခရစ္စ​တာ​လည်း သူ၏​ကျောင်းတွင် အလားတူ​အခြေအနေ​မျိုး​နှင့် ကြုံ​ရသည်။ “အတန်းဖော်​မိန်းကလေး​နှစ်ယောက် ကျွန်မ​ကို လိင်ဆက်ဆံ​ဖို့ မြှူဆွယ်​တယ်။ တစ်ယောက်​က ကျွန်မ​ကို စာတိုလေး​တစ်စောင်​ရေး​ပြီး မိန်းကလေး​တစ်ယောက်​နဲ့​လိင်ဆက်ဆံတာ ဘယ်လိုမျိုး​လဲ​ဆိုတာ သိချင်​သလား​လို့​မေးတယ်။”

လိင်​တူ​ဆက်ဆံမှု​များ​မှာ အလွန်​ပေါ်ပေါ်ထင်ထင်​ဖြစ်လာ​ရာ ‘လိင်​တူ​မေထုန်​ဟာ တကယ်​ဆိုးညစ်​တဲ့​လုပ်ရပ်​လား၊ လိင်​တူ​သူ​တစ်ယောက်ယောက်​ကို ငါ​စွဲလမ်း​နေရင်​ကော၊ အဲဒါ​က ငါဟာ လိင်​တူ​မေထုန်​သ​မား​လို့ ဆိုလို​သလား’ ဟု​သင်​သိ​လို​ပေမည်။

လိင်​တူ​မေထုန်​ကို ဘုရားသခင် မည်သို့​ရှုမြင်​သနည်း

ယနေ့ များစွာသော​သူတို့​သာမက ခရစ်ယာန်​ဓမ္မ​ဆရာ​အချို့​ပင်​လျှင် လိင်​တူ​မေထုန်​ကိစ္စ​ကို ခပ်​ပေါ့​ပေါ့​သဘောထားကြ​သည်။ သို့သော် သမ္မာကျမ်းစာ​က ရှင်းလင်းစွာ​ဖော်ပြ​ထား​သည်။ ယေဟောဝါ​ဘုရားသခင်​သည် ယောက်ျား​နှင့် မိန်းမကို​ဖန်ဆင်း​ကာ လင်မယား​နှစ်ဦး​သာ လိင်ဆန္ဒ​များ​ကို ဖြည့်ဆည်း​ကြ​ရန် ရည်ရွယ်​ခဲ့​သည်။ (ကမ္ဘာဦး ၁:၂၇၊ ၂၈; ၂:၂၄) ထို့​ကြောင့် သမ္မာကျမ်းစာ​က လိင်​တူ​မေထုန်ပြု​ခြင်း​ကို ပြစ်တင်​ရှုတ်ချ​သည်​မှာ အံ့ဩစရာ​မဟုတ်​ချေ။—ရောမ ၁:၂၆၊ ၂၇

များစွာသော​သူတို့က သမ္မာကျမ်းစာ​သည် ခေတ်​နောက်ကျ​သွားပြီ​ဟု ဆို​ကြ​ပေမည်။ ဥပမာ၊ အသက် ၁၄ နှစ်အရွယ် မီ​ဂ​န်​က “သမ္မာကျမ်းစာ​မှာပါတဲ့​အရာ​တချို့ဟာ အခုခေတ်မှာ အရေးမပါ​တော့​ဘူး” ဟု​ဆို​၏။ သို့သော် အချို့​သူတို့ အဘယ်ကြောင့် ထိုသို့​အလျင်စလို ပြောဆို​ကြ​သနည်း။ များသောအားဖြင့် သမ္မာကျမ်းစာ​၏​ရှုထောင့်​သည် သူတို့၏​ရှုထောင့်​နှင့် ကွဲလွဲ​နေသော​ကြောင့်​ဖြစ်၏။ ဘုရားသခင့်​စကားတော်​က သူတို့​ယုံကြည်​လို​သော​အရာ​နှင့်​မတူ ခြားနား​သည့်​အရာ​ကို သွန်သင်သော​ကြောင့် ယင်းကို သူတို့​ငြင်းပယ်​ကြသည်။ သို့သော် သမ္မာကျမ်းစာ​သည် ခေတ်​နောက်ကျ​သွားပြီ​ဟူသော​ရှုမြင်ချက်​မှာ လွဲမှား​ကာ ထိုသို့ ဆင်ခြင်တုံ​တရား​နှင့်​မညီသော​အတွေးအခေါ်ကို ချိုးနှိမ်​ရန် ကျွန်ုပ်​တို့ကို သမ္မာကျမ်းစာ​က တိုက်တွန်း​သည်။ ယေဟောဝါ​ဘုရားသခင်​က ကျမ်းစာ​တွင်​ပါ​သော ကိုယ်တော်​၏​မိန့်မှာချက်​များသည် ကျွန်ုပ်​တို့၏​ကောင်းကျိုး​အတွက်​ဖြစ်သည်​ကို သုံးသပ်ကြည့်​ရန် တိုက်တွန်း​ထား​သည်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယင်းသည် အကျိုးသင့်အကြောင်းသင့်​ရှိ၏။ ထို့​ထက်​ကား ကျွန်ုပ်​တို့၏ လူ့​သဘောသဘာဝ​ကို ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​ထက် မည်သူ​ပို​သိနိုင်​မည်​နည်း။

