အနုပညာထက် ပိုတည်မြဲသောအရာ
အနုပညာထက် ပိုတည်မြဲသောအရာ
ရေခါကိုအီဗီစတို ပြောပြသည်
ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသွားတဲ့သူတွေကို ဂုဏ်ပြုဖို့ ဘယ်လိုအထိမ်းအမှတ်ရုပ်တုမျိုး ထုလုပ်သင့်တယ်ဆိုတာ ၁၉၅၀ ပြည့်နှစ်တုန်းက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အဆိုတင်သွင်းရာမှာ ကျွန်မရဲ့အဆိုပြုချက်က အနိုင်ရရှိသွားတယ်။ နောက်တစ်နှစ်အကြာ ဖင်လန်နိုင်ငံ၊ တူဆူလာမြို့မှာ ကျွန်မထုလုပ်ခဲ့တဲ့ ဧရာမလိပ်သည်းကျောက်ရုပ်တုကြီးရဲ့ ဖွင့်ပွဲအခမ်းအနားကို ကျင်းပတော့ ကျွန်မ မတက်ခဲ့ဘူး။ အကြောင်းရင်းကို ရှင်းပြပါရစေ။
ကလေးရှစ်ယောက်ရှိတဲ့ မိသားစုထဲမှာ အငယ်ဆုံးဖြစ်တဲ့ကျွန်မကို ၁၉၁၇ ခုနှစ်မှာမွေးဖွားခဲ့ပြီး ဖင်လန်နိုင်ငံတောင်ပိုင်း ကျေးလက်တောရွာတစ်ရွာမှာ ကျွန်မတို့နေထိုင်ခဲ့ကြတယ်။ ဆင်းရဲပေမဲ့ အပူအပင်မရှိဘူး၊ ပျော်ပျော်ရွှင်ရွှင်ပဲ။ ကျွန်မရဲ့မိဘတွေဟာ အေးဆေးတည်ငြိမ်တဲ့သူတွေဖြစ်ကြပြီး ကျွန်မတို့ကို ဘာသာတရားကိုင်းရှိုင်းဖို့ သင်ပေးတယ်။ ကျွန်မတို့အိမ်မှာ အဖေဝယ်လာတဲ့ကျမ်းစာအုပ်ကို အထူးရိုသေလေးမြတ်ကြတယ်။
ကျွန်မကလေးဘဝတုန်းက သစ်သားပန်းပုရုပ်လေးတွေကို ထွင်းထုခဲ့တယ်။ ကျွန်မရဲ့လက်ရာက အတော်လေးကောင်းတယ်လို့ ဆွေမျိုးတွေက ယူဆကြပြီး ကျွန်မကို အနုပညာကျောင်းတက်ဖို့ အားပေးခဲ့ကြတယ်။ အချိန်တန်တော့ ကျွန်မ ဟယ်လ်စင်ကီ စက်မှုလက်မှုအနုပညာတက္ကသိုလ် တက်ခွင့်ရခဲ့တယ်။ ဖင်လန်အနုပညာအသိုင်းအဝိုင်းရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဒီ ထင်ရှားတဲ့ကျောင်းကြီးက ကျွန်မလို တောသူလေးတစ်ယောက်အတွက် အထူးအဆန်းဖြစ်နေပြီး ကျွန်မဟာ အဲဒီမှာပဲ အာရုံစွဲငြိလာခဲ့တယ်။ ၁၉၄၇ ခုနှစ်မှာ ကျွန်မကျောင်းပြီးသွားတဲ့အခါ ဒီလောကအတွက် တည်မြဲတဲ့အရာတစ်ခုထားခဲ့နိုင်လိမ့်မယ်လို့ ကျွန်မစဉ်းစားမိတယ်။
အလှည့်အပြောင်းတစ်ခု
