မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အခက်ကြုံနေသော လူငယ်များကို ကူညီပေးခြင်း

အခက်ကြုံနေသော လူငယ်များကို ကူညီပေးခြင်း

အခက်​ကြုံနေ​သော လူငယ်များ​ကို ကူညီ​ပေးခြင်း

လောက​၏ ဘဝ​ပုံစံ​များနှင့် ရေပန်းစား​ရာ​များသည် အမြဲ​ပင် ပြောင်းလဲ​နေ​၏။ ခေတ်​သစ်​နည်း​ပညာ​ကြောင့် အပြောင်းအလဲ​များ​မှာ ပို​၍​ပင် သိသာ​ထင်ရှား​လှ​၏။ မ​နေ့​က​ရှိခဲ့​သော​အရာ​သည် ယနေ့​တွင် ခေတ်​ကုန်​သွားပြီး ယနေ့ ရေပန်းစား​နေသော​အရာ​သည် မနက်ဖြန်​ဆိုလျှင် ခေတ်​မစား​တော့​ချေ။ အပြောင်းအလဲ​မြန်ဆန်​မှုများ​က လူငယ်​အများ​အပေါ် အကြီးအကျယ် ဩဇာ​လွှမ်းမိုး​လျက်​ရှိသည်။

လူမှု​စရိုက်​လက္ခဏာ အကြီးအကျယ်​ပြောင်းလဲခြင်း

မကြာသေးမီ​နှစ်များ​က နည်း​ပညာ​သည် လူငယ်များ​အပေါ် အကြီးအကျယ် ဩဇာ​လွှမ်းမိုး​ခဲ့​သည့် အပြောင်းအလဲ​တစ်ရပ်​ကို အစပျိုး​ခဲ့​သည်။ ဥပမာ၊ နိုင်ငံ​များစွာ​တွင် ဆဲလ်ဖုန်း​နှင့် ကွန်ပျူတာ​သည် လူငယ်များ​၏ အသက်သွေး​ကြော​ဖြစ်နေ​ပြီ။ လူမှုဆက်သွယ်ရေး​ကွန်ရက်​များ​က အလားအလာ​သစ်​များစွာ​ရှိသော ကမ္ဘာ​တစ်ခု​ကို ဖွင့်လှစ်​ပေး​ခဲ့ပြီ။ “လက်တွေ့​ဘဝမှာ သင်ဟာ သူငယ်ချင်း​တစ်ယောက်မှ​မရှိတာ ဖြစ်​နိုင်တယ်။ ဒါပေမဲ့ အွန်လိုင်းမှာ​တော့ ရာနဲ့ချီ​တဲ့​သူငယ်ချင်းတွေ ချက်ချင်း​ရနိုင်တယ်” ဟု​သြစတြေးလျ​နိုင်ငံ​မှ အသက် ၁၉ နှစ်အရွယ် မိန်းကလေး​တစ်ဦး​က​ဆို​၏။

ဆဲလ်ဖုန်း​နှင့် အင်တာနက်​တို့သည် အကျိုးများစွာ​ရှိကြောင်း လူတိုင်း​သဘောတူ​ကြ​ပေမည်။ သို့သော် လူများစွာ​အတွက်​မူ အဆိုပါ ကိရိယာ​များသည် မ​သုံး​ရ​မနေနိုင်​သည့်​အရာများ ဖြစ်နေ​ဟန်​တူ​၏။ ကျောင်းသား​အချို့​သည် “၁၀ နာရီ​နှင့် ၁၁ နာရီ​ကြား အတန်း​လွှတ်​ချိန်​တွင် ဆဲလ်ဖုန်း​မပြော​ရ မနေနိုင်​ကြ​ကြောင်း၊ ‘တိတ်ဆိတ်​မှု​ကို သည်းမခံ​နိုင်ဘူး’ ဟူ၍ ပြောဆို​နေသည့်​အလား တစ်ဦး​တစ်ယောက်​နှင့်​စကားပြော​ဆို​ရန် လှုံ့ဆော်ပေး​သော​အရာ​မ​ရှိလျှင် သက်သောင့်သက်သာ​မရှိ​ပုံ​ရ​ကြောင်း” တက္ကသိုလ်​ပါမောက္ခ ဒေါ်နယ်​လ်​ရောဘတ်​က မှတ်ချက်ချ​သည်။

