ဘာကြောင့် ငါ့ကို တခြားသူတွေနဲ့ အမြဲ နှိုင်းယှဉ်ရတာလဲ
လူငယ်များအမေး . . .
ဘာကြောင့် ငါ့ကို တခြားသူတွေနဲ့ အမြဲ နှိုင်းယှဉ်ရတာလဲ
“ကျွန်မရဲ့မိဘ ဒါမှမဟုတ် ဆရာဆရာမတွေက ကျွန်မကို တခြားသူတွေနဲ့နှိုင်းယှဉ်ရင် အရမ်းစိတ်ဆိုးတာပဲ။”—မီယာ။ *
“ကျွန်မ နဂိုကတည်းကမှ သူ့လိုဖြစ်ချင်နေတာကို သူနဲ့မှ အနှိုင်းယှဉ်ခံရတော့ ကျွန်မဟာ အသုံးမကျတော့သလို ခံစားရတယ်။”—အေပရယ်လ်။
ကျောင်းတွင် သင့်အတန်းဖော်လောက် သင်္ချာမတော်သဖြင့် သင့်ဆရာက သင့်ကိုဆူပေမည်။ အိမ်တွင် သင့်အစ်မလောက် သပ်ရပ်မှုမရှိသည့်အတွက် သင့်မိဘက သင့်ကိုဆူပေမည်။ တစ်စုံတစ်ယောက်က “နင့်အမေ နင့်အရွယ်တုန်းကဆိုရင် အရမ်းလှတာပဲ” ဟုပြောသည့်အခါ သင် အခံရခက်ပေမည်။ ထိုသို့ပြောဆိုခြင်းက မိမိအား အကျည်းတန်သူအဖြစ် ထိုသူ ရှုမြင်နေပြီလောဟု အတွေးဝင်စေ၏။ “လူတွေက ငါ့ကို ငါလို့ ဘာကြောင့်မမြင်နိုင်ကြတာလဲ၊ ဘာကြောင့် ငါ့ကို တခြားသူနဲ့ အမြဲနှိုင်းယှဉ်ရတာလဲ” ဟုအော်ဟစ်လိုစိတ် ပေါက်လာပေမည်။
နှိုင်းယှဉ်ခြင်းသည် အဘယ်ကြောင့် ဤမျှခံရခက်စေသနည်း။ ထိုသို့ပြုခြင်းက ကောင်းကျိုးတစ်စုံတစ်ရာရှိစေနိုင်သလော။ လူတို့သည် သင့်အား အခြားသူများနှင့်နှိုင်းယှဉ်သည့်အခါ ယင်းကို သင် မည်သို့အောင်မြင်စွာ ဖြေရှင်းနိုင်သနည်း။
နှိုင်းယှဉ်ခံရခြင်းသည် အဘယ်ကြောင့် ခံရခက်သနည်း
နှိုင်းယှဉ်ခံရခြင်းက ခံရခက်စေသည့်အကြောင်းရင်းတစ်ခုမှာ ယင်းသည် တစ်ခါတစ်ရံ ပုဂ္ဂိုလ်ရေးကို တိုက်ရိုက်ထိခိုက်သောကြောင့်ဖြစ်၏။ အမှန်ဆိုလျှင် လူတို့ပြောဆိုနေသောအရာသည် သင့်ကိုယ်ကိုသင် ပြောနေသောအရာ ဖြစ်နေပေမည်။ ဥပမာ၊ “ကျောင်းမှာ နာမည်ကြီးနေတဲ့လူငယ်တွေကို ကြည့်ပြီး ‘ငါသာ သူတို့လိုဖြစ်ရင် ငါ့ကိုလည်း လူတွေ သဘောကျကြမှာပဲ’ လို့စဉ်းစားမိတယ်” ဟု ဗက်ကီ ကဝန်ခံသည်။
ဤသို့သော ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းသည့်ခံစားချက်များကို အဘယ်အရာက ဖြစ်ပေါ်စေသနည်း။ သင်၏ ကာယပိုင်း၊ စိတ်လှုပ်ရှားမှုနှင့် စိတ်ပိုင်းတို့တွင် မည်သို့ဖြစ်နေသည်ကို သုံးသပ်ကြည့်ပါ။ သင်၏ခန္ဓာကိုယ်သည် ရုတ်ခြည်း ပြောင်းလဲသွားနိုင်စရာအကြောင်း ရှိပေမည်။ သင်သည် မိဘများနှင့် ပြောဆိုဆက်ဆံရ ပို၍ခက်လာပေမည်။ လိင်ခြားသူနှင့်ပတ်သက်၍ သင်၏သဘောထားကလည်း အတော်အတန် ပြောင်းလဲသွားပေမည်။ ထို့ကြောင့် ‘ငါ ပုံမှန်မှဟုတ်ရဲ့လား’ ဟူ၍ သင်တွေးပေမည်။
အဖြေရရှိနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ထိုသို့သောပြောင်းလဲမှုများတွေ့ ကြုံနေသည့် အခြားလူငယ်များနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်ခြင်းဖြစ်သည်ဟု သင် ယူဆပေမည်။ ယင်းက သင့်ကို ထင်ယောင်ထင်မှားဖြစ်စေနိုင်သည်။ သူတို့သည် သင့်ထက် သာနေပုံပေါက်မည်ဆိုလျှင် သင့်ကိုယ်သင် ယုံကြည်မှုနည်းလာပေမည်။ ထိုအချိန်တွင် လူကြီးအချို့က ‘‘မင်း ဟိုတစ်ယောက်နဲ့ ဘာကြောင့်မတူနိုင်ရတာလဲ’ ဟုမေးလှာသောအခါ သင်စိုးရိမ်နေသည့်အတိုင်း မိမိပုံမှန်မဟုတ်သည်မှာ သေချာနေပြီဟု ခံစားရပေမည်။
နှိုင်းယှဉ်ခံရခြင်းက ခံရခက်စေနိုင်သည့် နောက်အကြောင်းရင်းတစ်ခုကို အေပရယ်လ်က ဤသို့ထောက်ပြသည်– “လူတွေက သင့်ကို တခြားသူတစ်ဦးနဲ့၊ အထူးသဖြင့် သင်နဲ့ရင်းနှီးသူတစ်ဦးနဲ့ နှိုင်းယှဉ်တဲ့အခါ မနာလိုစိတ်နဲ့ မခံချင်စိတ်တွေဖြစ်ပေါ်လာနိုင်တယ်။” ထိုသို့ဖြစ်နိုင်သည်ကို မီယာ သိထား၏။ သူ၏မိဘများနှင့် ဆရာ၊ ဆရာမများက သူ့ကို သူ၏အစ်မနှင့် အမြဲနှိုင်းယှဉ်နေပုံရသည်။ “ကျွန်မအစ်မ ကျွန်မအရွယ်တုန်းက ပြီးမြောက်အောင်မြင်ခဲ့တဲ့အရာတွေကို သူတို့ပြောပြကြတယ်” ဟု မီယာကဆို၏။ ယင်းက သူ့ကို မည်သို့ခံစားစေသနည်း။ “ကျွန်မအစ်မနဲ့ ကျွန်မ ယှဉ်ပြိုင်နေရသလို ခံစားရတယ်။ တစ်ခါတလေ သူ့ကို မကျေနပ်တဲ့အထိတောင် ဖြစ်လာတယ်။”
နှိုင်းယှဉ်ခြင်းသည် အမှန်ပင် ဆိုးကျိုးဖြစ်စေနိုင်၏။ ယေရှု၏ အရင်းနှီးဆုံးအပေါင်းအဖော်များတွင် မည်သို့ ဖြစ်ပျက်ခဲ့ကြောင်း သုံးသပ်ကြည့်ပါ။ ယေရှုမသေဆုံးမီ နောက်ဆုံးညနေခင်းတွင် တမန်တော်များအချင်းချင်း “ငြင်းခုံ” ခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ သူတို့သည် တစ်ဦးနှင့်တစ်ဦးနှိုင်းယှဉ်ကာ “မိမိတို့တွင် အဘယ်သူသည် သာ၍ကြီးမြတ်သနည်း” ဟူ၍ ငြင်းခုံနေကြသည်။ (လုကာ ၂၂:၂၄) နှိုင်းယှဉ်မှုပုံစံအချို့သည် အမှန်ပင် အကျိုးယုတ်စေနိုင်သည်။ သို့သော် နှိုင်းယှဉ်မှုအားလုံး သည် အကျိုးယုတ်စေသလော။
