“သဘာဝတရားတွင် ထင်ရှားပေါ်လွင်နေသော ဉာဏ်ပညာ”
“သဘာဝတရားတွင် ထင်ရှားပေါ်လွင်နေသော ဉာဏ်ပညာ”
ဂျပန် နိုင်ငံမှ နိုးလော့! စာရေးသူ ပေးပို့သည်
အဆိုပါခေါင်းစဉ်သည် ဂျပန်နိုင်ငံ၊ အိုင်ချီပြည်နယ်တွင်ကျင်းပသော ၂၀၀၅ ခုနှစ်ပြပွဲ၌ ရေပန်းစားခဲ့၏။ ယင်းပြပွဲတွင် နိုင်ငံပေါင်း ၁၂၁ နိုင်ငံမှ ပါဝင်ဆင်နွှဲခဲ့ကြသည်။ ပြပွဲလာဧည့်ပရိသတ်များသည် သဘာဝတရားမှ လေ့လာသင်ယူရန်၊ “ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေဘဲ စီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေသော နည်းလမ်းများရှာဖွေရန် အလေးထားကြိုးပမ်း” ကြဖို့ အားပေးခံရသည်။ ဂျပန်နိုင်ငံအလယ်ပိုင်း နာဂိုယာမြို့အနီးရှိ ယင်းပြပွဲကို သစ်တောများ၊ ရေကန်များ၊ ပန်းမန်များဖြင့် တန်ဆာဆင်ထား၏။ ယင်းပြပွဲတွင် ဆွဲဆောင်မှုတစ်ခုမှာ ၁.၆ မိုင်ရှည်လျားသော Global Loop ခေါ် မိုးပျံလမ်းဖြစ်သည်။ အကျယ်ပေ ၇၀ နီးပါးရှိသည့် အဆိုပါမိုးပျံလမ်းမှနေ၍ အောက်ဖက်ရှိ သဘာဝအလှအပကို ရှုစားနိုင်ကြသည်။
သဘာဝတရားနှင့် သဟဇာတဖြစ်ခြင်း
ဂျပန်ပြခန်းအဆောက်အအုံကို ဝါးအလုံးပေါင်း ၂၃,၀၀၀ ကိုဖြာ၍ ရက်လုပ်ထားသော ပိုးအိမ်ကြီးသဏ္ဌာန် အမိုးတစ်ခုဖြင့် အုပ်မိုးထားရာ နေပူဒဏ်မှအကာအကွယ်ရ၏။ ပျမ်းမျှအရှည် ၂၃ ပေရှိသော ဝါးလုံးများဖြင့် ဆောက်လုပ်ထားသည့် အဆောက်အအုံမှာ အမြင့် ၆၂ ပေ၊ အလျား ၂၉၅ ပေနှင့် အနံ ၂၃၀ ပေရှိရာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး ဝါးအိမ်တစ်လုံးဖြစ်သည်။ အဆိုပါပြခန်းတွင် ဗီဒီယိုရိုက်ကူးပြသမှုစနစ် ထည့်သွင်းထားသော စက်လုံးတစ်လုံးရှိ၏။ အချင်း ၄၂ ပေရှိ ယင်းစက်လုံးထဲတွင် ပုံရိပ်များ လည်ပတ်လှုပ်ရှားနေကာ ပြပွဲလာဧည့်ပရိသတ်များမှာ များပြားလှသောသက်ရှိကမ္ဘာတွင် ရောက်နေသည့်အလား ခံစားခဲ့ရသည်။
