မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူငယ်များ၏လိုအပ်ရာကို ဖြည့်ဆည်းပေးခြင်း

လူငယ်များ၏လိုအပ်ရာကို ဖြည့်ဆည်းပေးခြင်း

လူငယ်များ​၏​လိုအပ်ရာ​ကို ဖြည့်ဆည်း​ပေးခြင်း

လူငယ်များသည် မိမိတို့၏​ပန်းတိုင်​များ၊ မျှော်လင့်​ရာ​များနှင့် အခက်အခဲ​များ​ကို တစ်ဦး​တစ်ယောက်​အား ပြောပြ​ရန်လို​သည်။ သူတို့သည် မိတ်ဆွေကောင်း​များ​ရှိ​ရန်​လည်း လိုအပ်​သည်။ ရင့်ကျက်​လာ​သည်​နှင့်​အမျှ မိမိတို့သည် မည်သို့သော​လူစားမျိုး​ဖြစ်​ကြောင်း သိဖို့​လို​သည်။ သားသမီး​များ​၏ အဆိုပါ​လိုအပ်ရာ​ကို မိဘများ​ဖြည့်ဆည်း​ပေး​သည့်​အခါ အွန်လိုင်း​မှ အလွယ်တကူ​ရရှိနိုင်​သည့်​အရာများ​အပါအဝင် ဘေး​ဖြစ်စေ​မည့် မိတ်ဖွဲ့မှု​များ​မှ သူတို့ကို ကာကွယ်​ပေး​ရာ​ရောက်​သည်။

လူငယ်များ စကားပြော​ဖို့​လို​သည်။ မိမိတို့၏​ခံစားချက်​များ​ကို ထုတ်ဖော်​ပြောဆိုခြင်း​နှင့်​စပ်လျဉ်း၍ ဆယ်ကျော်သက်​များသည် ဘာသိဘာသာ သို့​မဟုတ် နှုတ်ဆိတ်​နေတတ်​ကြသည်။ သို့သော် သူတို့​လေး​များသည် အရေးကြီး​ရာ၊ အရေး​မကြီး​ရာ​တို့ကို မိဘ​ဖြစ်သူ သင်​နှင့် ပြောဆို​လို​ကြ​ကြောင်း စိတ်ချ​ပါ။ မေးစရာ​မေးခွန်း​မှာ သင်သည် နားထောင်ဖို့​အသင့်ရှိ​သလော၊ နားထောင်​လို​သည့်​ဆန္ဒ​ကော ရှိပါ​သလော။—ယာကုပ် ၁:၁၉

ဘဝ၏​ဖိစီးမှုများ​ကြောင့် သားသမီး​များနှင့်​စကားပြော​ဆို​ရသည့် တန်ဖိုး​ရှိ​အခွင့်အရေး​များ​ကို လက်လွှတ်​မခံ​ပါ​နှင့်။ အကယ်၍ အခက်အခဲ​များ​ရှိ​မည်​ဆိုလျှင် “သာ၍​အရေးကြီးသော​အရာများ​ကို သေချာစေပါ” ဟူသော ကျမ်းစာ​အကြံဉာဏ်​ကောင်း​ကို အလေးအနက်​စဉ်းစား​ရန် အချိန်​ဖြစ်​ပေမည်။ (ဖိလိပ္ပိ ၁:၁၀က​ဘ) သင့်​သားသမီး​များ​ထက် ပို​၍​အရေးကြီးသော​အရာ ရှိ​နိုင်​ပါ​ဦး​မည်​လော။