လူငယ်​တစ်ဦး​အနေ​နှင့် သင်သည် စိတ်​လှုပ်ရှားမှု​အမျိုးမျိုး ဖြစ်ပေါ်​ခံစား​နေရ​ပေမည်။ လိင်​တူ​သူ​တစ်ဦး​ကို သင်​စွဲလမ်း​နေလျှင်​ကော။ ယင်းက သင်သည် လိင်​တူ​မေထုန်​သ​မား​တစ်ဦး​ဖြစ်သည်​ဟူသော​သဘော အလိုအလျောက်​သက်ရောက်​သလော။ မသက်ရောက်​ပါ။ သင်သည် လိင်စိတ်​နှိုး​ကြွ​နေသည့် “လူငယ့်​အပွင့်​လန်း​ဆုံး​အချိန်” တွင်​ရောက်ရှိ​နေကြောင်း သတိရပါ။ (၁ ကောရိန္သု ၇:၃၆က​ဘ) သင်သည် လိင်​တူ​သူ​တစ်ဦး​အပေါ် အချိန်​အတန်ကြာ အာရုံရောက်​နေ​ပေမည်။ သို့သော် ထိုသို့​သော​စွဲလမ်းမှု​က သင်သည် လိင်​တူ​မေထုန်​သ​မား​ဖြစ်သည်​ဟူသော​သဘော မသက်ရောက်​ချေ။ အမှန်ဆိုလျှင် ထိုသို့​သော​စိတ်ဝင်စားမှု​များသည် တဖြည်းဖြည်း​ပျောက်​သွားလေ့​ရှိကြောင်း စာရင်း​ဇယား​များ​က ဖော်ပြ​သည်။ သို့​တိုင် ‘ဒီ​ဆန္ဒ​တွေ​ဟာ ဘယ်လို​စတင်​ဖြစ်ပေါ်​လာသလဲ’ ဟု​သင်​သိ​လို​ပေမည်။

အချို့​က လိင်​တူ​ဆက်ဆံခြင်း​သည် မျိုးရိုး​ဗီဇ​ကြောင့်​ဟု​ဆို​၏။ အခြားသူ​တို့​က​မူ ယင်းသည် သိမြင်​တတ်သိလာ​သော အမူအကျင့်​တစ်ခု​ဟု ဆို​ကြ​၏။ ဤ​ဆောင်းပါး​၏​ရည်ရွယ်ချက်မှာ “သဘာဝဗီဇ​နှင့် ပုံသွင်း​ခံရ​ခြင်း” အကြောင်းကို ဆွေးနွေး​ရန်​မဟုတ်​ချေ။ အမှန်ဆိုလျှင် လိင်​တူ​မေထုန်ပြု​ခြင်း​သည် အကြောင်းရင်း​တစ်ခု​ကြောင့်​သာ​ဖြစ်​ရသည်​ဟု ယူမှတ်​မည်​ဆိုလျှင် ရိုး​စင်း​လွန်း​ရာ​ရောက်​ပေမည်။ အခြား​အမူအကျင့်များ​နည်းတူ လိင်​တူ​ဆက်ဆံခြင်း​သည် ထို​ထက် ပို​ရှုပ်ထွေး​ပုံ​ရသည်။