လူငယ်​အချို့​က မိမိတို့ ဆေးစွဲ​သလို​စွဲ​နေသည်​ဟု​ပင် ဝန်ခံ​ကြသည်။ “ရုတ်ခြည်း​သတင်း​တို​ပို့လွှတ်​တဲ့​စနစ်​နဲ့ ဆဲလ်ဖုန်း​ကို ကျွန်မ​အစွဲကြီးစွဲ​နေတယ်။ ဘာကြောင့်လဲ​ဆိုတော့ အဲဒါတွေနဲ့ သူငယ်ချင်းတွေ​ကို မပြတ်​ဆက်သွယ်​နေရ​လို့​ပဲ။ ကျွန်မ​အိမ်ပြန်ရောက်​တာ​နဲ့ အင်တာနက်​ကို ချက်ချင်း​ဖွင့်ပြီး . . . တစ်ခါ​တ​လေ မနက် ၃ နာရီ​အထိ ထိုင်​ကြည့်​နေတယ်” ဟု​အသက် ၁၆ နှစ်အရွယ် စတက်ဖနီ​က​ဆို​၏။ စတက်ဖနီ​၏ လစဉ်​ဖုန်း​ကြေး​မှာ ဒေါ်လာ ၁၀၀ မှ ၅၀၀ အထိ​ရှိသည်။ “အခု ကျွန်မ​မိဘတွေဆီမှာ ဖုန်း​ကြေး​အတွက် ဒေါ်လာ ၂,၀၀၀ ကျော်​အကြွေးတင်​နေတယ်။ ဒါပေမဲ့ ဆဲလ်ဖုန်း​ကို အမြဲ​သုံးနေကျ​ဆိုတော့ အဲဒါ​မရှိရင် မနေ​တတ်​တော့​ဘူး။”

ပြဿနာ​များ​မှာ ငွေ​ရေး​ကြေး​ရေး​ထက်မက ဖြစ်​နိုင်​ပါ​သည်။ မိသားစု​ဘဝ​နှင့်​ပတ်သက်​၍ လေ့လာမှု​ပြု​ရာ​တွင် ဖခင်​အလုပ်​မှ​ပြန်လာ​သောအခါ ဇနီးသည်​နှင့် ကလေး​များသည် မိမိတို့​လုပ်ဆောင်နေ​သော​အရာ​၌​သာ အာရုံ​နစ်မျော​နေကြ​သဖြင့် နှုတ်ဆက်​စကား​ဆို​ဖို့​ပင် သတိမရ​တော့​ကြောင်း မ​နု​ဿ​ဗေဒ​ပညာရှင် အယ်​လီ​နာ​အော့ခ်​က တွေ့ရှိ​ခဲ့​သည်။ သူတို့သည် အီလက်ထရောနစ်​ကိရိယာ​လေး​များ​တွင်​သာ အာရုံ​နစ်မျော​နေကြ​တော့​၏။ “ကလေး​တွေ​ရဲ့​လုပ်ဆောင်မှု​နယ်ပယ်​မှာ ပါဝင်​ပတ်သက်​ဖို့ မိဘတွေ​အတွက် ဘယ်လောက်​ခက်ခဲ​တယ်​ဆိုတာ တွေ့ခဲ့​ရတယ်” ဟု​အော့ခ်​က​ဆို​၏။ ထို့​ပြင် မိမိတို့​လုပ်ဆောင်နေ​သော​အရာ​ပေါ် အာရုံနစ်​မြုပ်​ထား​ကြ​သည့် ကလေး​များ​အား မိဘများ လက်လျှော့​လိုက်​ကြသည်​ကို လေ့လာမှု​ပြု​နေစဉ်​အတွင်း တွေ့ရှိ​ခဲ့​ရသည်​ဟု ၎င်း​က​ထပ်​ဆို​သည်။

လူမှုဆက်သွယ်ရေး​ကွန်ရက်​ထဲ ဝင်ရောက်ခြင်း​က ဘေးကင်း​ပါသလော

မိဘများနှင့် ပညာရှင်​များသည် လူမှုဆက်သွယ်ရေး​ကွန်ရက်​ထဲ ဝင်ရောက်​ကြည့်ရှု​ခြင်း​ဖြင့် အချိန်ဖြုန်း​နေကြ​သော လူငယ်များနှင့်​ပတ်သက်​၍ စိုးရိမ်မကင်း​ဖြစ်​လျက်​ရှိ၏။ ကိုယ်ပိုင်​ဝက်​ဘ်​စာမျက်နှာ​ဖွင့်​၍ ရုပ်ပုံများ၊ ဗီဒီယိုများ၊ နေ့စဉ်​မှတ်တမ်းများ​ဖန်တီး​နိုင်​ခွင့်​ရှိသော အင်တာနက်​ဆိုက်​အများအပြား​ရှိသည်။ ယင်းကို Weblog ဟု​ခေါ်​သည်။

ထိုသို့​သော​ဝက်ဘ်ဆိုက်​များ​၏ ဆွဲဆောင်မှု​တစ်ခု​မှာ ယင်း​ဆိုက်များ​၏​အဖွဲ့ဝင်​များသည် မိတ်ဆွေ​သူငယ်ချင်းများနှင့် အဆက်အသွယ်​ပြုလုပ်​နိုင်​ခြင်း​ဖြစ်သည်။ နောက်​ဆွဲဆောင်မှု​တစ်ခု​မှာ ဝက်​ဘ်​စာမျက်နှာ​ဖွင့်​ထားခြင်း​က လူငယ်​တစ်ဦး​အား မိမိသည် မည်သို့သော​လူစားမျိုး​ဖြစ်​ကြောင်း​နှင့် မိမိ၏​ထင်မြင်​ယူဆချက်များ​ကို ဖော်ပြ​ခွင့်​ရစေ​ခြင်း​ဖြစ်သည်။ ငယ်ရွယ်ချိန်​သည် မိမိ​အကြောင်း​သိရှိ​ရန် သင်ယူ​နေသည့်​အချိန်၊ အခြားသူများ​၏​စိတ်ဝင်စားမှု​ကို နှိုးဆွ​ရန် မိမိ၏​ခံစားချက်​များ​ကို ထုတ်ဖော်​နေသည့်​အချိန်​ဖြစ်​ရာ ထို​ဆွဲဆောင်မှု​ကို နားလည်​နိုင်​ပါ​သည်။