နောက်တော့ ကျွန်မရဲ့ပန်းတိုင်က လုံးလုံးပြောင်းလဲသွားတယ်။ တစ်နေ့မှာ ကျွန်မအစ်မ အော်နီးက ကျွန်မနားလာပြီး အားတက်သရောနဲ့ “ငါအမှန်တရားတွေ့ ပြီ” လို့ပြောခဲ့တယ်။ ယေဟောဝါ သက်သေတွေထုတ်ဝေတဲ့ “ဘုရားသခင့်သစ္စာတော် တည်စေသတည်း” ဆိုတဲ့စာအုပ်ကို သူရလာတာကိုး။ ကျွန်မကတော့ စိတ်မဝင်စားဘူး။ သိပ်မကြာပါဘူး၊ ကျွန်မရဲ့ ကျောင်းနေဖက်တစ်ယောက်ဖြစ်ခဲ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ဆီမှာလည်း ဒီစာအုပ်ရှိနေတာကို သတိထားမိတယ်။ ကျွန်မက ဒီစာအုပ်ကိုအထင်သေးတော့ သူက “မရယ်နဲ့၊ ဒီစာအုပ်က သမ္မာကျမ်းစာကိုနားလည်ဖို့ အထောက်အကူပေးတယ်” လို့ပြောတယ်။ ဒါနဲ့ ကျွန်မလည်း စာအုပ်ကိုယူပြီး တစ်ထိုင်တည်းနဲ့ အပြီးဖတ်လိုက်တယ်။ ကျွန်မ နောက်ထပ်မလှောင်ရဲတော့ဘဲ ယေဟောဝါသက်သေတွေဆီမှာ အမှန်တရားရှိတယ်ဆိုတာ ယုံကြည်စိတ်ချသွားတယ်။ ဒီအပြင် အနုပညာက မပေးစွမ်းနိုင်တဲ့ ထာဝရအသက်ကိုလည်း ယေဟောဝါဘုရားသခင် ကမ်းလှမ်းထားတယ်ဆိုတာ နားလည်လာတယ်။
ကျွန်မ သက်သေခံတွေနဲ့ ရင်းနှီးစတုန်းက ကျွန်မကို အစည်းအဝေးတက်ဖို့ မဖိတ်ကြဘူး။ ဒါကြောင့် အစည်းအဝေးတွေကို အသင်းဝင်တွေပဲတက်ရတာလို့ ထင်ခဲ့တယ်။ ဒါနဲ့ ကျွန်မဘက်ကစပြီး စည်းဝေးတက်လို့ရမလားလို့ မေးခဲ့တယ်။ အစည်းအဝေးတွေကို ဘယ်သူမဆို တက်လို့ရတယ်ဆိုတာ ကျွန်မသိလိုက်ရတော့ ဝမ်းသာသွားတယ်။ အစည်းအဝေးတွေတက်တာက ကျွန်မရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ယေဟောဝါထံ ကျွန်မရဲ့အသက်တာကိုအပ်နှံဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်ကို လူအများသိအောင်ပြသဖို့ ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့မှာ ကျွန်မအစ်မနဲ့အတူ နှစ်ခြင်းခံလိုက်တယ်။ နောက်ပိုင်းမှာ ကျွန်မချစ်ရတဲ့ မိဘနှစ်ပါးနဲ့ အစ်မလေးယောက်လည်း သက်သေခံတွေဖြစ်လာလို့ ဝမ်းသာရတယ်။
ဘယ်သက်မွေးလုပ်ငန်းကို ရွေးသင့်သလဲ
ကျွန်မဟာ သက်သေခံတွေနဲ့ ကျမ်းစာလေ့လာနေရင်း အနုပညာလုပ်ငန်းကိုလည်း ဆက်လုပ်ကိုင်ခဲ့တယ်။ ကျောင်းပြီးသွားတော့ ပန်းပုပညာပါမောက္ခရဲ့ လက်ထောက်အဖြစ် လုပ်ကိုင်ခဲ့တယ်။ ဒါနဲ့ အစပိုင်းမှာပြောခဲ့သလို ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးခဲ့တဲ့သူတွေအတွက် အထိမ်းအမှတ်ရုပ်တုထုလုပ်ဖို့ ကျွန်မရဲ့အဆိုပြုချက်ဟာ တစ်နိုင်ငံလုံးမှာ အနိုင်ရခဲ့တယ်။ စစ်နဲ့ပတ်သက်ပြီး