မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

နှိမ့်ချခြင်းသည် ပျော့ညံ့ခြင်းလော၊ ခိုင်မာသောအရည်အသွေးတစ်ခုလော

နှိမ့်ချခြင်းသည် ပျော့ညံ့ခြင်းလော၊ ခိုင်မာသောအရည်အသွေးတစ်ခုလော

သမ္မာကျမ်းစာ​ရှုထောင့်

နှိမ့်ချ​ခြင်း​သည် ပျော့​ညံ့​ခြင်း​လော၊ ခိုင်မာ​သော​အရည်အသွေး​တစ်ခု​လော

ဂုဏ်ယူ​ဝင့်ကြွား​သူ၊ မိမိကိုယ်ကို ယုံကြည်​စိတ်ချ​လွန်း​သူတို့ကို အတုယူ​ရမည့်​သူများ​အဖြစ် ဤ​လောက,က ဖော်ပြ​လေ့​ရှိ၏။ နှိမ့်ချ၍ သိမ်မွေ့​သူတို့ကို​မူ အားနည်း​သူ၊ ရှက်ကြောက်​တတ်​သူ သို့​မဟုတ် မျက်နှာ​လို​မျက်နှာ​ရ​လုပ်​သူများ​အဖြစ် ယူမှတ်​တတ်ကြ​သည်။ သို့သော် စစ်မှန်သော​နှိမ့်ချမှု​ဟူသည် အမှန်ပင် ပျော့ညံ့မှု​တစ်ခု​လော။ ဝင့်ကြွား​ခြင်း သို့​မဟုတ် မာနကြီး​ခြင်း​ဟူသည် ခိုင်မာ​သော​အရည်အသွေး​တစ်ခု​လော။ သမ္မာကျမ်းစာ​က မည်သို့​ဆို​သနည်း။

အစပိုင်း​တွင် သမ္မာကျမ်းစာ​က ဝင့်ကြွား​ခြင်း​ပုံစံ​တချို့​ကို အကောင်း​ဘက်​မှ​ဖော်ပြ​ပေမည်။ ဥပမာ၊ ယေဟောဝါ​သည် မိမိတို့၏​ဘုရားသခင်​ဖြစ်​ပြီး မိမိတို့ကို ကိုယ်တော်​သိတော်မူ​သောကြောင့် ခရစ်ယာန်​များ ဂုဏ်ယူ​ဝင့်ကြွား​သင့်​သည်။ (ဆာလံ ၄၇:၄; ယေရမိ ၉:၂၄; ၂ သက်သာလောနိတ် ၁:၃၊ ၄) မိမိတို့၏​ကလေး​များသည် ခရစ်ယာန်​အမူအကျင့်​တွင် ပုံသက်သေ​ကောင်းပြီး စစ်မှန်သော​ဝတ်ပြုရေး​အတွက် သတ္တိရှိရှိ၊ ခိုင်မြဲ​စွာ​ရပ်တည်​သောအခါ မိဘများ ဂုဏ်ယူ​ဝင့်ကြွား​နိုင်​သည်။ (သု. ၂၇:၁၁) သို့သော် ဝင့်ကြွား​ခြင်း သို့​မဟုတ် မာနကြီး​ခြင်း​သည် မနှစ်မြို့ဖွယ်​သဘောလည်း​ဆောင်​၏။

မာနကြီး​ခြင်း​နှင့် နှိမ့်ချ​ခြင်း​ကို အသေအချာ​ဆန်းစစ်ခြင်း

မာနကြီး​ခြင်း​၏ အဓိပ္ပာယ်​ဖွင့်ဆိုချက်​တစ်ခု​မှာ မိမိကိုယ်ကို​အထင်ကြီး​ခြင်း​ဖြစ်သည်။ ထိုသို့​သော​မာန​က လူတစ်ဦး​အား မိမိ၏​အလှ၊ လူမျိုး၊ အဆင့်အတန်း၊ ပင်ကိုစွမ်းရည် သို့​မဟုတ် စည်းစိမ်ဥစ္စာ​တို့​ကြောင့် မိမိသည် အရေးပါ​သည်၊ သူတစ်ပါး​ထက်သာ​သည်​ဟူသော မတော်လျော်​သည့်​ခံစားချက် ဖြစ်ပေါ်​စေ​၏။ (ယာကုပ် ၄:၁၃-၁၆) သမ္မာကျမ်းစာ​က “မာန်​မာန​နှင့်​ယစ်​မူး​သော​သူ” တို့​အကြောင်းကို ဖော်ပြ​ထား​၏။ (၂ တိမောသေ ၃:၄) တစ်နည်း​ဆို​ရ​လျှင် ထို​သူတို့သည် ခိုင်လုံ​သော​အကြောင်းရင်း​မရှိဘဲ မိမိကိုယ်ကို ထင်​သင့်​သည်ထက် ပို​ထင်​နေတတ်​၏။

