ခရစ်ယာန်ဟူသည် အဘယ်အရာကို ဆိုလိုသနည်း
သမ္မာကျမ်းစာရှုထောင့်
ခရစ်ယာန်ဟူသည် အဘယ်အရာကို ဆိုလိုသနည်း
“ကျွန်တော်တို့နိုင်ငံမှာ ခရစ်ယာန်ဆိုတာ တစ်ပတ်ကိုတစ်ကြိမ် ဘုရားရှိခိုးကျောင်းတက်တဲ့သူကို ဆိုလိုတယ်” ဟု အာဖရိကနိုင်ငံတစ်နိုင်ငံမှ ကင်းစလီ က ဆို၏။ အရှေ့အလယ်ပိုင်းဒေသမှ ရက်ဒ် က ဤသို့ရှင်းပြသည်– “ကျွန်တော်တို့ဒေသမှာ ခရစ်ယာန်ဆိုတာ အနောက်တိုင်းယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကိုလိုက်တဲ့အုပ်စုလို့ ရှုမြင်ကြတယ်။”
သို့သော် ချာ့ခ်ျဝတ်ပြုဆုတောင်းပွဲကို တစ်ပတ်တစ်ခါတက်ပြီး တစ်စုံတစ်ရာသော လူမှုရေးထုံးစံဓလေ့လိုက်ရုံဖြင့် လူတစ်ဦးကို ခရစ်ယာန်ဟု ခေါ်နိုင်သလော။ ဆင်ခြင်တုံတရားအရ “ခရစ်ယာန်” ဟူသောစကားလုံးသည် ခရစ်တော်ဟောပြော၍ စံနမူနာပြခဲ့သည့် သဘောထား၊ စံနှုန်းနှင့် အမူအကျင့်များကို ထင်ဟပ်စေသောဘဝလမ်းစဉ်အား ရည်ညွှန်းမနေသင့်ပေလော။ * ကနဦးတွင် ခရစ်ယာန်ဘာသာ၏ဓလေ့ထုံးစံများသည် မည်သို့ရှိခဲ့သနည်း။
အစောပိုင်းခရစ်ယာန်ဘာသာသည် ဘဝလမ်းစဉ်တစ်ခုဖြစ်
ယေရှုက မိမိနောက်လိုက်များအား “သင်တို့သည် ငါပညတ်သမျှတို့ကို ကျင့်ဆောင်လျှင် ငါ၏အဆွေဖြစ်ကြ၏” ဟုမိန့်တော်မူခဲ့သည်။ (ယောဟန် ၁၅:၁၄) ယေရှု၏သွန်သင်ချက်များသည် သူတို့၏ဘဝကဏ္ဍအသီးသီးအပေါ် အကျိုးသက်ရောက်ခဲ့သောကြောင့် ခရစ်တော်၏တပည့်များသည် မိမိတို့၏ဘာသာတရားကို “လမ်းစဉ်” ဟူ၍ အစပိုင်းတွင်ရည်ညွှန်းခဲ့ကြသည်။ (တမန်တော် ၉:၂၊ ခမ) ထို့နောက် မကြာမီ ‘[သူတို့] သည် ခရစ်ယာန်ဟုခေါ်ဝေါ်သမုတ်ခြင်းကို ခံယူခဲ့ကြ၏။’ (တမန်တော် ၁၁:၂၆) သူတို့ခံယူခဲ့သည့် ဤအမည်သစ်က ယေရှုသည် ကောင်းကင်ခမည်းတော်၏အလိုတော်နှင့်အညီ လူသားဘဝသို့ကူးပြောင်းခဲ့သည့် ဘုရားသခင့်သားတော်ဖြစ်သည်ကို သူတို့ယုံကြည်ကြောင်း ဖော်ပြသည်။ ဤယုံကြည်ချက်က သူတို့အား လောကနှင့်ခြားနားသောဘဝလမ်းစဉ်ကို လိုက်လျှောက်စေခဲ့သည်။
