သက်မွေးလုပ်ငန်းကို မှန်ကန်စွာရွေးချယ်နိုင်ခဲ့
သက်မွေးလုပ်ငန်းကို မှန်ကန်စွာရွေးချယ်နိုင်ခဲ့
ဆောန်ညှာ အာကူညာကေဗေတို ပြောပြသည်
ဘဏ်မှာ ကျွန်မရာထူးတိုးတယ်။ အဲဒီအလုပ်က ဂုဏ်ရှိပြီး လစာကောင်းတယ်။ ဒါပေမဲ့ ခပ်ဝေးဝေး အသင်းတော်တစ်ခုမှာ အချိန်ပြည့်ရှေ့ဆောင်ဓမ္မအမှုဆောင်ဖို့ ခုလေးတင် ဖိတ်ခေါ်စာရထားတယ်။ ၃၂ နှစ်ကုန်လွန်ပြီးလို့ နောက်ကြောင်းကို ပြန်ပြောင်းစဉ်းစားကြည့်တဲ့အခါ ကျွန်မရဲ့ရွေးချယ်မှုက မှန်ကန်တယ်ဆိုတာ သိရတယ်။
အမေဟာ ရိုမန်ကက်သလစ်တစ်ဦးအဖြစ် ကြီးပြင်းလာပေမဲ့ ချာ့ခ်ျသွန်သင်ချက်တွေကို သိပ်မယုံဘူး။ ရုပ်ပုံတွေကို ဘာကြောင့်ကိုးကွယ်ရသလဲဆိုပြီး သူသိချင်ခဲ့တယ်။ ဘာသာရေးဆိုင်ရာအမှန်တရားတွေက အမေ့အတွက်အရေးကြီးလို့ အဖြေရဖို့ ချာ့ခ်ျတစ်ခုပြီးတစ်ခုသွားခဲ့ပေမဲ့ အဖြေမရခဲ့ဘူး။
တစ်နေ့တော့ အမေဟာ မက္ကဆီကိုနိုင်ငံ၊ တပ်စ်လာမြို့မှာရှိတဲ့ ကျွန်မတို့အိမ်အပြင်ဘက်မှာထိုင်ပြီး လေညင်းခံနေတုန်း ယေဟောဝါသက်သေတစ်ယောက် ရောက်လာတယ်။ အမေ့မေးခွန်းတွေကို သက်သေခံက ကျမ်းစာနဲ့အဖြေပေးလို့ အမေသဘောကျသွားပြီး နောက်တစ်ခါ ပြန်တွေ့ကြဖို့ သဘောတူလိုက်တယ်။ သက်သေခံညီအစ်ကိုပြန်လာတဲ့အခါ အမေဟာ ဥပုသ်အသင်းက ဓမ္မဆရာတစ်ယောက်၊ ကက်သလစ်ဘုန်းကြီးတစ်ပါး၊ နာဇရိယန်တရားဟောဆရာတစ်ယောက်တို့နဲ့အတူ စောင့်နေတယ်။ အမေက ဥပုသ်နဲ့ပတ်သက်တဲ့ မေးခွန်းထုတ်လိုက်တော့ သက်သေခံကပဲ ကျေနပ်လောက်တဲ့ ကျမ်းစာအဖြေကို ပေးနိုင်တယ်။ အမှန်တော့ သူ့တစ်ယောက်မှာပဲ ကျမ်းစာအုပ်ပါတယ်။ ခြောက်လလောက် ကျမ်းစာလေ့လာပြီးတဲ့နောက် ၁၉၅၆ ခုနှစ်မှာ အမေဟာ ယေဟောဝါသက်သေတစ်ဦးအဖြစ် နှစ်ခြင်းခံလိုက်တယ်။ အဲဒီတုန်းက ကျွန်မအသက် ရှစ်နှစ်ပဲရှိသေးတယ်။
အဖေ တကယ်စိုးရိမ်ခဲ့