ပြောင်းလဲလာတဲ့ ကျွန်မရဲ့အမြင်ကိုတင်ပြဖို့ “ပြန်လမ်းမဲ့” လို့ခေါင်းစဉ်ပေးခဲ့တယ်။ (ဟေရှာယ ၂:၄; မဿဲ ၂၆:၅၂) ၁၆ ပေမြင့်တဲ့ရုပ်တုကြီးကို ဖွင့်ပွဲအခမ်းအနားလုပ်တော့ မျိုးချစ်စိတ်ဓာတ်နဲ့ပတ်သက်နေတဲ့အတွက် ကျွန်မရဲ့ ကျမ်းစာအခြေပြုယုံကြည်ချက်တွေနဲ့ မကိုက်ညီလို့ ကျွန်မ မတက်ရောက်ခဲ့ဘူး။
အနုပညာနဲ့ပတ်သက်တဲ့ ကျွန်မရဲ့ဂုဏ်သတင်းက ကျော်ကြားလာပြီး အလုပ်ကောင်းတွေလည်း ကမ်းလှမ်းခံရတယ်။ ဒါပေမဲ့ ကျွန်မရဲ့ဦးစားပေးရာတွေကို ဆန်းစစ်ခဲ့တယ်။ ကျွန်မရဲ့အလုပ်ကို နှစ်သက်ပေမဲ့ တခြားသူတွေကို ဝိညာဉ်ရေးအရ ကူညီပေးလိုတဲ့ဆန္ဒကလည်း ထက်သန်နေတယ်။ ဒါနဲ့ ၁၉၅၃ ခုနှစ်မှာ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်ဟောပြောသူလို့ခေါ်တဲ့ ရှေ့ဆောင်တစ်ဦးအဖြစ် အမှုဆောင်ခဲ့တယ်။
တစ်ခါတလေ ကျွန်မရဲ့အရည်အချင်းတွေကို အကျိုးရှိရှိ အသုံးမချဘူးလို့ အပြောခံရတယ်။ ဒါပေမဲ့ ပန်းပုဆရာတစ်ဦးရဲ့ အောင်မြင်မှုဟာ တဒင်္ဂပဲဆိုတာ ကျွန်မသဘောပေါက်တယ်။ အချိန်ကြာလာရင် လိပ်သည်းကျောက်ရုပ်တုကြီးတောင် ပျက်စီးသွားရမှာ။ ဒါပေမဲ့ ရှေ့ဆောင်တစ်ဦးအနေနဲ့ ကျွန်မဟာ လူတွေကို ထာဝရအသက်လမ်းပေါ်ရောက်အောင် ကူညီပေးရာမှာ ကျွန်မရဲ့အချိန်အများစုကို အသုံးပြုနိုင်တယ်။ (ယောဟန် ၁၇:၃) ဒါပေမဲ့ ကျွန်မရဲ့ ပန်းပုပညာကိုတော့ မမေ့သေးပါဘူး။ တစ်ခါတလေ အပျော်တမ်းအနေနဲ့ ပန်းပုရုပ်လေးတွေကိုထွင်းပြီး ကိုယ့်ကိုယ်ကို ထောက်ပံ့နိုင်ဖို့ အဲဒီအရုပ်လေးတွေကိုရောင်းခဲ့တယ်။
ကျေးလက်ဒေသသို့ ပြောင်းရွှေ့ခြင်း
ဟယ်လ်စင်ကီမြို့မှာ လေးနှစ်ကြာ ရှေ့ဆောင်လုပ်ပြီးတဲ့နောက် ၁၉၅၇ ခုနှစ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဖြစ်တဲ့ အော့စ္စထရိုဘော့နီးယားတောင်ပိုင်း၊ ယာလာစ်ယာဗီနယ်မြို့လေးမှာ အမှုဆောင်ဖို့ ယေဟောဝါသက်သေတွေရဲ့ ဖင်လန်ဌာနခွဲရုံးက ကျွန်မကို ဖိတ်ခေါ်ခဲ့တယ်။ အဲဒီမှာ ကျွန်မထက် ၁၇ နှစ်ငယ်တဲ့ အင်ယာကီတိုနဲ့တွဲပြီး အမှုဆောင်ရတယ်။ ကျွန်မ အင်ယာကိုမမြင်ဖူးပေမဲ့ တာဝန်ကိုလက်ခံလိုက်ပြီး သူနဲ့အတူအမှုဆောင်ဖို့ ပြောင်းရွှေ့လိုက်တယ်။ အဲဒီဒေသမှာ သက်သေခံဆိုလို့ ကျွန်မတို့နှစ်ယောက်ပဲရှိပြီး ခရစ်ယာန်ဓမ္မအမှုမှာ အမြဲလိုလို တွဲလုပ်ဆောင်ကြတယ်။ မကြာခင်မှာပဲ ကျွန်မတို့ဟာ ခွဲလို့မရတဲ့ သူငယ်ချင်းတွေဖြစ်လာတယ်။
