မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါဘာကြောင့် မူးမေ့သွားတာလဲ

ငါဘာကြောင့် မူးမေ့သွားတာလဲ

ငါ​ဘာကြောင့် မူး​မေ့သွားတာ​လဲ

ဆရာဝန်​က ကျွန်တော်​ရဲ့​မျက်လုံး​ဖိအား​ကို တိုင်း​ချင်​တယ်။ အဲဒီလို​တိုင်း​တဲ့​အခါ ကျွန်တော်​ရဲ့​မျက်ဆန်​ကို ကိရိယာ​တစ်ခု​နဲ့​ထိ​ရမှာ​ဖြစ်တယ်။ ဘာဖြစ်​လာမယ်​ဆိုတာ ကျွန်တော်​သိတယ်။ အဲဒီလို အမြဲ​ဖြစ်နေ​ကျ​ပဲ။ သူနာပြု​တစ်ဦး​က သွေး​စစ်​ဖို့ သွေး​နမူနာ​ထုတ်ယူ​တဲ့​အခါမှာလည်း အဲဒီလို​ဖြစ်တယ်။ တစ်ခါ​တ​လေ ထိခိုက်​ဒဏ်ရာ​ရတဲ့​အကြောင်း ပြော​ရုံ​နဲ့ ကျွန်တော် မူး​မေ့သွား​တယ်။

ဗြိတိသျှ​မှတ်တမ်း​တစ်ခု​အရ ကျွန်တော်​တို့​ထဲ​က ၃ ရာခိုင်နှုန်း​လောက်​ဟာ အထက်မှာ​ဖော်ပြ​ခဲ့​တဲ့ အခြေအနေ​တစ်ခုခု​ကို​ကြုံ​ရတဲ့အခါ မူး​မေ့​သွားလေ့​ရှိတယ်။ သင်လည်း အဲဒီလို​ဝေဒနာသည်​တစ်ဦး​ဖြစ်​မယ်​ဆိုရင် မူး​မေ့​မသွားအောင် ကြိုးစား​ပေမဲ့ အရာ​မထင်​ဖြစ်​ခဲ့​ပါ​လိမ့်မယ်။ လူရှေ့​သူ​ရှေ့မှာ မူး​မေ့​မသွားအောင် သန့်စင်​ခန်း​ထဲ​သွားဖို့ သင် ကြိုးစား​ခဲ့​ပါ​လိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ နည်းလမ်း​ကောင်း​တစ်ခု​မဟုတ်ဘူး။ လမ်းပေါ်မှာ သင် ရုတ်တရက်​မူး​မေ့​ပြီး ထိခိုက်​ဒဏ်ရာ​ရနိုင်တယ်။ အကြိမ်ပေါင်း​များစွာ မူး​မေ့​လု​မတတ်​ဖြစ်​ခဲ့​ဖူး​လို့ အဲလို​ဖြစ်​ရတဲ့​အကြောင်းရင်းကို စူးစမ်း​ရှာဖွေ​ဖို့ ကျွန်တော်​ဆုံးဖြတ်​ခဲ့​တယ်။

ကူညီ​တတ်​တဲ့​ဆရာဝန်​တစ်ဦး​နဲ့ ဆွေးနွေး​ပြီး စာအုပ်​တချို့​ကို ဖတ်ရှု​လေ့လာ​ကြည့်​တဲ့​အခါ ဦးနှောက် ဗေး​ဂတ်​နဗ်ကြော​လှုပ်ရှားမှု​လွန်ကဲ​တဲ့​အတွက် ဒီလို​ဖြစ်တာ​လို့ ကျွန်တော်​သိခဲ့ရတယ်။ ထိုင်​ရာ​ကနေ ထ​လိုက်လို့ အနေအထား​ပြောင်း​သွားတဲ့​အခါမှာ သွေး​စီးဆင်းမှု​ကို ထိန်း​ညှိ​ပေး​တဲ့ သွေးလှည့်ပတ်​မှု​စနစ် ချွတ်ယွင်း​တာ​ဖြစ်​မယ်​လို့ ယူဆ​ရတယ်။