အမေကျမ်းစာလေ့လာတာကို အဖေက မကန့်ကွက်ခဲ့ဘူး။ ဒါပေမဲ့ ယောက်ျားလေးနှစ်ယောက်နဲ့ မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ကျွန်မတို့မောင်နှမလေးယောက်ကို အမေကျမ်းစာသင်ပေးပြီး ခရစ်ယာန်စည်းဝေးတွေကို ခေါ်သွားတဲ့အခါမှာတော့ အဖေက အမေ့ရဲ့စာပေတွေကို ဖျက်ဆီးပစ်လိုက်တယ်။ ကျွန်မတို့ လှည့်စားခံနေရတာလို့ အဖေယုံကြည်တဲ့အတွက် သက်သေခံတွေဟာ ဘုရားသခင့်နာမတော် ယေဟောဝါကို သူတို့ရဲ့ကိုယ်ပိုင်ကျမ်းစာထဲမှာ လိမ်ညာပြီး ထည့်ထားတယ်ဆိုတာကို ကက်သလစ်ကျမ်းစာသုံးပြီး သက်သေပြဖို့ အဖေကြိုးစားခဲ့တယ်။ အမေဟာ အဖေ့ရဲ့ကျမ်းစာထဲက ယေဟောဝါဆိုတဲ့နာမတော်ကို ထောက်ပြလိုက်တော့ သူအရမ်းအံ့ဩသွားပြီး ယေဟောဝါသက်သေတွေအပေါ် သဘောထားပြောင်းလဲသွားတယ်။—ဆာလံ ၈၃:၁၈၊ ကဘ။
မက္ကဆီကိုမှာဆိုရင် မိန်းကလေးတစ်ယောက်ရဲ့ ၁၅ နှစ်မြောက်မွေးနေ့က အထူးအရေးပါတယ်။ မွေးနေ့ပွဲကျင်းပတာက ကျမ်းစာနဲ့မညီဘူးဆိုတာသိရလို့ ကျွန်မရဲ့မွေးနေ့ပွဲကို မကျင်းပတော့ဘူး။ * ဒါပေမဲ့ အဖေက ကျွန်မအတွက် ထူးထူးခြားခြားလေးလုပ်ပေးချင်လို့ အတင်းပဲမွေးနေ့ပွဲ ကျင်းပခိုင်းတယ်။ ဒီကိစ္စကို ကျွန်မစဉ်းစားပြီးတဲ့နောက် “နောက်တစ်ခါကျင်းပမယ့် ယေဟောဝါသက်သေတွေရဲ့ စည်းဝေးပွဲကို အဖေလိုက်တက်ပါ။ အဲဒါကို လက်ဆောင်အဖြစ်လိုချင်တယ်” လို့အဖေ့ကို ပြောလိုက်တယ်။ အဖေလက်ခံခဲ့ပြီး ကျမ်းစာကို သူ ပိုပြီးစိတ်ဝင်စားလာတယ်။
တစ်ညမှာတော့ မုန်တိုင်းအကြီးအကျယ်တိုက်လို့ ပြုတ်ကျနေတဲ့ဓာတ်ကြိုးကို အဖေတက်နင်းမိပြီး ဒဏ်ရာအပြင်းအထန်ရသွားတယ်။ ဆေးရုံတက်နေချိန်မှာ ၂၄-နာရီမပြတ် ဂရုစိုက်ကြည့်ရှုပေးကြတဲ့ ဒေသခံသက်သေခံတွေရဲ့ ခရစ်ယာန်မေတ္တာကို သူဘယ်တော့မှ မမေ့နိုင်ခဲ့ဘူး။ နောက်ပိုင်း လူထုဓမ္မအမှုမှာ သူစပါဝင်လာပြီး ယေဟောဝါထံ သူ့ရဲ့အသက်တာကို အပ်နှံလိုက်တယ်။ ဝမ်းနည်းစရာက နှစ်ခြင်းခံဖို့ တစ်လအလိုဖြစ်တဲ့ ၁၉၇၅၊ စက်တင်ဘာ ၃၀ ရက်မှာ သူကွယ်လွန်သွားတယ်။ သူရှင်ပြန်ထမြောက်လာတဲ့အခါ သူ့ကိုပွေ့ဖက်ကြိုဆိုဖို့ ကျွန်မတို့ အရမ်းတမ်းတနေပါတယ်။—တမန်တော် ၂၄:၁၅။
အကျိုးပြုတဲ့ မိသားစုသြဇာ
