မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အပျော်တွဲ” ဖို့ကမ်းလှမ်းလာရင် ငါ ဘယ်လိုလုပ်ရမလဲ

“အပျော်တွဲ” ဖို့ကမ်းလှမ်းလာရင် ငါ ဘယ်လိုလုပ်ရမလဲ

လူငယ်များ​အမေး . . .

“အပျော်​တွဲ” ဖို့​ကမ်း​လှမ်း​လာ​ရင် ငါ ဘယ်လို​လုပ်ရမလဲ

လူငယ်တွေဟာ တစ်ဦး​နဲ့​တစ်ဦး လိင်ဆက်ဆံ​တဲ့​အဆင့်​ထိရောက်​နိုင်၊ မ​ရောက်​နိုင်​ဆိုတာ​သိဖို့​နဲ့ လူ​ဘယ်​နှစ်ယောက်​နဲ့ လိင်ဆက်ဆံ​နိုင်တယ်​ဆိုတာ​သိဖို့ အပျော်​တွဲ​ကြတယ်။”—ပဲ​န်​နီ။ *

“ယောက်ျားလေး​တွေ​ဟာ အဲဒီ​အကြောင်းကို​ပြော​ဖို့ ဝန်မလေး​ကြဘူး။ သူတို့မှာ ရည်းစား​ရှိပေမဲ့ တခြား​မိန်းကလေးတွေ​အများကြီး​နဲ့​လည်း လိင်ဆက်ဆံ​နိုင်တယ်​ဆိုတာ​ကို ကြွားလုံး​ထုတ်​ကြတယ်။”—အက်ဒ်​ဝါ့ဒ်။ “အပျော်​တွဲ​ဖို့ ကျွန်မ​ကို ကမ်း​လှမ်း​တဲ့​သူတွေဟာ အရမ်း​ပွင့်လင်း​တယ်။ ငြင်း​ရင်​လည်း ကမ်း​လှမ်း​တာ​ရပ်​မသွား​ဘူး။”—အိုင်​ဒါ။

အချို့​သော​တိုင်းပြည်​များ​တွင် ယင်း​တို့ကို အပျော်​တွဲ​ခြင်း​ဟု​ခေါ်​ကြသည်။ တိုင်းပြည်​အချို့​တွင်​မူ အခြား​အသုံးအနှုန်း​တစ်ခု​ဖြင့် သိထားကြသည်။ ဥပမာ၊ ဂျပန်​နိုင်ငံ​တွင် ယင်း​တို့ကို အဖော်အဖက်​များ​ဟု​ခေါ်​ကြောင်း လူငယ်​အာကီ​ကို က​ဆို​၏။လိင်​မိတ်ဆွေ’ လို့​အဓိပ္ပာယ်​ရှိတဲ့ ဆက်​ဖ်​ရာ ဆို​တဲ့ အသုံးအနှုန်း​လည်း​ရှိတယ်။ မိတ်ဆွေဖွဲ့​ရတဲ့ တစ်ခု​တည်း​သော​အကြောင်းရင်း​က​တော့ လိင်ဆက်ဆံ​ဖို့​ဖြစ်တယ်” ဟု​သူက​ပြောပြ​သည်။

မည်သည့်​အသုံးအနှုန်း​ပင်​ဖြစ်ပါစေ အဓိပ္ပာယ်​မှာ အတူတူ​ပင်​ဖြစ်​ကာ ယင်းသည် ချစ်ခင်​တွယ်တာမှု​မရှိဘဲ ကြုံ​ရာ​ကျပန်း​လိင်ဆက်ဆံခြင်း​ဖြစ်၏။ * လူငယ်​အချို့​က “အကျိုးပြု​မိတ်ဆွေများ” ရှိသည်​ကို​ပင် ကြွားဝါ​ကြ​၏။ “အကျိုးပြု​မိတ်ဆွေများ” ဟူသော​အသုံးအနှုန်း​မှာ ကြာရှည်​စွဲလမ်း​တမ်းတ​ရသည့် “ပြဿနာ” မရှိဘဲ လိင်ဆက်ဆံ​နိုင်သော အသိအကျွမ်း​များ​ကို​ဆိုလို​၏။ “အပျော်​တွဲ​တယ်​ဆိုတာ တဒင်္ဂ​အလိုဆန္ဒ​ဖြည့်ဆည်း​တာ​ကို ဆိုလို​တယ်။ ကိုယ့်​ဆန္ဒပြည့်​ပြီ​ဆိုရင် ဖြစ်​ခဲ့​တာ​ကို တာဝန်​ယူ​စ​ရာ​မလို​ဘဲ ရှောင်​ထွက်သွား​လို့​ရတယ်” ဟု အမျိုးသမီးငယ်​တစ်ဦး​က ဆို​၏။

