မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာချီ ကိုယ်ကျင့်တရားပျက်ပြားမှု

ကမ္ဘာချီ ကိုယ်ကျင့်တရားပျက်ပြားမှု

ကမ္ဘာချီ ကိုယ်ကျင့်တရား​ပျက်ပြားမှု

မကြာသေးမီ​က ထုတ်ဝေ​ခဲ့​သည့် The Cheating Culture ဟူသော​စာအုပ်​ကို ရေးသားခဲ့​သူ ဒေးဗစ်​ကာလ​ဟန်​က “နေရာတိုင်း​တွင် လိမ်လည်​လှည့်ဖြားမှု​ရှိသည်” ဟု​ဆို​၏။ သူသည် အမေရိကန်​နိုင်ငံ​၌ ဖြစ်ပေါ်​နေသော အခြား​လိမ်လည်​လှည့်ဖြားမှု အသွင်အမျိုးမျိုး​အပြင် “အထက်တန်း​နှင့် ကောလိပ်​ကျောင်းသား​များ​၏ မ​လိမ့်​တ​ပတ်​လုပ်​မှု၊” တေးသီချင်း​နှင့် ရုပ်ရှင်​ဇာတ်​ကား​များ​ကို “ခိုးကူး​ဖြန့်ချိ​မှု၊” “လုပ်ငန်းခွင်​၌ အချိန်​နှင့် ပစ္စည်း​ခိုးမှု၊” “ကျန်းမာ​ရေး​စောင့်ရှောက်မှု​အစီအစဉ်များ​ကို ခုတုံး​လုပ်​အမြတ်​ထုတ်​မှု” နှင့် အားကစား​လောကတွင် တားမြစ်​ဆေး​သုံးစွဲမှု​တို့ကို ထောက်ပြ​ခဲ့​သည်။ “လူ့​ကျင့်ဝတ်​နှင့် တရား​ဥပဒေ​အား ချိုးဖောက်​မှု​ပုံစံ​အမျိုးမျိုးကို ပေါင်းစပ်​ကြည့်​လိုက်​ရာ ကိုယ်ကျင့်တရား​ဆိုင်ရာ ကပ်​ဆိုက်​မှု​ကြီး​၏​နယ်ပယ်​မှာ စိုးရိမ်ဖွယ်​ရာ​ပင်” ဟု သူက ကောက်ချက်​ချ​ခဲ့​သည်။

၂၀၀၅ ခုနှစ်​နှောင်းပိုင်း​၌ အမေရိကန်​နိုင်ငံ​တွင် တိုက်ခတ်​သွားသော က​က်​ထ​ရီ​နာ​ဟာရီကိန်း​မုန်တိုင်း​ကြောင့် “ခေတ်​သစ်​လူ့​သမိုင်း​၌ အကြံအဖန်​များ၊ ကျိတ်ကြံ​စ​ည်​မှုများ​နှင့် အုပ်ချုပ်မှု​ပိုင်း​၏ အံ့သြ​တုန်လှုပ်​ဖွယ် အလွဲလွဲ​အချော်​ချော်​ဖြစ်မှု​များ​ထဲ​မှ အထူးခြားဆုံး​ဖြစ်ရပ်​တစ်ခု ဖြစ်ပျက်​ခဲ့​သည်” ဟု The New York Times သတင်းစာ​က​ဆို​၏။ အမေရိကန်​အထက်​လွှတ်တော်​အမတ်​တစ်ဦး​က ဤသို့​ပြောပြ​ခဲ့​သည်– “ဗြောင်​ကလိမ်ကျ​မှု၊ ရဲတင်း​သော​ကျိတ်ကြံ​စ​ည်​မှု၊ ငွေကြေး​အမြောက်အမြား ဖြုန်းတီးမှု​တို့​မှာ အလွန်​အံ့အားသင့်​ဖွယ်​ကောင်း​လှ​၏။”