သို့သော် ပေါ်ပေါက်​လာ​သည့် ပြဿနာ​တစ်ရပ်​မှာ လူ​အချို့​က မိမိတို့သည် မည်သို့သော​လူစားမျိုး ဖြစ်​ကြောင်း​ထက် မိမိတို့ ဖြစ်ချင်​ရာ​ကို​သာ ဖော်ပြ​သည့် ကိုယ်ရေး​ဝက်ဘ်ဆိုက်ကို ဖန်တီး​ကြ​ခြင်း​ဖြစ်သည်။ “ကျွန်တော်​တက်​တဲ့​ကျောင်း​မှာ သူ့​အသက်​က ၂၁ နှစ်​ပါ၊ လက်​စ်ဗီး​ဂတ်​စ်​မှာ နေပါတယ်​လို့ ပြော​တဲ့​ချာတိတ်​တစ်ယောက်​ရှိတယ်” ဟု အသက် ၁၅ နှစ်အရွယ် ယောက်ျားလေး​တစ်ဦး​က​ပြောပြ​သည်။ ထို​လူငယ်​နှစ်ဦးစလုံး​သည် အဆိုပါ​မြို့​နှင့် မိုင်​တစ်ထောင်​ခန့်​ဝေး​သော​မြို့တွင် နေထိုင်ကြ​သည်။

ယင်း​သို့​သော​လှည့်စားမှု​မှာ မထူးဆန်း​တော့​ပေ။ “အင်တာနက်မှာ ဘာ​မဆို​လုပ်​နိုင်တယ်” ဟု ဩစတြေးလျ​နိုင်ငံ​မှ အသက် ၁၈ နှစ်အရွယ် မိန်းကလေး​တစ်ဦး​က ပြောပြ​သည်။ “ကိုယ့်ကို လူတွေ​မသိတဲ့​အတွက် ကိုယ်​နဲ့​လုံးဝ​မတူတဲ့ တခြား​တစ်ယောက်​ပုံစံ​မျိုး လုပ်ယူ​လို့​ရတယ်။ ကိုယ့်​ကိုယ်ကို ယုံကြည်​စိတ်ချ​တယ်။ ကိုယ့်​ကိုယ်ကို စိတ်ဝင်စားစရာ​ပို​ကောင်း​တဲ့​သူ​အဖြစ် ဖန်တီး​ပြ​နိုင်တယ်။ လက်တွေ့​ဘဝမှာ တစ်ခါ​မှ မလုပ်ဖူးတဲ့​အရာ​ကို​လုပ်နေတဲ့ ဓာတ်​ပုံ​တွေ၊ တစ်ခါ​မှ မ​ဝတ်​ဖူး​တဲ့ အဝတ်အစား​တွေ​ဝတ်​ထား​တဲ့ ဓာတ်​ပုံ​တွေ​ကို ဖော်ပြ​လို့​ရတယ်။ လူ​ချင်း​တွေ့​ရင် ဘယ်တော့မှ​ပြော​မှာ​မဟုတ်တဲ့ စကား​တွေ​ကို ရေးသား​ဖော်ပြ​လို့​ရတယ်။ ဇာတိရုပ်​အမှန်​ကို ဖုံးကွယ်​ထား​တဲ့​အတွက် ဖြစ်လာ​နိုင်​တဲ့​ပြဿနာ​တွေ​ကို ရှောင်ကွင်း​နိုင်တယ်​လို့ ခံစား​ရတယ်။ အမှန်တကယ် ကိုယ်ဟာ ဘယ်သူလဲ​ဆိုတာ ဘယ်သူမှ​မသိကြဘူး။”

အခြား​ဆက်သွယ်ရေး​နည်းလမ်း တစ်မျိုး​မျိုး​ကဲ့သို့​ပင် လူမှုဆက်သွယ်ရေး​ကွန်ရက်​များ​ကို တရားဝင်​အသုံးပြု၍​ရ​သလို အလွဲသုံးစား​လည်း ပြု​နိုင်​ပေ​သည်။ မိဘ​တစ်ဦး​အနေ​နှင့် သင့်​သားသမီး​သည် အင်တာနက်​တွင် အဘယ်အရာ​လုပ်ဆောင်​နေကြောင်း သိပါသလော။ သင့်​သားသမီး​သည် ၎င်းတို့၏​အချိန်ကို ပညာရှိရှိ​အသုံးပြု​နေသည်​ဟု သင်​ယုံကြည်​စိတ်ချ​ပါသလော။ * (ဧဖက် ၅:၁၅၊ ၁၆) ထို့​ပြင် အင်တာနက်​ကို တလွဲ​အသုံးပြုခြင်းက လူငယ်​တစ်ဦး​အား အန္တရာယ်များ​စွာ​နှင့် ရင်ဆိုင်​ကြုံတွေ့​ရစေသည်။ ယင်း​အန္တရာယ်​အချို့​ကား အဘယ်နည်း။