အကျိုးပြုသော နှိုင်းယှဉ်မှုများ
ကျမ်းစာတွင်ဖော်ပြထားသည့် လူငယ်ဒံယေလနှင့် သူ၏ဟေဗြဲအဖော်သုံးဦးအကြောင်း သုံးသပ်ကြည့်ပါ။ ဤလူငယ်များသည် ဘုရားသခင့်ပညတ်တော်က တားမြစ်ထားသည့် ဗာဗုလုန်ဘုရင်၏ စားကောင်းသောက်ဖွယ်များကို မစားသုံးလိုခဲ့ကြပေ။ (ဝတ်ပြုရာ ၁၁:၄-၈) မိမိတို့ကို စားတော်ကဲ လက်ခံယုံကြည်လာစေရန် ဒံယေလသည် စမ်းသပ်မှုတစ်ခုပြုလုပ်ဖို့ အဆိုပြုခဲ့၏။ ဘုရားသခင့်ပညတ်တော်ကခွင့်ပြုသည့် အစားအစာကို ဆယ်ရက်စားပြီးနောက်တွင် ဟေဗြဲလူငယ်များနှင့် နန်းတွင်းရှိ အခြားလူငယ်များကို နှိုင်းယှဉ်ရန် စားတော်ကဲအား ဒံယေလအဆိုပြုခဲ့သည်။ ရလဒ်ကား အဘယ်နည်း။
သမ္မာကျမ်းစာက ဤသို့ရှင်းပြသည်– “ဆယ်ရက်စေ့လျှင် [ဟေဗြဲလူတို့၏] မျက်နှာသည် ပွဲတော်မှကြွင်းသောအစာကိုစားသော လူပျိုအပေါင်းတို့၏မျက်နှာထက် အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။” (ဒံယေလ ၁:၆-၁၆) ဒံယေလနှင့် သူ၏အပေါင်းအဖော်တို့သည် အခြားလူငယ်များထက် တစ်နည်းနည်းဖြင့် သာနေသောကြောင့် ရလဒ်ကောင်းရခဲ့ခြင်းမဟုတ်ကြောင်း သတိပြုပါ။ ယင်းအစား အဓိကအကြောင်းရင်းမှာ ဟေဗြဲလူငယ်များသည် မိမိ၏လူမျိုးအား ဘုရားသခင်ပေးထားသောပညတ်များကို လိုက်နာရန် ရွေးချယ်ခဲ့ခြင်းကြောင့်ဖြစ်၏။
ဤဟေဗြဲလူငယ်များ၏ အခြေအနေမျိုးတွင် သင်ရောက်ရှိနေသလော။ သင်သည် ကျမ်းစာပါ ကိုယ်ကျင့်တရားစံနှုန်းများနှင့်အညီနေထိုင်လျှင် အခြားလူငယ်များနှင့် လုံးဝကွာခြားနေပေမည်။ ဤကွာခြားမှုကို သတိပြုမိသူအချို့သည် စဉ်းစားရခက်ပြီး “ကဲ့ရဲ့” ကြပေမည်။ (၁ ပေတရု ၄:၃၊ ၄) သို့သော် အခြားသူတို့မူ သင်၏အမူအကျင့်ကောင်းကြောင့် ပေါ်ထွက်လာသော ရလဒ်ကောင်းများကို တွေ့ မြင်ကာ ယေဟောဝါအကြောင်း သင်ယူလေ့လာရန်ပင် လှုံ့ဆော်ခံရပေမည်။ (၁ ပေတရု ၂:၁၂) ဤအခြေအနေမျိုးတွင် အခြားသူများနှင့်နှိုင်းယှဉ်ခံရခြင်းသည် ကောင်းကျိုးဖြစ်စေနိုင်သည်။