နှိမ့်ချ​သူများ​မူ မိမိတို့၏​မစုံလင်မှု​နှင့် ဘုရားသခင်​ရှေ့ မိမိတို့၏​နိမ့်ကျသော​အခြေအနေ​ကို အသိအမှတ်ပြု​ကာ မိမိတို့​ကိုယ်ကို ရိုးသား​စွာ၊ အရှိအတိုင်း​ရှုမြင်​ရန် ကြိုးစား​ကြသည်။ (၁ ပေတရု ၅:၆) ထို့ ပြင် သူတို့သည် အခြားသူများ​၌​ရှိသည့် ထူးကဲ​သော​အရည်အသွေးများ​ကို အသိအမှတ်ပြု​ရုံ​မ​က ယင်း​အတွက် ဝမ်းမြောက်​ကြ​၏။ (ဖိလိပ္ပိ ၂:၃) ယင်းကြောင့် သူတို့သည် မနာလို​ဝန်တိုစိတ်​၏ လွှမ်းမိုးမှုကို မခံကြ​ချေ။ (ဂလာတိ ၅:၂၆) ထို့​ကြောင့် စစ်မှန်သော​နှိမ့်ချမှု​သည် အခြား​သူများ​နှင့် ကောင်းမွန်သော​ဆက်ဆံ​ရေး တိုးတက်စေ​ရုံ​မ​က ပူ​ပင်​သောက​ကင်းဝေး​စေ​ကာ စိတ်​ငြိမ်သက်မှု​ရရှိစေ​သည်​မှာ ထင်ရှား​၏။

ယေရှု၏​ပုံသက်သေ​ကို သုံးသပ်ကြည့်​ပါ။ ကမ္ဘာ​ပေါ်​သို့ မကြွလာမီ ကိုယ်တော်​သည် ကောင်းကင်​တွင် တန်ခိုး​ရှိသော ဝိညာဉ်​သတ္တဝါ​တစ်ပါး​ဖြစ်၏။ ကမ္ဘာ​ပေါ်​ရှိ​စဉ်​တွင်​လည်း ကိုယ်တော်​သည် စုံလင်​ပြီး အပြစ်ကင်း​သော​လူသား​တစ်ဦး​ဖြစ်၏။ (ယောဟန် ၁၇:၅; ၁ ပေတရု ၂:၂၁၊ ၂၂) ကိုယ်တော်၌ ပြိုင်ဘက်​ကင်း​သော​စွမ်းရည်၊ ဉာဏ်ရည်​နှင့် အသိပညာ​ရှိ​တော်​မူ​၏။ သို့သော် ကိုယ်တော်​သည် မည်သည့်​အခါ​မျှ ကြွားလုံး​မ​ထုတ်​ဘဲ အစဉ် နှိမ့်ချမှု​ပြ​ခဲ့​သည်။ (ဖိလိပ္ပိ ၂:၆) တစ်ကြိမ်​တွင် မိမိ​တမန်​တော်​များ​၏​ခြေ​ကို​ပင် ဆေး​ပေး​ခဲ့​သည်။ ကလေးငယ်​များ​ကိုလည်း အမှန်တကယ်​စိတ်ဝင်စား​တော်​မူ​၏။ (လုကာ ၁၈:၁၅၊ ၁၆; ယောဟန် ၁၃:၄၊ ၅) အမှန်ဆိုလျှင် မိမိ၏​ဘေး​တွင် ကလေး​တစ်ယောက်ကို​ထား​ကာ ယေရှု ဤသို့​မိန့်တော်မူ​ခဲ့​သည်– “အကြင်သူသည် ဤ​သူငယ်​ကဲ့သို့ မိမိကို​မိမိ​နှိမ့်ချ​အံ့၊ ထို​သူသည် ကောင်းကင်​နိုင်ငံတော်​၌ သာ၍​ကြီးမြတ်​လိမ့်​မည်။” (မဿဲ ၁၈:၂-၄) မှန်ပါသည်၊ ယေရှု​နှင့် ကိုယ်တော့်​ခမည်းတော်​၏​အမြင်​တွင် စစ်မှန်သော​ကြီးမြတ်မှု​ဟူသည် မာနကြီး​ခြင်း​မှ​မဟုတ်ဘဲ နှိမ့်ချ​ခြင်း​မှ ပေါ်ပေါက်​လာ​ရာ​ဖြစ်၏။—ယာကုပ် ၄:၁၀