ခရစ်ယာန်​တစ်ဦး​အနေ​နှင့် သင်သည် “မတရားသော​မေထုန်​ကို ကြ​ဉ်​ရှောင်” သင့်​သည်။ (၁ ကောရိန္သု ၆:၁၈) ယင်းကို​သိထား​ကာ သင်သည် သွေးဆောင်မှု​ဖြစ်စေ​နိုင်သော အခြေအနေ​များ​ကို ရှောင်ကြဉ်​ရန် ကြိုးစား​ပေမည်။ သို့သော် တစ်ခါတစ်ရံ သွေးဆောင်မှု​သည် သင့် ထံ​သို့​ရောက်လာ​ပေမည်။ “ကျောင်း​မှာ ကောင်လေး​တွေ​က သူတို့နဲ့​အပျော်​တွဲ​ဖို့ ကျွန်မ​ကို တောင်းဆို​တယ်” ဟု စင်​ဒီ​က ဆို​၏။ အလုပ်ခွင်​တွင်​လည်း အလားတူ​ဖြစ်​နိုင်​သည်။ “ကျွန်မ​ရဲ့​မန်နေဂျာ​က သူနဲ့​အပျော်​တွဲ​ဖို့ ကျွန်မ​ကို​တောင်းဆို​တယ်။ သူ​တ​ကျ​ည်​ကျ​ည်​လုပ်နေတဲ့​အတွက် ကျွန်မ အလုပ်​ထွက်​လိုက်ရတယ်” ဟု မာဂရက် က​ဆို​သည်။ မတရားမေထုန်​တွင် ပါးစပ်​ဖြင့်၊ စအို​ဖြင့် လိင်ဆက်ဆံခြင်း၊ လိင်​တူ​ဆက်ဆံခြင်း၊ မိမိ​လက်​ဖြင့် အခြားသူ​ကို အာသာဖြေ​ပေးခြင်း၊ မ​ထိမ်းမြား​ထား​သူ​နှစ်ဦး​ပြုမူ​သည့် လိင်​အင်္ဂါများ တလွဲ​အသုံးပြုခြင်း​အပါအဝင် အခြား​လုပ်ရပ်များ​ကဲ့သို့​သော လိင်ဆက်ဆံမှု​များ​ပါဝင်​သည်။

သို့သော် သင်သည် ထိုသို့​ပြုလုပ်​လို​စိတ် နည်း​များ​မဆို​ပေါ်ပေါက်​လာ​ပါ​က မအံ့သြ​ပါ​နှင့်။ “စိတ်နှလုံး​သည် ခပ်သိမ်း​သော​အရာ​ထက် စဉ်းလဲ​တတ်၏။ အလွန်​ယိုယွင်းသော​သဘော​ရှိ၏။ စိတ်နှလုံး​သဘောကို အဘယ်သူ​သိနိုင်​သနည်း” ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (ယေရမိ ၁၇:၉) လူးဒက်စ် အမည်​ရှိ မိန်းကလေး​တစ်ဦး​သည် ထို​အချက်​မှန်ကန်ကြောင်း တွေ့ရှိ​ခဲ့​သည်။ လိင်ဆက်ဆံ​ဖို့ ကျွန်မ​ကို တောင်းဆို​တဲ့​လူကို ကျွန်မ​သဘောကျ​တယ်” ဟု​သူ​ဝန်ခံ​သည်။ ဂျိန်း လည်း ထိုသို့​ပင်​ဖြစ်၏။ “ကျွန်မ​ရဲ့​ခံစားချက်​က ပြင်းထန်​တယ်။ လိင်ဆက်ဆံ​ဖို့ ချဉ်းကပ်​တာ​ကို ငြင်းဆို​ရတာ ကျွန်မ​အတွက် အခက်ခဲဆုံး​အရာတစ်ခု​ပဲ” ဟု​သူက​ဆို​၏။ အစောပိုင်း​တွင်​ဖော်ပြ​ခဲ့​သည့် အက်ဒ်​ဝါ့ဒ် က​လည်း ကိုယ်ကျင့်တရား​စင်ကြယ်​စွာ​နေဖို့​ဟူသည် မလွယ်ကူ​ကြောင်း ဝန်ခံ​သည်။ “မိန်းကလေးတွေက လိင်ဆက်ဆံ​ဖို့ ကမ်း​လှမ်း​လာတဲ့အခါ ခရစ်ယာန်​တစ်ဦး​ဖြစ်​တဲ့ ကျွန်တော့်​အတွက် အဲဒါကို ငြင်းဆို​ရတာ အခက်ဆုံး​ပဲ” ဟု​သူက​ဆို​သည်။

သင်လည်း လူးဒက်စ်​နှင့် အက်ဒ်​ဝါ့ဒ် တို့​ကဲ့သို့ ခံစား​ရပြီး ယေဟောဝါ​၏​ရှေ့တော်မှောက်​တွင် မှန်ရာကို ပြုလုပ်​ခဲ့​မည်​ဆိုလျှင် ယင်း​အတွက် သင့်ကို ချီးမွမ်း​ရ​ပေမည်။ တမန်​တော်​ပေါလု​လည်း မှားယွင်းသော​ဆန္ဒ​များ​ကို အဆက်မပြတ်​တိုက်လှန်​ခဲ့​ရ​ကြောင်း သင်​သိရ​သည့်​အတွက် နှစ်သိမ့်မှု​ရရှိ​ပေမည်။—ရောမ ၇:၂၁-၂၄