ဆိုက်​ဘာ​စ​ပေ့​၏ မနှစ်မြို့ဖွယ်​လက္ခဏာများ

အင်တာနက်​၏ လျှို့ဝှက်​စနစ်​သည် ကလေး​များ​အား လိင်ဆိုင်ရာ​အမြတ်​ထုတ်​သူများ​အတွက် အမဲလိုက်​ကွင်း​ဖြစ်နေ​သည်။ လူငယ်များသည် မိမိတို့၏​ကိုယ်ရေး​အချက်အလက်​များ​ကို အင်တာနက်​တွင် ဖော်ပြ​ထား​မည်​ဆိုလျှင် သို့​မဟုတ် အဆက်အသွယ်​ပြုလုပ်​သူနှင့် လူ​ချင်း​တွေ့ဆုံ​ရန် သဘောတူ​လိုက်​မည်​ဆိုလျှင် အမှုမဲ့​အမှတ်မဲ့ ကျော့မိ​သွား​နိုင်​သည်။ သို့သော် အချို့​က “ကလေး​များသည် ၎င်းတို့၏​နေအိမ် သို့​မဟုတ် ကစားကွင်း​တွင် ပို​၍ အကြမ်းဖက်​ခြိမ်းခြောက်​ခံ​နေရ​သည် သို့​မဟုတ် မတော်မတရား​ပြု​ခံ​နေရ​သည်” ဟု​ဆင်ခြေပေး​ကြသည်။ “သို့သော် မိဘ​အများ​က​မူ အင်တာနက်​သည် လိင်ဆိုင်ရာ​အမြတ်​ထုတ်​သူများ ကွန်ပျူတာ​မှ​တစ်ဆင့် အိမ်ထဲ​သို့​ဝင်ရောက်​ပြီး ကလေး​များ​၏​အပြစ်ကင်း​စင်​မှု​ကို ဖျက်ဆီး​ပစ်​နိုင်​သည့် စဉ်းလဲ​ဉာဏ်​များသော​အရာ​ဖြစ်သည်ဟု ယူဆကြ” ကြောင်း Parenting 911 စာအုပ်​က​ဆို​သည်။

အခြားသော​နည်း​ပညာ​ဆိုင်ရာ ဆက်သွယ်ရေး​နည်းလမ်းများ​လည်း အမြတ်​ထုတ်​ခံ​နေရ​၏။ လူငယ်​အချို့​သည် အင်တာနက်​မှ​တစ်ဆင့် အကြင်နာတရား​မဲ့​စွာ နောက်​ပြောင်​ခြင်း၊ ဝိုင်း​ပယ်​ခြင်း၊ အနှောင့်အယှက်​ပေးခြင်း သို့​မဟုတ် ခြိမ်းခြောက်​ခြင်း​တို့ကို ပြုလုပ်​လျက်​ရှိသည်။ ဝက်ဘ်ဆိုက်​များ​တင်ထား​ခြင်း​မှာ တစ်စုံ​တစ်ယောက်​အား အရှက်ခွဲ​ရန်​သက်​သက်​အတွက်သာ​ဖြစ်​ပြီး တစ်ချိန်တည်း​တွင် အီးမေးလ်၊ အင်တာနက်​စကားဝိုင်း​အစ​ရှိသည်​တို့​မှာ အသရေ​ဖျက်​သူများ​အသုံးပြု​ကြ​သည့် နည်းလမ်းများ​ဖြစ်လာ​ပြီ။ အွန်လိုင်း​လုံခြုံရေး​အဖွဲ့​တစ်ဖွဲ့​၏ ဒါရိုက်တာ​တစ်ဦး​က အသက် ၁၀ နှစ်​နှင့် ၁၄ နှစ်​အကြား​ရှိ ကလေး ၈၀ ရာခိုင်နှုန်း​သည် အွန်လိုင်း​မှ​တစ်ဆင့် တိုက်ရိုက်​ဖြစ်စေ၊ သွယ်ဝိုက်​၍​ဖြစ်စေ အနိုင်ကျင့်​ခံ​နေရ​သည်​ဟု ယူဆ​သည်။