နှိမ့်ချ​ခြင်း​သည် ခိုင်မာ​သော​အရည်အသွေး​တစ်ခု​ဖြစ်

ယေရှုသည် နှိမ့်ချမှု​ပြ​ရာ​တွင် စံပြ​ဖြစ်သော်လည်း မျက်နှာ​လို​မျက်နှာ​ရ​လုပ်တတ်​သူ သို့​မဟုတ် အသည်းငယ်​သော ပျော့​ညံ့​သူ​တစ်ဦး လုံးဝ​မဟုတ်ပေ။ ကိုယ်တော်​သည် အမှန်တရားကို သတ္တိရှိရှိ​ပြောဆို​ကာ လူကို​ကြောက်ရွံ့ ခြင်း လုံးဝ​မရှိခဲ့​ပေ။ (မဿဲ ၂၃:၁-၃၃; ယောဟန် ၈:၁၃၊ ၄၄-၄၇; ၁၉:၁၀၊ ၁၁) ထို့​ကြောင့် ကိုယ်တော်​သည် အတိုက်အခံပြု​သူတချို့​၏ လေးစားမှုကို​ပင် ရရှိခဲ့​၏။ (မာကု ၁၂:၁၃၊ ၁၇; ၁၅:၅) သို့သော် ယေရှုသည် မည်သည့်​အခါ​မျှ ဗိုလ်ကျ​စိုးမိုးခြင်း​မပြု​ခဲ့​ချေ။ ယင်းအစား နှိမ့်ချမှု၊ ကရုဏာ၊ မေတ္တာဖြင့် လူ​တို့ကို​ဆွဲဆောင်​ခဲ့​ပြီး မာနကြီး​သူ​တစ်ဦး မည်သည့်​အခါ​မျှ မရရှိ​နိုင်သော​နည်းဖြင့် လူတို့၏​ချစ်ခင်​နှစ်သက်မှု​ကို ရရှိခဲ့သည်။ (မဿဲ ၁၁:၂၈-၃၀; ယောဟန် ၁၃:၁; ၂ ကောရိန္သု ၅:၁၄၊ ၁၅) ယနေ့​အချိန်၌​ပင် သန်းနှင့်ချီ​သော​သူတို့သည် ခရစ်တော်​အား သစ္စာရှိ​စွာ​လက်အောက်ခံ​ကြ​ခြင်း​မှာ ကိုယ်တော်​အား အမှန်တကယ်​ချစ်​မြတ်နိုး​ကာ အလွန်​လေးစား​ကြသော​ကြောင့်​ဖြစ်သည်။—ဗျာ. ၇:၉၊ ၁၀

သမ္မာကျမ်းစာ​က နှိမ့်ချမှု​ပြ​ရန် တိုက်တွန်း​၏၊ အကြောင်း​မှာ စိတ်​နှိမ့်ချ​သူများ​သည် သွန်သင်ချက်​ကို တလိုတလား​လက်ခံ​ရာ သူတို့ကို သွန်သင်ပေး​ရသည်မှာ နှစ်သက်စရာ​ဖြစ်၏။ (လုကာ ၁၀:၂၁; ကောလောသဲ ၃:၁၀၊ ၁၂) အဟောအပြော​ကောင်း​သည့် ကနဦး​ခရစ်ယာန်​သွန်သင်သူ​တစ်ဦး​ဖြစ်သူ အာပေါလု​ကဲ့သို့​သော သူတို့​ပင်​လျှင် တိကျ​မှန်ကန်သော အချက်အလက်​သစ်​များ​ရရှိ​သည့်​အခါ မိမိတို့၏​ရှုမြင်ပုံကို ပြုပြင်​ပြောင်းလဲ​လို​စိတ်​ရှိကြသည်။ (တမန်​တော် ၁၈:၂၄-၂၆) ထို့ ပြင် စိတ်​နှိမ့်ချ​သူတို့သည် မေးခွန်းများ​မေး​ရန် မကြောက်ရွံ့ ကြ​ချေ။ မာနကြီး​သူတို့​မူ မိမိတို့၏​မသိ​နားမလည်​မှု ထုတ်ဖော်​ခံရ​မည်​စိုး​၍ မေးခွန်းများ​မေး​ခြင်း​ကို ရှောင်​လေ့​ရှိကြသည်။