ခရစ်တော်၏သွန်သင်ချက်များသည် ကိုယ်တော်၏နောက်လိုက်များအား ‘မတရားမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာလွန်ကျူးခြင်း၊ ရုပ်ပုံကိုကိုးကွယ်ခြင်း၊ သူတစ်ပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း၊ . . . ယဇ်မျိုးကိုသောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သောအကျင့်များ’ ကိုရှောင်ကြဉ်ရန် လှုံ့ဆော်ခဲ့သည်။ (ဂလာတိ ၅:၁၉-၂၁; ဧဖက် ၄:၁၇-၂၄) တမန်တော်ပေါလုက ကောရိန္သုမြို့ရှိ ခရစ်ယာန်များအား သူတို့ထဲမှတချို့သည် ယခင်က ထိုသို့သောအကျင့်များကို ကျင့်ခဲ့ကြသည်ဟု ပြန်အမှတ်ရစေခဲ့သည်။ ထို့နောက် သူဤသို့ထပ်ဆို၏– “ယခုတွင် သခင်ယေရှု၏နာမတော်အားဖြင့် . . . ဆေးကြောသန့်ရှင်း၍ ဖြောင့်မတ်ရာသို့ရောက်ကြပြီ။”—၁ ကောရိန္သု ၆:၉-၁၁။
အီး.ဒဗလျူ.ဘန်း ရေးသည့် The Rise of Christianity ဟူသောစာအုပ်တွင် ဤသို့ဖော်ပြထားသည်– “အထောက်အထားခိုင်လုံသော ရှေးမှတ်တမ်းများအရ ခရစ်ယာန်လှုပ်ရှားမှုသည် ထူးခြားသောကိုယ်ကျင့်တရားနှင့် ဥပဒေနာခံခြင်းအားဖြင့် ကိုယ်စားပြုခံရသည်။ ယင်း၏ဘာသာဝင်တို့သည် တိုင်းသူပြည်သားကောင်းများနှင့် သစ္စာရှိလက်အောက်ခံများဖြစ်ရန် ဆန္ဒရှိကြသည်။ သူတို့သည် မှားယွင်းပျက်ကွက်မှုများ၊ အယူမှားသူတို့၏ ဆိုးသွမ်းညစ်ညမ်းမှုများကို ရှောင်ကြသည်။ တစ်ဦးချင်း၏အသက်တာတွင် သူတို့သည် အေးဆေးသင့်မြတ်မှုရှိသော အိမ်နီးချင်းများ၊ ယုံကြည်အားထားရသော မိတ်ဆွေများဖြစ်ရန် ကြိုးစားကြသည်။ သူတို့သည် သင့်တင့်မျှတမှုရှိရန်၊ လုံ့လဝီရိယရှိရန်နှင့် သန့်ရှင်းသပ်ရပ်စွာနေထိုင်ရန် သင်ကြားခံရကြသည်။ ဖောက်ပြားယိုယွင်းမှုနှင့် အလွန်အကျွံ စည်းမဲ့ကမ်းမဲ့ဖြစ်နေသည့်အချိန်ကာလတွင် သူတို့နေထိုင်ကြသော်လည်း မိမိတို့၏စည်းမျဉ်းမူများအတိုင်း နေထိုင်သည့်အတွက် သူတို့သည် ရိုးသား၍ ယုံကြည်စိတ်ချရသူများဖြစ်ကြသည်။ သူတို့၏လိင်ဆိုင်ရာစံနှုန်းများသည် မြင့်မား၏။ အိမ်ထောင်ရေးနှောင်ကြိုးကို အလေးထားကာ မိသားစုဘဝသည် သန့်ရှင်းစင်ကြယ်သည်။” ယင်းတို့သည် အစောပိုင်းကာလရှိ ခရစ်ယာန်တစ်ဦး၏ အရည်အသွေးများဖြစ်သည်။