သင်သည် ကြုံ​ရာ​ကျပန်း​လိင်ဆက်ဆံ​ဖို့ ဖိတ်ခေါ်​ခံရ​မည်​ဆိုလျှင် အဘယ်​ကျမ်းစာ​မူများ​ကို သတိရ​သင့်​သနည်း။

ကြုံ​ရာ​ကျပန်း လိင်ဆက်ဆံခြင်း​သည် အဘယ်ကြောင့်​မှား​ကြောင်း သိရှိပါ

သမ္မာကျမ်းစာ​က အိမ်ထောင်ဖက်​မဟုတ်​သူနှင့် လိင်ဆက်ဆံခြင်း​ကို ပြစ်တင်​ရှုတ်ချ​သည်။ အမှန်​မှာ မတရားမေထုန်​သည် အလွန်​ကြီး​လေး​သော​အပြစ်​တစ်ခု​ဖြစ်​ကာ ယင်းကို​ပြုကျင့်​သူတို့သည် ‘ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေခံ​ရ​ကြ’ မည်​မဟုတ်ပေ။ (၁ ကောရိန္သု ၆:၉၊ ၁၀) ကြုံ​ရာ​ကျပန်း​လိင်ဆက်ဆံခြင်း​တွင် ပါဝင်​စေ​မည့်​သွေးဆောင်မှု​ကို တွန်းလှန်​ရန် သင်​ကိုယ်တိုင် ထို​အကျင့်ကို ယေဟောဝါ​ရှုမြင်​သကဲ့သို့ ရှုမြင်​ရမည်။ ကိုယ်ကျင့်တရား​စင်ကြယ်​စွာ​နေဖို့​ဟူသည် သင်၏ ရွေးချယ်မှု​ဖြစ်​ရမည်။

“ယေဟောဝါ​ရဲ့​နည်းလမ်းတော်​ဟာ လိုက်လျှောက်​အပ်​တဲ့ အကောင်းဆုံး​နည်းလမ်း​ဖြစ်တယ်​ဆိုတာ ကျွန်မ အခိုင်အမာ​ယုံကြည်တယ်။”—ကာရင်၊ ကနေဒါ။

“လူတစ်ဦး​ဟာ တဒင်္ဂ​သာယာမှု​ရဖို့ ကိုယ်ကျင့်တရား​နဲ့​ဆိုင်​တဲ့ ယေဟောဝါ​ရဲ့​ပညတ်​တွေ​ကို လျစ်လျူရှု​လိုက်တဲ့အခါ အများကြီး​ဆုံးရှုံး​နိုင်တယ်။”—ဗီဗီယံ၊ မက္ကဆီကို။

“သင်ဟာ တစ်စုံ​တစ်ဦး​ရဲ့​သား ဒါမှ​မဟုတ် သမီး၊ လူ​များစွာရဲ့​မိတ်ဆွေ​နဲ့ အသင်းတော်​သား​တစ်ဦး​ဖြစ်တယ်​ဆိုတာ သတိရပါ။ သင် လက်လျှော့​အရှုံးပေး​လိုက်ရင် အဲဒီ​လူတွေ​အားလုံး စိတ်ထိခိုက်​ကြလိမ့်မယ်။”—ပီတာ၊ ဗြိတိန်။

တမန်​တော်​ပေါလု​က “သခင်​ဘုရား​နှစ်သက်​တော်​မူ​သော​အရာ​သည် အဘယ်အရာ​ဖြစ်သည်​ကို သင်​ကြလော့” ဟု​ရေးသားခဲ့​၏။ (ဧဖက် ၅:၁၀) မတရားမေထုန်​သည် မစုံလင်​သော​အသွေးအသား​အတွက် နှစ်​လို့​ဖွယ်​ကောင်း​မည်​ဖြစ်သော်လည်း ယင်း​နှင့်​စပ်​လျ​ဉ်း​သည့် ယေဟောဝါ​၏​ရှုမြင်ပုံကို ကြိုးစား​ရယူခြင်း​ဖြင့် သင်သည် “မကောင်းသော​အမှုကို​ရွံရှာ” နိုင်​မည်။—ဆာလံ ၉၇:၁၀

အကြံပြု​ထား​သည့် ဖတ်​ရန်​ကျမ်းပိုဒ်– ကမ္ဘာဦး ၃၉:၇-၉။ လိင်ဆိုင်ရာ​သွေးဆောင်မှု​ကို ယောသပ် သတ္တိရှိရှိ​တွန်းလှန်​ခဲ့​ပုံ​နှင့် ဘယ်အရာ​ကြောင့် ထိုသို့​တွန်းလှန်​နိုင်​ခဲ့​ပုံ​တို့ကို သတိပြုပါ။