ကျမ်းပိုဒ်​အချို့​ကို နားမလည်​သည့် ပထမ​ရာစု​မှ အဲသယောပိ​အမတ်​၏ ပုံသက်သေ​ကို သတိပြု​ကြည့်​ပါ။ ခရစ်တော်​၏​တပည့် ဖိလိပ္ပု​က သူ့​အား “ဖတ်​သော​အရာ​ကို နားလည်​ပါ​၏​လော” ဟု​မေး​၏။ အဲသယောပိ​အမတ်​က “သွန်သင်​ပဲ့ပြင်​သော​သူ​မ​ရှိလျှင် အဘယ်​သို့​နားလည်​နိုင်​မည်​နည်း” ဟု​ပြန်ဖြေ​သည်။ အထူးသဖြင့် ထို​အမတ်​သည် သူ၏​တိုင်းပြည်​တွင် အရေးပါ​သူ​တစ်ဦး​ဖြစ်​နိုင်​ဖွယ်​ရှိသည်​ကို ထောက်ရှု​သော် ယင်းသည် ထူးခြားသော​နှိမ့်ချမှု​ဖြစ်၏! သူ၏​နှိမ့်ချမှု​ကြောင့် ကျမ်းစာ​ဆိုင်ရာ နက်နဲ​သော​ထိုးထွင်း​သိမြင်မှု​ကို ရရှိခဲ့သည်။—တမန်​တော် ၈:၂၆-၃၈

အဲသယောပိ​အမတ်​သည် ဂျူး​ကျမ်းတတ်​များ၊ ဖာရိရှဲ​များနှင့် အလွန်​ကွာခြား​၏။ ထို​သူတို့သည် ထို​အချိန်​က ဘာသာရေး​အကျော်အမော်​များ​အဖြစ် မိမိတို့​ကိုယ်ကို ယူမှတ်ခဲ့​ကြသည်။ (မဿဲ ၂၃:၅-၇) ယေရှု​နှင့် ကိုယ်တော့်​နောက်လိုက်​များ​၏​စကား​ကို နှိမ့်ချစွာ​နားထောင်​မည့်​အစား အထင်သေး​ကာ အပြစ်ရှာ​ဖို့​ကြိုးစား​ခဲ့​ကြသည်။ သို့​နှင့် သူတို့၏​မာန်​မာန​ကြောင့် ဘုရားသခင်​၏​အလိုတော်နှင့် ရည်ရွယ်တော်မူချက်​များ​ကို သိ​နားလည်ခွင့်​မရခဲ့​ကြ​ချေ။—ယောဟန် ၇:၃၂၊ ၄၇-၄၉; တမန်​တော် ၅:၂၉-၃၃

သင်သည် ရွှံ့စေး​ပျော့​လော၊ ရွှံ့စေး​မာ​လော

သမ္မာကျမ်းစာ​က ယေဟောဝါ​အား အိုးထိန်း​သည်၊ လူသားတို့အား ရွှံ့စေး​ဟူ၍ ပုံဆောင်​ပြ​သည်။ (ဟေရှာယ ၆၄:၈ခ​မ) နှိမ့်ချမှု​သည် လူတစ်ဦး​အား ဘုရားသခင်​၏​လက်တော်​တွင် နှစ်​လို့​ဖွယ်​အိုး​တစ်လုံး​အဖြစ် ပုံသွင်း​နိုင်သော ရွှံ့စေး​ပျော့​ဖြစ်​ရန် ကူညီ​ပေး​၏။ မာန​ထောင်လွှား​သူ​မှာ​မူ ကျိုးပဲ့​ကြေမွ​သွား​နိုင်​သည့် ခြောက်သွေ့​သော ရွှံ့စေး​မာ​နှင့်​တူ​၏။ မာန​ထောင်လွှား​သူတို့၏ ဆိုးရွား​လှ​သော​နမူနာ​တစ်ခု​မှာ ယေဟောဝါ​အား အန်တု​၍ အသက်ဆုံးရှုံး​ခဲ့​ရသည့် ရှေး​အီဂျစ်​ပြည်​မှ မာန​ကြီးသော ဖာရော​ဘုရင်​ဖြစ်၏။ (ထွက်မြောက်ရာ ၅:၂; ၉:၁၇; ဆာလံ ၁၃၆:၁၅) ဖာရော​၏​အသက်ဆုံးရှုံး​မှု​က ဤ​ပညာရှိ​စကား​မှန်ကန်ကြောင်း ဖော်ပြ​၏– “မာန​သည် ပျက်စီးခြင်း​အရင်၊ ထောင်လွှား​သော​သဘော​သည် ရှုတ်ချခြင်း​အရင်​၌ နေရာကျ​တတ်၏။”—သု. ၁၆:၁၈