ဗိုလ်ကျ​အနိုင်ကျင့်ခြင်း​သည် အသစ်အဆန်း​မဟုတ်​သည်​မှာ​မှန်​၏။ သို့သော် ယခု​အခါ​တွင် ကော​လာ​ဟ​လ၊ အတင်းအဖျင်း​နှင့် အသရေ​ဖျက်​မှု​တို့သည် ကျယ်ကျယ်ပြန့်ပြန့်​နှင့် လျင်​လျင်မြန်​မြန် ပျံ့နှံ့​သွား​နိုင်​သည်။ ထို့​ပြင် ယင်းသည် မနှစ်မြို့ဖွယ်​ဖြစ်၏။ အချို့​သော​ကိစ္စ​များ​တွင် ကင်မရာ​ပါ​သည့် ဆဲလ်ဖုန်း​များ​ကို​အသုံးပြု၍ ကျောင်းတွင်း အဝတ်​လဲ​ခန်း သို့​မဟုတ် ရေချိုးခန်း​တို့​တွင် ရိုင်းစိုင်း​ပြီး အရှက်ကင်းမဲ့​သော ဓာတ်​ပုံ​များနှင့် ဗီဒီယိုများ​ကို ရိုက်ကူး​ထား​ကြသည်။ ထို့နောက် အဆိုပါ​ရုပ်ပုံများ​ကို အာသာငမ်းငမ်း​ဖြစ်နေ​သူတို့​ထံ အင်တာနက်​မှ​တစ်ဆင့် ပေး​ပို့လိုက်​ကြသည်။

ကြီးထွား​လာ​နေသော စိုးရိမ်​ပူပန်မှု

ထိုသို့​သော​ကိစ္စရပ်​များ​ကြောင့် အမေရိကန်​နိုင်ငံ၊ န​ယူး​ဂျာ​ဆီ​ပြည်နယ်​ရှိ ဥပဒေ​နှင့် ပြည်​သူ့​လုံခြုံရေး​ဌာန​သည် မိဘများနှင့် အုပ်ထိန်းသူ​များ​ထံ စာ​တစ်စောင်​ရေးသား​ပေး​ပို့​ပြီး “စာသင်​ကျောင်း အတွင်း​နှင့်​အပြင်​တို့​တွင် ကလေး​များ အင်တာနက်​ကို လွဲမှား​စွာ​အသုံးပြု​နေ​မှု​နှင့်​စပ်လျဉ်း၍ ပေါ်ထွက်​လာသော စိုးရိမ်​စ​ရာ​များ​ကို အကြောင်းကြား​ရန်” တိုက်တွန်း​လိုက်​သည်။ ကိုယ်ရေး​အချက်အလက်​နှင့် ဓာတ်​ပုံ​များ​ကို အွန်လိုင်း​ပေါ်​တင်ထား​ခြင်း​သည် အထူး​စိုးရိမ်​ရ​ကြောင်း ယင်း​စာ​တွင်​ဖော်ပြ​ထား​သည်။ လူအများ​သိစေ​ရန် အသေးစိတ်​ဖော်ပြ​ထား​သည့် ဝက်ဘ်ဆိုက်​များသည် အကျင့်ပျက်​လူငယ်များနှင့် လူကြီး​များ​အတွက် ဆွဲဆောင်မှု​ဖြစ်လေ့​ရှိ၏။ “မိဘ​တစ်ဦး​အနေ​နှင့် သင်သည် ယင်း​ကိစ္စ​များနှင့်​ပတ်သက်​သည့် စိုးရိမ်​ပူပန်မှု​များ​မှာ အမှန်တကယ်​ဖြစ်​ကြောင်း၊ သင့်​ကလေး​၏ အင်တာနက်​အသုံးပြုမှု​တွင် သင်​ကိုယ်တိုင် အသိအမြင် ဗဟုသုတ​ရှိ​ထားခြင်း​ဖြင့် ကလေး​အန္တရာယ်ကင်း​ရေး​တွင် အရေးကြီး​ကဏ္ဍ​မှ ပါဝင်​နိုင်​ကြောင်း သိထားဖို့​လို​သည်” ဟု စာ​၌ ဖော်ပြ​ထား​၏။

သို့သော် မိဘ​အချို့​သည် မိမိတို့​သားသမီး​များ အင်တာနက်​တွင် အဘယ်အရာ​လုပ်ဆောင်​နေကြောင်း စိုး​စဉ်း​မျှ​မသိ​ရှိကြသည်​မှာ အံ့ဩစရာ​ပင်။ အသက် ၁၆ နှစ်အရွယ်​သမီး​ဖြစ်သူ​၏ အင်တာနက်​လုပ်ဆောင်မှုများ​ကို အနီးကပ်​စောင့်ကြည့်​နေသည့် မိခင်​တစ်ဦး​က ဤသို့​ဆို​သည်– “သားသမီးတွေ တင်ထား​တဲ့​အရာ၊ ဆွေးနွေး​နေတဲ့​အရာ​ကို မိဘတွေ သိလိုက်​မယ်​ဆိုရင် အရမ်း​ထိတ်လန့်​ပြီး စိတ်​အနှောင့်အယှက်​ဖြစ်သွား​လိမ့်မယ်။” အင်တာနက်​လုံခြုံရေး ပါရဂူ​တစ်ဦး၏​အဆို​အရ လူငယ်​အချို့​သည် လွန်​ညစ်ညမ်း​သည့် လိင်ဆိုင်ရာ . . . ဓာတ်​ပုံ​များ​ကို အင်တာနက်​ပေါ်​တွင် တင်ထား​ကြ​၏။