နှိုင်းယှဉ်ခြင်းသည် နောက်တစ်နည်းဖြင့်လည်း အကျိုးပြုနိုင်သည်။ ဥပမာ၊ သင်သည် သင်၏အစ်ကို သို့မဟုတ် အစ်မနှင့် သင့်ကိုယ်သင် နှိုင်းယှဉ်ကြည့်သည့်အခါ သင်လုပ်ရမည့်အိမ်အလုပ်ကို ကျေပွန်စွာလုပ်သည်ဟု ယူဆပေမည်။ သို့သော် သင့်မိဘများ ကမူ ထိုသို့ ရှုမြင်ချင်မှ ရှုမြင်ပေမည်။ သင်၏သဘောထားကို ပြုပြင်တည့်မတ်ပေးရန် သူတို့သည် ကျမ်းစာစံနမူနာတစ်ခုကို အသုံးပြု၍ သင်၏သဘောထားနှင့် လုပ်ရပ်များကို ကျမ်းစာထဲမှ ပုဂ္ဂိုလ်တစ်ဦး၏ သဘောထား၊ လုပ်ရပ်များနှင့် နှိုင်းယှဉ်ကြည့်ရန် ပြောဆိုပေမည်။
ဥပမာ၊ ယေရှုသည် သခင်နှင့် ဆရာဟူ၍ အခေါ်ခံရသော်လည်း ကိုယ်တော်သည် တပည့်များ၏ခြေကို တလိုတလားဆေးပေးခဲ့သည်ကို မိဘများက သင့်အား ပြန်အမှတ်ရစေပေမည်။ (ယောဟန် ၁၃:၁၂-၁၅) ထို့နောက် ယေရှု၏ နှိမ့်ချပြီး အလုပ်ကြိုးစားသော သဘောထားကိုတုပရန် သင့်ကို သူတို့ အားပေးပေမည်။ အမှန်ဆိုလျှင် ခရစ်ယာန်လူကြီး၊ လူငယ်အားလုံး မိမိတို့ကိုယ်ကို ခရစ်တော်နှင့် အမြဲနှိုင်းယှဉ်ကာ ကိုယ်တော်၏ ‘ခြေရာကို အနီးကပ်လိုက်လျှောက်’ ရန် ကြိုးစားကြဖို့ သမ္မာကျမ်းစာက တိုက်တွန်းသည်။ (၁ ပေတရု ၂:၂၁) ဤနှိုင်းယှဉ်မှုမျိုးက ကျွန်ုပ်တို့ကို နှိမ့်ချမှုရှိစေပြီး ယေဟောဝါ ပိုမိုနှစ်သက်သော အရည်အသွေးများကို မွေးမြူရန် ကူညီပေးသည်။
အပျက်သဘောနှိုင်းယှဉ်မှုများကိုရင်ဆိုင်ဖြေရှင်းခြင်း
သင်သည် မွေးချင်းတစ်ဦး သို့မဟုတ် ရွယ်တူချင်းတစ်ဦးနှင့် မနှစ်မြို့စွာနှိုင်းယှဉ်ခံရလျှင် အမှန်ပင် စိတ်ဆိုးစရာ၊ စိတ်ဓာတ်ကျစရာဖြစ်နိုင်သည်။ ယင်းကို သင် မည်သို့ဖြေရှင်းနိုင်သနည်း။ ပညာရှိရှောလမုန်ဘုရင်က “သတိ [“ထိုးထွင်းသိမြင်မှု၊” ကဘ] ရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏” ဟုဆိုသည်။ (သု. ၁၉:၁၁) ထိုးထွင်းသိမြင်မှုက မည်သို့ကူညီပေးနိုင်သနည်း။ နှိုင်းယှဉ်မှုပြုသည့် မိဘ သို့မဟုတ် ဆရာ၊ ဆရာမတစ်ဦးသည် သင်၏ကောင်းကျိုးကို စိတ်ဝင်စားခြင်းဖြစ်နိုင်သော်လည်း သင်ကမူ ထိုသို့ထင်ချင်မှထင်ပေမည်။ “တစ်ဦးဦးက ကျွန်မကို တခြားသူတွေနဲ့နှိုင်းယှဉ်တဲ့အခါ ‘သူတို့ ငါ့ကိုကူညီပေးဖို့ ကြိုးစားနေတာများလား’ လို့ ကိုယ့်ကိုယ်ကိုမေးတယ်” ဟု ကေသီကဆို၏။ ယင်းကို အကောင်းဘက်မှ ရှုမြင်ခြင်းဖြင့် စိတ်ပျက်အားငယ်စရာ သို့မဟုတ် စိတ်ဆိုးစရာအကြောင်း မရှိတော့သည်ကို ကေသီတွေ့ရှိရ၏။