သင့်​ယုံကြည်ချက်​အတွက် ဂုဏ်ယူ​ပါ

မိမိတို့၏​ယုံကြည်ချက်​အတွက် ဂုဏ်ယူ​စွာ​ရပ်တည်​ကာ ခုခံ​ကာကွယ်​ခြင်း​သည် လူငယ်များ​အတွက် အဆန်း​မဟုတ်ပေ။ ခရစ်ယာန်​တစ်ဦး​အနေ​နှင့် သင်သည် အတုယူ​အပ်သော​အမူအကျင့်​ဖြင့် ဘုရားသခင်​၏​နာမတော်​ကို ဂုဏ်တင်​ရန် အထူး​အခွင့်အရေး​ရှိသည်။ လက်မထပ်မီ လိင်ဆက်ဆံခြင်း​နှင့်​စပ်​လျ​ဉ်း​သည့် သင်၏​ခိုင်မာ​သော​ရှုမြင်ပုံ​အတွက် မရှက်​ပါ​နှင့်။

“အစ​ကတည်းက သင့်​မှာ ကိုယ်ကျင့်တရား​နဲ့​ဆိုင်​တဲ့ ကျင့်ဝတ်​မူတွေ​ရှိတယ်ဆိုတာ အထင်အရှား​ဖော်ပြ​ပါ။”—အယ်​လဲ​န်၊ ဂျာမနီ။

“သင့်​ယုံကြည်ချက်​အတွက် ရှက်​စ​ရာ​မလိုဘူး။”—အက်စတာ၊ နိုင်ဂျီးရီးယား။

“‘ကျွန်မ​ရဲ့​မိဘတွေက ချိန်းတွေ့​ဖို့ ကျွန်မ​ကို ခွင့်ပြု​မှာ​မဟုတ်ဘူး’ လို့​ပြော​ရင် အပျော်​တွဲ​တာ​နဲ့​ပတ်သက်​တဲ့ သင့်ရဲ့​ရပ်တည်ချက်ကို ရွယ်တူချင်းတွေက လေးစား​ကြ​မှာ​မဟုတ်ဘူး။ ချိန်းတွေ့​တာ​ကို သင် စိတ်မဝင်စား​ဘူးဆို​တာ သင့်ရဲ့​ရွယ်တူချင်း​တွေ​ကို သိရှိ​စေ​ရမယ်။”—ဂျဲနက်၊ တောင်​အာဖရိက။

“ကျွန်မ ဘယ်လို​လူစား​လဲ​ဆိုတာ ကျွန်မ​နဲ့ အထက်တန်း​ကျောင်း​အတူ​တက်​တဲ့ ကောင်လေး​တွေ​သိကြတယ်။ သူတို့​ကြိုးစား​တာ​တွေ အောင်မြင်​မှာ​မဟုတ်ဘူးဆိုတာ သူတို့​သိကြတယ်။”—ဗစ်ကီ၊ အမေရိကန်။

သင်၏​ယုံကြည်ချက်များ​အတွက် ရပ်တည်ခြင်း​က သင်သည် ရင့်ကျက်သော​ခရစ်ယာန်​တစ်ဦး​ဖြစ်လာ​ပြီ​ဟူသော အမှတ်အသား​တစ်ခု​ဖြစ်၏။—၁ ကောရိန္သု ၁၄:၂၀

အကြံပြု​ထား​သည့် ဖတ်​ရန်​ကျမ်းပိုဒ်– သုတ္တံ ၂၇:၁၁။ သင်၏​လုပ်ရပ်များ​က ခေတ်​ကာလ​တစ်လျှောက်​တွင် အကြီးမားဆုံး​အရေးကိစ္စ​ဖြစ်သည့် ယေဟောဝါ​၏​နာမတော်​အား သန့်ရှင်း​မြင့်မြတ်​စေခြင်း​ကို မည်သို့ အမှန်တကယ် ခုခံ​ကာကွယ်​နိုင်​ကြောင်း သုံးသပ်ပါ။

ခိုင်မာ​ပါ!

ငြင်းဆို​ရန် အရေးကြီး​၏။ သို့သော် အချို့​သူတို့က သင်၏​ငြင်းဆိုမှု​သည် “စိတ်မဝင်စား​ဟန်ပြ​ရုံ​သက်​သက်” ဖြစ်သည်ဟု တလွဲ​ယူမှတ်​ပေမည်။

“ငြင်းဆို​တာ​ကို အစွမ်းအစ​စမ်းသပ်​တဲ့​အရာတစ်ခု​လို၊ ကျော်လွှား​ရမယ့်​အတားအဆီး​တစ်ခု​လို ရှုမြင်​နိုင်တယ်။ အဲဒီလို​ငြင်းဆို​တဲ့​အတွက် သင့်​နောက်ကို ပိုလိုက်​လာနိုင်​စ​ရာ​အကြောင်း​ရှိတယ်။”—လော်​ရန်၊ ကနေဒါ။