မည်သည့်​အကြောင်းကြောင့်​ပင်​ဖြစ်ပါစေ လိင်​တူ​ဆက်ဆံမှု​များ​ကို သမ္မာကျမ်းစာ​က ပြစ်တင်​ရှုတ်ချ​ကြောင်း သိ​နားလည်​ရန် အရေးကြီး​၏။ ထို့​ကြောင့် လိင်​တူ​သူ​ချင်း​စွဲလမ်းမှု​များ​ကို တိုက်လှန်​နေရသူ​သည် ထို​ဆန္ဒ​များ​အတိုင်း မပြု​လုပ်မိ​ရန် ကြိုးစား​လျှင် အောင်မြင်​နိုင်​ကြောင်း ဖော်ပြ​ထား​သည်။ ဥပမာ​အနေ​နှင့် လူတစ်ဦး​သည် ‘ဒေါသ​ပြင်းထန်​သူ’ ဖြစ်​ပေမည်။ (သု. ၂၉:၂၂) ယခင်​က သူသည် ဒေါသကို မချုပ်တည်း​သူ​ဖြစ်​ပေမည်။ သို့သော် သမ္မာကျမ်းစာ​ကို လေ့လာ​ပြီး​နောက် ချုပ်တည်း​ဖို့​လို​ကြောင်း သိရှိ​လာ​သည်။ ယင်းကြောင့် သူသည် မည်သည့်​အခါ​မျှ ဒေါသ​ထွက်​မည်​မဟုတ်​တော့​ဟု ဆိုလို​သလော။ မဆိုလို​ပေ။ သို့သော် အမျက်​ဒေါသ မချုပ်တည်း​ခြင်း​နှင့်​ပတ်သက်​၍ သမ္မာကျမ်းစာ​ပြောဆို​ထား​ရာ​ကို သူသိ​ရှိ​ထားသော​ကြောင့် သူ၏​စိတ်​ခံစားမှု​များ​ကို အလျှော့ပေး​လိုက်လျော​မည်​မဟုတ်ပေ။ အခြားသော​လိင်​တူ​သူများကို စွဲလမ်း​နေ​သော်လည်း လိင်​တူ​ဆက်ဆံခြင်း​အကြောင်း သမ္မာကျမ်းစာ​ပြောဆို​ရာ​များ​ကို ယခု သိရှိ​လာ​သူ​တစ်ဦး​နှင့်​ပတ်သက်​၍​လည်း အလားတူ​ပင်​ဖြစ်၏။ မတော်လျော်​သော​ဆန္ဒ​များ မကြာခဏ​ပေါ်လာ​ပေမည်။ သို့သော် ကျမ်းစာ​အကြံပြုချက်ကို လိုက်နာခြင်း​ဖြင့် လူတစ်ဦး​သည် ထို​ဆန္ဒ​အတိုင်း​ပြုမူခြင်း​ကို ရှောင်ရှား​နိုင်​သည်။

မှန်ပါသည်၊ လိင်​တူ​သူ​ချင်း​စွဲလမ်းမှု​များသည် ခိုင်မြဲ​စွာ​အမြစ်တွယ်​နေ​ပေမည်။ သို့သော် နက်ရှိုင်း​စွာ​အမြစ်တွယ်​နေသည့် မှားယွင်းသော​ဆန္ဒ​များ​ကို​ပင် ကျော်လွှား​နိုင်​ပါ​သည်။ (၁ ကောရိန္သု ၉:၂၇; ဧဖက် ၄:၂၂-၂၄) အဆုံးစွန်​ဆို​ရ​လျှင် သင့်​အသက်ရှင်​နေထိုင်ပုံ​ကို သင် ထိန်းချုပ်​နိုင်​သည်။ (မဿဲ ၇:၁၃၊ ၁၄; ရောမ ၁၂:၁၊ ၂) ထိုသို့​ထိန်းချုပ်​နိုင်​မည်​မဟုတ်​ဟု ဆို​ကြ​မည်​ဖြစ်သော်လည်း သင်၏​စိတ်ဆန္ဒ​များ​ကို ထိန်းချုပ်​တတ်​ရန် သင်ယူ နိုင် ပါ​သည်။ သို့​မဟုတ် အနည်းဆုံး ထို​ဆန္ဒ​များ​အတိုင်း မပြု​လုပ်မိ​အောင် ရှောင်ရှား​နိုင်​ပါ​သည်။