သို့သော် သင်သည် အခြားသူများနှင့် အမြဲနှိုင်းယှဉ်ခံနေရသည်ဟု ခံစားရလျှင်ကော။ ဥပမာ၊ မိဘတစ်ဦးသည် သင့်ကို မွေးချင်းတစ်ဦးနှင့် အပျက်သဘောဖြင့် အမြဲနှိုင်းယှဉ်နေပုံရပေမည်။ သင်သည် မိဘထံချဉ်းကပ်ကာ ထိုသို့နှိုင်းယှဉ်ခြင်းက သင့်အား မည်သို့ခံစားရစေသည်ကို လေးစားစွာရှင်းပြလိုပေမည်။ ထိုသို့နှိုင်းယှဉ်ခြင်းက သင့်အား စိတ်ဓာတ်ကျစေသည်ကို သင့်မိဘများ သတိမထားမိခြင်းဖြစ်နိုင်သည်။
သို့သော် “စကားပြောရသောအချိန်” သာမက “တိတ်ဆိတ်စွာနေရသောအချိန်” လည်းရှိကြောင်း သတိရပါ။ (ဒေ. ၃:၇) နောက်တစ်ခါ နှိုင်းယှဉ်လာသည့်အခါ ဒေါသပေါက်ကွဲမည့်အစား စိတ်ပြေသည်အထိစောင့်ပါ။ ထို့နောက် မနှစ်မြို့ဖွယ်နှိုင်းယှဉ်မှုပြုသည့် သင့်မိဘ သို့မဟုတ် မည်သူမဆိုနှင့် စကားပြောဆိုပါ။ ထိုသို့ ပြုမည်ဆိုလျှင် သင်ပြောသောစကားသည် ပို၍လက်ခံနိုင်စရာဖြစ်ပေမည်။—သု. ၁၆:၂၃။
သင်သည် မိမိတွင်ရှိသည့် အရည်အသွေးကောင်းများကို သိရှိထားခြင်းဖြင့် အပျက်သဘောနှိုင်းယှဉ်မှုကြောင့် ဖြစ်ပေါ်လာသည့် စိတ်ထိခိုက်မှုကို လျော့နည်းစေနိုင်ပါသည်။ တမန်တော်ပေါလုက တိမောသေအား “သင်၏အသက်အရွယ်နုပျိုသည်ကို အဘယ်သူမျှ မထီမဲ့မြင်မပြုစေနှင့်” ဟုမှာကြားခဲ့သည်။ (၁ တိမောသေ ၄: ၁၂) တိမောသေသည် ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုထမ်းရန် ခန့်အပ်ခံရချိန်တွင် အသက်ငယ်သေးသည်။ ထို့ကြောင့် အချို့သူတို့က တိမောသေကို သူ့ထက် အသက်ပိုကြီးပြီး အတွေ့အကြုံပိုရှိသည့် အခြားအမျိုးသားများနှင့် မနှစ်မြို့ဖွယ် နှိုင်းယှဉ်မှုများ ပြုခဲ့ကြပေမည်။ သို့သော် ထိုသို့အပျက်သဘောနှိုင်းယှဉ်မှုများသည် ကျိုးကြောင်းညီညွတ်မှုမရှိပေ။ တိမောသေသည် အသက်ငယ်သော်လည်း ပေါလုနှင့်အတူ နယ်လှည့်ခရီးထွက်စဉ် အတွေ့အကြုံများစွာရရှိခဲ့သည်။ ဘုရားသခင့်စကားတော်ကို မည်သို့ထိရောက်စွာအသုံးပြုရမည်ကို တိမောသေ သိထား၏။ ထို့ ပြင် သူသည် ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများကို စိတ်ရင်းမှန်ဖြင့် ဂရုစိုက်ကြည့်ရှုခဲ့သည်။—၁ ကောရိန္သု ၄:၁၇; ဖိလိပ္ပိ ၂:၁၉၊ ၂၀။