ယာလာစ်ယာဗီမြို့လေးကို ပြောင်းရွှေ့နေထိုင်ရခြင်းက မြို့တော်ကြီးရဲ့ အနုပညာလောကထဲမရောက်ခင် လွန်ခဲ့တဲ့အနှစ် ၂၀ တုန်းက ကျေးလက်ဒေသမှာနေထိုင်ခဲ့ရတဲ့ အခြေအနေမျိုးနဲ့တူတယ်။ ဆောင်းတွင်းမှာ ရာသီဥတုအရမ်းဆိုးပြီး တစ်ခါတလေဆိုရင် ခါးထိရောက်တဲ့ နှင်းတောတွေထဲ ဖြတ်လျှောက်သွားရတယ်။ သက်သောင့်သက်သာမရှိတဲ့ သစ်သားအိမ်လေးထဲမှာ ကျွန်မတို့နေရတယ်။ အနားကစမ်းချောင်းမှာ ရေသွားခပ်ရပြီး ညဆိုရင် ပုံးထဲကရေတွေဟာ အေးခဲကုန်တယ်။ ဒါပေမဲ့ ကျွန်မတို့လိုအပ်ရာတွေအားလုံး ရှိခဲ့တယ်။ (၁ တိမောသေ ၆:၈) ကျွန်မတို့ဟာ တစ်နေကုန် တက်ကြွလှုပ်ရှားပြီး ပျော်ရွှင်နေကြတယ်။
အကျိုးပြုလုပ်ငန်းတွင် အလုပ်များ
အစပိုင်းမှာတော့ အဲဒီဒေသကလူတွေဟာ ကျွန်မတို့အပေါ် စိတ်စွန်းကွက်နေပြီး ဆန့်ကျင်ကြလို့ ကျွန်မတို့ရဲ့အလုပ်က အောင်မြင်ပုံမပေါက်ခဲ့ဘူး။ ကျွန်မတို့ရဲ့အလုပ်ကို လူတွေနားလည်လာအောင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ The New World Society in Action နဲ့ The Happiness of the New World Society ရုပ်ရှင်တွေကိုပြဖို့ စီစဉ်ခဲ့ကြတယ်။ ဒီအစီအစဉ်က ကျွန်မတို့နှစ်ယောက်နဲ့ ကျွန်မတို့ရဲ့အဖွဲ့အစည်းအကြောင်း သူတို့ကိုသိရှိစေပြီး ကျွန်မတို့ရဲ့လုပ်ဆောင်မှုက ကမ္ဘာတစ်ဝန်းကလူတွေအပေါ် ဘယ်လိုအကျိုးသက်ရောက်တယ်ဆိုတာ သိမြင်စေတယ်။ ဒီရုပ်ရှင်ကို လူအတော်များများ လာကြည့်ခဲ့ကြတယ်။
တစ်ခါကဆိုရင် ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူးဖြစ်သူ အီရိုမူရွိုင်နင်က မြို့တော်ခန်းမမှာ The New World Society in Action ဆိုတဲ့ ရုပ်ရှင်ပြတယ်။ ခန်းမမှာ လူတွေနဲ့ ပြည့်ကျပ်လာပြီး ကျွန်မက ချောင်ထဲမှာညှပ်နေတယ်။ ခြေတစ်ဖက်ချစရာ နေရာပဲရှိလို့ နံရံကိုမှီထားရတယ်။ ရုပ်ရှင်ပြီးသွားတော့ လူတွေက ကျွန်မတို့ဆီလာပြီး သူတို့ဆီလည်ပတ်ဖို့ ပြောကြတယ်။