“သင့်ရဲ့​ဝတ်စားပုံ၊ ပြောပုံဆိုပုံ၊ သင် ဘယ်သူနဲ့​စကားပြော​တယ်၊ လူတွေနဲ့ ဘယ်လို​ဆက်ဆံ​တယ်​ဆိုတာ​တွေ​ရော သင်နဲ့​ပတ်သက်​တာ​မှန်သမျှ​မှာ​ပါ သင့်ရဲ့​ငြင်းဆိုမှု​ထင်ရှား​နေ​သင့်တယ်။”—ဂျွိုင်း၊ နိုင်ဂျီးရီးယား။

“သင့်ရဲ့​ငြင်းဆိုမှု​ဟာ ခိုင်မာ​ပြတ်သား​ရမယ်။”—ဒယ်​နီ​ယဲလ်၊ ဩစတြေးလျ။

“ခိုင်မာ​ပါ! ယောက်ျားလေး​တစ်ယောက်​က ကျွန်မ​ကို မသိမသာ​ကမ်း​လှမ်း​လာတဲ့အခါ ‘ကျွန်မ​ရဲ့​ပခုံး​ကို မကိုင်​နဲ့’ လို့​ပြော​ပြီး မျက်နှာထား​တင်းတင်း​နဲ့ ချက်ချင်း​ထွက်​လာ​လိုက်တယ်။”—အယ်​လဲ​န်၊ ဗြိတိန်။

“အခုရော၊ နောင်​ရော ဘယ်တော့မှ စိတ်ဝင်စား​မှာ​မဟုတ်ဘူးဆိုတာ တဲ့တိုး​ပြော​ရမယ်။ ရှက်ကြောက်​နေရ​မယ့်​အချိန်​မဟုတ်ဘူး။”—ဂျင်း၊ စကော့တလန်။

“ယောက်ျားလေး​တစ်ယောက်​က ကျွန်မ​ကို အမြဲ​ကမ်း​လှမ်း​ပြီး မထိတထိ​စကားလုံး​တွေ​နဲ့ နှောင့်ယှက်​တယ်။ ကျွန်မ ခိုင်မာ​ပြတ်သား​ဖို့​လို​လာတယ်။ အဲဒီတော့​မှ နှောင့်ယှက်​တာ​ရပ်သွား​တယ်။”—ကွ​မ်​နီ​တာ၊ မက္ကဆီကို။

“သူတို့ကို ဘယ်တော့မှ​အလျှော့ပေး​လိုက်လျော​မှာ​မဟုတ်ဘူး ဆိုတာ အတိအလင်း​ပေးသိ​ဖို့​လိုတယ်။ သင့်ကို​အယုံသွင်း​ဖို့ ကြိုးစား​နေတဲ့ ယောက်ျားလေး​တွေ​ဆီက လက်ဆောင်​ကို ဘယ်တော့မှ​မယူ​နဲ့။ သူတို့ကို တစ်ခုခု​ပြန်ပေး​ဖို့​လို​နေတယ်​ဆို​တဲ့ အတွေး​ပေါ်လာ​အောင် အဲဒီ​လက်ဆောင်​ကို သူတို့​အသုံးချ​နိုင်တယ်။”—လော်ရာ၊ ဗြိတိန်။

သင် ခိုင်မာ​မည်​ဆိုလျှင် သင့်​အား ယေဟောဝါ ကူညီ​ပေး​ပါ​လိမ့်​မည်။ ဆာလံဆရာ​ဒါဝိဒ်​သည် သူ၏​ကိုယ်ပိုင်​အတွေ့အကြုံ​အပေါ်​အခြေပြု​၍ ယေဟောဝါ​အကြောင်း ဤသို့​ပြော​နိုင်​ခဲ့​သည်– “ကိုယ်တော်​သည် သစ္စာရှိ​သူတို့အား သစ္စာစောင့်​တော်​မူ​၏။”—ဆာလံ ၁၈:၂၅ခ​မ။

အကြံပြု​ထား​သည့် ဖတ်​ရန်​ကျမ်းပိုဒ်– ၂ ရာဇဝင်ချုပ် ၁၆:၉။ ယေဟောဝါ​သည် မိမိ​အပေါ် စုံလင်သော​စေတနာ​စိတ်​ရှိသူတို့​အား ကူညီ​ရန် စိတ်အား​ထက်သန်​ပုံ​ကို သတိပြုပါ။

အမြော်အမြင်​ရှိပါ

သမ္မာကျမ်းစာ​က “သတိရှိ​သော​သူသည် အမှုကို​မြော်မြင်​၍ ပုန်း​နေတတ်​၏” ဟု​ဖော်ပြ​၏။ (သု. ၂၂:၃) ထို​အကြံပြုချက်ကို သင် မည်သို့​လိုက်နာ​နိုင်​သနည်း။ အမြော်အမြင်​ရှိ​ခြင်း​ဖြင့်​ဖြစ်၏။

“အဲဒီ​အကြောင်း ပြောတတ်​တဲ့​သူတွေနဲ့ အတတ်နိုင်ဆုံး ဝေးဝေး​နေပါ။”—နာ​အို​မီ၊ ဂျပန်။