မလေးရှားပြခန်းတွင် ရုပ်သံတင်ဆက်မှုစနစ်ကို အသုံးပြု၍ နိုင်ငံ့မိုးသစ်တောများနှင့် သန္တာကျောက်တန်းများကို ပြသထားသည်။ ထိုင်းနိုင်ငံပြခန်း၌ ပြသထားသည့် ၂၀၀၄၊ ဒီဇင်ဘာ ၂၆ ရက်နေ့တွင် ဖြစ်ပျက်ခဲ့သော ကြေကွဲဖွယ် ဆူနီမီဒီရေလှိုင်းမြင်ကွင်းများက ပြပွဲလာဧည့်ပရိသတ်များအား “လူသည် သဘာဝတရား၏အရှင်သခင်မဟုတ်” ကြောင်း သတိပေးခဲ့သည်။ ထိတ်လန့်ဖွယ်ရာ မျိုးသုဉ်းပျောက်ကွယ်မှုကို ရည်ညွှန်းလျက် တောင်အာဖရိကပြခန်းတွင် အာဖရိကမြင်းကျားမျိုး သားပေါက်တစ်ကောင်၏ပုံတူကို ပြသထားသည်။ အာဖရိကတောင်ပိုင်းလွင်ပြင်များတွင် လှည့်လည်ကျက်စားခဲ့သော ယင်းမြင်းကျားမျိုးသည် ၁၉ ရာစု၌ မျိုးသုဉ်းသွားသည်အထိ လိုက်လံဖမ်းဆီးသတ်ဖြတ်ခံခဲ့ရ၏။
ပြပွဲ၏အဓိကပြခန်းနှင့်ကပ်လျက်တွင် မပုပ်သိုးအောင်စီမံ၍ ခင်းကျင်းပြသထားသောအရာမှာ ရုရှားနိုင်ငံ၊ ဆိုက်ဘေးရီးယားနယ်မှ ၂၀၀၂ ခုနှစ်၌ တူးဖော်ရရှိခဲ့သည့် အမွေးရှည်ဆင်ကြီးတစ်ကောင်၏ ရုပ်ကလာပ်ဖြစ်သည်။ မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်သည့် ဤဆင်ကြီးကို ယူကာဂါဟု အမည်မှည့်ထားပြီး ယင်းတွင် ရှည်လျားကွေးကောက်သော အစွယ်နှစ်ချောင်းရှိကာ မျက်လုံးများမှာ မှေးစင်းစင်းဖြစ်နေသည်။ ယင်း၏ဦးခေါင်းတွင် အရေခွံနှင့် အမွေးရှည်များ ဖုံးအုပ်လျက်ရှိသေး၏။ ဤအံ့ဖွယ်ဆင်ကြီးသည် မျိုးသုဉ်းပျောက်ကွယ်မှုဆိုင်ရာ ထိရောက်သောသတိပေးပုံနမူနာ နောက်တစ်ခုဖြစ်သည်။
အနာဂတ်တွင် ပိုကောင်းလာမည်လော
လူတို့သည် ကမ္ဘာဂြိုဟ်၏အနာဂတ်ကို ခြိမ်းခြောက်နေသော ညစ်ညမ်းမှုနှင့် ကမ္ဘာချီပူနွေးမှုတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ “၂၀၀၅ ခုနှစ်ပြပွဲ၏အမှတ်သင်္ကေတ” အဖြစ် ပေပေါင်း ၄၉၀ ရှည်လျားပြီး အမြင့်ပေ ၅၀ ရှိ ဇီဝအဆုတ်ဟုခေါ်သော “အစိမ်းရောင်” နံရံကြီးတစ်ခုကို ပြသထားကြသည်။ ယင်းနံရံကြီးကို ပန်းများအပါအဝင် မျိုးစိတ်ပေါင်း ၂၀၀ ရှိသည့် အပင်ပေါင်း ၂၀၀,၀၀၀ ဖြင့်ပြုလုပ်ထားသည်။ ရာသီအလိုက် ပုံစံအမျိုးမျိုးပြောင်းလဲနိုင်သည့် ထိုသို့သော “အဆုတ်” အတော်များများကို မြို့တစ်မြို့အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အောက်ဆီဂျင်ကိုထုတ်လွှတ်ပေးသည့် အသက်ရှူအင်္ဂါနှင့် လေစစ်ကိရိယာအဖြစ် အသုံးပြုနိုင်သည်ဟု ယူဆကြသည်။