ကျွန်မတို့ဟာ အသံဖမ်းစက်ကြီးတစ်လုံးကိုလည်းသုံးပြီး လယ်သမားတွေရဲ့တဲတွေမှာ ကျမ်းစာဟောပြောချက်တွေ ဖွင့်ပြကြတယ်။ တစ်ခါကဆိုရင် ည ၇:၀၀ နာရီမှာ ဒီဟောပြောချက်ကို အိမ်တစ်အိမ်မှာဖွင့်ပြဖို့ သဘောတူထားပြီး တစ်ရွာလုံးကိုလည်း လာနားထောင်ဖို့ ဖိတ်ထားတယ်။ ဒီအစီအစဉ်အတွက် ညနေမတိုင်မီ ပြန်ရောက်မယ်ထင်ပြီး အဲဒီနေ့မနက်မှာပဲ ၁၅ မိုင်ဝေးတဲ့ ရွာတစ်ရွာမှာဟောပြောဖို့ စက်ဘီးနဲ့ထွက်ခဲ့ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ အဲဒီရွာထဲက ပြန်ထွက်လာတော့ မိုးရွာထားလို့ လမ်းတွေက ရွှံ့ဗွက်အရမ်းထနေတယ်။
တဖြည်းဖြည်းနဲ့ စက်ဘီးမှာရွှံ့တွေကပ်ပါလာပြီး ဘီးတွေက မလည်နိုင်တော့လို့ ကျွန်မတို့ စက်ဘီးထမ်းပြီး အိမ်ပြန်ကြရတယ်။ ဒါနဲ့ နေအတော်စောင်းတဲ့အထိ ရုပ်ရှင်ပြဖို့စီစဉ်ထားတဲ့နေရာကို မသွားနိုင်ခဲ့ကြဘူး။ ကျွန်မတို့ဟာ အသံဖမ်းစက်ကြီးကို ဆွဲပြီးသွားကြတာ ည ၁၀:၀၀ နာရီထိုးမှ အဲဒီရွာကိုရောက်တယ်။ လူတွေတော့ပြန်ကုန်ကြပြီလို့ ကျွန်မတို့ အသေအချာတွက်ထားတာ။ ဒါပေမဲ့ ရောက်သွားတဲ့အခါ အိမ်ထဲမှာ ရွာသားတွေအပြည့် ထိုင်စောင့်နေကြတာကို တအံ့တသြတွေ့ရတယ်။ ဟောပြောချက်ပြီးတော့ ရလဒ်ကောင်းတွေ အများကြီးရခဲ့တယ်။ နောက်မနက်စောစောမှာ ကျွန်မတို့အိမ်ပြန်ရောက်ကြပြီး အရမ်းမောနေပေမဲ့ အရမ်းပျော်ရွှင်ကြတယ်။
ရွာတွေက တစ်ရွာနဲ့တစ်ရွာ အရမ်းဝေးတော့ အဲဒီဒေသမှာရှိတဲ့သက်သေခံတွေက ရုရှားနိုင်ငံထုတ် ကားဟောင်းလေးတစ်စီးဝယ်ဖို့ ကူညီပေးခဲ့ကြတယ်။ အဲဒါက ကျွန်မတို့ရဲ့ဟောပြောခြင်းလုပ်ငန်းကို ပိုပြီးလွယ်ကူစေခဲ့တယ်။ နောက်ပိုင်းမှာ ကားက အရမ်းနာမည်ကြီးလာပြီး အဲဒီနယ်ကိုအုပ်ချုပ်တဲ့ ခရစ်ယာန်ဘုန်းကြီးက ကျွန်မတို့လာရင် အိမ်ထဲအဝင်မခံဖို့ သူ့အသင်းသားတွေကို ပြောထားတယ်။ သူက ကားအပြာနဲ့ အမျိုးသမီးနှစ်ယောက်အကြောင်း ပြောထားတယ်။ သူ့ရဲ့သတိပေးချက်က ချက်ချင်းပဲ လူတွေအပေါ် အကျိုးသက်ရောက်ခဲ့တယ်။ အဲဒီအမျိုးသမီးနှစ်ယောက်က ဘယ်သူတွေလဲ၊ ဘာကြောင့် အန္တရာယ်ရှိတာလဲဆိုတာ သိချင်လာကြတယ်။ သူတို့ရဲ့စပ်စုလိုစိတ်ကြောင့် အကျိုးပြုတဲ့ ကျမ်းစာဆွေးနွေးခန်းတွေ ပြုလုပ်နိုင်ခဲ့တယ်။ “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ” ဆိုတဲ့ ဟေရှာယရဲ့စကားတွေက တကယ်မှန်တယ်။—ဟေရှာယ ၅၄:၁၇။