“အန္တရာယ်​ရှိ​နိုင်​တဲ့ အပေါင်းအသင်း​နဲ့ အခြေအနေ​တွေ​ကို ရှောင်ပါ။ ဥပမာ​အနေ​နဲ့ အရက်မူး​နေတဲ့​အချိန်​မှာ သွေးဆောင်မှု​ကို အလျှော့ပေး​လိုက်လျော​ခဲ့​သူတချို့​ကို ကျွန်မ​သိထားတယ်။”—အိုင်​ရှာ၊ ဘရာဇီး။

“သင့်ရဲ့​လိပ်စာ ဒါမှ​မဟုတ် ဖုန်း​နံပါတ်​စတဲ့ ကိုယ်ရေးကိုယ်တာ​အချက်အလက်​တွေ​ကို ထုတ်​မပြောပါနဲ့။”—ဒိုင်ယာနာ၊ ဗြိတိန်။

“သင့်ရဲ့​အတန်းဖော်​တွေ​နဲ့ ဖက်​လဲ​တ​ကင်း မနေ​ပါ​နဲ့။”—အက်စတာ၊ နိုင်ဂျီးရီးယား။

“သင့်ရဲ့​ဝတ်စားဆင်ယင်ပုံ​ကို ဂရုစိုက်​ပါ။ လိင်စိတ်ကို​နှိုးဆွတဲ့ အဝတ်အစားမျိုး​မ​ဝတ်​သင့်​ဘူး။”—ဟို​င်​ဒီ၊ ဂျာမနီ။

“သင့်ရဲ့​မိဘတွေ​နဲ့ ဆက်ဆံ​ရေး​ကောင်း​ရှိပြီး သူတို့ကို အဲဒီ​အခြေအနေ​အကြောင်း ပြောပြ​တာ​ဟာ စိတ်ချ​ရတဲ့ အကာအကွယ်​တစ်ခု​ဖြစ်တယ်။”—အာကီ​ကို၊ ဂျပန်။

သင်၏​အပြောအဆို၊ အမူအကျင့်၊ အပေါင်းအသင်း​များနှင့် သင် မကြာခဏ သွား​တတ်​သည့်​နေရာများ​ကို ဆန်းစစ်​ပါ။ ထို့နောက် သင့်ကိုယ်​သင် ဤသို့​မေးပါ– ‘တခြား​သူတွေ လိင်ဆက်ဆံ​ဖို့ ကမ်း​လှမ်း​ချင်​တဲ့​အနေအထား​မှာ ငါ​ရောက်နေ​သလား၊ ဒါမှ​မဟုတ် အဲဒီလို​လက္ခဏာ​မျိုး အမှတ်မထင်​ပြ​နေ​သလား။’

အကြံပြု​ထား​သည့် ဖတ်​ရန်​ကျမ်းပိုဒ်– ကမ္ဘာဦး ၃၄:၁၊ ၂။ မသွား​သင့်​သော​နေရာသို့​သွားခြင်း​ဖြင့် ဒိန​အမည်​ရှိ မိန်းကလေး​တစ်ဦး ဝမ်းနည်းဖွယ်​ဆိုးကျိုး​များ​ခံစား​ခဲ့​ရ​ပုံ​ကို သုံးသပ်ကြည့်​ပါ။

ယေဟောဝါ​ဘုရားသခင်​သည် “ကြုံ​ရာ​ကျပန်း” လိင်ဆက်ဆံခြင်း​ကို ပေါ့ပေါ့တန်တန်​သဘော​မထား​ကြောင်း၊ သင်လည်း ထိုသို့​ဖြစ်​သင့်​ကြောင်း သတိရပါ။ သမ္မာကျမ်းစာ​က ဤသို့​ဆို​သည်– “မတရားသော​မေထုန်​၌​မှီဝဲ​သော​သူ၊ ညစ်ညူး​စွာ​ပြုသောသူ၊ . . . တစ်စုံ​တစ်ယောက်မျှ ခရစ်တော်​နှင့် ဘုရားသခင်​၏​နိုင်ငံ​၌ အမွေမခံ​ရ။” (ဧဖက် ၅:၅) မှန်ရာ​အတွက်​ရပ်တည်ခြင်း​ဖြင့် သင်သည် ကြည်လင်​သည့် ကိုယ်ကို​ကိုယ်​သိသောစိတ်​နှင့် ကိုယ့်​ကိုယ်ကို​လေးစားမှု ရရှိနိုင်​ပါ​သည်။ “တခြားသူ​တစ်ဦး​ရဲ့ တဒင်္ဂ​ဆန္ဒပြည့်​ဖို့​အတွက် သင့်ကိုယ်ကို ဘာဖြစ်​လို့ ‘အသုံးချ’ ခွင့်ပြု​ရမှာ​လဲ။ သင် ကြိုးစား​ထိန်းသိမ်း​လာ​ခဲ့​တာ​ကို ဂရုစိုက်​ပါ” ဟု ကာလီ အမည်​ရှိ မိန်းကလေး​တစ်ဦး​က​ဆို​သည်။