ကျွန်မရဲ့အစ်မ ကာမဲန်ဟာ အချိန်ပြည့်ဓမ္မအမှုကို အမြဲပဲ တန်ဖိုးထားလေးမြတ်တယ်။ ၁၉၆၇ ခုနှစ်မှာ သူနှစ်ခြင်းခံပြီးတာနဲ့ ခရစ်ယာန်ဓမ္မအမှုမှာ လစဉ် နာရီ ၁၀၀ လောက်အသုံးပြုရတဲ့ မှန်မှန်ရှေ့ဆောင်တစ်ဦးဖြစ်လာတယ်။ အချိန်တန်တော့ မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ တိုလူကာမြို့ကို ပြောင်းသွားတယ်။ ကျွန်မလည်း ဘဏ်တစ်ခုမှာအလုပ်ရပြီး ၁၉၇၀၊ ဇူလိုင် ၁၈ ရက်မှာ နှစ်ခြင်းခံလိုက်တယ်။
အချိန်ပြည့်ဓမ္မအမှုက ကာမဲန်ကို အလွန်ပျော်ရွှင်စေပြီး တိုလူကာမှာ သူနဲ့အတူအမှုဆောင်ဖို့ ကျွန်မကိုလည်း အားပေးတယ်။ တစ်ရက်မှာ ယေရှုရဲ့နောက်လိုက်တွေဟာ မိမိတို့ရဲ့ဝိညာဉ်ရေးအဖိုးတန်ရာတွေကို ဘုရားသခင်ကို ဂုဏ်တင်တဲ့နေရာမှာ အသုံးပြုသင့်တယ်ဆိုတဲ့ ဟောပြောချက်ကိုနားထောင်နေချိန်မှာ အဲဒီအကြောင်းကို ကျွန်မစဉ်းစားနေမိတယ်။ (မဿဲ ၂၅:၁၄-၃၀) ‘ငါ့ကိုအပ်နှင်းထားတဲ့ ဝိညာဉ်ဆုကျေးဇူးတွေကို ငါကြိုးစားအသုံးပြုနေသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုမေးကြည့်တယ်။ ဒီလိုအတွေးက ယေဟောဝါအတွက် ပိုလုပ်ဆောင်ဖို့ ကျွန်မကို နှိုးဆွပေးလိုက်တယ်။
ပန်းတိုင်နှစ်ခုကြားမှာ ဆုံးဖြတ်ရ
၁၉၇၄ ခုနှစ်မှာ တခြားဒေသတစ်ခုမှာ ရှေ့ဆောင်ဓမ္မအမှုဆောင်တစ်ဦးအဖြစ် အမှုဆောင်ဖို့ လျှောက်လွှာတင်လိုက်တယ်။ သိပ်မကြာခင်မှာပဲ ကျွန်မ ဘဏ်မှာအလုပ်လုပ်နေတုန်း တိုလူကာမြို့မှာရှိတဲ့ ခရစ်ယာန်အကြီးအကဲတစ်ယောက်ဆီက ဖုန်းရတယ်။ သူက “ကျွန်တော်တို့ ညီအစ်မကို စောင့်နေကြတယ်။ ဘာဖြစ်လို့မလာသေးတာလဲ” လို့မေးတယ်။ တိုလူကာမြို့မှာ အထူးရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ဖို့ ကျွန်မကို ခန့်အပ်ထားပြီဖြစ်ပေမယ့် ခန့်အပ်စာက စာတိုက်မှာပျောက်သွားပုံရတယ်။ (အထူးရှေ့ဆောင်များသည် ယေဟောဝါအဖွဲ့အစည်းမှ ခန့်အပ်သည့် မည်သည့်နေရာတွင်မဆို အမှုဆောင်ရန်သဘောတူကြသည်။)