ထို့ကြောင့် သင်သည် နောက်တစ်ကြိမ် အပျက်သဘောဖြင့်နှိုင်းယှဉ်ခံရလျှင် ‘သူတို့ပြစ်တင်ဝေဖန်တာဟာ ကျိုးကြောင်းညီညွတ်မှုရှိရဲ့လား’ ဟု သင့်ကိုယ်သင် မေးပါ။ သူတို့ပြောသောစကားတွင် မှန်ကန်သည့်အရာတချို့ပါနေလျှင် ယင်းမှ သင်ယူရန် ကြိုးစားပါ။ သို့သော် “မင်းရဲ့အစ်ကိုနဲ့ ဘာကြောင့်မတူနိုင်ရတာလဲ” ဟူသော သိမ်းကျုံးနှိုင်းယှဉ်မှုမျိုးဆိုလျှင် ယင်းပြောဆိုချက်ကို အရှိအတိုင်းရှုမြင်ရန် ကြိုးစားပါ။ ထိုသို့သောနှိုင်းယှဉ်မှုကို အပြုသဘောဖြင့် ရှုမြင်ရန် အတတ်နိုင်ဆုံးကြိုးစားပါ။
ယေဟောဝါဘုရားသခင်သည် သင့်အား အခြားမစုံလင်သူတစ်ဦးနှင့် နှိုင်းယှဉ်ခြင်းဖြင့် သင့်တန်ဖိုးကို မတိုင်းတာပါ။ (ဂလာတိ ၆:၄) ကိုယ်တော်သည် အပြင်ပန်းသဏ္ဌာန်ကို ကျော်၍ကြည့်ကာ သင်၏စိတ်ရင်းကို သိနားလည်တော်မူ၏။ (၁ ဓမ္မရာဇဝင် ၁၆:၇) မှန်ပါသည်၊ ယေဟောဝါသည် သင် မည်သို့သောလူစားဖြစ်သည်ကိုသာမက သင် ဖြစ်လိုသည့်အရာနှင့် ယင်းကို သင်မည်သို့ ကြိုးစားလုပ်ဆောင်နေသည်ကိုပါ တွေ့ မြင်တော်မူ၏။ (ဟေဗြဲ ၄:၁၂၊ ၁၃) ကိုယ်တော်သည် သင်၏ချို့ယွင်းချက်များကို ထည့်သွင်းစဉ်းစားကာ သင်၌ရှိသည့် အရည်အသွေးကောင်းများကို ရှာဖွေတော်မူ၏။ (ဆာလံ ၁၃၀:၃၊ ၄) ဤအမှန်တရားကို သိရှိထားခြင်းက အခြားသူများနှင့် သင် နှိုင်းယှဉ်ခံရသည့်အခါ ရင်ဆိုင်ဖြေရှင်းနိုင်ပေမည်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 3 နာမည်များပြောင်းထားသည်။
ချင့်တွေးစရာ
▪ မည်သို့သောနှိုင်းယှဉ်မှုများက သင့်ကို ဒေါသထွက်စေသနည်း။
▪ သင့်မိဘများက သင့်ကို အခြားသူများနှင့် အမြဲနှိုင်းယှဉ်နေမည်ဆိုလျှင် ယင်းကို သင်မည်သို့ ဖြေရှင်းမည်နည်း။
[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]
“ကျွန်မကို တခြားသူတစ်ဦးရဲ့အမည်တပ်ပြီး ‘မင်း သူ့လိုမျိုးဖြစ်သင့်တယ်’ လို့အကြံပေးတာထက် ကျွန်မရဲ့ ကောင်းကွက်တွေကို အရင်ဆုံးချီးမွမ်းပြီး ကျွန်မရဲ့အားနည်းချက်တွေကို သိမြင်လာအောင် မေတ္တာပါပါကူညီပေးတာကို ပိုကြိုက်တယ်။”—နာတာလီ
[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]
နှိုင်းယှဉ်မှုများပြုခြင်းက သင့်အားမည်သို့ခံစားရစေသည်ကို လေးစားစွာ ရှင်းပြလိုပေမည်