မှားယွင်းသော​အကျင့်​များ​ကို ငြင်းပယ်​ပါ

လိင်​တူ​မေထုန်​မပြုမိ​ရန် သင် မည်သို့​ကြ​ဉ်​ရှောင်နိုင်​သနည်း။

ပထမ ကိုယ်တော်​သည် သင့်​အား “သတိ​နှင့်​ကြည့်ရှု​တော်​မူ” သည်ကို ယုံကြည်​စိတ်ချ​ကာ ဆုတောင်းခြင်း​ဖြင့် သင်၏​စိုးရိမ်မှု​မှန်သမျှကို ယေဟောဝါ​ထံ အပ်နှံ​ပါ။ (၁ ပေတရု ၅:၇; ဆာလံ ၅၅:၂၂) ယေဟောဝါ​သည် “အဘယ်သူမျှ ကြံ​၍​မမီ​နိုင်သော” ငြိမ်သက်ခြင်း​ဖြင့် သင့်ကို ခွန်​အားပေးနိုင်​သည်။ ယင်းက မှားယွင်းသော​ဆန္ဒ​များ​အတိုင်း မပြုမိ​ရန် သင်၏ ‘စိတ်နှလုံး​ကို စောင့်မ’ ကာ “သာမန်​ထက်​ထူးကဲ​သောတန်​ခိုး​တော်” ကို​ပေး​နိုင်​သည်။ (ဖိလိပ္ပိ ၄:၇; ၂ ကောရိန္သု ၄:၇က​ဘ) မိမိသည် နှစ်ဖက်​ချွန်​ဖြစ်​မည်​ကို စိုးရိမ်​နေသည့် စာရာ​က ဤသို့​ဆို​သည်– “ကျွန်မ​ရဲ့​အတွေး​တွေ​ကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်​တိုင်း ကျွန်မ​ဆုတောင်း​တယ်၊ ယေဟောဝါ​က ကျွန်မ​ကို ခွန်​အားပေးတယ်။ ကိုယ်တော်​သာ​မကူညီ​ရင် ဒီ​ပြဿနာ​ကို ကျွန်မ ဖြေရှင်း​နိုင်​မှာ​မဟုတ်ဘူး။ ဆုတောင်းခြင်း​ဟာ ကျွန်မ​ရဲ့​အသက်သွေး​ကြော​ပဲ!”—ဆာလံ ၉၄:၁၈၊ ၁၉; ဧဖက် ၃:၂၀

ဒုတိယ သင်၏​စိတ်ထဲ​တွင် ဝိညာဉ်​ရေး​တည်ဆောက်​စ​ရာ အတွေး​များနှင့် ပြည့်နေ​စေပါ။ (ဖိလိပ္ပိ ၄:၈) သမ္မာကျမ်းစာ​ကို နေ့စဉ်​ဖတ်ရှု​ပါ။ သင့်​စိတ်နှလုံး​အပေါ် ကောင်းကျိုး​သက်ရောက်​စေနိုင်​သည့် ယင်း​၏​အစွမ်း​ကို မည်သည့်​အခါ​မျှ လျှော့မတွက်​ပါ​နှင့်။ (ဟေဗြဲ ၄:၁၂) ဂျေ​စင် အမည်​ရှိသည့် လူငယ်​တစ်ဦး​က ဤသို့​ဆို​သည်– “၁ ကောရိန္သု ၆:၉၊ ၁၀ နဲ့ ဧဖက် ၅:၃ တို့​လို ကျမ်းချက်​တွေ​အပါအဝင် သမ္မာကျမ်းစာ​ဟာ ကျွန်တော့်​အပေါ် တော်​တော်​သြဇာညောင်း​တယ်။ မှားယွင်း​တဲ့​ဆန္ဒ​တွေ​ပေါ်လာ​တိုင်း အဲဒီ​ကျမ်းချက်​တွေ​ကို ကျွန်တော်​ဖတ်​တယ်။”