ချက်ချင်းပဲ ကျွန်မအလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ဘဏ်ကို အသိပေးလိုက်တယ်။ ကျွန်မရဲ့သူဌေးက လက်ထဲမှာ စာရွက်တစ်ရွက်ကိုဝှေ့ယမ်းပြီး “ခဏနေပါဦး ဆောန်ညှာ၊ လက်ထောက်မန်နေဂျာအဖြစ်ရွေးချယ်ခံရတဲ့ အမျိုးသမီး ခုနစ်ယောက်ထဲမှာ မင်းလည်းပါတယ်လို့ အခုပဲ သတင်းရတယ်။ ငါတို့ရဲ့ကုမ္ပဏီမှာ အရင်တုန်းက ဒီရာထူးအတွက် အမျိုးသမီးတွေကို မခန့်ခဲ့ဖူးဘူး။ ဒီရာထူးကို မင်းလက်မခံဘူးလား” လို့ပြောတယ်။ အစပိုင်းမှာပြောခဲ့တဲ့အတိုင်း ဒီလိုရာထူးဟာ ဂုဏ်ရှိပြီး လစာကောင်းတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့သူဌေးကို ကျေးဇူးတင်ကြောင်းနဲ့ ဘုရားသခင်ရဲ့အမှုတော်ကို ပိုမိုထမ်းဆောင်ဖို့ သန္နိဋ္ဌာန်ချထားကြောင်း ပြောပြလိုက်တယ်။ ဒါနဲ့ သူက “ဆက်လုပ်ပါ၊ ဒါပေမဲ့ မင်းအလုပ်လိုတဲ့အခါ ဘဏ်က မင်းအတွက် အမြဲ တံခါးဖွင့်ထားတယ်ဆိုတာကိုတော့ မမေ့ပါနဲ့” လို့ပြောတယ်။ နောက်နှစ်ရက်အကြာမှာ ကျွန်မ တိုလူကာမြို့ကိုရောက်တယ်။
မက္ကဆီကိုတွင် အထူးရှေ့ဆောင်လုပ်ခြင်း
ကျွန်မ တိုလူကာမြို့ကိုရောက်တဲ့အချိန်မှာတော့ ကာမဲန်ဟာ အဲဒီမှာ အထူးရှေ့ဆောင်လုပ်နေတာ နှစ်နှစ်ရှိနေပြီ။ ကျွန်မတို့ နောက်တစ်ခါ အတူပြန်နေရတာ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။ ဒါပေမဲ့ ကျွန်မတို့ ခဏပဲအတူနေရတယ်။ သုံးလအကြာမှာ အမေဟာ မတော်တဆမှုဖြစ်ပြီး အိမ်မှာ အချိန်ပြည့်ဂရုစိုက်ပြုစုပေးဖို့ လူလိုလာတယ်။ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးနဲ့ တိုင်ပင်ပြီးတဲ့နောက် ကာမဲန်အိမ်ပြန်ပြီး အမေ့ကိုပြုစုဖို့ ကျွန်မတို့နှစ်ယောက် သဘောတူလိုက်တယ်။ ကာမဲန်ဟာ အမေ့ကို ၁၇ နှစ်ကြာ ကြည့်ရှုပြုစုခဲ့တယ်။ ဒီအတောအတွင်း ကာမဲန်ဟာ မှန်မှန်ရှေ့ဆောင်အဖြစ်အမှုဆောင်ပြီး သူ့ရဲ့ကျမ်းစာသင်သားတွေကို အိမ်မှာခေါ်သင်တဲ့အတွက် အမေ့ကိုလည်း ကြည့်ရှုလို့ရတယ်။
၁၉၇၆ ခုနှစ်မှာ ဆင်းရဲသားတွေက မြို့တစ်ဖက်ခြမ်းမှာနေပြီး ချမ်းသာသူတွေက မြို့ရဲ့ တခြားတစ်ဖက်ခြမ်းမှာနေတဲ့ တာကာမာချယ်လ်ကိုမြို့မှာ အမှုဆောင်ဖို့ ခန့်အပ်ခံရတယ်။ အဲဒီမှာ ချမ်းသာတဲ့မောင်ဖြစ်သူနဲ့အတူနေပြီး တစ်ခါမှအိမ်ထောင်မပြုဖူးတဲ့ အမျိုးသမီးကြီးတစ်ဦးကို စပြီးကျမ်းစာသင်ပေးခဲ့တယ်။ သူက သူ့မောင်ကို သက်သေခံတစ်ဦးဖြစ်ချင်တဲ့အကြောင်း ပြောပြတော့ သူ့မောင်က အိမ်ကနေ မောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဘာပဲဖြစ်ဖြစ် ဒီနှိမ့်ချတဲ့အမျိုးသမီးဟာ မကြောက်ဘဲ နောက်ပိုင်းမှာ နှစ်ခြင်းခံလိုက်တော့ သူ့မောင်က ခြိမ်းခြောက်ထားတဲ့အတိုင်း မောင်းထုတ်လိုက်တယ်။ သူ့အသက် ၈၆ နှစ်ရှိပြီဖြစ်ပေမဲ့ ယေဟောဝါအပေါ် အပြည့်အဝ ယုံကြည်ကိုးစားခဲ့တယ်။ အသင်းတော်ရဲ့ ကူညီထောက်ပံ့မှုနဲ့ သူကွယ်လွန်ချိန်အထိ သစ္စာရှိရှိနေထိုင်သွားခဲ့တယ်။
ဂိလဒ်ကျောင်းတက်ပြီးနောက်ဘိုလီးဗီးယားသို့
ကျွန်မ တာကာမာချယ်လ်ကိုမြို့မှာ ငါးနှစ်ကြာ ပျော်ရွှင်စွာအမှုဆောင်ခဲ့တယ်။ အဲဒီနောက် မက္ကဆီကိုမှာကျင်းပမယ့် တိုးချဲ့ဂိလဒ်ကျောင်းကိုတက်ဖို့ ဖိတ်ခေါ်စာရခဲ့တယ်။ နာမည်မှာဖော်ပြထားတဲ့အတိုင်း အဲဒါက နယူးယောက်မှာကျင်းပတဲ့ကျောင်းရဲ့ တိုးချဲ့ကျောင်းဖြစ်တယ်။ အမေရော ကာမဲန်ပါ တိုက်တွန်းလို့ ဖိတ်ခေါ်ချက်ကို ကျွန်မလက်ခံလိုက်ပြီး ဆယ်ပတ်ကြာသင်တန်းတက်ဖို့ မက္ကဆီကိုစီးတီးမှာရှိတဲ့ ဌာနခွဲရုံးကို သွားခဲ့တယ်။ အဲဒါက ကျွန်မဘဝမှာ ဝိညာဉ်ရေးအရ မှတ်မှတ်ရရဖြစ်ခဲ့တယ်။ ၁၉၈၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျောင်းဆင်းခဲ့ပြီး ကျွန်မနဲ့ အဲန်ရီကီတာအာယာလာ (ယခု ဖာနန်ဒက်ဇ်) က ဘိုလီးဗီးယားနိုင်ငံ၊ လာပါ့ဇ်မြို့မှာ တာဝန်ခန့်အပ်ခံရတယ်။
ကျွန်မတို့ လာပါ့ဇ်မြို့ကိုရောက်တော့ ကျွန်မတို့ကိုလာကြိုမယ့် ညီအစ်ကိုညီအစ်မတွေက ရောက်မလာသေးဘူး။ ဒါနဲ့ ကျွန်မတို့က “ဘာဖြစ်လို့ အချိန်ဖြုန်းနေရမှာလဲ” လို့ပြောပြီး လေဆိပ်မှာရှိတဲ့သူတွေကို စပြီးသက်သေခံကြတယ်။ သုံးနာရီကြာမှာ ဌာနခွဲက ညီအစ်ကိုတွေရောက်လာတယ်။ ကျွန်မတို့ကို တောင်းပန်ပြီး လမ်းမှာစီတန်းလှည့်လည်နေတဲ့ ပွဲတော်တစ်ခုနဲ့တိုးလို့ လမ်းပိတ်မိနေတဲ့အကြောင်း ပြောပြတယ်။
တိမ်များအထက်တွင် သက်သေခံခြင်း