ဆိုးကျိုး​များ

ဤ​စိုးရိမ်​ထိတ်လန့်​မှု​က ဆယ်ကျော်သက်​အရွယ်​ဟူသည် အဘယ်အရာ​နှင့်​တူ​ကြောင်း မေ့လျော့​နေကြ​သည့် အစိုးရိမ်လွန်​သော​လူကြီး​များ​၏ မူမမှန်​မှု​သာ​လော။ စာရင်း​ဇယား​များ​က ထိုသို့​မဟုတ်​ကြောင်း ဖော်ပြ​သည်။ နိုင်ငံ​အချို့​တွင် အသက် ၁၅ နှစ်​နှင့် ၁၇ နှစ်​အကြား​ရှိ ယောက်ျားလေး​နှင့်​မိန်းကလေး သုံးပုံတစ်ပုံ​ခန့်​သည် လိင်ဆက်ဆံ​ခဲ့​ကြ​ပြီး​ဖြစ်သည်။ အသက် ၁၃ နှစ်​နှင့် ၁၉ နှစ်​အကြား​ရှိ ဆယ်ကျော်သက်​ထက်ဝက်ကျော်​က သူတို့သည် ပါးစပ်​ဖြင့် လိင်ဆက်ဆံ​ခဲ့​ကြသည်​ဟု​ဆို​၏။

တိကျ​မှန်ကန်သော အဆိုပါ​စာရင်း​ဇယား​များနှင့်​ပတ်သက်​၍ နည်း​ပညာ​ပိုင်း​တွင် တာဝန်​ရှိပါ​သလော။ လုံးဝ​တာဝန်​ရှိသည်။ “ဆဲလ်ဖုန်း​များနှင့် အင်တာနက်​သည် ဆယ်ကျော်သက်​များ​အား တစ်သီးပုဂ္ဂလ​နေ​ရန် အကန့်အသတ်​မရှိ ကမ်း​လှမ်း​နေပြီး အပျော်​တွဲ​ရန်​ပို​၍​လွယ်ကူ​စေ​သည်” ဟု New York Times Magazine မှ သတင်း​တစ်ပုဒ်​က​ဆို​၏။ * အမှန်​ဆို​ရ​လျှင် ကွန်ပျူတာ​ခလုတ် အနည်းငယ်​နှိပ်​လိုက်​ရုံ​နှင့် လိင်​ခြား​သူ​တစ်ဦး​နှင့် လျှို့ဝှက်​တွေ့ဆုံ​ရန် စီစဉ်​နိုင်​သည်။ လေ့လာမှု​တစ်ခု​တွင် မိန်းကလေး ၅ ဦးလျှင် ၄ ဦး​ခန့်​က မိမိတို့သည် အွန်လိုင်း​ဆက်သွယ်​ရာ​တွင် ဂရုစိုက်​သင့်​သလော​က် မစိုက်​ကြ​ဟု ဝန်ခံခဲ့​သည်။

ချိန်းတွေ့​ရန် သို့​မဟုတ် အပျော်​တွဲ​ရန် အွန်လိုင်း​တွင် ရှာဖွေ​နေကြ​သူ​အချို့​သည် ၎င်း​တို့​မျှော်လင့်​ထား​သည့် အခြေအနေ​ထက်မက ရောက်ရှိ​သွား​သည်။ ‘လိင်ဆိုင်ရာ ထိပါး​စော်ကားမှု​တွေ တိုးများ​လာတာကို တွေ့မြင်​နေ​ရတယ်’ ဟု ကယ်လီဖိုးနီးယား​ပြည်နယ်၊ နို​ဗာ​တို​ရဲဌာန​မှ ဂျ​နီ​ဖာ​ဝဲ​လ်ခ်ျ​က​ဆို​၏။ လိင်ဆိုင်ရာ​စော်ကား​ခံရ​သူ​အများ​သည် ၎င်း​တို့အား စော်ကား​မည့်​သူနှင့် အွန်လိုင်း​ဖြင့် ဦးဆုံး​ဆက်သွယ်​ပြီး​နောက် လူ​ချင်း​တွေ့ဆုံ​ကြဖို့ သဘောတူခဲ့​ကြသည်​ဟု ဂျ​နီ​ဖာ​က​ဆို​သည်။

‘လောက​ပညာ’ ကို​သတိပြု

သတင်းစာ​များနှင့် မဂ္ဂဇင်း​များ​တွင်​ပါရှိ​သော ဆယ်ကျော်သက်​အကြံပေး​ဆောင်းပါး​များသည် လူငယ်​နှင့်​လိင်​ကိစ္စ​အကြောင်းကို လျှော့​လျှော့ပေါ့​ပေါ့ ရေးသား​ကြသည်။ လိင်​ကိစ္စ​ရှောင်ကြဉ်​ခြင်း သို့​မဟုတ် ကိုယ်ကျင့်တရား​စင်ကြယ်​စွာ​နေထိုင်ခြင်း​ကို ဆောင်းပါး​များ​တွင် ထောက်ခံ​ထား​သော်လည်း ဆောင်းပါး​များ​၏​အဓိက​ရည်ရွယ်ချက်မှာ လိင်မှု​ကိစ္စ​မပြုခြင်း​ထက် “ဘေးကင်း​စိတ်ချ​ရသော” လိင်​ကိစ္စ​ကို​အားပေး​ရန်ဖြစ်​၏။ အကြောင်းပြချက်​မှာ ‘လူငယ်များ​အား လိင်​ကိစ္စ​ရှောင်ကြဉ်​ရန် ကျွန်ုပ်​တို့ မတားမြစ်​နိုင်သော​ကြောင့် အနည်းဆုံး​တော့ တာဝန်​ယူ​တတ်​ရန် သူတို့ကို သွန်သင်ပေး​နိုင်​ပါ​သည်’ ဟူ၍​ဖြစ်ပုံရ​သည်။