တတိယ မှားယွင်းသော​အတွေး​များ​ကို​သာ လှုံ့ဆော်ပေး​သည့် အ​ပြာ​စာပေ​နှင့် လိင်​တူ​မေထုန်​ဝါဒဖြန့်မှု​တို့ကို ရှောင်ပါ။ * (ဆာလံ ၁၁၉:၃၇; ကောလောသဲ ၃:၅၊ ၆) ရုပ်ရှင်​နှင့် ရုပ်မြင်သံကြား​အစီအစဉ်​တချို့က​လည်း လိင်​တူ​ဆက်ဆံခြင်း​သည် ဘဝ​ပုံစံ​အပြောင်းအလဲ​တစ်ခုမျှသာ​ဖြစ်သည်​ဟူသော အယူအဆကို မြှင့်တင်​ပေး​၏။ “လောကရဲ့​လွဲမှား​နေတဲ့​အတွေးအခေါ်​က ကျွန်မ​ကို စိတ်​အနှောင့်အယှက်​ဖြစ်စေ​ရုံ​မ​က ဖို​မ​ကိစ္စ​မှာလည်း ကျွန်မ​ကို ပို​ပြီး​စိတ်ရှုပ်​ထွေး​စေတယ်။ အခုတော့ လိင်​တူ​မေထုန်​ကို အားပေးတဲ့ ဘယ်အရာ​ကို​မဆို၊ ဘယ်သူ့ကိုမဆို ဝေးဝေးရှောင်​တယ်” ဟု အဲ​န်​နာ​က ဆို​သည်။—သု. ၁၃:၂၀

စတုတ္ထ ယုံကြည်​စိတ်ချ​ရသူ​တစ်ဦး​ကို ရှာဖွေ​ကာ သင်၏​အတွေး​များ​ကို သူ့​အား​ပြောပြ​ပါ။ (သု. ၂၃:၂၆; ၃၁:၂၆; ၂ တိမောသေ ၁:၁၊ ၂; ၃:၁၀) ခရစ်ယာန်​အကြီးအကဲ​တစ်ဦး၏​အကူအညီကို ရယူခဲ့​သည့် အို​လက်​ဖ် က ဤသို့​ပြန်​အမှတ်ရ​သည်– “သူ့ရဲ့​အကြံပြုချက်​က တော်​တော်​ထိရောက်​တယ်။ စောစော​ကတည်းက သူ့ကို​ပြောပြ​ခဲ့ရင် အကောင်း​သား။”

လက်လျှော့​အရှုံးမပေး​ပါ​နှင့်

အချို့​သူတို့က ဤ​အရာအားလုံးကို လုပ်ဆောင်ခြင်း​သည် အဓိပ္ပာယ်​မရှိ၊ သင့်​လိင်ဆန္ဒ​အတိုင်းသာ လိုက်လုပ်​သင့်​သည်​ဟု ပြော​ကြ​ပေမည်။ သို့သော် သမ္မာကျမ်းစာ​က ထို​ထက်​ကောင်း​သည့်​အရာ​ကို သင်​ပြုလုပ်​နိုင်​သည်​ဟု​ဆို​၏! ဥပမာ၊ ယခင်​က လိင်​တူ​ဆက်ဆံ​ခဲ့​သည့် ကနဦး​ခရစ်ယာန်​အချို့​သည် ပြောင်းလဲ​ခဲ့​ကြသည်​ဟု ကျမ်းစာ​က ဖော်ပြ​၏။ (၁ ကောရိန္သု ၆:၉-၁၁) သင့်​တွင် ထို​ဆန္ဒ​လွှမ်းမိုး​နေလျှင်​ပင် အောင်မြင်​နိုင်​ပါ​သည်။