လူငယ်များသည် မိဘများ​ထံ​တွင်​ထက် ရွယ်တူချင်း​များ​ထံ​တွင် အကြံဉာဏ်​တောင်းခံ​တတ်​သည်​ဟု အလျင်စလို ကောက်ချက်​မချ​လိုက်ပါ​နှင့်။ ဆန်းစစ်​လေ့လာမှု​တစ်ခု​တွင် ၆ တန်း​မှ ၁၂ တန်း​အရွယ် ကျောင်းသား ၁၇,၀၀၀ ကျော်​အား မိမိတို့​အပေါ် မိဘများ၊ သူငယ်ချင်းများ၊ အကျော်အမော်​များ၊ မီဒီယာ​နှင့် ဆရာ​ဆရာမ​များ မည်သည့်​အတိုင်းအတာ​အထိ ဩဇာ​ညောင်း​သည်ကို သတ်မှတ်​ဖော်ပြ​ရန် အဆင့် ၀ မှ ၅ အထိ​ကို အသုံးပြု​ကြ​ရန်​ပြော​ခဲ့​သည်။ အဆင့် ၀ ဟူသည် လွှမ်းမိုးမှု​မရှိ​ဟူ၍​ဖြစ်​ပြီး အဆင့် ၅ မှာ ဩဇာ​အလွန်​ညောင်း​သည်​ဟူ၍​ဖြစ်၏။ အဆိုပါ​ကျောင်းသား​ထက်ဝက်​ခန့်​က မိဘများ​ကို အဆင့် ၅ တွင်​သတ်မှတ်​ခဲ့​ကြသည်။

မိဘ​တစ်ဦး​အနေ​နှင့် သင်သည် သင့်​သားသမီး​များ​၏ စံနှုန်း​နှင့်​ပန်းတိုင်​များ​ကို ပုံသွင်း​ပေး​ရာ​တွင် အဓိက,ကဏ္ဍ​မှ ပါဝင်​နိုင်​ပါ​သည်။ “သင်​ပြော​သမျှ​ကို သူတို့​သဘောပေါက်​မှာ​တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့နဲ့ သင်​စကား​မပြော​ဆို​ဘူးဆို​ရင် ဘယ်တော့မှ သူတို့​သဘောပေါက်​တော့​မှာ​မဟုတ်ဘူး” ဟု​မိဘ​တစ်ဦး​က​ဆို​သည်။

လူငယ်များ​တွင် မိတ်ဆွေ​သူငယ်ချင်းများ​ရှိဖို့လို​သည်။ “အများအားဖြင့် မိဘတွေဟာ သူတို့ရဲ့​ကလေး​တွေ အင်တာနက်​နဲ့ အပြန်အလှန်​ဆက်သွယ်​နေကြ​တာ​ကို မသိကြဘူး၊ သိချင်စိတ်​လည်း မရှိကြဘူး” ဟု​အသက် ၁၅ နှစ်အရွယ် မိန်းကလေး​တစ်ဦး​က​ဆို​၏။ ဤ​ခေတ်​ကာလ​တွင် မိဘများသည် မိမိတို့​သားသမီး​များ​၏ အပေါင်းအသင်း​များနှင့်​ပတ်သက်​၍ လျစ်လျူရှု​ထား​၍ မရတော့​ချေ။ သင့်​သားသမီး​သည် လူ​ချင်း​ဖြစ်စေ၊ အင်တာနက်​တွင်​ဖြစ်စေ မည်သူ​နှင့်​အချိန်ဖြုန်း​နေသည်​ကို သင်​သိပါသလော။ “မကောင်းသော​သူတို့နှင့် ပေါင်းဖော်ခြင်း​အားဖြင့် ကောင်းသော​အကျင့်ဓလေ့​ယိုယွင်း​တတ်၏” ဟု​သမ္မာကျမ်းစာ​က​ဆို​သည်။ (၁ ကောရိန္သု ၁၅:၃၃) မှန်ပါသည်၊ သင့်​ကလေး​၏​အပေါင်းအသင်း​ကို အနီးကပ်​ကြီးကြပ်​ပေး​ရန်လို​သည့် အရေးကြီးသော​အကြောင်းရင်း ရှိပါ​သည်။

ဂရုစိုက်​ပေးခြင်း​တွင် လူငယ်များ​အား မကောင်းသော​သြဇာ​မှ ကာကွယ်​ပေး​ရုံ​ထက်မက​ပေ။ ကလေး​များ​တွင် မိတ်ဆွေ​သူငယ်ချင်း​ကောင်း​များ ရှိ​ရန်လို​သည်။ “ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။ လူ​မိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏” ဟု​သမ္မာကျမ်းစာ​က​ဆို​သည်။ (သု. ၁၃:၂၀) ထို့​ကြောင့် မိမိတို့၏​ဖန်ဆင်း​ရှင်​ကို အောက်မေ့​ရာ​တွင် စံနမူနာ​ကောင်း​ပြ​ကြ​သည့် အခြား​လူငယ်များ​အပါအဝင် အကျိုးပြုသော အပေါင်းအသင်း​များ​ရှာတွေ့​ရန် သားသမီး​များ​အား ကူညီ​ပေး​ဖို့​လို​သည်။—ဒေ. ၁၂:၁