လာပါ့ဇ်မြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၂,၀၀၀ လောက်မှာရှိတော့ ကျွန်မတို့ဟာ နေ့တိုင်းလိုလို တိမ်တွေရဲ့ အထက်မှာရှိနေတယ်။ လေဖိအားနည်းတဲ့အတွက် အသက်ရှုကျပ်ပြီး ခရစ်ယာန်ဓမ္မအမှုမှာ ခဏလေးပါဝင်လိုက်တာနဲ့ လူက မောဟိုက်လာတယ်။ အမြင့်ပိုင်းမှာနေသားကျဖို့ တစ်နှစ်လောက် အချိန်ယူခဲ့ရပေမဲ့ ယေဟောဝါရဲ့ကောင်းချီးတွေဟာ အခက်အခဲတွေထက် အဆမတန်ပိုများပါတယ်။ ဥပမာ၊ ၁၉၈၄ ခုနှစ်ရဲ့ တစ်မနက်မှာ ကျောက်တောင်စောင်းပေါ်မှာဆောက်ထားတဲ့ အိမ်တစ်အိမ်ကို ကျွန်မတက်သွားတယ်။ မောဟိုက်နေပြီး တံခါးကို ခေါက်လိုက်တဲ့အခါ အမျိုးသမီးတစ်ယောက်ထွက်လာတယ်။ ကျွန်မတို့ စကားလက်ဆုံပြောဆိုကြပြီး ရက်အနည်းငယ်အတွင်းမှာ ကျွန်မပြန်လာခဲ့မယ်လို့ ပြောလိုက်တယ်။
သူက “ကျွန်မ မယုံဘူး” လို့ပြန်ပြောတယ်။ ကျွန်မ အဲဒီကိုပြန်သွားခဲ့ပြီး အမျိုးသမီးက သူ့ရဲ့သမီးကို ကျမ်းစာသင်ပေးဖို့ပြောတယ်။ “အဲဒါက မိဘတွေရဲ့တာဝန်ပဲ။ ဒါပေမဲ့ ရှင်သင်စေချင်တယ်ဆိုရင် ကူညီပါ့မယ်” လို့ကျွန်မပြောလိုက်တယ်။ သူသဘောတူလိုက်ပြီး သူကိုယ်တိုင်လည်း ကျမ်းစာသင်ဖို့ လက်ခံလိုက်တယ်။ သူက စာမတတ်တော့ စာမတတ်သူတွေအတွက် ယေဟောဝါသက်သေတွေထုတ်ဝေထားတဲ့ စာရေးစာဖတ်လေ့လာခြင်း စာအုပ်နဲ့ စသင်ကြတယ်။
အချိန်တန်တော့ သူတို့မိသားစုမှာ ကလေးရှစ်ယောက်ရှိလာတယ်။ ကျွန်မသွားလည်ပတ်တဲ့အခါမှာ ကလေးတချို့က တစ်ယောက်လက်တစ်ယောက်ချိတ်ပြီး ကျွန်မကို တောင်စောင်းပေါ်ဆွဲတင်ပေးကြတယ်။ နောက်ဆုံးမှာ အဖေအမေနဲ့ ကလေးရှစ်ယောက်စလုံး ယေဟောဝါကို ဝတ်ပြုနေကြပြီ။ မိန်းကလေးသုံးယောက်က ရှေ့ဆောင်တွေဖြစ်ပြီး ယောက်ျားလေးတစ်ယောက်က အသင်းတော်မှာ အကြီးအကဲဖြစ်နေပြီ။ အဖေဖြစ်သူကတော့ သူကွယ်လွန်တဲ့ ၂၀၀၀ ပြည့်နှစ်အထိ အသင်းတော်ဓမ္မအမှုထမ်းအဖြစ် အမှုဆောင်ခဲ့တယ်။ ဒီမိသားစုနဲ့ သူတို့ရဲ့သစ္စာတည်ကြည်မှုကို စဉ်းစားမိတဲ့အခါ ကျွန်မအရမ်းပျော်တယ်။ သူတို့ကို ကူညီပေးခွင့်ရလို့ ယေဟောဝါကို ကျွန်မကျေးဇူးတင်တယ်။
ကာမဲန်နှင့်အတူ ပြန်အမှုဆောင်ရ