ကိုယ်ကျိုးမဖက်​ဘဲ လူသားချင်း​အပေါ် သနား​ကြင်နာ​မှု​တင်ပြ​သူများ ရှိနေကြ​ဆဲ​ဖြစ်သည်​မှာ မှန်ပါသည်။ (တမန်​တော် ၂၇:၃; ၂၈:၂) သို့သော် ‘အဲဒီ​ကနေ ငါ ဘာ​အကျိုးအမြတ်​ရမလဲ’ ဟူသော​အပြော​မျိုး ကြား​ရလေ့​ရှိ၏။ တစ်ကိုယ်ကောင်း​ဆန်​၍ ကိုယ်ကျိုးရှာ​ခြင်း​သည် နေရာအနှံ့​တွင် ရေပန်းစား​နေသည့် သဘောထား​ဖြစ်ပုံရ​၏။

ယခင်​က ရောမ​အင်ပါယာ​ကဲ့သို့​သော ယဉ်ကျေးမှု​များ ပြိုလဲ​သွား​ရခြင်း​မှာ တစ်ကိုယ်ကောင်း​ဆန်​ပြီး ဗြောင်​အကျင့်​ယိုယွင်းခြင်း​ကြောင့်​ဖြစ်သည်ဟု ထောက်ပြ​ခဲ့​ကြသည်။ ယခု ဖြစ်ပျက်​နေသော​အရာများ​က ပို​၍​အရေးပါသော​အခြေအနေ​များ​၏ ရှေ့ပြေး​နိမိတ်​ဖြစ်​နိုင်​သလော။ ယခု​အခါ ကမ္ဘာ​တစ်ဝန်း​တွင် သမ္မာကျမ်းစာ​ကြို​ဟောထား​သည့်​အတိုင်း “မတရားမှု​တိုးများ​လာ​ခြင်း” က ဤ​လောက​စနစ်​တစ်ခုလုံး ဆုံးခန်းတိုင်​တော့​မည့် အမှတ်လက္ခဏာ​တစ်ခု​လော။—မဿဲ ၂၄:၃-၈၊ ၁၂-၁၄; ၂ တိမောသေ ၃:၁-၅

ကမ္ဘာချီ​ယိုယွင်းမှု

ယူဂန္ဓာ​နိုင်ငံ​၏​ဒေသ​တစ်ခု​ရှိ ဆင်းရဲသား​ရပ်ကွက်​များ​၌ ဖြစ်ပွား​သော “လိင်ဆိုင်ရာ​မတော်မတရား​ပြု​မှု​နှင့် အ​ပြာ​ရုပ်ပုံ​စာပေ​များ​အကြောင်း အလုပ်ရုံ​ဆွေးနွေးပွဲ” နှင့်​ပတ်သက်​၍ ၂၀၀၆၊ ဇွန်လ ၂၂ ရက်ထုတ် Africa News သတင်းစာ​က “ယင်း​ဒေသ​တွင် ပြည့်တန်ဆာ​လုပ်ငန်း​နှင့် မူးယစ်​ဆေး​အလွဲသုံး​မှု တိုးများ​လာ​ရခြင်း​မှာ မိဘများ​၏ လျစ်လျူရှု​မှု​ကြောင့်​ဖြစ်သည်” ဟု​ဆို​ခဲ့​သည်။ ၎င်း​သတင်းစာ​တွင် ဤသို့​ဖော်ပြ​ထား​၏– “ကာ​ဝမ်ပီ​ရဲဌာန​ရှိ ကလေး​နှင့်​မိသားစု​ကာကွယ်​ရေး​ယူနစ်​မှ တာဝန်ခံ​အရာရှိ​ဖြစ်သူ မစ္စတာ ဒါ​ဘ​န်​ဂျီ​ဆ​လွန်​ဂို​က ကလေး​များ​အား မတော်မတရား​ပြု​သည့်​နှုန်း​နှင့် အိမ်တွင်း​အကြမ်းဖက်​သည့်​နှုန်း​တို့​မှာ အလွန်​တ​ရာ တိုးများ​လာ​နေကြောင်း ပြောကြား​သွား​သည်။”