ထို့ပြင် အဆိုပါပြပွဲတွင် လျှပ်စစ်စွမ်းအားဖြင့် မောင်းနှင်သည့် စွမ်းအင်နှစ်မျိုးသုံး ဘတ်စကားများအပါအဝင် သယ်ယူပို့ဆောင်ရေးကဏ္ဍကိုလည်း ပြသထားသည်။ ဤယာဉ်များ မောင်းနှင်ပြေးဆွဲသည့်အခါ အိပ်ဇောပိုက်မှ ထုတ်လွှတ်လိုက်သောအရာမှာ ရေဖြစ်သည်။ နည်းပညာကို စွဲလမ်းနှစ်သက်သူတို့အတွက် နောက်ဇိမ်ခံပစ္စည်းတစ်မျိုးမှာ ဂျပန်နိုင်ငံ၏ ပထမဦးဆုံး စီးပွားဖြစ်မောင်းနှင်သည့် လီနီမိုဟုအမည်ပေးထားသော လျှပ်စစ်သံလိုက်ပျံမီးရထားဖြစ်သည်။ ဆွဲအားကောင်းသောသံလိုက်များကို အသုံးပြုထားသဖြင့် လီနီမို မီးရထားသည် စက်သံညက်ညောပြီး သံလမ်းအထက် တစ်လက်မ၏ လေးပုံတစ်ပုံခန့်တွင် ညင်သာချောမွတ်စွာ မောင်းနှင်သွားသည်။ ထို့ပြင် ဘတ္ထရီစွမ်းအားသုံး ဓာတ်ရထားများ၊ စက်ဘီးတက္ကစီများ၊ မောင်းသူရှိ သို့မဟုတ် မောင်းသူမဲ့ ဘတ်စကားနှင့်တူသော ယာဉ်များကိုလည်း ပြသထားသည်။ ယာဉ်နှစ်စီးသုံးစီး ရှေ့နောက်စီတန်း၍ အမြန်မောင်းနှင်နိုင်သော ဤအနာဂတ်ယာဉ်များသည် သာမန်လောင်စာထက် ပို၍သန့်စင်သော သဘာဝဓာတ်ငွေ့ကို အသုံးပြုကြသည်။
စားကြွင်းစားကျန်ကဲ့သို့သော ဇီဝစွန့်ပစ်ပစ္စည်းများကို လျှပ်စစ်စွမ်းအားနှင့် မြေသြဇာအဖြစ် ပြောင်းလဲနိုင်သည်ကို မြင်ယောင်ကြည့်လိုက်ပါ။ ပြပွဲတည်ရှိရာနေရာ၌ မီသိန်းဓာတ်ငွေ့ဖောက်ခြင်းဟုခေါ်သော ဖြစ်စဉ်ကို အသုံးပြုသည့် ဓာတ်အားပေးစက်ရုံတစ်ရုံရှိသည်။ စက်ရုံတွင် အမှိုက်သရိုက်များကို မီးရှို့ ပြာချလိုက်မည့်အစား အမှိုက်ကိုအချဉ်ဖောက်ပြီး မီသိန်းဓာတ်ငွေ့အဖြစ် ပြောင်းလဲလိုက်ကာ ယင်းမှ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ကို ထုတ်ယူသည်။ ဓာတုဓာတ်ပြုမှုများကို အသုံးပြုသည့် လောင်စာသိုလှောင်ခန်းများသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဟိုက်ဒရိုဂျင်ကို အောက်ဆီဂျင်နှင့်ဓာတ်ပြုစေသည်။ ဘေးထွက်ပစ္စည်းများမှာ ရေနှင့် မြေသြဇာဖြစ်၏။ အမှန်မှာ ပြပွဲမှထွက်လာသည့် ဇီဝစွန့်ပစ်ပစ္စည်းအားလုံးကို စက်ရုံတွင် စီမံပြုပြင်ပြီး ရရှိလာသည့် လျှပ်စစ်ဓာတ်အားကို ပြခန်းအချို့တွင် အသုံးပြုခဲ့ကြသည်။