အစောပိုင်းခရစ်ယာန်ဘာသာ၏ ထင်ရှားသော နောက်အမှတ်အသားတစ်ခုမှာ ၎င်း၏ ထက်သန်သော ဝမ်းမြောက်ဖွယ်သတင်း ဟောပြောခြင်းလုပ်ငန်းဖြစ်သည်။ ခရစ်တော်က မိမိနောက်လိုက်များအား “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေ” ကြလော့ဟု မိန့်မှာခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ စော်ဗွန်တက္ကသိုလ်ပါမောက္ခ ဇန်းဘာနာဒီ က ဤသို့မှတ်ချက်ချသည်– “[ခရစ်ယာန်များ] သည် အပြင်သို့ထွက်ပြီး နေရာတိုင်းတွင် လူတိုင်းနှင့် စကားပြောကြသည်။ အဝေးပြေးလမ်းများပေါ်တွင်၊ မြို့တွင်းတွင်၊ ပြည်သူ့ရင်ပြင်များနှင့် အိမ်များတွင် သူတို့ရောက်ရှိကြသည်။ လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ သူတို့လုပ်ဆောင်ကြသည်။ ဆင်းရဲသားများထံဖြစ်စေ၊ စည်းစိမ်ဥစ္စာကြွယ်ဝသူများထံဖြစ်စေ သူတို့သွားကြသည်။ . . . သူတို့သည် ကုန်းကြောင်း၊ ရေကြောင်းဖြင့် ကမ္ဘာအစွန်းထိ သွားကြရသည်။”
ယနေ့ စစ်မှန်သောခရစ်ယာန်ဘာသာ
ယနေ့ စစ်မှန်သောခရစ်ယာန်များသည် ပထမရာစုအချိန်ကကဲ့သို့ပင် သူတို့၏ထင်ရှားသောဘဝလမ်းစဉ်ကြောင့် ပေါ်လွင်နေသင့်သည်။ သို့ဖြစ်၍ ယေဟောဝါသက်သေများသည် အစောပိုင်းခရစ်ယာန်များချမှတ်ခဲ့သည့် ကျင့်ဝတ်မူများကို အတိအကျလိုက်နာရန် ကြိုးစားကြသည်။ သမ္မာကျမ်းစာသွန်သင်ချက်များနှင့်အညီ အသက်ရှင်နေထိုင်ရန် သူတို့၏အားထုတ်မှုများကို အခြားသူများက သတိပြုမိကြသည်။
ဥပမာ၊ ယေဟောဝါသက်သေများသည် “ကမ္ဘာတွင် အမူအကျင့် အကောင်းဆုံးအဖွဲ့တစ်ဖွဲ့” အဖြစ် လူသိများကြကြောင်း ကက်သလစ်စွယ်စုံကျမ်းသစ် က အသိအမှတ်ပြုသည်။ ယူတာပြည်နယ်၊ စော့တ်လိပ်ခ်စီးတီးမြို့ထုတ် Deseret News သတင်းစာတွင် ယေဟောဝါသက်သေများသည် “မိသားစုနှောင်ကြိုးကို ခိုင်မြဲစေကာ ရိုးသားပြီး အကျိုးပြုသောနိုင်ငံသားများကို ပေါ်ပေါက်စေ” ကြောင်း ဖော်ပြထားသည်။ “ဘာသာဝင်များသည် ခိုင်မာသောကျင့်ဝတ်စံနှုန်းကို လိုက်နာကြသည်။ ဆေးလိပ်သောက်ခြင်း၊ သောက်ကြူးခြင်း၊ မူးယစ်ဆေးဝါးအလွဲသုံးခြင်း၊ လောင်းကစားခြင်း၊ လိင်ရှုပ်ပွေခြင်းနှင့် လိင်တူဆက်ဆံခြင်းတို့သည် ဘုရားသခင်နှင့်ဆက်ဆံရေးပျက်စေသည့် အကျင့်များဖြစ်ကြောင်း သူတို့ယုံကြည်ကြသည်။ သူတို့သည် ရိုးသား၊ ကြိုးစားရန် သွန်သင်ပေးသည်” ဟု ထိုသတင်းစာက ထပ်ဆင့်ဖော်ပြ၏။