သင်၌ ထို​ဆန္ဒ​များ​ရှိ​မြဲ​ရှိ​နေလျှင် လက်လျှော့​အရှုံးမပေး​ပါ​နှင့်။ အဖတ်ဆယ်​မရသူ​ဟု ကောက်ချက်​မချ​လိုက်ပါ​နှင့်။ (ဟေဗြဲ ၁၂:၁၂၊ ၁၃) ကျွန်ုပ်​တို့အားလုံး ရံဖန်ရံခါ မိမိတို့၏​မှားယွင်းသော​စိတ်ဆန္ဒ​များ​ကို တိုက်လှန်​ကြ​ရသည်။ (ရောမ ၃:၂၃; ၇:၂၁-၂၃) သင်သည် မှားယွင်းသော​ဆန္ဒ​များ​အတိုင်း မ​လုပ်မိ​ရန်​ကြိုးစား​လျှင် အတန်​ကြာသော် ယင်း​ဆန္ဒ​များ​ပျောက်​သွားပေ​မည်။ (ကောလောသဲ ၃:၅-၈) ထို့​ထက်​ကား အကူအညီ​ရ​ရန် ယေဟောဝါ​ကို အားကိုးပါ။ ကိုယ်တော်​သည် သင့်ကို​ချစ်တော်မူ​ပြီး သင့်​အား ပျော်ရွှင်​စေ​မည့်​အရာ​ကို သိတော်မူ၏။ (ဟေရှာယ ၄၁:၁၀) မှန်ပါသည်၊ ‘ယေဟောဝါ​ကို​ခိုလှုံ​၍ ကောင်းသော​အကျင့်ကို ကျင့်​လော့။ . . . သို့ပြုလျှင် စိတ်နှလုံး​အလို ပြည့်စုံ​ရသော​အခွင့်​ကို ပေး​တော်​မူ​မည်။’—ဆာလံ ၃၇:၃၊ ၄

“လူငယ်များ​အမေး . . . ” အခန်းဆက်​ဆောင်းပါး​များ​ကို www.watchtower.org/ype ဝက်ဘ်ဆိုက်​တွင် တွေ့​နိုင်​ပါ​သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 3 ဤ​ဆောင်းပါး​တွင် နာမည်​များ​ကို ပြောင်း​ထား​ပါ​သည်။

^ အပိုဒ်၊ 19 ရေပန်းစား​သည့်​ဘဝ​ပုံစံ​တစ်ခု​မှာ အမျိုးသားများသည် သူတို့​ကိုယ်ကို​နှင့် အထူးသဖြင့် သူတို့၏​အသွင်အပြင်​ကို အလွန်​အာရုံစိုက်​ခြင်း​ဖြစ်၏။ ယင်းက လိင်​တူ​ဆက်ဆံ​သူနှင့် လိင်​ကွဲ​ဆက်ဆံ​သူကို ခွဲခြား​ရန်​ခက်ခဲ​စေ​သည်။ ရင်းမြစ်​တစ်ခု​အရ “ဤ​ဘဝ​ပုံစံ​ဖြင့်​နေထိုင်သူ​တစ်ဦး​သည် လိင်​တူ​ဆက်ဆံ​သူ၊ လိင်​ကွဲ​ဆက်ဆံ​သူ သို့​မဟုတ် နှစ်ဖက်​ချွန်​ဖြစ်​နိုင်​သော်လည်း ယင်းသည် အကြောင်း​မဟုတ်ပေ။ အကြောင်း​မှာ သူ့​အားသာ​ယာ​မှု​ပေး​သော​အရာ​ပေါ်​မူတည်ပြီး သူ​နှစ်သက်​လိုလား​သည့် လိင်​ပိုင်း​ဆိုင်ရာ​လုပ်ရပ်​ကို ပီပြင်​စွာ​ဖော်ပြခြင်း​ကြောင့်​ဖြစ်သည်” ဟု​ဆို​သည်။

ချ​င့်​တွေးစရာ

▪ လိင်​တူ​မေထုန်​ကို ဘုရားသခင် အဘယ်ကြောင့် မနှစ်သက်​သနည်း။

▪ လိင်​တူ​သူ​ချင်း​ကို စွဲလမ်း​နေ​မည်​ဆိုလျှင် သင် အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

▪ လိင်​တူ​ဆက်ဆံ​လို​သော​ဆန္ဒ​များ​ကို တိုက်လှန်​နေရ​လျှင် သင် မည်​သူ့ကို​ရင်ဖွင့်​နိုင်​သနည်း။

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ရင့်ကျက်သော ခရစ်ယာန်​လူကြီး​တစ်ဦး၏ အကူအညီကို ရယူပါ