လူသားများအတွက် ကိုယ်ရေးအရာရှိများအဖြစ် လုပ်ဆောင်နိုင်စွမ်းရှိသည့် အလေးချိန်ပေါ့ပါးသော စက်ယန္တရားများထုတ်လုပ်ရန် ရည်ရွယ်ချက်ဖြင့် စက်ရုပ်တီထွင်မှု နည်းပညာနယ်ပယ်တွင် သုတေသနများ ပြုလုပ်လျက်ရှိကြသည်။ စက်ရုပ်တီထွင်မှုနည်းပညာမှ တိုးတက်မှုအချို့ကို ပြသရာတွင် စက်ရုပ်ခုနစ်ရုပ်သည် ပြခန်းတစ်ခု၏ စင်မြင့်အလယ်သို့တက်လာပြီး ဧည့်ပရိသတ်များကို တေးဂီတဖြင့်ဖျော်ဖြေ၍ ဆွဲဆောင်ခဲ့ကြသည်။ စက်ရုပ်အချို့သည် လေမှုတ်တူရိယာခလုတ်များကို ၎င်းတို့၏ “လက်ချောင်းများ” ဖြင့် သွက်လက်ကျွမ်းကျင်စွာ တီးမှုတ်ပြကြပြီး အခြားစက်ရုပ်များကမူ ဒရမ်တီးပြကြသည်။ “သူတို့ရဲ့လှုပ်ရှားဟန်တွေက အရမ်းညင်သာညက်ညောပြီး ပေါ့ပါးဖျတ်လတ်ကြတဲ့အတွက် တကယ့်လူတွေအလား အောက်မေ့ရတယ်” ဟုလေ့လာသူတစ်ဦးကဆိုခဲ့၏။
အခြားသော အဆင့်မြင့်နည်းပညာဆိုင်ရာ တီထွင်မှုနှစ်မျိုးမှာ ပြောင်းမှုန့်ဖြင့်ပြုလုပ်ထားသော ဆွေးမြည့်ပျက်စီးနိုင်သည့် ပလတ်စတစ်များ၊ ယင်းနှင့်ဆင်တူသောထုတ်ကုန်များ၊ အချင်း တစ်မီတာ၏ သန်းတစ်ထောင်ပုံ နှစ်ရာပုံ (နာနိုမီတာ ၂၀၀) ခန့်ပင်မရှိသော ဓာတ်ငွေ့ပူဖောင်းလေးများဖြစ်သည့် နာနိုပူဖောင်းလေးများ ဖြစ်ကြသည်။ လူ့ဆံခြည်မျှင်တစ်မျှင်၏အချင်းသည် နာနိုမီတာ ၅၀,၀၀၀ ခန့်ရှိ၏။ ဤမျှသေးငယ်လှသည့် ပူဖောင်းလေးများသည် ပုံမှန်အားဖြင့် အလွန်ပင် ပျောက်ပျက်လွယ်သောအရာများဖြစ်သည်။ သို့သော် ဂျပန်သုတေသီများက “ငါးများနှင့် အခွံမာရေသတ္တဝါများ၏ ဝန်းကျင်အပြောင်းအလဲများနှင့်အညီ အလိုက်သင့်နေထိုင်နိုင်စွမ်း” ကိုတိုးမြှင့်ပေးသည့် မပျောက်ပျက်လွယ်သော အောက်ဆီဂျင် နာနိုပူဖောင်းများထုတ်လုပ်ရန် နည်းပညာရပ်ကို တိုးတက်စေခဲ့ကြသည်။ အမှန်မှာ အောက်ဆီဂျင်နာနိုပူဖောင်းလေးများ ပြည့်ဝနေသည့် ငါးအလှမွေးကန်တစ်ခုတွင် ရေချိုရေငန်ငါးမျိုးစိတ်အချို့ ကောင်းစွာနေထိုင်နိုင်ကြသည်။ သုတေသီများသည် ငါးမွေးမြူရေး၊ စိုက်ပျိုးရေးနှင့် အခြားနယ်ပယ်များတွင် ဤနည်းပညာအသစ်ကို လက်တွေ့အသုံးချရန် မျှော်လင့်နေကြသည်။
လူတို့ အလေးဂရုပြုကြပါသလော