အိန္ဒိယ​နိုင်ငံ​မှ စိတ်ရောဂါ​အထူးကု​ဆရာဝန်​တစ်ဦး၏​အဆို​အရ “လူ့​အဖွဲ့အစည်း​တွင် ယင်း​၏​ယဉ်ကျေးမှု​ဆိုင်ရာ​အမွေအနှစ် ပျောက်ဆုံး​နေသည်။” ယင်း​နိုင်ငံ​မှ ရုပ်ရှင်​ဒါရိုက်တာ​တစ်ဦး​က “မူးယစ်​ဆေးဝါး​အသုံးပြုမှု​နှင့် လိင်​ရှုပ်​ပွေ​မှု တိုးများ​လာ​ခြင်း​သည် ‘အနောက်​တိုင်း​ပုံစံ အပျော်အပါး​လိုက်စားမှု’ ထဲ​သို့ ကျဆင်း​နေသည့် အိန္ဒိယ​နိုင်ငံ​၏ နောက်​လက္ခဏာ​တစ်ရပ်​ဖြစ်” ကြောင်း ပြောဆို​ခဲ့​သည်။

ပေကျင်း​မြို့တော်​ရှိ ချိုင်းနား​လိင်မှု​ဗေဒ​အသင်း​၏ အထွေထွေ​အတွင်းရေးမှူး​ချုပ်​ဖြစ်သူ ဟူ​ပေ​ချန်​က “ယခင်​က ကျွန်ုပ်​တို့​နိုင်ငံ​တွင် အမှားအမှန်​သိမြင်နိုင်စွမ်း​ရှိခဲ့​၏။ ယခု​တွင်​မူ ကျွန်ုပ်​တို့​စိတ်ကြိုက် ပြုမူ​နိုင်​ကြ​၏” ဟု​ဆို​သည်။ ချိုင်းနား​တူဒေး မဂ္ဂဇင်း​ပါ ဆောင်းပါး​တစ်ပုဒ်​က ယင်းကို ဤသို့​ဖော်ပြ​ခဲ့​သည်– “လူ့​အဖွဲ့အစည်း​သည် အိမ်ထောင်ရေး​ဖောက်ပြန်မှု​ကို​ပင် ပို​၍​သည်းခံ​လာ​နေပြီ။”

“လူတိုင်း မိမိတို့၏​ကိုယ်ခန္ဓာ​ကို ဖော်ချွတ်​ပြသ​နေကြ​ပြီး လိင်ကို​ဗန်း​ပြ​၍ ရောင်းဝယ်​ဖောက်​ကား​နေကြ​ပုံ​ရသည်။ လွန်​ခဲ့​သည့် လူမျိုးဆက်​တစ်ဆက်​ခန့်​လောက်​က​ဆိုလျှင် ယင်း​သို့​သော​လုပ်ရပ်​အပေါ် လူအများ​က အလွန်အမင်း ဒေါသ​ထွက်​ခဲ့​ကြ​၏။ ယနေ့​တွင်​မူ မည်သည့်​နေရာ၌​မဆို ပုံစံ​အမျိုးမျိုးဖြင့် ရနိုင်​သည့် လိင်​နှင့်​ပတ်သက်သော​ပုံရိပ်​များ​က ကျွန်ုပ်​တို့ကို တရ​စပ်​ထိုးနှက်​တိုက်ခိုက်​နေပြီး အ​ပြာ​ရုပ်ပုံ​စာပေ​မှာ . . . လူတိုင်း​လက်ခံသော​အရာ ဖြစ်နေ​ပြီ” ဟု အင်္ဂလန်​နိုင်ငံ​ထုတ် Yorkshire Post သတင်းစာ​တွင် မကြာသေးမီ​က မှတ်ချက်ချ​ထား​၏။ ယင်း​သတင်းစာ​က ထပ်​ဆို​သည်​မှာ “ယခင်​က အသက် ၁၈ နှစ်​အထက်​ရှိ​သူများ​သာ ကြည့်​ခွင့်​ရှိသော စာပေ​မဂ္ဂဇင်း​နှင့် ရုပ်ရှင်​များ​ကို ယခု မိသားစု​လိုက် ကြည့်ရှု​နေကြ​ပြီး အ​ပြာ​ရုပ်ပုံ​စာပေ ဆန့်ကျင်ရေး​သမားများ​၏​အဆို​အရ ယင်း​အ​ပြာ​စာပေ​ရုပ်ပုံများ​သည် ကလေး​သူငယ်​များ​ကို အဓိက​ပစ်မှတ်​ထား​လေ့​ရှိ၏။”