အချိန်တန်တော့ ကျွန်မတို့ရဲ့လုပ်ငန်းဟာ အကျိုးဖြစ်ထွန်းလာတယ်။ စိတ်ဝင်စားသူနည်းနည်းနဲ့ ပတ်စဉ်စည်းဝေးတွေကို ကျင်းပနိုင်ခဲ့တယ်။ နောက်ဆုံးတော့ အုပ်စုဟာ တဖြည်းဖြည်းကြီးလာပြီး ၁၉၆၂ ခုနှစ်မှာ အမျိုးသမီးအများစုပါဝင်ပြီး ကြေညာသူ ၁၈ ယောက်ရှိတဲ့ အသင်းတော်ငယ်လေးတစ်ခုဖြစ်လာတယ်။ နှစ်နှစ်ကြာပြီးတဲ့နောက်မှာတော့ အင်ယာနဲ့ကျွန်မဟာ အဲဒီနယ်ထဲမှာပဲရှိတဲ့ အူဝဲလ်လစ်တာယိုမြို့လေးကို ပြောင်းရွှေ့ခဲ့ကြတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ဝန်းကျင်
တာဝန်ကျရာနေရာသစ်ဖြစ်တဲ့ ကျေးလက်ဒေသရဲ့ သာယာလှပမှုနဲ့ ငြိမ်သက်အေးချမ်းမှုကို ကျွန်မတို့နှစ်သက်ကြပေမဲ့ အထူးသဖြင့် လူတွေကို ပိုနှစ်သက်တယ်။ သူတို့တွေဟာ အများအားဖြင့် ဖော်ရွေပြီး ဧည့်ဝတ်ကျေပွန်ကြတယ်။ အများစုဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ မျိုးချစ်စိတ်ပြင်းထန်သူတွေဖြစ်လို့ တစ်ခါတစ်ရံမှာ ကျွန်မတို့ကို တင်းတင်းမာမာဆက်ဆံပေမဲ့ တချို့ကျတော့ သမ္မာကျမ်းစာကို အလွန်လေးမြတ်ကြတယ်။ အကြိမ်များစွာပါပဲ ကျွန်မတို့အိတ်ထဲက ကျမ်းစာအုပ်ထုတ်တာတွေ့ရင် အမျိုးသမီးတွေက သူတို့လုပ်လက်စ အိမ်အလုပ်တွေကိုချထားပြီး လာနားထောင်ကြတယ်။ အမျိုးသားတွေကျတော့ တော်ရုံနဲ့မချွတ်တတ်တဲ့ သူတို့ရဲ့ဦးထုပ်တွေကိုချွတ်ပြီး နားထောင်ကြတယ်။ တစ်ခါတလေ ကျွန်မတို့ကျမ်းစာသင်နေတဲ့အခါ တစ်အိမ်သားလုံးမက အိမ်နီးချင်းတွေကပါ လာထိုင်ပြီး နားထောင်ကြတယ်။
ခရစ်ယာန်ဓမ္မအမှုမှာတွေ့ရတဲ့ စိတ်ရင်းမှန်ပြီး ရိုးသားတဲ့သူတွေဟာ ကျွန်မရဲ့အနုပညာဓာတ်ခံကို ပြန်နှိုးဆွပေးတယ်။ ကျွန်မအချိန်ရတဲ့အခါမှာ ရွှံ့စေးတွေနဲ့ အရုပ်တွေလုပ်တယ်။ ချစ်ခင်စရာကောင်းပြီး ပျော်ပျော်နေတတ်တဲ့ လူတွေရဲ့စရိုက်က ကျွန်မကိုဆွဲဆောင်တာကြောင့် ကျွန်မရဲ့အရုပ်တွေက အားလုံးလိုလို လူရုပ်တွေပဲဖြစ်တယ်။ အမျိုးသမီးတွေ အိမ်မှုကိစ္စလုပ်နေတဲ့အရုပ်တွေများတယ်။ မဂ္ဂဇင်းတစ်စောင်က ကျွန်မရဲ့အရုပ်တွေနဲ့ပတ်သက်ပြီး “ဒီပန်းပုရုပ်တွေက ဟာသအမြင်နဲ့ စိတ်တည်ငြိမ်အေးချမ်းမှုကိုသာမက နွေးထွေးမှုနဲ့ ငြိမ်းချမ်းမှုကိုလည်း ဖော်ဆောင်တယ်။ . . . လူတွေအပေါ်မေတ္တာရှိပြီး ပြောင်မြောက်တဲ့အနုပညာစွမ်းရည်ရှိလို့ ဒီလိုပန်းပုရုပ်တွေကို ဖန်တီးနိုင်တာ” လို့ပြောခဲ့တယ်။ ဒါပေမဲ့ ဒီအနုပညာလုပ်ငန်းမှာပဲ အာရုံနစ်မနေဖို့ ကျွန်မသတိထားတယ်။ ယေဟောဝါရဲ့အမှုတော်ကို အချိန်ပြည့်ထမ်းဆောင်မယ်ဆိုတဲ့ ကျွန်မရဲ့ဆုံးဖြတ်ချက်အတိုင်း စွဲစွဲမြဲမြဲလိုက်လျှောက်ခဲ့တယ်။
၁၉၇၃ ခုနှစ်မှာတော့ ကျွန်မဘယ်လိုမှ မငြင်းနိုင်တဲ့ အလုပ်တစ်ခုရခဲ့တယ်။ ဗန်တာမြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံး ဧည့်ခန်းသစ်မှာထားဖို့ ရွှံ့စေးပန်းပုရုပ်ကြီးတစ်ခု ထုလုပ်ပေးပါဆိုတဲ့ ဖိတ်ခေါ်ချက်ရရှိခဲ့တယ်။ ထုလုပ်ရမယ့်အကြောင်းအရာကတော့ ဆာလံ ၉၆:၁၁-၁၃ မှာပါတဲ့အကြောင်းအရာဖြစ်တယ်။ ကျွန်မရဲ့အတတ်ပညာနဲ့ ယေဟောဝါကို ချီးမွမ်းခွင့်ရတာ ဘယ်လောက်ပျော်စရာကောင်းလိုက်သလဲ။
ကျွန်မရဲ့ ရှေ့ဆောင်သက်တမ်းတစ်လျှောက်မှာ ပန်းပုတွေကို အပျော်တမ်းပဲထုလုပ်ခဲ့ပေမဲ့ ၁၉၇၀ ပြည့်လွန်နှစ်နှောင်းပိုင်းမှာ အနုပညာရှင်အငြိမ်းစား လစာငွေရတော့ ကျွန်မအရမ်းအံ့သြသွားတယ်။ ငွေကြေးခံစားခွင့်ကို ကျွန်မတန်ဖိုးထားပေမဲ့ ‘တကယ်လို့ ကျွန်မရဲ့ဘဝတစ်ခုလုံးကို အနုပညာလုပ်ငန်းမှာပဲ နှစ်မြှုပ်ထားခဲ့မယ်ဆိုရင် ဒီခံစားခွင့်လောက်ပဲပြန်ရမှာလား။ ဒီငွေလေးက ကျွန်မရဲ့အငြိမ်းစားဘဝကို လုံခြုံမှုပေးပါ့မလား’ လို့တွေးမိတယ်။ ထာဝရအသက်ဆုနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ဒါလေးက ဘာမှမဟုတ်ဘူး။—၁ တိမောသေ ၆:၁၂။
မြို့သို့ပြန်ခြင်း
၁၉၇၄ ခုနှစ်မှာတော့ ကျွန်မဘဝနဲ့ ခရစ်ယာန်ဓမ္မအမှုဟာ အတော်အတန်ပြောင်းလဲသွားတယ်။ မြို့ကြီးတစ်မြို့ဖြစ်တဲ့ တူရ်ကူမြို့မှာ ကျွန်မတို့တာဝန်ကျတယ်။ အဲဒီမြို့မှာ လူနေတိုက်ခန်းသစ်တွေ အများကြီးဆောက်လုပ်နေပြီး တိုးများလာတဲ့လူဦးရေကြောင့် အဲဒီမှာဟောပြောဖို့ နိုင်ငံတော်ကြေညာသူတွေ ပိုလိုအပ်နေတယ်။ အစပိုင်းမှာတော့ ကျွန်မတို့ မြို့ပေါ်မှာ တာဝန်ကျတာကို သိပ်မကြိုက်လှဘူး။ အများစုက ကျွန်မတို့ကို ဂရုမစိုက်လို့ မြို့နေလူထုကို ဟောပြောရတာ ပိုခက်သလိုပဲ။ ဒါပေမဲ့ ကျွန်မတို့ တဖြည်းဖြည်း ဒေသသစ်နဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်လာပြီး ကျမ်းစာအမှန်တရားကို တန်ဖိုးထားတဲ့သူတွေနဲ့ တွေ့ဆုံခွင့်ရတယ်။