လူငယ်များ​အမေး . . . ” အခန်းဆက်​ဆောင်းပါး​များ​ကို www.watchtower.org/ype ဝက်ဘ်ဆိုက်​တွင် တွေ့​နိုင်​ပါ​သည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 3 ဤ​ဆောင်းပါး​တွင် နာမည်​များ​ကို ပြောင်း​ထား​သည်။

^ အပိုဒ်၊ 6 ဤ​အသုံးအနှုန်း​များသည် ပွတ်သပ်ခြင်း​နှင့် ရမ္မက်​ဖြင့်​နမ်းရှုပ်​ခြင်း​စ​သည့် အခြား​ရင်းနှီးသော​အမူအကျင့်ကို​လည်း ရည်ညွှန်း​သည်။

ချ​င့်​တွေးစရာ

▪ တရား​မဝင်​လိင်ဆက်ဆံမှု​သည် မစုံလင်​သော​အသွေးအသား​အတွက် နှစ်​လို့​ဖွယ်​ကောင်း​မည်​ဖြစ်သော်လည်း အဘယ်ကြောင့်​မှား​သနည်း။

▪ တစ်စုံ​တစ်ဦး​က သင့်​အား ကြုံ​ရာ​ကျပန်း​လိင်ဆက်ဆံ​ရန် တောင်းဆို​မည်​ဆိုလျှင် သင် မည်သို့​ပြု​မည်​နည်း။

[စာမျက်နှာ ၁၁ ပါ လေးထောင့်ကွက်]

▪ မတရားမေထုန်​ပြုသူ​သည် “မိမိကိုယ်ကို​ပင်​ပြစ်မှား​၏” ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (၁ ကောရိန္သု ၆:၁၈) ယင်းသည် မည်သို့​ဖြစ်​နိုင်​သနည်း။ နည်းလမ်း​အချို့​ကို သင်​စဉ်းစား၍​ရ​မရ စမ်း​ကြည့်​ကာ ယင်း​တို့ကို အောက်တွင်​ဖော်ပြ​ပါ။

․․․․․

အကြံပြုချက်– အထက်ပါ​မေးခွန်းများကို ဖြေဆို​ရာ​တွင် သင့်အတွက် အထောက်အကူ​ဖြစ်​ရန် ကျမ်းစာ​ဖြင့် ကျိုးကြောင်း​ဆင်ခြင်ခြင်း၊ စာမျက်နှာ ၃၀၈-၉ နှင့် သမ္မာကျမ်းစာ​အပေါ်​ထိုးထွင်း​အမြင်၊ အတွဲ ၁၊ စာမျက်နှာ ၈၆၃ (အင်္ဂလိပ်) စာအုပ်​တွင်​ရှာဖွေပါ။ ထို​စာအုပ်​နှစ်အုပ်စလုံး​ကို ယေဟောဝါသက်သေ​များ ပုံနှိပ်​ထုတ်ဝေ​သည်။

[စာမျက်နှာ ၁၃ ပါ လေးထောင့်ကွက်]

မိဘများ​အတွက် မှတ်သား​စ​ရာ

“ကျောင်း​မှာ အတန်းဖော်​တစ်ယောက်​က သူနဲ့ ‘အပျော်​တွဲ’ ဖို့ ကျွန်မ​ကို တောင်းဆို​တယ်။ သူ ဘာ​တောင်းဆို​နေသလဲ​ဆိုတာ ကျွန်မ တော်​တော်​နဲ့​သဘောမပေါက်​ဘူး။ ကျွန်မ​အသက်​က ၁၁ နှစ်ပဲ​ရှိသေးတယ်။”—လေအာ။

သားသမီး​များသည် အလွန်​ငယ်​သော​အရွယ်​၌​ပင် လိင်​အကြောင်းကို​ကြားသိ​နေရ​သည်။ ‘နောက်ဆုံးသော​ကာလ’ သည် “ခဲယဉ်း” ကာ လူတို့သည် “ကိုယ်ကို​မချုပ်တည်း​နိုင်သော​သူ၊” “ဘုရားသခင်​ကို​နှစ်သက်​သည်ထက် ပျော်မွေ့ ခြင်း​ကို သာ၍​နှစ်သက်သော​သူ” ဖြစ်​ကြလိမ့်မည်​ဟု သမ္မာကျမ်းစာ​တွင် ကြာမြင့်စွာ​ကတည်းက ကြိုတင်​ဖော်ပြ​ထား​၏။ (၂ တိမောသေ ၃:၁၊ ၃၊ ၄သမ္မာ) လူငယ်များ​အတွက် ဤ​ဆောင်းပါး​တွင် အသားပေး​ဖော်ပြ​ထားသော “အပျော်​တွဲ​ခြင်း” သည် ဤ​ပရောဖက်ပြုချက်​မှန်ကန်ကြောင်း ညွှန်ပြ​သည့်​အချက်​များစွာ​မှ တစ်ခု​ဖြစ်၏။