ယေဟောဝါ​ဘုရားသခင်​သည် မိမိ​မိတ်ဖွဲ့​မည့်​သူများကို စိစစ်​ရွေးချယ်​တော်​မူ​၏။ ကျွန်ုပ်​တို့​လည်း ကိုယ်တော်​အား ကြိုးစား​တုပ​သင့်​သည်။ (ဆာလံ ၁၅:၁-၅; ဧဖက် ၅:၁) အမှန်​မှာ သင်၏​သားသမီး​များ​အား အပြော​ဖြင့်​ရော အလုပ်​ဖြင့်​ပါ သွန်သင်ပေး​နိုင်​သည့် တန်ဖိုး​အရှိဆုံး​အတတ်ပညာ​တစ်ခု​မှာ အကျိုးပြုသော​အပေါင်းအသင်း​များ ရွေးချယ်​တတ်​ရန်ဖြစ်​သည်။—၂ သက်သာလောနိတ် ၃:၆၊ ၇

လူငယ်များသည် မိမိတို့ မည်သို့သော​လူစားမျိုး​ဖြစ်​ကြောင်း သိဖို့​လို​၏။ ကြီးထွား​ဖွံ့ဖြိုးမှု​ပိုင်း​တွင် အရေးပါသော​ကဏ္ဍ​တစ်ခု​မှာ အခြား​သူများ​နှင့်​မတူ​သော ထူးခြားသည့်​စရိုက်​လက္ခဏာများ ပေါ်ပေါက်​လာ​ခြင်း​ဖြစ်သည်။ နယပုံပြင်​ကျမ်း​က ဤသို့​ဆို​သည်– “သူငယ်​သော်လည်း . . . အပြုအမူအားဖြင့် ကိုယ့်​သဘောကို ထင်ရှားစေ​၏။” (သု. ၂၀:၁၁) မိဘ​တစ်ဦး​အနေ​နှင့် လုပ်ဆောင်​ရမည့်​တာဝန်​တစ်ခု​မှာ မှန်ကန်​ဖြောင့်မတ်​သော​မူများ သင့်​သားသမီး​များ​၏​နှလုံး​ထဲ ထည့်သွင်း​ပေးခြင်း​ဖြစ်သည်။—တရားဟောရာ ၆:၆၊ ၇

ဥပမာ​ပြ​ရမည်​ဆိုလျှင် မိဘများသည် ကလေးငယ်​တစ်ဦး အဝတ်အစား​ကို လျောက်ပတ်​စွာ ဝတ်ဆင်​တတ်​စေရန်​ဟူသော မျှော်လင့်ချက်​ဖြင့် နေ့စဉ် အဝတ်အစား​ကို ရွေးချယ်​၍ ဝတ်ဆင်​ပေးလေ့​ရှိသည်။ သို့သော် အသက် ၃၀ အရွယ်​ရှိ ကျန်းမာ​သော​လူကြီး​တစ်ဦး​ကို မိဘများ​က အဝတ်အစား​ဝတ်​ပေး​နေသည်​ဟု သင်​မြင်ယောင်​ကြည့်​လိုက်ပါ။ ရ​ယ်​စ​ရာ​ဖြစ်​မည်​မဟုတ်ပေ​လော။ အဝတ်အစား ဝတ်ဆင်ပုံ​ကို အသုံးပြု၍ သမ္မာကျမ်းစာ​က ခရစ်တော်​တွင်ရှိသော ဥပဓိရုပ်​ဖြစ်သည့် “အသစ်​ပြုပြင်​သော​လူသစ်​ကို ယူတင်​ဝတ်ဆောင်” ကြဖို့ ကျွန်ုပ်​တို့ကို တိုက်တွန်း​သည်။ (ကောလောသဲ ၃:၁၀) သင်သည် သင့်​သားသမီး​များ​အား မေတ္တာဖြင့် ဆုံးမ​ပဲ့ပြင်​ကာ စိတ်ပိုင်း​ကြပ်မတ်​ပေးခြင်း​ဖြင့် ဥပဓိရုပ်​သစ်​ကို ဝတ်ဆင်​ရန် ကူညီ​ပေး​နိုင်​ပါ​သည်။ (ဧဖက် ၆:၄) ထို့နောက် သူတို့​ကြီးပြင်း​လာကြပြီး လွတ်လပ်မှု​ပို​ရှိလာ​သည်​နှင့်​အမျှ “အဝတ်အစား” ကို​ရွေးချယ်​ဝတ်ဆင်​သကဲ့သို့ “ဥပဓိရုပ်​သစ်” ကိုလည်း အမှန်တကယ် လှပ​တင့်တယ်​ပြီး နှစ်သက်ဖွယ်​ကောင်းသော​အရာ​အဖြစ်​ယူမှတ်​ကာ ရွေးချယ်​ဝတ်ဆင်​ကြ​ပေမည်။—တရားဟောရာ ၃၀:၁၉၊ ၂၀