သွေး​ကို​မြင်ရ​တဲ့​အခါ ဒါမှ​မဟုတ် သင့်​မျက်စိ​ကို စမ်းသပ်​နေတဲ့​အခါမျိုးမှာ အလိုအလျောက်​အလုပ်​လုပ်နေတဲ့ အာရုံကြော​ဖွဲ့စည်းမှု​စနစ်​က သင်​ထိုင်​နေ ဒါမှ​မဟုတ်​မတ်တတ်ရပ်​နေပေမဲ့ သင်​လဲလျောင်း​နေတဲ့​အခါမှာ လုပ်ဆောင်​သလို​မျိုး လုပ်ဆောင်တယ်။ ဦးဆုံး၊ စိုးရိမ်​ပူပန်မှု​ကြောင့် နှလုံးခုန်​မြန်​တတ်တယ်။ အဲဒီနောက် သင့်​သွေး​ခုန်​နှုန်း​ဟာ ရုတ်တရက် သိသိသာသာကြီး​နှေး​လာပြီး သင့်​ခြေထောက်​က သွေးကြောတွေ​ဟာ ဖောင်း​လာမယ်၊ ဒါမှ​မဟုတ် ကျယ်​လာမယ်။ အဲဒီအခါ သင့်​ခြေထောက်​တွေ​ဘက်​ကို သွေး​စီးဆင်း​တာ​များ​ပြီး သင့်​ဦးခေါင်း​ဘက်​ကို​တော့ သွေး​က​သိပ်​မ​စီး​တော့​ဘူး။ သင့်​ဦးနှောက်​ဟာ အောက်ဆီဂျင်​အလုံအလောက်​မရတော့​တဲ့​အတွက် သင်​မူး​မေ့သွား​တယ်။ အဲဒီလို​မဖြစ်ရ​လေ​အောင် ဘယ်လို​ကာကွယ်​နိုင်​မလဲ။

သင့်​သွေး​ကို​စစ်​ဖို့ ထုတ်ယူ​နေတဲ့​အခါ တခြား​ဘက်​ကို အာရုံ​လွှဲ​ထား​နိုင်တယ်။ ဒါမှ​မဟုတ် လဲလျောင်း​နေ​နိုင်တယ်။ ဖော်ပြ​ခဲ့​တဲ့​အတိုင်း ဦးနှောက်​ဗေး​ဂတ်​နဗ်ကြော​လှုပ်ရှားမှု လွန်ကဲ​လာတော့​မယ်​ဆိုရင် အများအားဖြင့် သတိပေး​လက္ခဏာတွေ​ကို သင်​သိရှိ​နိုင်တယ်။ ဒါ​ကြောင့် သင် မူး​မေ့​မသွား​ခင် တစ်ခုခု​လုပ်ဖို့ အချိန်​ရလေ့​ရှိတယ်။ ဆရာဝန်​တွေ​က သင့်ကို လဲလျောင်း​ပြီး ခြေထောက်​ကို ကုလားထိုင်​ပေါ်မှာ တင်ထား​ဖို့ ဒါမှ​မဟုတ် နံရံ​ကို ထောက်​ကန်​ထား​ဖို့ အကြံပြု​ကြတယ်။ အဲဒီလိုလုပ်ရင် သွေးဟာ ခြေထောက်​ကို မ​စီး​တော့​တဲ့​အတွက် ဦးနှောက်​ဗေး​ဂတ်​နဗ်ကြော​လှုပ်ရှားမှု လွန်ကဲ​တဲ့​ဖြစ်​စဉ် မဖြစ်​နိုင်​တော့​ဘူး။ မိနစ်​အနည်းငယ်​အတွင်းမှာ သင် နေသာ​ထိုင်​သာ​ရှိလာ​လိမ့်မယ်။

ဒီ​အချက်အလက်​တွေ​က ကျွန်တော့်​ကို အထောက်အကူ​ပြု​သလို သင့်ကိုလည်း အထောက်အကူ​ပြု​မယ်​ဆိုရင် ဦးနှောက်​ဗေး​ဂတ်​နဗ်ကြော​လှုပ်ရှားမှု လွန်ကဲ​လာတော့​မယ်​ဆို​တဲ့ သတိပေး​လက္ခဏာတွေ​ကို သင် သိရှိ​နိုင်​ပါ​လိမ့်မယ်။ အဲဒီနောက် သင် ချက်ချင်း​ပြုမူ​လုပ်ဆောင်​ပြီး ကြိုတင်​ကာကွယ်​နိုင်​ပါ​တယ်။—ဆောင်းပါး​ရှင်​ရေးသား​ပေး​ပို့​သည်။

[စာမျက်နှာ ၁၆ ပါ အကျဉ်း​ဖော်ပြချက်]

ဆေး​ဘက်​ဆိုင်ရာ​စစ်ဆေးမှု​ခံယူ​နေစဉ် လှဲ​နေခြင်း​သည် အကူအညီ​ဖြစ်စေ​နိုင်