မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များနှင့်အွန်လိုင်း

လူငယ်များနှင့်အွန်လိုင်း

လူငယ်များနှင့်​အွန်လိုင်း

ည​အချိန်​မတော် လမ်းပေါ်​၌ တစ်ဦးတည်း လျှောက်​သွား​နေသည့် သင်၏​ကလေး​ကို မြင်ယောင်​ကြည့်​လိုက်ပါ။

သင့်​အား လုံးဝ​အသိ​မပေး​ဘဲ သင့်​အိမ်​တွင် ပါတီပွဲ​ကျင်းပ​ဖို့​စီစဉ်​နေသည့် ဆယ်ကျော်သက်​ကလေး​ကို မြင်ယောင်​ကြည့်​လိုက်ပါ။

သင့်​အိမ်တံခါး​သော့​များ​ကို မိတ္တူ​ပွား​ပြီး သူစိမ်း​များ​အား ဖြန့်​ဝေပေး​နေသည့် သင်၏​သား/သမီးကို မြင်ယောင်​ကြည့်​လိုက်ပါ။

သင်၏​ကလေး​သည် အင်တာနက်​အသုံးပြုခွင့်​ရထား​သည်​ဆိုလျှင် အထက်ပါ​အခြေအနေ​များ​မှာ ဖြစ်​နိုင်​ခြေ​ရှိ၏။ “အင်တာနက်​သည် ကွန်ရက်​အတွင်း သတင်း​အချက်အလက်​များ​ကို ဖြန့်ဝေ​သုံးစွဲမှု​ပြု​နိုင်သော ကွန်ပျူတာ​စနစ်​မှ ရုတ်ခြည်း​သတင်း​တို​ပို့လွှတ်​ခြင်း၊ ယင်း​မှ လူမှုဆက်သွယ်ရေး​ကွန်ရက်​လိုင်း​များ​အထိ​ဖြစ်သော အွန်လိုင်း​အမျိုးမျိုးဖြင့် လူ​တို့အား ထိတွေ့​ဆက်ဆံခွင့်​ရရှိစေ​လေ​သည်” ဟု Science News မဂ္ဂဇင်းက​ဆို​၏။

လူငယ်များသည် အင်တာနက်​နှင့် မ​စိမ်း​ကြ​တော့​ချေ။ အမှန်​ဆို​ရ​လျှင် ၂၀၀၄ ခုနှစ်​တွင် အမေရိကန်​နိုင်ငံ​၌ အသက် ၁၂ နှစ်​နှင့် ၁၇ နှစ်​ကြား​ရှိ လူ ၁၀ ဦးလျှင် ၉ ဦး​ခန့်​သည် ကမ္ဘာ​အနှံ့ အလွယ်တကူ ဝင်ရောက်​ကြည့်ရှု​နိုင်သော အင်တာနက်​ကို အသုံးပြု​ခဲ့​ကြ​၏။

အင်တာနက်​သည် အသုံးမဝင်​ဟု မည်သူမျှ​ပြော​မည်​မဟုတ်​ချေ။ သို့သော် ယင်းကြောင့်​ဖြစ်ပေါ်​လာ​သည့် အန္တရာယ်များ​ကို လူတိုင်း ဂရုပြု​သင့်​သည်။ ဥပမာ၊ လူငယ်များစွာသည် ကြီးကြပ်မှု​မရှိဘဲ အင်တာနက်​ကို အသုံးပြု​နေကြ​ပြီး လူငယ်​တချို့​မှာ မိမိတို့​အိမ်​သို့ မည်သည့်​အခါ​မျှ ဖိတ်ခေါ်​မည်​မဟုတ်သော​သူတို့နှင့် လူမှုဆက်သွယ်ရေး​ကွန်ရက်​များ​ဖြင့် ဆက်သွယ်​နေကြ​သည်။

အတွေ့အကြုံ​မရှိသော လူငယ်​အချို့​သည် မိမိတို့၏​ကိုယ်ရေး​အချက်အလက်​များ၊ အယူအဆ​များနှင့် ဓာတ်​ပုံ​များ​ကို​ပင် အင်တာနက်​တွင် တင်ထား​ကြသည်။ ယင်း​သို့​ပြုလုပ်ခြင်း​သည် မသင့်​လျော်​ချေ။ နယူးယောက်​ပြည်နယ်​တက္ကသိုလ် ပါမောက္ခ​ကျန်း​ယန်​၏​အဆို​အရ လူငယ်များသည် “အဆိုပါ​သတင်း​အချက်အလက်​ကို လိင်ဆိုင်ရာ​အမြတ်​ထုတ်​သူများ​အပါအဝင် လူပေါင်း​မည်မျှ ဝင်ရောက်​ကြည့်ရှု​မည်​ကို မသိ​ရှိကြ​ချေ။”

လူငယ်များသည် အင်တာနက်​တွင် အဘယ်အရာ​လုပ်ဆောင်နေ​ကြ​ကြောင်း အနီးကပ်​လေ့လာ​ကြည့်​ကြ​စို့။ သို့ဖြင့် ကျွန်ုပ်​တို့သည် ပေါ်ပေါက်​လာနိုင်​သည့် ပြဿနာ​များ​ကို သိရှိ​ရပြီး သားသမီး​များ ကြည့်ရှု​နေသော​အရာများ​ကို စိစစ်​ပေး​နိုင်​ကာ သူတို့၏​လိုအပ်ရာ​များနှင့်​အညီ မည်သို့​ဖြည့်ဆည်း​ပေး​နိုင်​ပုံ​ကို တွေ့မြင်​ရ​ပါ​လိမ့်​မည်။ ထို့​ပြင် ခဲယဉ်း​သော ဤ​ခေတ်တွင် ပြဿနာ​များ​ရင်ဆိုင်​နေရ​သော ခရစ်ယာန်​လူငယ်များ ဘုရားသခင်​အပေါ် ဆက်လက်​သစ္စာ​တည်ကြည်​နေ​ရန် အကူအညီ​ရ​ပါ​လိမ့်​မည်။—၂ တိမောသေ ၃:၁-၅