‘သမ္မာကျမ်းစာ​မှာ သွန်သင်ထား​တဲ့ စံနှုန်း​တွေ​ကို ကလေး​တွေ အမှန်တကယ်​ဘယ်လို​သဘောထား​သလဲ။ သူတို့လေးတွေ​ကို ‘ပညာသတိ​ရှိ​ရှိ’ နေထိုင်​တတ်​အောင် ဘယ်လို ကူညီ​ပေး​နိုင်​မလဲ’ ဟူ၍ ကိုယ့်​ကိုယ်ကို​မေးပါ။ (တိတု ၂:၁၂၊ ၁၃က​ဘ) သင်၏​ပန်းတိုင်​မှာ အပေါ်ယံ​သာ နားထောင်​သော ကလေး​တစ်ဦး​မဖြစ်စေ​ဖို့​ဖြစ်၏။ ကလေး​အချို့​သည် မိဘများ​ပြော​သမျှ​ကို စောဒကတက်​ခြင်း၊ ငြင်းခုံခြင်း၊ ကလန်ကဆန်​လုပ်ခြင်း​မရှိဘဲ မြေ​ဝယ်​မကျ​နားထောင်​တတ်​ပုံ​ရသည်။ သို့သော် ယနေ့ သင်​လုပ်​စေ​လို​သော​အရာ​နှင့်​လျော်ညီစွာ ပြုမူ​နေသော ကလေး​တစ်ဦး​သည် မနက်ဖြန်​တွင် လောက​မှ လုပ်​စေ​လို​သော​အရာ​နှင့်​လျော်ညီစွာ ပြုမူ​ပေမည်။ ထို့​ကြောင့် သားသမီး​များ​အား ၎င်းတို့၏ “ဆင်ခြင်​နိုင်စွမ်း” ကို​ပြုစု​ပျိုးထောင်​ရန် လေ့ကျင့်ပေး​ပါ။ (ရောမ ၁၂:၁က​ဘ) ကျမ်းစာမူ​များသည် အဘယ်ကြောင့် ကောင်းမွန်​ကြောင်း၊ မည်သို့​အကျိုးပြု​ကြောင်း သူတို့အား သိမြင်​နားလည်​စေပါ။—ဟေရှာယ ၄၈:၁၇၊ ၁၈

လူငယ်များ​၏ လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေး​ဖို့ ကြိုးစား​အားထုတ်​ကြ​ရမည်။ သို့သော် ကြိုးစား​ရကျိုးနပ်​ပေ​သည်။ သင့်​သားသမီး​များသည် သင်​သွန်သင်ပေး​ထား​သည့် ဖြောင့်မတ်​သော​မူများ​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ကြ​မည်​ဆိုလျှင် သားသမီး​များသည် ‘ယေဟောဝါ​ပေးသနား​တော်​မူ​သည့် အမွေဥစ္စာ’ အမှန်ပင်​ဖြစ်​ကြောင်း သင် စိတ်နှလုံး​အကြွင်းမဲ့ ပြောဆို​နိုင်​ပါ​လိမ့်​မည်။—ဆာလံ ၁၂၇:၃

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အကျိုးပြု​သည့် ခရစ်ယာန်​အပေါင်းအသင်း​များ ရွေးချယ်​တတ်​ရန် သင့်​သားသမီး​များ​ကို ကူညီ​ပါ