၁၉၉၇ ခုနှစ်မှာ အမေဆုံးသွားတော့ ကာမဲန်ဟာ အထူးရှေ့ဆောင်အဖြစ် ပြန်အမှုဆောင်ဖို့ ဖိတ်ခေါ်ခံရတယ်။ ၁၉၉၈ ခုနှစ်မှာ ကျွန်မအမှုဆောင်နေတဲ့ ဘိုလီးဗီးယားနိုင်ငံ၊ ကိုချာဘန်ဘာမြို့မှာ အမှုဆောင်ဖို့ သူ့ကိုခန့်လိုက်တယ်။ ၁၈ နှစ်ကြာပြီးနောက်မှာ ကာမဲန်ဟာ သာသနာပြုတစ်ဦးဖြစ်လာပြီး ကျွန်မတို့အတူတူ ပြန်အမှုဆောင်ခွင့်ရတယ်။ ကိုချာဘန်ဘာမှာ ကျွန်မတို့အရမ်းပျော်ကြတယ်။ ရာသီဥတုက အရမ်းသာယာတော့ အဲဒီကနေ မခွာချင်တော့ဘူး။ လောလောဆယ်တော့ ဘိုလီးဗီးယားနိုင်ငံရဲ့ လှပတဲ့တောင်ကြားမြို့တစ်မြို့ဖြစ်တဲ့ လူဦးရေ ၂၂၀,၀၀၀ နေထိုင်ရာ ဆူကရက်မြို့မှာ ကျွန်မတို့နေထိုင်ကြတယ်။ ကက်သလစ်ချာ့ခ်ျတွေ အများကြီးရှိလို့ အရင်တုန်းက အဲဒီမြို့ကို ဗာတီကန်အငယ်စားလို့ ခေါ်ကြတယ်။ အခု အဲဒီမှာ ယေဟောဝါသက်သေတွေရဲ့အသင်းတော် ငါးခုရှိနေပြီ။
ကျွန်မနဲ့ကာမဲန် နှစ်ယောက်ပေါင်းရဲ့ ရှေ့ဆောင်သက်တမ်းဟာ အနှစ် ၆၀ ကျော်ရှိပြီး လူတစ်ရာကျော်ကို နှစ်ခြင်းခံတဲ့အထိ ကူညီပေးရတဲ့ အခွင့်ထူးရရှိခဲ့တယ်။ မှန်ပါတယ်၊ ယေဟောဝါရဲ့အမှုတော်ကို စိုးလ်အကြွင်းမဲ့ထမ်းဆောင်ခြင်းက အကျိုးအရှိဆုံးဘဝလမ်းစဉ်ဆိုတာ သံသယဝင်စရာမရှိဘူး။—မာကု ၁၂:၃၀။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 8 သမ္မာကျမ်းစာတွင် မွေးနေ့ပွဲနှစ်ခုအကြောင်းကိုသာဖော်ပြထားပြီး ယင်းတို့သည် အယူမှားဝတ်ပြုမှုနှင့်ပတ်သက်နေကာ မနှစ်သက်ဖွယ်နည်းဖြင့် မှတ်တမ်းတင်ထားသည်။ (ကမ္ဘာဦး ၄၀:၂၀-၂၂: မာကု ၆:၂၁-၂၈) သို့သော် ဘုရားသခင့်စကားတော်က လက်ဆောင်များပေးကမ်းရာတွင် မိတ်ဆုံပွဲ သို့မဟုတ် ရွယ်တူချင်းဖိအားကြောင့်မဟုတ်ဘဲ စိတ်စေတနာဖြင့်ပေးကမ်းရန် အားပေးထားသည်။—သု. ၁၁:၂၅; လုကာ ၆:၃၈; တမန်တော် ၂၀:၃၅; ၂ ကောရိန္သု ၉:၇။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ဤမိသားစုနှင့် ကျမ်းစာလေ့လာရန် ကျောက်တောင်စောင်းသို့ ကျွန်မတက်ခဲ့
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ခရစ်ယာန်ဓမ္မအမှုတွင် ကျွန်မအစ်မကာမဲန် (ညာဘက်) နှင့်အတူ