မျက်မှောက်​လောကသည် သင်​ကြီးပြင်း​ခဲ့​သော​လောက​နှင့် လုံးဝ​မတူ​တော့​ချေ။ သို့သော် ပြဿနာ​များ​မှာ အတော်အတန်​တူ​၏။ ထို့​ကြောင့် သင့်​သားသမီး​များ​ကို​ဝန်းရံ​နေသည့် မကောင်းသော​သြဇာ​များ​ကြောင့် မစိုးရိမ်​ပါ​နှင့်။ ယင်းအစား လွန်ခဲ့သော​နှစ်ပေါင်း ၂,၀၀၀ ခန့်​က ခရစ်ယာန်​များ​အား တမန်​တော်​ပေါလု တိုက်တွန်း​ခဲ့​သည့်​နည်း​အတိုင်း လုပ်ဆောင်ရန် သူတို့ကို​ကူညီ​ပေး​ဖို့ သန္နိ​ဋ္ဌာန်​ချပါ– ‘စာတန်​၏​ပရိယာယ်​တို့ကို ဆီးတား​နိုင်​မည်​အကြောင်း၊ဘုရားသခင်​ပြင်ဆင်​တော်​မူ​သော​လက်နက်စုံ​ကို ဝတ်ဆောင်​ကြလော့။’ (ဧဖက် ၆:၁၁) ခရစ်ယာန်​လူငယ်များစွာသည် မကောင်းသော​သြဇာ​များ ဝန်းရံ​ခံ​နေရ​သော်လည်း မှန်ရာကို​လုပ်ဆောင်ရန် ကြိုးစား​နေကြ​သည်​မှာ ချီးမွမ်းစရာ​ပင်။ ထိုသို့​လုပ်ဆောင်ရန် သင့်​ကလေး​များ​အား သင် မည်သို့​ကူညီ​နိုင်​သနည်း။

တစ်နည်း​မှာ ဤ​ဆောင်းပါး​ကို အသုံးပြု၍ သင်၏​သား သို့​မဟုတ် သမီး​နှင့်အတူ အစပြု​ဆွေးနွေးခြင်း​ဖြစ်သည်။ “အကြံပြု​ထား​သည့် ဖတ်​ရန်​ကျမ်းပိုဒ်” ဟူသော​အပိုင်း​များ​တွင် စဉ်းစား​စေသည့် ကျမ်းချက်​များ​ကို ဖော်ပြ​ထား​သည်။ ဖြောင့်မှန်​ရာ​အတွက် ရပ်တည်ခြင်း​ကြောင့် ကောင်းချီး​များ​ခံစား​ခဲ့​ရသူ​တို့​နှင့် ဘုရားသခင်​၏​ပညတ်​များ​ကို လျစ်လျူရှု​ခြင်း​ကြောင့် ဆိုးကျိုး​များ​ခံစား​ခဲ့​ရသူ​တို့၏ ဘဝ​ဖြစ်ရပ်မှန်​ပုံ​နမူနာ​များ​ကို ကျမ်းချက်​အချို့​က ပေါ်လွင်​စေ​သည်။ “အကြံပြု​ထား​သည့် ဖတ်​ရန်​ကျမ်းပိုဒ်” ဟူသော​အပိုင်း​များ​မှ ကျမ်းချက်​အချို့​တွင် ကျင့်ဝတ်​မူများ​ပါဝင်​သည်။ ၎င်း​တို့​က သင်​နှင့် သင့်​သားသမီး​များ​တွင် ဘုရားသခင့်​ပညတ်တော်​များနှင့်​အညီ နေထိုင်​ရသော အခွင့်ထူး​ရရှိ​ထား​သည်ကို သင့်​သားသမီး​များ အသိအမှတ်ပြု​လာရန် ကူညီ​ပေး​နိုင်​သည်။ ယင်းကို သူတို့နှင့်​အတူ​သုံးသပ်ရန် ယခု​ပင် စီစဉ်​ပါ​လေ။

ဘုရားသခင်​၏​စံနှုန်း​များနှင့်​အညီ နေထိုင်ခြင်း​သည် ကျွန်ုပ်​တို့အတွက် အမြဲ​ပင်​အကျိုး​ရှိ၏။ (ဟေရှာယ ၄၈:၁၇၊ ၁၈) ယင်း​တို့ကို လျစ်လျူရှု​ခြင်း​သည် မလွဲဧကန် စိတ်​ဆင်းရဲ​ကိန်း​ဆိုက်​စေ​၏။ ဘုရားသခင့်​ပညတ်တော်​များနှင့်​ကျင့်ဝတ်​မူများ​ကို သင့်​သားသမီး​များ​၏​နှလုံး​ထဲ စွဲမှတ်​နေ​စေရန် ကြိုးစား​သွန်သင်ပေး​စဉ် သင့်​အား ယေဟောဝါ ကောင်းချီး​ပေး​ရန် နိုးလော့! ထုတ်ဝေ​သူများ​က ဆုတောင်းပေး​ပါ​သည်။—တရားဟောရာ ၆:၆၊ ၇

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

သင် ဘယ်တော့​မျှ အလျှော့ပေး​လိုက်လျော​မည်​မဟုတ်​ကြောင်း အတိအလင်း​သိရှိ​စေဖို့​လို