ဆယ်ကျော်သက်​ဝက်ဘ်ဆိုက်​တစ်ခု​၏ ဆောင်းပါး​တစ်ပုဒ်​တွင် လိင်ဆက်ဆံ​သည်​ဖြစ်စေ၊ မဆက်ဆံ​သည်​ဖြစ်စေ ထည့်​မ​တွက်​ကြ​သည့် အချက်​သုံးချက်​မှာ (၁) ကိုယ်ဝန်​ရနိုင်​သည့်​အန္တရာယ်၊ (၂) လိင်ဆိုင်ရာ ကူးစက်​ရောဂါ​ရနိုင်​သည့်​အန္တရာယ်​နှင့် (၃) နှစ်ဦးစလုံး ကြုံတွေ့​ရမည့်​အကျိုးဆက်ကို ရင်ဆိုင်​ရန် စိတ်ပိုင်း​အရ အသင့်​ဖြစ်​မဖြစ် ဆုံးဖြတ်ခြင်း​၏​အရေးကြီးမှု​တို့​ဖြစ်သည်။ “အဆုံး​တွင်​မူ သင်​သာ​လျှင် ဆုံးဖြတ်ချက်​ချ​ရမည်​ဖြစ်သည်” ဟု​အဆိုပါ​ဝက်ဘ်ဆိုက်​က​ဆို​၏။ အဆိုပါ​ကိစ္စ​ကို မိဘ​ဖြစ်သူ​နှင့် တိုင်ပင်​ဆွေးနွေး​ရန်ကို​မူ သဘော​လောက်​သာ ရည်ညွှန်း​ပြောဆို​ထား​သည်။ ထိုသို့​သော​လိင်​ကိစ္စ မှန်​ကြောင်း၊ မှား​ကြောင်းကို​လည်း ဖော်ပြ​ထားခြင်း​မရှိ​ချေ။

သင်သည် မိဘ​တစ်ဦး​ဖြစ်​မည်​ဆိုလျှင် ယုံကြည်​အားထား​၍​မရ​သည့် မိုက်မဲ​သော ‘လောက​ပညာ’ ထက်​ပို​ကောင်းသော​အရာ​ဖြင့် သင့်​သားသမီး​များ​ကို လမ်းညွှန်​ပေး​လို​မည်​မှာ သေချာ​ပါ​သည်။ (၁ ကောရိန္သု ၁:၂၀) က​လး​များ​၏​ငယ်ရွယ်စဉ်​ဘဝကို သင်​မည်သို့ ထိန်းကျောင်း​ပေး​ပြီး ဤ​ဆောင်းပါး​တွင် ဆွေးနွေး​ထားသော အန္တရာယ်များ​ကို မည်သို့​ရှောင်ကြဉ်​စေနိုင်​သနည်း။ ကွန်ပျူတာ​ပိတ်​လိုက်​ရုံ၊ ဖုန်း​ကို​ဖယ်ရှား​လိုက်​ရုံ​မျှ​နှင့် လွယ်လွယ်ကူကူ ဖြေရှင်း​နိုင်​မည်​ကား​မဟုတ်​ချေ။ အပေါ်ယံ​ဖြေရှင်း​နည်း​များ​က ထိရောက်​မှု​ရှိ​မည်​မဟုတ်​ချေ။ (သု. ၄:၂၃) သင့်​သားသမီး​များသည် မိဘ​တစ်ဦး​အနေ​နှင့် သင်​ပိုမို​ထိရောက်​စွာ ဖြည့်ဆည်း​ပေး​နိုင်​သည့် လိုအပ်ချက်​အချို့​ကို ဖြည့်ဆည်း​ရန် ဆဲလ်ဖုန်း​နှင့် အင်တာနက်​ကဲ့သို့​သော ကိရိယာ​များ​ကို အသုံးပြု​နေခြင်း​ဖြစ်​နိုင်​ကြောင်းကို​လည်း သုံးသပ်ကြည့်​ပါ။ ယင်း​လိုအပ်ချက်​အချို့​ကား အဘယ်နည်း။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 13 အင်တာနက်​ကို အပြစ်တင်​မည့်​အစား မိဘများသည် မိမိတို့၏​သားသမီး​များ မကြာခဏ​ကြည့်ရှု​နေကြ​သည့် အင်တာနက်​ဆိုက်များ​နှင့် အကျွမ်းတဝင်​ရှိ​သင့်​သည်။ ဤနည်းဖြင့် သားသမီး​များ​အား ‘အမှားအမှန်​ခွဲခြား​တတ်​စေရန်’ ၎င်းတို့၏ ‘ပိုင်းခြား​သိမြင်နိုင်စွမ်း​ကို လေ့ကျင့်’ ပေး​နိုင်​သည်။ (ဟေဗြဲ ၅:၁၄) ယင်း​သို့​လေ့ကျင့်​ပေးခြင်း​က သားသမီး​များ အရွယ်ရောက်​လာသော​အခါ အထောက်အကူ​ပြု​ပေမည်။