“သဘာဝတရားတွင် ထင်ရှားပေါ်လွင်နေသော ဉာဏ်ပညာ” ကိုဂရုပြုရန်လိုအပ်ကြောင်း ပြပွဲတွင် အလေးပေးဖော်ပြခဲ့သော်လည်း လူအများစုကမူ အလေးမထားကြချေ။ လျစ်လျူရှုမှု၊ လိုဘကြီးမှုနှင့် ယိုယွင်းဖောက်ပြန်မှုတို့က ပြပွဲ၏အဓိကခေါင်းစဉ်ကို ထောက်ခံသူတို့၏ သဘောထားများကို ဖုံးလွှမ်းသွားသည်။ ထို့ကြောင့် မြေကမ္ဘာသည် ပြပွဲတစ်ခုတွင် ဖော်ပြခဲ့သည့်အတိုင်း “ဒဏ်ရာရနေသော ကမ္ဘာဂြိုဟ်” ဖြစ်နေပြီ။ သို့သော် ရည်ရွယ်ချက်ကောင်းရှိသူတို့ပင် လူ့ပြဿနာများနှင့် ကမ္ဘာ့ဂေဟစနစ်ဆိုင်ရာ အခက်အခဲများအတွက် စိတ်ချလောက်သောအဖြေများ မပေးနိုင်ကြချေ။ သမ္မာကျမ်းစာအရ လူ့ ဉာဏ်ပညာနှင့် အသိပညာက အဆိုပါအဖြေများကို မပေးနိုင်ချေ။ (ယေရမိ ၁၀:၂၃) သို့သော် အခြေအနေမှာ မျှော်လင့်ချက်ရှိပါသည်။ ထိုသို့ အဘယ်ကြောင့်ဆိုရသနည်း။
ဉာဏ်ပညာ၏ အမြင့်ဆုံးပင်ရင်းဖြစ်သော ကျွန်ုပ်တို့၏ဖန်ဆင်းရှင်သည် မိမိ၏လက်ရာတော်အား လူတို့မဖျက်ဆီးပစ်မီ ကမ္ဘာ့အရေးကိစ္စများကို ကြားဝင်ဆောင်ရွက်မည်ဟု သမ္မာကျမ်းစာကဆို၏။ (ဗျာ. ၄:၁၁; ၁၁:၁၈) “ခဏကြာပြီးမှ မတရားသောသူသည်မရှိရ။ . . . စိတ်နှိမ့်ချသောသူတို့မူကား ပြည်တော်ကိုအမွေခံ၍ များပြားသောငြိမ်သက်ခြင်း၌ မွေ့လျော်ကြလိမ့်မည်” ဟုဆာလံ ၃၇:၁၀၊ ၁၁ ကဆိုသည်။ သဘာဝတရားကို ဂရုပြုခြင်းက ပညာရှိရာကျသည်မှန်သော်လည်း သမ္မာကျမ်းစာကိုဖတ်ရှုပြီး ကျင့်သုံးခြင်းအားဖြင့် ဖန်ဆင်းရှင်၏စကားတော်ကို အလေးဂရုပြုခြင်းက ပို၍ပင်ပညာရှိရာကျသည်။ (၂ တိမောသေ ၃:၁၆) ထိုသို့လုပ်ဆောင်သူအားလုံးသည် နာမကျန်းဖြစ်နေသည့် ကမ္ဘာဂြိုဟ် လုံးလုံးလျားလျား ကုစားခံရကာ ပရဒိသုအဖြစ် အသွင်ပြောင်းသွားသည်ကို တွေ့မြင်ရပါလိမ့်မည်။—လုကာ ၂၃:၄၃။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
နာနိုပူဖောင်း ခင်းကျင်းပြသမှု
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
မောင်းသူမဲ့ ဘတ်စကားများ
[စာမျက်နှာ ၁၈၊ ၁၉ ပါ ရုပ်ပုံ]
ဗီဒီယိုရိုက်ကူးပြသမှုစနစ် ထည့်သွင်းထားသော စက်လုံးတစ်လုံး
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
မျိုးစိတ်ပေါင်း ၂၀၀ ရှိ အပင်ပေါင်း ၂၀၀,၀၀၀ ဖြင့် ပြုလုပ်ထားသော ဇီဝအဆုတ်
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
ဧည့်ပရိသတ်များကို တေးဂီတဖြင့်ဖျော်ဖြေနေသော စက်ရုပ်များ