The New York Times မဂ္ဂဇင်းက ဤသို့​ဆို​၏– “[ဆယ်ကျော်သက်​အချို့] သည် [၎င်းတို့၏ လိင်ဆိုင်ရာ၊ အတွေ့အကြုံ​များ] အကြောင်းကို စားသောက်​ဆိုင်​တွင် နေ့လယ်​စာ​အတွက် မည်သည့်​အစားအစာ မှာ​ယူ​နိုင်​ကြောင်း ပြောဆို​နေ​သကဲ့သို့ပင် ပွင့်ပွင့်လင်းလင်း ပြောဆို​နေကြ​သည်။” ၈ နှစ်​မှ ၁၂ နှစ်အရွယ် ကလေး​များ​အတွက် မိဘ​လမ်းညွှန်​မဂ္ဂဇင်း​တစ်စောင်​ဖြစ်သော Tweens News တွင် ဖော်ပြ​ထား​သည်​မှာ “မိန်းကလေး​တစ်ဦး​သည် မိမိ၏​လက်ရေး​ဖြင့် စာ​တစ်စောင်​ကို ဤသို့​ကြေကွဲ​စွာ ရေးသား​ထား​၏– ‘ကျွန်မ​ရဲ့​အမေက ကျွန်မ​ကို အပြင်ထွက်ပြီး ယောက်ျားလေး​တွေ​နဲ့​ချိန်းတွေ့​ဖို့၊ လိင်ဆက်ဆံ​ဖို့ ဖိအား​ပေး​နေတယ်။ ကျွန်မ​အသက်​က ၁၂ နှစ်ပဲ​ရှိသေးတာ။ . . . ကယ်​ကြ​ပါ​ဦး!’ ”

ခေတ်​ကာလ​မှာ အလွန်​ပင် ပြောင်းလဲ​ခဲ့​လေ​ပြီ! သိပ်​မကြာသေးမီ​က “လက်မ​ထပ်​ဘဲ အတူ​ပေါင်းသင်း​နေထိုင်ကြ​သည့် လိင်​တူ​ဆက်ဆံ​သော​ယောက်ျား သို့​မဟုတ် မိန်းမ​များ​၏ ကိုယ်ကျင့်တရား​ဆိုင်ရာ​ခံယူ​ချက်​မှာ ထိတ်လန့်​တုန်လှုပ်​ဖွယ်​ရာ​ဖြစ်သည်” ဟု​ကနေဒါ​နိုင်ငံ​ထုတ် Toronto Star သတင်းစာ​တွင် ဖော်ပြ​ထား​သည်။ သို့သော် အော့​တ​ဝါ​ပြည်နယ်၊ ကာ​လ်​တန်​တက္ကသိုလ်​မှ လူမှုရေး​ဆိုင်ရာ​သမိုင်း​ဘာသာ​ပြ ဆရာမ​ဖြစ်သူ ဘာ​ဘ​ရာ​ဖ​ရီး​မဲ​န်း​က ဆို​လေ​သည်​မှာ “ယခု​အခါ လူတို့သည် ‘ကိုယ့်​ဘဝနဲ့​ကိုယ်​ပဲ။ ဘယ်သူမှ ဝင်စွက်​ဖက်​စ​ရာ​မလိုဘူး’ ဟု​ပြောဆို​နေကြ၏။”

လွန်​ခဲ့​သည့် ဆယ်စုနှစ်​အနည်းငယ်​တစ်လျှောက်​တွင် ကမ္ဘာ့​ဒေသ​များစွာ​၌ ကိုယ့်​ကျင့်​တရား လျင်မြန်​စွာ ပျက်ပြား​လာ​ခဲ့​သည်။ အဘယ်အရာက ထိုသို့ လုံးလုံးလျားလျား ပြောင်းလဲ​စေ​ခဲ့​သနည်း။ ယင်း​ပြောင်းလဲမှု​များနှင့်​ပတ်သက်​၍ သင် မည်သို့​ခံစားရ​သနည်း။ ဤ​ပြောင်းလဲမှု​များ​က အဘယ်​အနာဂတ်​ကို ညွှန်ပြ​သနည်း။