^ အပိုဒ်၊ 23 “အပျော်​တွဲ​ခြင်း” ဟူသော​အသုံးအနှုန်း​သည် အတူတူ​အချိန်ဖြုန်း​ခြင်း သို့​မဟုတ် လိင်ဆက်ဆံခြင်း​ကို ရည်ညွှန်း​နိုင်​သည်။ ဤ​စကားစပ်​အရ ယင်းသည် ချစ်ခင်​တွယ်တာမှု​မရှိဘဲ ကာယ​အလိုဆန္ဒ​ပြည့်ဝ​ရေး​အတွက် လိင်ဆက်ဆံခြင်း​ကို ရည်ညွှန်း​သည်။

[စာမျက်နှာ ၄ ပါ အကျဉ်း​ဖော်ပြချက်]

“အိမ်ပြန်ရောက်​တာ​နဲ့ အင်တာနက်​ကို ချက်ချင်း​ဖွင့်ပြီး . . . တစ်ခါ​တ​လေ မနက် ၃ နာရီ​အထိ ထိုင်​ကြည့်​နေတယ်”

[စာမျက်နှာ ၅ ပါ အကျဉ်း​ဖော်ပြချက်]

“ကိုယ့်ကို လူတွေ​မသိတဲ့​အတွက် ကိုယ်​နဲ့​လုံးဝ​မတူတဲ့ တခြား​တစ်ယောက်​ပုံစံ​မျိုး လုပ်ယူ​လို့​ရတယ်”

[စာမျက်နှာ ၇ ပါ အကျဉ်း​ဖော်ပြချက်]

“သားသမီးတွေ တင်ထား တဲ့​အရာ၊ ဆွေးနွေး​နေတဲ့​အရာ​ကို မိဘတွေ သိလိုက်​မယ်​ဆိုရင် အရမ်း​ထိတ်လန့်​ပြီး စိတ်​အနှောင့်အယှက် ဖြစ်သွား​လိမ့်မယ်”

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

လူမှုဆက်သွယ်ရေး ကွန်​ယက်​အကြောင်း မိန်းကလေး​တစ်ဦး၏ ပြောပြချက်

“ကျောင်းသား​တွေ၊ ဆရာ​ဆရာမ​တွေ​နဲ့ အပြန်အလှန်​ဆက်သွယ်​ဖို့ ကျောင်း​ရဲ့​ဝက်​ဘ်​စာမျက်နှာ​ကို ကျွန်မ စ​အသုံးပြုခဲ့တယ်။ တစ်ပတ်​မှာ တစ်​နာရီ​လောက်​နဲ့ ကျွန်မ​အစပြု​ခဲ့​တယ်။ မကြာ​ပါ​ဘူး နေ့စဉ်​ရက်​ဆက်​ဖြစ်လာ​တယ်။ အင်တာနက်​မ​ဖွင့်​ရင်​လည်း အဲဒီ​အကြောင်း​ပဲ တွေး​နေ​မိ​တဲ့​အထိ ကျွန်မ​အစွဲကြီးစွဲ​ခဲ့​တယ်။ ဘာ​ဆို​ဘာမှ အာရုံမစိုက်​နိုင်​တော့​ဘူး။ ကျောင်းစာ​တွေ မလိုက်​နိုင်​တော့​ဘူး။ အစည်းအဝေးတွေမှာ အာရုံမစိုက်​နိုင်​တဲ့​အပြင် သူငယ်ချင်းတွေ​ကို​တောင် လျစ်လျူရှု​လာတယ်။ နောက်ဆုံး​တော့ ကျွန်မ​ရဲ့​အဖြစ်အပျက်​ကို မိဘတွေ သိရှိ​သွားတဲ့အခါ အင်တာနက်​အသုံးပြု​တာ​ကို ကန့်သတ်​လိုက်ကြတယ်။ ကျွန်မ အရမ်း​ခံရ​ခက်တယ်။ စိတ်​လည်း​ဆိုး​မိတယ်။ ဒါပေမဲ့ အဲလို​ကန့်သတ်​လိုက်တဲ့​အတွက် အခု ကျွန်မ​ပျော်ရွှင်​နေတယ်၊ အတော်လေးလည်း နေသားကျ​သွားတယ်။ အင်တာနက်​ချိုး ထပ်​မဖြစ်ချင်​တော့​ဘူး။”—ဘ​ရန်​ကာ။