နှစ်တွေတစ်လျှောက်လုံးမှာ အင်ယာနဲ့ကျွန်မဟာ လူ ၄၀ ကျော်ကို ယေဟောဝါထံ ဆက်ကပ်အပ်နှံဖို့ ကူညီပေးနိုင်ခဲ့တယ်။ ဒီဝိညာဉ်ရေးသားသမီးတွေက ကျွန်မတို့ကို တကယ်ပျော်ရွှင်စေပါတယ်! (၃ ယောဟန် ၄) မကြာသေးခင်နှစ်တွေမှာ ကျွန်မရဲ့ကျန်းမာရေးအခြေအနေက တဖြည်းဖြည်းဆိုးလာပေမဲ့ ယေဟောဝါရဲ့ထောက်မမှု၊ အသင်းတော်ကပြသတဲ့မေတ္တာကို ခံစားရပြီး အထူးသဖြင့် ကျွန်မချစ်ရတဲ့ရှေ့ဆောင်အဖော် အင်ယာဟာ ကျွန်မရဲ့စိတ်ကို “သက်သာစေ” ခဲ့ပါတယ်။ (ကောလောသဲ ၄:၁၁; ဆာလံ ၅၅:၂၂) လွန်ခဲ့တဲ့အနှစ် ၅၀ လောက်မှာ အင်ယာကိုစတွေ့တုန်းက ကျွန်မတို့တစ်သက်လုံး အတူတူတွဲပြီး ရှေ့ဆောင်လုပ်ရမယ်လို့ ဘယ်သူမှမထင်ထားဘူး။
“ဘဝဟူသည် တဒင်္ဂ၊ အနုပညာသည်သာ ထာဝရ” ဆိုတဲ့ ရေပန်းစားတဲ့အဆိုတစ်ခုရှိတယ်။ ဒါပေမဲ့ အဲဒီအဆိုက ကျွန်မရဲ့ဆောင်ပုဒ်မဟုတ်ပါဘူး။ ၂ ကောရိန္သု ၄:၁၇၊ ၁၈ မှာတမန်တော်ပေါလုပြောခဲ့တဲ့ “မျက်မှောက်၌ထင်ရှားသောအရာတို့သည် ခဏသာတည်၍ မထင်ရှားသောအရာတို့သည် အစဉ်အမြဲတည်” တယ်ဆိုတဲ့စကားကို ကျွန်မလက်ခံတယ်။ “မျက်မှောက်၌ထင်ရှားသောအရာ” ဖြစ်တဲ့ အနုပညာရှင်တစ်ဦးအနေနဲ့ ခံစားရတဲ့ ကျွန်မရဲ့ပျော်ရွှင်မှုက တစ်ခဏပဲဖြစ်မယ်။ အဲဒီပျော်ရွှင်မှုကို ယေဟောဝါရဲ့လုပ်ငန်းတော်မှာ ပါဝင်ခွင့်ရလို့ ခံစားခဲ့ရတဲ့ပျော်ရွှင်မှုနဲ့ နှိုင်းယှဉ်လို့မရဘူး။ ပြီးတော့ အဲဒါက ထာဝရအသက်လည်း မပေးနိုင်ပါဘူး။ အနုပညာထက် ပိုတည်မြဲတဲ့ “မထင်ရှားသောအရာ” မှာ ကျွန်မဘဝကို မြှုပ်နှံခွင့်ရလို့ အရမ်းဝမ်းသာတယ်။
[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]
လိပ်သည်းကျောက်ရုပ်တုကြီးကို ထုလုပ်ခြင်း
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
၁၉၅၇ ခုနှစ်တွင် အင်ယာ (ဝဲဘက်) နှင့်အတူ
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ယနေ့အင်ယာ (ယာဘက်) နှင့်အတူ