ယေဟောဝါသက်သေများသည် ဝမ်းမြောက်ဖွယ်သတင်းကို ထက်သန်စွာဟောပြောရသည့် မိမိတို့၏တာဝန်ကိုလည်း အလေးအနက်ထား၏။ ယင်းနှင့်ပတ်သက်၍ ကက်သလစ်စွယ်စုံကျမ်းသစ် က ဤသို့ဆို၏– “အသင်းသားတစ်ယောက်စီ၏ အခြေခံတာဝန်မှာ ချဉ်းကပ်လာနေသော ယေဟောဝါ၏နိုင်ငံတော်အကြောင်းကို ကြေညာခြင်းဖြင့် ကိုယ်တော့်အကြောင်းကို သက်သေခံရန်ဖြစ်သည်။ . . . လူတစ်ဦးသည် စစ်မှန်သောသက်သေဖြစ်ရန် တစ်နည်းမဟုတ်တစ်နည်းဖြင့် ထိထိရောက်ရောက်ဟောပြောရမည်။”
စစ်မှန်သောခရစ်ယာန်ဘာသာသည် အမည်ခံခရစ်ယာန်ဘာသာများစွာထဲမှ ဘာသာတစ်ခုမျှသာမဟုတ်ချေ။ ခရစ်ယာန်အတုအယောင်များ တိုးများလာမည်ဟု ယေရှုကိုယ်တိုင် မိန့်ဆိုခဲ့သည်။ (မဿဲ ၇:၂၂၊ ၂၃) ယေရှုသွန်သင်ခဲ့ရာကို လေ့လာသင်ယူပြီး လက်တွေ့ကျင့်သုံးရန် သင့်အား ယေဟောဝါသက်သေများက ဖိတ်ခေါ်ပါသည်။ ယင်းသည် ခရစ်ယာန်ဟူသော အဓိပ္ပာယ်ပင်ဖြစ်၏။ ယေရှုက ‘ဤအရာများကို သင်တို့သိ၍ သိသည်အတိုင်းကျင့်လျှင် ပျော်ရွှင်ကြ၏’ ဟုမိန့်မှာခဲ့သည်။—ယောဟန် ၁၃:၁၇။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 4 ခရစ်ယာန်ဟူသည် ယေရှုကို ခရစ်တော်အဖြစ်ယုံကြည်သူ သို့မဟုတ် ယေရှု၏အသက်တာနှင့် သွန်သင်ချက်များအပေါ် အခြေခံသည့် ဘာသာတရားကို လိုက်စားသူဖြစ်သည်ဟု အဘိဓာန်တစ်အုပ်က အဓိပ္ပာယ်ဖွင့်၏။
သင် စဉ်းစားဖူးသလော
▪ ယေရှုက မည်သူတို့ကို မိမိအဆွေဟု ခေါ်ဆိုခဲ့သနည်း။—ယောဟန် ၁၅:၁၄။
▪ စစ်မှန်သောခရစ်ယာန်များသည် မည်သည့်အကျင့်များကို ရှောင်ကြဉ်သင့်သနည်း။—ဂလာတိ ၅:၁၉-၂၁။
▪ မည်သည့်လုပ်ငန်းတွင် ခရစ်ယာန်များ ပါဝင်သင့်သနည်း။—မဿဲ ၂၈:၁၉၊ ၂၀။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
စစ်မှန်သောခရစ်ယာန်တို့သည် လွန်ခဲ့သည့်ရာစုနှစ်များကသူတို့ကဲ့သို့ပင် ထက်သန်သော ဝမ်းမြောက်ဖွယ်သတင်း ဟောပြောသူများဖြစ်ကြ