အထက်ပါ​ဖော်ပြချက်များ​က ဘုရားသခင်​၏​လူမျိုး​သည် မာနစိတ်ကို မည်သည့်​အခါ​မျှ တိုက်လှန်​ဖို့​မလိုဟု မဆိုလို​ချေ။ ဥပမာ၊ ယေရှု၏​တမန်​တော်​များသည် သူတို့​ထဲ​တွင် မည်သူ​အကြီးမြတ်ဆုံး​ဖြစ်​ကြောင်း အကြိမ်ကြိမ်​ငြင်းခုံ​ခဲ့​ကြသည်။ (လုကာ ၂၂:၂၄-၂၇) သို့သော် သူတို့သည် မာန​စိတ်၏​ထိန်းချုပ်မှု​ကို​မခံ​ဘဲ ယေရှု၏​စကား​ကို​နားထောင်​ကာ နောက်ဆုံး​တွင် သူတို့၏​သဘောထားကို ပြောင်းလဲ​ခဲ့​ကြသည်။

‘စိတ်​နှိမ့်ချ​ခြင်း၊ ယေဟောဝါ​ကို ကြောက်ရွံ့ ခြင်း​ကျေးဇူး​ကြောင့် စည်းစိမ်၊ ဂုဏ်​အသရေ၊ အသက်ကို​ရ​တတ်၏’ ဟု ရှောလမုန်​ရေးသားခဲ့​သည်။ (သု. ၂၂:၄) နှိမ့်ချမှုကို​မွေးမြူရန် ကျွန်ုပ်​တို့​၌ ခိုင်လုံ​သော​အကြောင်း​များ အမှန်ပင်​ရှိ​နေသည်။ နှိမ့်ချ​ခြင်း​သည် ခိုင်မာ​၍ ချစ်ဖွယ်​အရည်အသွေး​ဖြစ်သည့်​အပြင် ကျွန်ုပ်​တို့ကို ဘုရားသခင့်​မျက်နှာသာတော်​နှင့် ထာဝရ​အသက်ဆု​ကျေးဇူး​ရရှိရန်​လည်း ကူညီ​ပေး​၏။—၂ ဓမ္မ​ရာဇဝင် ၂၂:၂၈; ယာကုပ် ၄:၁၀

သင်​စဉ်းစား​ဖူး​သလော

▪ ဝင့်ကြွား​မှု​ပုံစံ​အားလုံး​သည် မနှစ်မြို့ဖွယ်​လော။—၂ သက်သာလောနိတ် ၁:၃၊ ၄

▪ နှိမ့်ချမှု​သည် အသိပညာကို မည်သို့​တိုးပွား​စေ​သနည်း။—တမန်​တော် ၈:၂၆-၃၈

▪ ဘုရားသခင့်​ကျေးကျွန်​များသည် နှိမ့်ချမှုကို မွေးမြူဖို့​လို​သလော။—လုကာ ၂၂:၂၄-၂၇

▪ နှိမ့်ချ​သူများ​ရှေ့တွင် အဘယ်​အနာဂတ်​ရှိနေ​သနည်း။—သု. ၂၂:၄

[စာမျက်နှာ ၁၄ ပါ ရုပ်ပုံ]

ယေရှုသည် နှိမ့်ချ​သူ​ဖြစ်သော​ကြောင့် ကိုယ်တော့်​ထံ ကလေး​များ​ချဉ်းကပ်​ခဲ့​ကြ